စာရင်း

ဝိညာဉ်လောကအပေါ် ဘုရားသခင်မှ အုပ်ချုပ်၍ စီမံခန့်ခွဲပုံ

ဝိညာဉ်လောကဟူသည် အဘယ်နည်း

ဝိညာဉ်လောကဟူသည် အဘယ်နည်း။

ရုပ်ဝတ္ထုလောကအတွက် လူတို့သည် အချို့သောအရာများ သို့မဟုတ် သဘာဝဖြစ်စဉ်များကို နားမလည်ပါက သက်ဆိုင်ရာအချက်အလက်များကို ၎င်းတို့ ရှာဖွေနိုင်ကြသည်။ သို့မဟုတ်ပါက ၎င်းတို့၏မူရင်းဇာစ်မြစ်နှင့် ၎င်းတို့၏နောက်ခံဇာတ်လမ်းကိုသိရန် လမ်းကြောင်းအမျိုးမျိုး အသုံးပြုနိုင်၏။ သို့သော် ငါတို့ယနေ့ပြောဆိုနေကြသည့် အခြားလောက၊ ရုပ်ဝတ္ထုလောကပြင်ပတွင် တည်ရှိသည့် ဝိညာဉ်လောကနှင့်ပတ်သက်၍မူ လူတို့သည် ၎င်းအကြောင်း တစ်စုံတစ်ရာသိရှိရန် နည်းလမ်းများ သို့မဟုတ် လမ်းကြောင်းများ လုံးဝမရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏လောကတွင် ရုပ်ဝတ္ထုလောက၏အရာခပ်သိမ်းသည် လူသား၏ ရုပ်ခန္ဓာတည်ရှိမှုမှ ခွဲခြား၍မရပေ။ ထို့အပြင် ရုပ်ဝတ္ထုလောကမှ အရာခပ်သိမ်းသည် ၎င်းတို့၏ ရုပ်ခန္ဓာအသက်ရှင်မှုနှင့် ရုပ်ခန္ဓာအသက်တို့မှ ခွဲခြား၍မရဟု လူတို့ထင်မြင်ကြသဖြင့် လူအများစုသည် ၎င်းတို့၏မျက်စိရှေ့မှောက်ရှိ အရာဝတ္ထုများ၊ ၎င်းတို့မြင်နိုင်သည့်အရာများကိုသာ သိကြ၊ မြင်ကြသည်။ သို့ရာတွင် ဝိညာဉ်လောကနှင့်၊ ဆိုလိုသည်မှာ အခြားလောကနှင့်သက်ဆိုင်သည့် အရာခပ်သိမ်းနှင့် ပတ်သက်၍မူ လူအများစုသည် မယုံကြည်ဟုဆိုပါက မှန်ပေသည်။ လူတို့သည် ၎င်းကို မမြင်နိုင်သောကြောင့်ဖြစ်ကာ သူတို့က ၎င်းကို နားလည်ရန်မလို၊ ၎င်းအကြောင်း တစ်စုံတစ်ရာ သိရန်မလို၊ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကမှ လုံးဝကွဲပြားပုံကို ဘာမျှပြောရန်မလိုဟု ထင်မြင်ယူဆသောကြောင့် ဖြစ်သည်။ ထို့ပြင် လူသားများအတွက် ယင်းသည် လျှို့ဝှက်ပြီး ကန့်သတ်ထားသော်လည်း၊ ဘုရားသခင်၏ရှုထောင့်မှ ပွင့်လျက်ရှိသောကြောင့် လူတို့သည် ဤလောက၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကိုနားလည်မည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိရာတွင် လွန်စွာ အခက်အခဲရှိပေသည်။ ငါပြောမည့် ဝိညာဉ်လောကအကြောင်း ကွဲပြားသောလက္ခဏာများမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာ အာဏာပိုင်သမှုတို့နှင့်သာ သက်ဆိုင်သည်။ ငါသည် နက်နဲသောအရာများကို ထုတ်ဖော်မည်မဟုတ်သကဲ့သို့ သင်တို့သိလိုသည့် လျှို့ဝှက်ချက်များကို သင်တို့အား ငါပြောမည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် ဘုရားသခင်၏ ထောက်ပံ့ခြင်းနှင့် သက်ဆိုင်သဖြင့် သင်တို့သိရန် လိုအပ်သည့် အပိုင်းကိုသာ ငါပြောမည်။

ပထမအနေနှင့် သင်တို့အား ငါမေးခွန်းတစ်ခု မေးမည်။ သင်တို့၏စိတ်တွင် ဝိညာဉ်လောကဟူသည်မှာ အဘယ်နည်း။ ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းသည် ရုပ်ဝတ္ထုလောကပြင်ပရှိ လောက၊ လူတို့မမြင်နိုင်၊ မထိတွေ့နိုင်သော လောကတစ်ရပ်ဖြစ်၏။ သို့သော် သင်တို့၏စိတ်ကူးတွင် ဝိညာဉ်လောကသည် မည်သို့သော လောကမျိုး ဖြစ်သင့်သနည်း။ ၎င်းကို မမြင်နိုင်သည် အကျိုးဆက် အနေဖြင့် သင်တို့သည် ၎င်းကို စိတ်ကူးနိုင်စွမ်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် သင်တို့သည် ၎င်း၏ဒဏ္ဍာရီပုံပြင်များ ကြားသည့်အခါ သင်တို့သည် စဉ်းစားဆဲဖြစ်ကာ သင်တို့ကိုယ်သင်တို့ ရပ်တန့်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ငါသည် ဤသည်ကို အဘယ်ကြောင့်ပြောသနည်း။ များစွာသောလူတို့၌ ငယ်ရွယ်စဉ်က ၎င်းတို့အပေါ် ဖြစ်ပျက်သောအရာ တစ်စုံတစ်ခု ရှိသည်။ တစ်စုံတစ်ဦးမှ ၎င်းတို့အား တစ္ဆေများ၊ လိပ်ပြာများအကြောင်း ကြောက်ရွံ့ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပြောသည့်အခါ ထိုသူတို့သည် အလွန်အမင်း ကြောက်ရွံ့ကြ၏။ ၎င်းတို့ အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။ ၎င်းတို့သည် ထိုအရာများကို စိတ်ကူးနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို မမြင်နိုင်သော်လည်း ထိုအရာများသည် ၎င်းတို့၏အခန်း ပတ်ပတ်လည်တွင်ရှိကာ၊ တစ်နေရာရာတွင် သို့မဟုတ် မှောင်မိုက်တစ်နေရာတွင် ကွယ်ဝှက်လျက်ရှိသည်ဟု ခံစားရ၍ ၎င်းတို့သည် ကြောက်ရွံ့လွန်းသဖြင့် မအိပ်ဝံ့ကြချေ။ အထူးသဖြင့် ညအခါတွင် ၎င်းတို့သည် အခန်းထဲ၌ဖြစ်စေ၊ ခြံဝင်းထဲ၌ ဖြစ်စေ တစ်ဦးတည်း မနေဝံ့ကြပေ။ ဤသည်မှာ သင်တို့၏စိတ်ကူးစိတ်သန်းရှိ ဝိညာဉ်လောကဖြစ်၍ ကြောက်ဖွယ်ရာဟု လူတို့ထင်ကြသည့် လောကဖြစ် သည်။ စင်စစ်တွင် လူတိုင်း၌စိတ်ကူးစိတ်သန်းအချို့ ရှိကာ လူတိုင်း တစ်စုံတစ်ရာကို ခံစားနိုင်ကြ၏။

ဝိညာဉ်လောကနှင့် စကြစို့။ ဝိညာဉ်လောကဟူသည် အဘယ်နည်း။ သင်တို့အား တို၍လွယ်ကူသော ရှင်းလင်းချက်တစ်ရပ် ငါပေးမည်။ ဝိညာဉ်လောကသည် အရေးကြီးသောနေရာ၊ ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသောနေရာတစ်ခု ဖြစ်သည်။ ၎င်းသည် အရေးကြီးသည်ဟု ငါအဘယ်ကြောင့်ပြောသနည်း။ ဤအကြောင်းကို ငါတို့အသေးစိတ်ပြောဆိုဆွေးနွေးကြမည်။ ဝိညာဉ်လောက၏ တည်ရှိမှုသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ၎င်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ လူ၏ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤသည်မှာ ၎င်း၏အခန်းကဏ္ဍဖြစ်ကာ ၎င်း၏တည်ရှိနေမှုအရေးကြီးရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၎င်းသည် အာရုံငါးပါးဖြင့် မသိနိုင်သောနေရာဖြစ်သောကြောင့် ၎င်းတည်ရှိခြင်း ရှိမရှိကို မည်သူကမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ဝိညာဉ်လောက၌ဖြစ်ပျက်နေသောအရာများသည် လူသားမျိုးနွယ်၏ တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေလျက် ၎င်း၏ရလဒ်အနေဖြင့် လူသားမျိုးနွယ် အသက်တာဖွဲ့စည်းပုံသည်လည်း ဝိညာဉ်လောက၏ ကြီးမားသောလွှမ်းမိုးမှု ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်သလော။ ဆက်စပ်သည်။ ငါသည် ဤအရာကိုပြောသောအခါ ဤအကြောင်းအရာကို ငါအဘယ်ကြောင့်ပြောသည်ကို သင်တို့နားလည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏အချုပ်အခြာအာဏာ၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်၍ဖြစ်သည်။ လူတို့မမြင်နိုင်သည့် ဤကဲ့သို့သော လောကတစ်ရပ်တွင် ၎င်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောက၏ မည်သည့်နိုင်ငံမဆို ၏ ဥပဒေနှင့်စနစ်တိုင်းထက် များစွာသာလွန်၍ မြင့်မားကာ ဤလောက၌အသက်ရှင်နေသော မည်သည့်သတ္တဝါမျှ ၎င်းတို့ကို ဆန့်ကျင် သို့မဟုတ် ပိုင်စိုးပိုင်နင်း ပြုဝံ့မည်မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဤလောကတွင် ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ဥပဒေပြဋ္ဌာန်းချက်များ ရှိကြ၏။ ကွဲပြားသောအဆင့်များနှင့် ကွဲပြားသောနေရာများတွင် ဘီလစ်စာရေးကြီးများသည် ၎င်းတို့၏တာဝန်ကို တစ်သဝေမတိမ်းလိုက်နာကြကာ စည်းကမ်းများနှင့် စည်းမျဉ်းများကို လိုက်နာကြ၏။ အကြောင်းမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်ကို ၎င်းတို့သိကြ၏၊ ဘုရားသခင်သည် ဆိုးယုတ်သူကို မည်သို့အပြစ်ပေး၍ ကောင်းသူကို မည်သို့ ထောမနာပြုသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြသည့်အပြင်၊ အရာခပ်သိမ်းကို သူမည်သို့စီမံခန့်ခွဲသည်၊ အရာခပ်သိမ်းကို သူမည်သို့အုပ်ချုပ်သည်ကိုလည်း ရှင်းလင်းစွာသိကြသည်၊ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ လုပ်ဆောင်သည်ကိုလည်း ၎င်းတို့ရှင်းလင်းစွာ မြင်သောကြောင့် ဖြစ်၏။ ဤသည်တို့သည် လူသားမျိုးနွယ်တို့နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ကြီးမားစွာ ကွဲပြား၏။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသောလောကဖြစ်၏။ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များရှိသဖြင့် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုအပြင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်၏။ ဤသည်ကိုကြားခဲ့ပြီးဖြစ်သဖြင့် ငါသည် ဤအကြောင်းအရာကိုပြောရန် အလွန်လိုအပ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် အတွင်းထဲ၌ရှိသည့် လျှို့ဝှက်ချက်များကို သင်ယူလိုသည့်ဆန္ဒ ရှိသည် မဟုတ်လော။ (ဟုတ်ကဲ့၊ ရှိပါသည်။) ယင်းမှာ ဝိညာဉ်လောက၏ အယူအဆဖြစ်သည်။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် အတူယှဉ်တွဲရပ်တည်လျက်ရှိကာ၊ တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာကို နာခံရသော်လည်း ဤလောကအပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာသည် ရုပ်ဝတ္ထုလောကထက် များစွာသာ၍ တင်းကျပ်၏။ အသေးစိတ် အချက်အလက်များနှင့်ပတ်သက်၍ ဝိညာဉ်လောကသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ အလုပ်အတွက် မည်သို့တာဝန်ရှိပုံနှင့် ငါတို့စတင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်သည် ဝိညာဉ်လောက၏ သတ္တဝါတို့၏ အလုပ်၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် ဖြစ်သည်။

လူသားမျိုးနွယ်အကြားတွင် ငါသည် လူအားလုံးကို အမျိုးအစား သုံးမျိုးအဖြစ် ခွဲခြားသည်။ ပထမအမျိုးအစားမှာ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများမရှိသည့် မယုံကြည်သူများဖြစ်ကြ၏။ ၎င်းတို့ကို မယုံကြည်သူများဟု ခေါ်ကြ၏။ မယုံကြည်သူများအနက် အလွန့်အလွန်များပြားသော လူများစုမှာ ပိုက်ဆံတွင်သာ ယုံကြည်ကြ၏၊ ၎င်းတို့၏ကိုယ်ကျိုးစီးပွားနောက်ကိုသာ လိုက်ကြ၍ ၎င်းတို့သည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကိုသာ အဓိကထားကြကာ ရုပ်ဝတ္ထုလောကကိုသာ ယုံကြည်ကြလျက် ရှင်ခြင်းနှင့် သေခြင်း သံသရာ၊ သို့မဟုတ် နတ်ဘုရားများနှင့် တစ္ဆေများအကြောင်း ဆိုရိုးများကို မယုံကြည်ကြပေ။ ငါသည် ထိုသူတို့အား မယုံကြည်သူများအဖြစ် အမျိုးအစားခွဲခြားကာ ၎င်းတို့သည် ပထမအမျိုးအစားဖြစ်၏။ ဒုတိယအမျိုးအစားမှာ မယုံကြည်သူများမှလွဲ၍ ယုံကြည်သူအမျိုးမျိုးဖြစ်၏။ လူသားမျိုးနွယ်အကြားတွင် ငါသည် ထိုယုံကြည်သူတို့ကို အဓိကအမျိုးအစား အချို့ခွဲခြား၏။ ပထမမှာ ယုဒအမျိုး၊ ဒုတိယမှာ ဘရင်ဂျီ၊ တတိယမှာ ခရစ်ယာန်၊ စတုတ္ထမှာ မွတ်စလင်နှင့် ပဉ္စမမှာ ဗုဒ္ဓဘာသာဝင်တို့ဖြစ်ကြ၍ ငါးမျိုးရှိ၏။ ၎င်းတို့သည် ယုံကြည်သူအမျိုးအစား အမျိုးမျိုးဖြစ်သည်။ တတိယအမျိုးအစားမှာ ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြသည်။ ဤသည်မှာ သင်တို့နှင့် သက်ဆိုင်သည်။ ထိုကဲ့သို့သော ယုံကြည်သူတို့သည် ယနေ့ ဘုရားသခင်နောက်လိုက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့အား ဘုရားသခင်မှ ရွေးချယ်ထားသူများနှင့် အစေခံသူများဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထား၏။ ဤအဓိကအမျိုးအစားများကို ရှင်းလင်းစွာ ခွဲခြားပြီးဖြစ်သည်။ ထို့ကြောင့် ယခု သင်တို့၏စိတ်ထဲတွင် သင်တို့သည် လူအမျိုးအစားများနှင့် အဆင့်များကို ရှင်းလင်းစွာ ခွဲခြားနိုင်ကြသည်၊ မှန်သလော။ ပထမသည် မယုံကြည်သူများဖြစ်သည်။ မယုံကြည်သူများမှာ မည်သည်ဆိုသည်ကို ငါပြောခဲ့ပြီးဖြစ်သည်။ ကောင်းကင်ရှိအဖိုးအိုကို ယုံကြည်သူများကို မယုံကြည်သူများဟု ယူဆရသလော။ မယုံကြည်သူအများအပြားသည် ကောင်းကင်ရှိအဖိုးအိုကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် လေ၊ မိုးနှင့် မိုးခြိမ်းသံတို့အားလုံးသည် ဤကောင်းကင်ရှိအဖိုးအို၏ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ယုံကြည်ကြသည်။ ကောင်းကင်ရှိအဖိုးအိုကို ၎င်းတို့သည် ကောက်ပဲသီးနှံများ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းရေးတို့အတွက် အားထားကြ၏။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ပြောသည်နှင့် ၎င်းတို့သည် စိတ်မပါဖြစ်သွားကြ၏။ ဤသည်ကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆို၍ရနိုင်သလော။ မယုံကြည်သူများတွင် ထိုကဲ့သို့သောလူတို့ ပါဝင်သည်။ ဤသည်ကို သင်နားလည်သည် မဟုတ်လော။ ဤအတန်းစားများကို မမှားလေနှင့်။ ဒုတိယအမျိုးအစားမှာ ယုံကြည်သူများဖြစ်၏။ တတိယအမျိုးအစားမှာ ယနေ့ ဘုရားသခင်နောက် လိုက်သောသူများဖြစ်၏။ ငါသည် လူအားလုံးအား ဤအမျိုးအစားများအဖြစ် အဘယ်ကြောင့် ခွဲခြားခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော လူအမျိုးအစားတို့သည် ကွဲပြားသော အဆုံးသတ်နှင့် ခရီးပန်းတိုင် ရှိ၍ဖြစ်၏။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကွဲပြားသော လူမျိုးများနှင့် လူအမျိုးအစားများသည် ဝိညာဉ်လောကသို့ ပြန်သွားကြသည့်အခါ ၎င်းတို့တစ်ဦးစီသည် ကွဲပြားသော သွားစရာနေရာ ရှိမည်ဖြစ်သည်၊ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ ကွဲပြားသောနိယာမများကို ခံစားရမည်ဖြစ်ကာ ဤသည်မှာ လူတို့အား ဤအဓိကအမျိုးအစားများအဖြစ် ငါအမျိုးအစားခွဲခြားရခြင်း၏ အကြောင်းရင်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

အမှာစကား ချန်ခဲ့မည်