ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့ကို ရှာဖွေဖို့ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ထံ မိမိတို့၏ နှလုံးသားကို ကျယ်ကျယ် ဖွင့်သင့်သည်။

(၂) ဘုရားသခင်ထံ ဆုတောင်းရာတွင်၊ သူ့ထံ အသနားခံခြင်းအပြင်၊ တစ်ဦးတစ်ယောက်သည် သူနှင့်အတူ မကြာခဏ မိတ်သဟာယပြုသင့်သည်။ ရိုးရှင်းသည့်၊ ပွင့်လင်းသော စကားဖြင့် မိမိတို့၏ နှလုံးသားကို ဖွင့်ချသင့်ပြီး၊ သူ၏ အလိုတော်ကို သဘောပေါက်ဖို့ သင်ယူသင့်သည်။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုချိန်တွင်၊ တစ်ဦးတစ်ယောက်သည် သူ့ထံ သမ္မာတရားကို ရှာဖွေသင့်ပြီး သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် ဆုတောင်းကာ သူနှင့်အတူ မိတ်သဟာယပြုဖို့ သင်ယူသင့်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။

(၄) တစ်ဦးတစ်ယောက်သည် ဘုရားသခင်ထံ ကြောက်ရွံ့ခြင်း စိတ်နှလုံးတစ်ခုအပြင် ကောင်းမွန်သော အသိစိတ်ဖြင့် ဆုတောင်းသင့်သည်။ တစ်ဦးတစ်ယောက်သည် သူ့အပေါ် တောင်းလျှောက်ချက်များ မပြုလုပ်သင့်သကဲ့သို့ သူ့ကို အကျပ်ကိုင်ဖို့ သို့မဟုတ် အမြတ်ထုတ်ဖို့ မကြိုးပမ်းသင့်သည့်အပြင်၊ ဘုရားသခင်နှင့်အတူ အပေးအယူများ ပြုလုပ်ဖို့ မကြိုးပမ်းသင့်ပေ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် အခန်း)

သင်တို့၏ နေ့စဉ်အသက်တာတွင် ဆုတောင်းခြင်းကို သင်တို့ အရေးမထားပေ။ လူသားသည် ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှု၏။ ဆုတောင်းချက်များသည် ဘုရားသခင်၏ရှေ့တွင် လူသားက ဟန်ဆောင်လုပ်ပြခြင်း သက်သက်ဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်လေ့ရှိခဲ့သည်၊ မည်သည့်လူသားကမျှ မိမိ၏ နှလုံးသားကို ဘုရားသခင်၏ ရှေ့မှောက်တွင် အပြည့်အဝ မဆက်ကပ်ခဲ့ဖူးသကဲ့သို့၊ စစ်မှန်သည့် ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် မထိတွေ့ခဲ့ဖူးကြပေ။ လူသားသည် ဒုက္ခဖြစ်သည့်အခါမှသာ ဘုရားသခင်ကို ဆုတောင်းကြသည်။ ဤအချိန်တစ်လျှောက်လုံးတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ဆုတောင်းဖူးသလော။ ဘုရားသခင်၏ရှေ့တွင် နာကျင်မှု မျက်ရည်များကို သင်ငိုကြွေးဖူးသလော။ ဘုရားသခင်၏ရှေ့တွင် မိမိကိုယ်ကိုယ် သိမြင်လာခဲ့သည့်အချိန် ရှိဖူးသလော။ ဘုရားနှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆုတောင်းချက်တစ်ခု သင်ရှိဖူးပါသလော။ ဆုတောင်းခြင်းသည် လက်တွေ့လုပ်ဆောင်မှုမှတဆင့် လာ၏။ သင်သည် သာမန်အားဖြင့် အိမ်တွင် ဆုတောင်းလေ့မရှိပါက၊ ဘုရားကျောင်းတွင်လည်း ဆုတောင်းလိမ့်မည် မဟုတ်သကဲ့သို့၊ လူအနည်းငယ်စုရုံးသည့် အခါများတွင် ပုံမှန် ဆုတောင်းလေ့ မရှိပါက၊ လူများစွာ ဆုတောင်းသည့် အခါများတွင် သင်ဆုတောင်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ ပုံမှန်ချဉ်းကပ်လေ့ မရှိသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စားမြုံ့ပြန်လေ့မရှိပါက၊ ဆုတောင်းသည့် အချိန်ရောက်သည့်အခါ သင့်အနေဖြင့် ပြောစရာဘာမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဆုတောင်းလျှင်ပင် ပါးစပ်ပြောမျှသာ ဖြစ်လိမ့်မည်။ စစ်မှန်သော ဆုတောင်းခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။

စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သူ၏ အလိုတော်ကို သင် သဘောပေါက်သည့်အတိုင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို ဆက်သွယ်ခြင်း၊ ဘုရားသခင်နှင့် အထူးသဖြင့် ရင်းနှီးသည်ဟု ခံစားခြင်း၊ သူသည် သင်၏ ရှေ့တွင် ရှိနေသည်ဟု ခံစားရခြင်းနှင့် သူ့ကို ပြောစရာတစ်ခုခု ရှိသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သည်ဟု ခံစားရကာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို သင် ခံစားရသည်။ သင်သည် အထူးသဖြင့် လှုံ့ဆော်မှုကို ခံစားရပြီး သင်ပြောသည့်အရာကို နားထောင်ခြင်းက သင်၏ညီအစ်ကို မောင်နှမများကို အားရကျေနပ်မှု ပေးသည်။ သင်၏ စကားများသည် ၎င်းတို့ ကိုယ်တိုင်၏စကားများ ကိုယ်စားပြောသည့်အလား၊ သင်ပြောသည့် စကားများက ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ရှိသည့် စကားများ၊ ၎င်းတို့ပြောချင်သည့် စကားများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဤသည်မှာ စစ်မှန်သည့် ဆုတောင်းခြင်း ဖြစ်သည်။ စစ်မှန်သော ဆုတောင်းခြင်းကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်းလိမ့်မည်ဖြစ်ပြီး အားရကျေနပ်ခြင်းကို သိလိမ့်မည်။ ဘုရားကို ချစ်ဖို့စွမ်းအား မြင့်မားလာနိုင်ပြီး ဘဝတွင် ဘုရားသခင်ကို ချစ်ခြင်းထက် သာ၍ တန်ဖိုးရှိသည့်အရာ သို့မဟုတ် အရေးပါသည့်အရာ မရှိဟု သင် ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်၏ဆုတောင်းခြင်းများ ထိရောက်သည်ကို သက်သေပြပေသည်။ သင်သည် ထိုသို့သော နည်းလမ်းဖြင့် ဆုတောင်းဖူးပါသလော။

ပြီးလျှင် မည်သည့် အကြောင်းအရာကို သင် ဆုတောင်းသနည်း။ သင်၏ ဆုတောင်းခြင်းသည် သင့်စိတ်နှလုံး၏ စစ်မှန်သော အခြေအနေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ နှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သင့်သည်။ သင်သည် ဘုရားသခင်၏ အလိုတော်၊ လူသားကို သူ တောင်းဆိုသည့် အရာနှင့်အညီ ဘုရားသခင်ကို မိတ်သဟာယပြုရန် လာသည်။ ဆုတောင်းခြင်းကို သင်စတင်၍ လက်တွေ့လုပ်ဆောင်သည့် အခါတွင်၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလော့။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ဖို့ မကြိုးပမ်းနှင့်- သင်၏နှလုံးသားထဲတွင်ရှိသည့် စကားများကိုသာ ဘုရားသခင်ကို ပြောဖို့ကြိုးစားလော့။ ဘုရားသခင်ရှေ့သို့ သင် လာသည့်အခါတွင်၊ ဤကဲ့သို့ ပြောလော့- “အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံလေ့မရှိခဲ့သည်ကို ယနေ့မှ ကျွန်ုပ် သိပါ၏။ ကျွန်ုပ်သည် ဧကန်အမှန် ဖောက်ပြန်ပျက်စီးပြီး စက်ဆုပ်ဖွယ်ဖြစ်ပါ၏။ ကျွန်ုပ်၏ဘဝကို ကျွန်ုပ် ဖြုန်းတီး၍သာ နေမိပါပြီ။ ယနေ့မှစ၍ ကိုယ်တော့်အတွက်အသက်ရှင်ပါမည်။ အဓိပ္ပါယ်ရှိသည့် ဘဝကို အသက်ရှင်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းပါမည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်ကို စဉ်ဆက်မပြတ် အလင်းပြကာ ဉာဏ်အလင်းပေးလျက် ကျွန်ုပ်၏အထဲတွင် လုပ်ဆောင်စေတော်မူပါ။ ကျွန်ုပ်အား ကိုယ်တော်၏ ရှေ့တွင် ခိုင်မာပြီး ထူးကဲလှသည့် သက်သေခံခွင့်ပေးတော်မူပါ။ ကိုယ်တော်၏ဘုန်းတော်၊ ကိုယ်တော်၏ သက်သေခံချက်ကို စာတန်အား မြင်စေတော်မူပါ။ ကိုယ်တော်၏ အောင်မြင်မှု သက်သေကို ကျွန်ုပ်တို့၏အတွင်း၌ ထင်ရှားစေတော်မူပါ။” ဤသို့ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးသည် လုံးဝ လွတ်မြောက်လိမ့်မည်။ ဤသို့ ဆုတောင်းပြီးသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးလာလိမ့်မည် ဖြစ်ပြီး၊ ဤနည်းဖြင့် မကြာခဏ သင်ဆုတောင်းနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်သည် ဘုရားကို ဤနည်းလမ်းဖြင့် အမြဲခေါ်ပြီး သူ့ရှေ့မှောက်တွင် သင်၏ ဆုံးဖြတ်ချက်ကို ချပါက၊ သင်၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်သည့် နေ့တစ်နေ့၊ သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင် ရယူကာ နောက်ဆုံးတွင် သင့်ကို သူ စုံလင်စေသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ သင်တို့အတွက် ဆုတောင်းခြင်းသည် အရေးကြီးဆုံး ဖြစ်၏။ သင်ဆုတောင်းပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိသည့်အခါတွင်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်ခွန်အား ပေါ်ထွက်လာလိမ့်မည်။ သင်၏စိတ်နှလုံးဖြင့် ဆုမတောင်းပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သင် ရင်မဖွင့်ပါက၊ ဘုရားသခင်သည် သင့်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ဆုတောင်းပြီး သင့်စိတ်နှလုံးထဲက စကားများကို ပြောဆိုပြီးနောက်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် စတင် အလုပ်မလုပ်ရသေးသကဲ့သို့ မည်သည့် နှိုးဆော်မှုကိုမျှ သင်မရရှိပါက၊ သင်၏စိတ်နှလုံးသည် ရိုးသားမှု ကင်းမဲ့သည်၊ သင်၏စကားများ မမှန်ကန်သကဲ့သို့ မဖြူစင်သေးသည်ကို ဤအရာက ပြသပေသည်။ ဆုတောင်းပြီးသည့်နောက်၊ အားရကျေနပ်မှု ခံစားချက်တစ်ခု သင် ရှိပါက၊ သင်၏ ဆုတောင်းချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်ပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်နေပေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အစေခံသည့် သူတစ်ဦးအနေနှင့်၊ သင်သည် ဆုတောင်းခြင်းမရှိဘဲ မနေနိုင်ပေ။ သင်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသည့် အရာတစ်ခုအဖြစ် အမှန်တကယ် မြင်ပါက၊ ဆုတောင်းခြင်းကို သင်စွန့်လွှတ်နိုင်သလော။ မည်သူမျှ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့ဘဲ မနေနိုင်ချေ။ ဆုတောင်းခြင်း မရှိပါက၊ သင်သည် ဇာတိပကတိ၌၊ စာတန်၏ ကျေးကျွန်ဘဝတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ စစ်မှန်သည့် ဆုတောင်းခြင်း မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပေသည်။ အသင် ညီအစ်ကို မောင်နှမတို့သည် နေ့စဉ်နေ့တိုင်း စစ်မှန်သော ဆုတောင်းခြင်းကို ပြုနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ဤသည်မှာ စည်းကမ်းများကို လိုက်နာခြင်းအကြောင်းမဟုတ်ဘဲ၊ ရလဒ်တစ်ခုခုကို ရရှိခြင်းအကြောင်း ဖြစ်သည်။ သင်သည် နံနက် ဆုတောင်းခြင်းများအတွက် စောစောထဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ဖို့ အိပ်စက်ခြင်းနှင့် ပျော်မွေ့မှုများကို အနည်းငယ်လျှော့ရန် လိုလားသလော။ သင်သည် ဖြူစင်သည့် စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤသို့ စားသောက်ပါက၊ သင်သည် သူ့အဖို့ သာ၍ လက်ခံနိုင်ဖွယ် ဖြစ်လိမ့်မည်။ ဤအရာကို နံနက်တိုင်း သင် လုပ်ဆောင်ပါက၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်း၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းနှင့် သူနှင့် ဆက်ဆံခြင်းတို့အား နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ အသိပညာသည် ဧကန်မုချ တိုးပွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သင်သည် သာ၍ ကောင်းစွာ သဘောပေါက်နိုင်လိမ့်မည်။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလားပါ၏။ ကျွန်ုပ်တို့၌ ကိုယ်တော် ဘုန်းထင်ရှားဖို့အလို့ငှာ၊ ဤလူစုဖြစ်သည့် ကျွန်ုပ်တို့၏ သက်သေခံချက်ကို ကိုယ်တော် နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံးကို ကိုယ်တော်ကိုသာ ကျွန်ုပ် ဆက်ကပ်ပါ၏။ ကိုယ်တော့်ကို ကျွန်ုပ် မှန်တကယ်ချစ်နိုင်ဖို့နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေကာ ကျွန်ုပ်၏ ရည်မှန်းချက် ပန်းတိုင်အဖြစ် ကိုယ်တော့်ကို လိုက်စားနိုင်ဖို့ ကျွန်ုပ်တို့၏ အထဲတွင် လုပ်ဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟု ပြောသည်။ ဤဝန်တာကို သင် တာဝန်ယူသည်နှင့်အညီ၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေလိမ့်မည်။ သင်ကိုယ်တိုင်၏ အကျိုးအတွက်သာ သင် ဆုမတောင်းသင့်ဘဲ၊ ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့နှင့် သူ့ကို ချစ်ဖို့အလို့ငှာလည်း သင် ဆုတောင်းသင့်၏။ ဤသည်မှာ အမှန်ကန်ဆုံးသော ဆုတောင်းချက်မျိုး ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့အတွက် ဆုတောင်းသောသူတစ်ဦးလော။

ယခင်က မည်သို့ ဆုတောင်းရမည်ကို သင်တို့မသိခဲ့သကဲသို့၊ ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှုခဲ့ကြသည်။ ယခုတွင်၊ ဆုတောင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်ဖို့ သင် အကောင်းဆုံး လုပ်ဆောင်ရမည်။ သင်သည် ဘုရားသခင်ကို ချစ်ဖို့ သင့်အတွင်းတွင် ရှိသည့် ခွန်အားကို မစေ့ဆော်နိုင်ပါက၊ သင်မည်သို့ ဆုတောင်းသနည်း။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်စွမ်းမရှိပါ။ ကျွန်ုပ် ကိုယ်တော်ကို ချစ်ချင်သော်လည်း ခွန်အား ကင်းမဲ့ပါ၏။ အဘယ်အရာကို ကျွန်ုပ် လုပ်သင့်ပါသနည်း။ ကျွန်ုပ်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးပြီး ကျွန်ုပ်၏ စိတ်နှလုံးသားကို ကိုယ်တော်၏ ဝိညာဉ်တော်အား တို့ထိစေတော်မူပါ။ ကိုယ်တော်၏ ရှေ့မှောက် ကျွန်ုပ် လာသည်နှင့်အမျှ၊ အပျက်သဘောဆောင်သမျှကို ကျွန်ုပ် စွန့်ပစ်စေတော်မူပါ၊ မည်သည့် လူပုဂ္ဂိုလ်၊ ကိစ္စရပ်၊ သို့မဟုတ် အမှုအရာမဆို၏ ထိန်းချုပ်ခြင်းကို ကျွန်ုပ် မခံသကဲ့သို့၊ ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ် စိတ်နှလုံးကို လုံးဝ ဖွင့်ချ၏၊ ထိုသို့ဖြင့် ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ကိုယ်တော့်အား ကျွန်ုပ် ဆက်ကပ်စေတော်မူပါ။ သို့သော်၊ ကျွန်ုပ်ကို ကိုယ်တော် စစ်ဆေးနိုင်ပါ၏၊ ကျွန်ုပ် အဆင်သင့် ရှိပါသည်။ ယခု၊ ကျွန်ုပ်၏ အနာဂတ် ရှေ့ရေးကို ကျွန်ုပ် ထည့်မတွက်သကဲ့သို့၊ သေခြင်းတရား၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင်လည်း ကျွန်ုပ်မရှိပါ။ ကိုယ်တော်ကို ချစ်သည့် စိတ်နှလုံးတစ်ခုဖြင့်၊ အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါ၏။ ကိစ္စရပ်တိုင်း၊ အရာရာတိုင်း- အားလုံး ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်ုပ်၏ ကံကြမ္မာသည် ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပြီး ကျွန်ုပ်၏ တကယ့် အသက်တာကို ကိုယ်တော့်လက်ထဲတွင် ကိုယ်တော် ထိန်းချုပ်ထားပါ၏။ ယခုတွင်၊ ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားပြီး၊ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က မည်သို့ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါ၏” ဟု ဆိုသည်။ ဤပြဿနာကို သင်ကြုံရသည့်အခါ၊ ဤသို့ ဆုတောင်းလော့။ သင်သည် ဤသို့ နေ့တိုင်း ဆုတောင်းပါက၊ ဘုရားကို ချစ်ရန် ခွန်အားသည် တဖြည်းဖြည်း မြင့်မားလိမ့်မည်။

လူတစ်ဦးသည် စစ်မှန်သည့် ဆုတောင်းခြင်းထဲသို့ မည်သို့ဝင်ရောက်သနည်း။

ဆုတောင်းသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်သည့် နှလုံးသားတစ်ခုနှင့် ရိုးသားသည့် နှလုံးသားတစ်ခု ရှိရမည်။ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယပြုနေပြီး ဆုတောင်းနေခြင်း ဖြစ်သည်- ကြားကောင်းသည့် စကားလုံးများကို သုံးပြီး ဘုရားသခင်ကို နားပူနားဆာလုပ်ရန် သင် မကြိုးစားရပေ။ ဆုတောင်းခြင်းသည် ဘုရားသခင်က ယခုပင် ပြီးမြောက်ရန် ဆန္ဒရှိသည့်အရာအပေါ် ဗဟိုပြုသင့်၏။ သင်ဆုတောင်းသည့်အခါ ပိုမိုကြီးမားသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သင့်အားပေးဖို့၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ပြုသည့် သန္နိဋ္ဌာန်အပါအဝင်၊ သင်၏အခြေအနေမှန်နှင့် ဒုက္ခများကို သူ၏မျက်မှောက်သို့ ယူဆောင်ခဲ့လော့။ ဆုတောင်းခြင်းသည် လုပ်ထုံးလုပ်နည်းများကို လိုက်လျှောက်ခြင်း မဟုတ်။ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားတစ်ခုဖြင့် ရှာဖွေခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်ဖို့အလို့ငှာ၊ သင့်ကို သူထားသည့် ပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် စက်ဆုပ်ရွံရှာဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့၊ ထိုသို့ဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု သင့်ကို ရှိခွင့်ပေးပြီး ဘုရားသခင်ကို ချစ်သည့်သူတစ်ဦး အမှန်တကယ်ဖြစ်လာဖို့ အလို့ငှာ သင်၏ စိတ်နှလုံးကို ကွယ်ကာပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လော့။

ဆုတောင်းခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။

ဆုတောင်းခြင်းသည် လူသားက ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် လူသားက ဘုရားသခင်ကို ခေါ်သည့် နည်းလမ်းတစ်ခု ဖြစ်ပြီး လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိခြင်းခံရသည့် ဖြစ်စဉ်ဖြစ်သည်။ ဆုတောင်းခြင်း မရှိသူများသည် ဝိညာဉ်မရှိသည့် လူသေများဖြစ်သည်ဟု ဆိုနိုင်သည်၊ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့ အစွမ်းအစ ကင်းမဲ့သည်ကို သက်သေပြပေသည်။ ဆုတောင်းခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အမီလိုက်ဖို့ မဆိုထားနှင့်၊ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာကို နေထိုင်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆုမတောင်းဘဲနေခြင်းသည် မိမိ၏ ဘုရားသခင်နှင့် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိဖို့ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့်၊ သာ၍ ဆုတောင်းလေလေ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တို့ထိမှုကို သာ၍ ခံရလေလေ၊ သန္နိဋ္ဌာန်ဖြင့် သာ၍ ပြည့်လေလေဖြစ်ပြီး ဘုရားသခင်ထံမှ အသစ်သော ဉာဏ်အလင်းပေးခြင်းကို ရရှိဖို့ သာ၍ ကောင်းမွန်စွာ လုပ်နိုင်လေလေ ဖြစ်လိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ ဤသို့သော လူအမျိုးအစားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို အလွန် လျင်မြန်စွာ ခံရနိုင်ပေသည်။

ဆုတောင်းခြင်းသည် မည်သည့် အကျိုးသက်ရောက်မှုကို ရရှိဖို့ ရည်ရွယ်ပါသနည်း။

လူတို့သည် ဆုတောင်းသည့် အလေ့အကျင့်ကို လုပ်ဆောင် နိုင်ကောင်း လုပ်ဆောင်နိုင်ပြီး ဆုတောင်းခြင်း၏ အရေးပါမှုကို နားလည်နိုင်ကောင်း နားလည်နိုင်သည်၊ သို့သော် ဆုတောင်းခြင်း ထိရောက်ဖို့မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။

ဆုတောင်းခြင်းနှင့် ပတ်သက်၍ အခြေခံအကျဆုံး အသိပညာ-

၁။ စိတ်ထဲက ပေါ်လာသည့် အရာမှန်သမျှကို ကျိုးကြောင်းမမြင်ဘဲ မပြောနှင့်။ သင်၏စိတ်နှလုံးတွင် ဝန်တာတစ်ခုရှိရမည်၊ ယင်းမှာ သင်ဆုတောင်းသည့်အခါ ရည်မှန်းချက်တစ်ခု ရှိရမည်ဖြစ်သည်။

၂။ ဆုတောင်းခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်ဖြစ်သည်။

၃။ ဆုတောင်းသည့်အခါ၊ ခေတ်မမီတော့သည့် ကိစ္စရပ်များကို ပြန်မတင်ပြရပေ။ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို သင်အာရုံစိုက်သင့်ပြီး၊ ဆုတောင်းသည့်အခါ သင်၏ အတွင်းကျဆုံး အတွေးများကို ဘုရားသခင်အား ပြောပြလော့။

၄။ အုပ်စုလိုက် ဆုတောင်းခြင်းသည် အဓိကအချက်တစ်ခုကို ဗဟိုပြုရမည်ဖြစ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ် သေချာပေါက် ဖြစ်သည်။

၅။ ကြားဝင်ဖြန်ဖြေ ဆုတောင်းခြင်းကို လူအားလုံး သင်ယူရမည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို အရေးထားမှု ပြသခြင်းနည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

လူတစ်ဦး၏ ဆုတောင်းခြင်း အသက်တာသည် ဆုတောင်းခြင်း၏ အရေးပါမှုနှင့် ဆုတောင်းခြင်း၏ အခြေခံအသိပညာကို သိနားလည်ခြင်းတစ်ခုအပေါ် အခြေခံလေသည်။ နေ့စဉ် အသက်တာတွင် သင်ကိုယ်တိုင်၏ အားနည်းချက်များအတွက် မကြာခဏ ဆုတောင်းလော့၊ အသက်တာတွင် သင်၏ စိတ်သဘောထား၌ ထိရောက်သည့် ပြောင်းလဲမှုရှိဖို့ရန် ဆုတောင်းလော့၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သင်၏ အခြေခံအသိပညာနှင့်ပတ်သက်၍ ဆုတောင်းလော့။ လူအသီးသီးသည် မိမိတို့ကိုယ်တိုင်၏ ဆုတောင်းခြင်း အသက်တာကို တည်ဆောက်သင့်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိခြင်းအတွက် ဆုတောင်းသင့်ပြီး၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို ရှာဖွေဖို့ ဆုတောင်းသင့်သည်။ သင်၏ ပုဂ္ဂိုလ်ရေး အခြေအနေများကို ဘုရားသခင်၏ရှေ့မှောက်တွင် ချပြပြီး၊ သင်ဆုတောင်းသည့် နည်းလမ်းကို ရေးကြီးခွင်ကျယ် မလုပ်ဘဲ လက်တွေ့ဆန်လော့၊ ပြီးလျှင် အဓိကအချက်မှာ စစ်မှန်သော သိနားလည်မှုကို ရရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံကို ရယူဖို့ ဖြစ်သည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို လိုက်စားသည့် လူတစ်ဦးအနေဖြင့် ကွဲပြားသော နည်းလမ်းများစွာဖြင့် ဆုတောင်းနိုင်ရမည်။ တိတ်တဆိတ် ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်ဆင်ခြင်ခြင်း၊ ဘုရားသခင်၏အမှုကို သိရှိလာခြင်း- ဤအရာအားလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် တစ်ဦးတစ်ယောက်၏ အခြေအနေကို တိုးတက်စေပြီး အသက်တာတွင် ယခင်ထက်သာ၍ တိုးတက်မှုဆီသို့ တွန်းပို့သည့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့အတွက် ဝိညာဉ်ရေးရာ မိတ်သဟာယနှင့်ဆိုင်သည့် စိတ်ပိုင်းဖြတ်ချက်ခိုင်မာသော အလုပ်၏ ဥပမာများ ဖြစ်သည်။ အတိုချုပ်အနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည် ဖြစ်စေ၊ တိတ်ဆိတ်စွာ ဆုတောင်းခြင်းဖြစ်စေ၊ ကျယ်လောင်စွာ ကြွေးကြော်ခြင်းဖြစ်စေ၊ သင်လုပ်သည့် အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်နှင့် သင့်အထဲတွင် သူ ရရှိရန် ဆန္ဒရှိသည့်အရာကို သင့်အား ရှင်းရှင်းလင်းလင်း သိစေဖို့အလို့ငှာ ဖြစ်ပေသည်။ သာ၍အရေးကြီးသည်မှာ သင် လုပ်သမျှအားလုံးသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ရရှိဖို့နှင့် သင်၏ အသက်တာကို အသစ်သော တိုးတက်မှုများဆီသို့ မြှင့်တင်ဖို့အလို့ငှာ ဖြစ်သည်။ လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စွာ ထားနိုင်ရမည်ဖြစ်ပြီး၊ ထိုငြိမ်သက်ခြင်းက ဘုရားထံမှ ခွဲခွာမသွားရပေ။ ဤအဆင့်အတွင်းတွင် သင်သည် သာ၍ သစ်လွင် သို့မဟုတ် သာ၍ မြင့်မားသည့် ထိုးထွင်းသိမြင်မှုကို မရရှိဘဲ ဖြစ်နိုင်သည်၊ သို့သော် ထိုအခါ သင်သည် သင်၏ ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းဖို့ ဆုတောင်းရမည်- သင် မဆုတ်ယုတ်ရပေ။ ဤသည်မှာ သင် အနည်းဆုံး ရရှိရမည့် အရာဖြစ်သည်။ ဤအရာကိုပင် သင် အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် လမ်းကြောင်းမှန်ပေါ် မရောက်သေးသည်ကို သက်သေပြပေသည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ပထမဦးစွာ ရှိခဲ့သည့် ရူပါရုံကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ ဘုရားသခင်၌ ယုံကြည်ခြင်းကို သင် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သင်၏ သန္နိဋ္ဌာန်သည် နောက်ပိုင်းတွင် ပျောက်ကွယ် သွားလိမ့်မည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ၊ မရှိဆိုသည့် လက္ခဏာရပ်တစ်ခုမှာ သင်၏ ဆုတောင်းခြင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊ မရှိဆိုသည်ကို ကြည့်ဖို့ဖြစ်သည်။ လူအားလုံးသည် ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်။ ၎င်းတို့အားလုံးသည် မလှုပ်မယှက် စောင့်ဆိုင်းခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သတိရှိရှိ ရှာဖွေရင်း၊ ဆုတောင်းခြင်းတွင် မိမိတို့ကိုယ်ကိုယ် သတိရှိရှိ လေ့ကျင့်ခြင်း အလုပ်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည့် လူများ ဖြစ်ပေလိမ့်မည်။

သင်စတင်ဆုတောင်းသည့်အခါ၊ မိမိနိုင်သည်ထက် ပိုမလုပ်ရ သကဲ့သို့၊ တစ်ကျိုက်တည်းနှင့် အရာရာကို ရရှိဖို့ မမျှော်လင့်နှင့်။ သင့်အနေဖြင့်၊ ပါးစပ်ဖွင့်လိုက်သည်နှင့် သန်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရမည်၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်း ရရှိမည်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်က ကျေးဇူးတော် သွန်းလောင်းလိမ့်မည်ဟု မျှော်လင့်လျက် အလွန်အကျွံ တောင်းဆိုမှုများ ပြုလုပ်၍ မရပေ။ ယင်းသည် ဖြစ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် သဘာဝလွန် အမှုအရာများ မဆောင်ရွက်ပေ။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အချိန်ကာလတွင် လူတို့၏ ဆုတောင်းချက်များကို ခွင့်ပြုပေးခဲ့ပြီး တစ်ခါတစ်ရံ သူ၏ရှေ့မှောက်တွင် သင် သစ္စာရှိ၊ မရှိဆိုသည်ကို သိဖို့အတွက် သင်၏ ယုံကြည်မှုကို သူ စမ်းသပ်ပေသည်။ သင် ဆုတောင်းသည့်အခါ၊ ယုံကြည်မှု၊ ဇွဲလုံ့လနှင့် သန္နိဋ္ဌာန်တို့ ရှိရမည်။ လူအများစုသည် ခုလေးတင် စတင်လေ့ကျင့်သည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုကို မခံစားရသောကြောင့် စိတ်ဓာတ်ကျကြသည်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်ဇွဲရှိရမည်။ သန်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းကို ခံစားခြင်းနှင့် ရှာဖွေခြင်းနှင့် လေ့လာမှုတို့အပေါ်တွင် သင်အာရုံစိုက်ရမည်။ တစ်ခါတစ်ရံတွင်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ တစ်ခါတစ်ရံတွင် သင်၏ပုဂ္ဂိုလ်ရေးကြံရွယ်ချက်များနှင့် အယူအဆများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် မခိုင်မြဲနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို မတို့ထိနိုင်ပေ။ အခြားအချိန်များတွင်၊ ဘုရားသခင်သည် သင်သစ္စာရှိ၊ မရှိဆိုသည်ကို ကြည့်၏။ အတိုချုပ်အနေဖြင့်၊ လေ့ကျင့်ရာတွင်၊ သာ၍ မြင့်မားသည့် အဖိုးအခကို သင် ပေးသင့်သည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေါ်တွင် သွေဖည်နေသည်ကို တွေ့ရှိပါက၊ သင်ဆုတောင်းသည့် နည်းလမ်းကို ပြောင်းလဲနိုင်သည်။ ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြင့် သင် ရှာဖွေပြီး ရရှိဖို့ တောင့်တသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ဤလက်တွေ့အရှိတရားထဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည်။ တစ်ခါတရံတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုဖြင့် ဆုတောင်းသော်လည်း အထူး တို့ထိခံရသည်ဟု သင်မခံစားရ။ ဤသို့သောအချိန်များတွင် ဘုရားသခင်သည် သင်၏ ဆုတောင်းချက်များကို စောင့်ကြည့်ကြောင်း ယုံကြည်လျက် ယုံကြည်ခြင်းအပေါ် သင်မှီခိုရမည်ဖြစ်သည်။ သင်၏ဆုတောင်းချက်များတွင် သင် ဇွဲလုံ့လရှိရမည်ဖြစ်သည်။

ရိုးသားသော လူတစ်ဦး ဖြစ်လော့။ သင်၏စိတ်နှလုံးထဲရှိ လှည့်ဖြားမှုများကို ဖယ်ထုတ်ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းလော့။ တစ်ချိန်လုံး ဆုတောင်းခြင်းမှတဆင့် မိမိကိုယ်ကိုယ် စင်ကြယ်စေလော့၊ ဆုတောင်းခြင်းမှတဆင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံလော့၊ ပြီးလျှင် သင်၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မည်။ စစ်မှန်သည့် ဝိညာဉ်ရေးရာ အသက်တာသည် ဆုတောင်းခြင်း အသက်တာဖြစ်၏- ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသည့် အသက်တာတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းခံရသည့် ဖြစ်စဉ်မှာ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်း မခံရသည့် အသက်တာသည် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မဟုတ်ဘဲ၊ ဘာသာရေးဓလေ့နှင့်ဆိုင်သော အသက်တာတစ်ခုသာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း မကြာခဏ ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရသူများသာ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ကြပြီး ဖြစ်သည်။ လူသား၏ စိတ်သဘောထားသည် သူဆုတောင်းသည့်အတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သူ ခံရလေလေ၊ သူသည် တက်ကြွလေလေဖြစ်ပြီး နာခံလာလေလေ ဖြစ်သည်။ ထို့ကြောင့် သူ့၏စိတ်နှလုံးသည်လည်း တဖြည်းဖြည်း သန့်စင်ခံရပြီး သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်။ ယင်းမှာ စစ်မှန်သည့် ဆုတောင်းခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ၎င်းတို့ကို ဝိညာဉ်များ ပေးသနားခဲ့သည့်နောက်တွင်၊ သူသည် ၎င်းတို့ကို ဆုံးမဩဝါဒပေးခဲ့သည်မှာ၊ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ဟစ်ခေါ်ခြင်းမပြုခဲ့ပါက၊ ၎င်းတို့သည် သူ၏ ဝိညာဉ်တော်နှင့် ဆက်သွယ်နိုင်ကြမည်မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ကောင်းကင်ဘုံမှ “ဂြိုလ်တုရုပ်မြင်သံကြား” ကို ကမ္ဘာမြေကြီးပေါ်တွင် ရရှိဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ ဝိညာဉ်များထဲ၌ မရှိတော့သောအခါတွင်၊ အခြားသောအရာများအတွက် နေရာလွတ်တစ်ခု ရှိသွားပြီး ထိုသို့ဖြင့် စာတန်သည် ဝင်လာရန် အခွင့်အရေးကို မလွတ်တမ်း အသုံးချလေသည်။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများဖြင့် ဘုရားသခင်ကို ဆက်သွယ်သောအခါ၊ စာတန်သည် ချက်ချင်း အထိတ်တလန့်ဖြစ်သွားပြီး လွတ်မြောက်ရန် တစ်ဟုန်ထိုးပြေးလေသည်။ လူသားမျိုးနွယ်၏ အော်ဟစ်သံများမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ လိုအပ်သည့် အရာများကို ၎င်းတို့အား ပေးသည်၊ သို့သော် ပထမဦးစွာ သူသည် ၎င်းတို့အတွင်းတွင် “နေထိုင်ခြင်း” မရှိချေ။ ၎င်းတို့၏ အော်ဟစ်သံများကြောင့်၊ သူသည် ၎င်းတို့ကို တကယ်ကို အစဉ်တစိုက် အကူအညီပေးခဲ့ပြီး စာတန်သည် ၎င်းသဘောရှိ “ကစား” ရန် ဝင်မလာဝံ့ဖို့အလို့ငှာ၊ လူတို့သည် ထိုအတွင်းခွန်အားမှ ခံနိုင်ရည်ကို ရရှိကြလေသည်။ ထို့ကြောင့် လူတို့သည် မရပ်မနား ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆက်သွယ်ပါက၊ စာတန်သည် မလာဝံ့သကဲ့သို့ အနှောင့်အယှက်များ မဖြစ်စေဝံ့ပေ။ စာတန်၏ နှောင့်ယှက်ခြင်းများ မရှိဘဲနှင့်၊ လူအားလုံးတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြပြီး၊ ထို့နောက် ဘုရားသခင်သည် အဆီးအတားမဲ့ ၎င်းတို့အထဲတွင် အမှုပြုရန် အခွင့်အရေးရှိလေသည်။ ထိုသို့ဖြင့် ဘုရားသခင် လုပ်ဆောင်လိုသော အရာကို လူသားများမှတစ်ဆင့် စွမ်းဆောင် ရရှိနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၇” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ဆုတောင်းခြင်းဟူသည် ထုံးတမ်းဓလေ့ အမျိုးအစားတစ်ခု မဟုတ်ပေ၊ ယင်းသည် လူတစ်ဦးနှင့် ဘုရားသခင်အကြား စစ်မှန်သော အတူခံစားခြင်းတစ်ခုဖြစ်ပြီး၊ ယင်း၌ အလွန်လေးနက်သော အဓိပ္ပာယ်ပါရှိသည်။ လူတို့၏ ဆုတောင်းချက်များမှ၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနေကြောင်း တွေ့ရှိနိုင်သည်။ အကယ်၍ သင်သည် ဆုတောင်းခြင်းကို ထုံးတမ်းဓလေ့တစ်ခုအဖြစ် ရှုမြင်လျှင်၊ သင်သည် ဘုရားသခင်ကို ကောင်းစွာ အစေခံလိမ့်မည် မဟုတ်သည်ကား သေချာပေသည်။ အကယ်၍ သင်၏ ဆုတောင်းချက်များကို အလွန် လေးနက်စွာ သို့မဟုတ် အရင်းခံရိုးသားမှုနှင့် မတောင်းပါက ဘုရားသခင်၏ ရှုထောင့်မှ၊ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် သင် မတည်ရှိပေဟု ပြောနိုင်လေသည်၊ ထို့နောက် သင့်အပေါ် သန့်ရှင်းသော ဝိညာဉ်တော်အား အဘယ်သို့ သင် အလုပ်လုပ်စေနိုင်မည်နည်း။ အကျိုးဆက် အနေဖြင့်၊ အချိန်ကာလတစ်ခုကြာ လုပ်ဆောင်ပြီးသောအခါ သင် ခြေကုန်လက်ပန်း ကျလာလိမ့်မည်။ ယခုမှစ၍ ဆုတောင်းခြင်းမပါဘဲ သင် အလုပ်လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အလုပ်လုပ်ဆောင်ခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းဖြစ်ပြီး၊ အစေခံခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ သင်သည် ဦးဆောင်ဦးရွက်ပြုသူ ဖြစ်ပြီး ဘုရားသခင်ကို အစေခံသော လူတစ်ဦးဖြစ်လျက်နှင့် သင်သည် ဆုတောင်းခြင်း၌ သင့်ကိုယ်သင် မည်သည့်အခါမျှ မဆက်ကပ်လျှင် သို့မဟုတ် သင့်ဆုတောင်းချက်များ၌ မည်သည့်အခါမျှ အလေးအနက်မရှိခဲ့လျှင်မူ၊ သင်အစေခံသည့် ပုံစံမှာ သင့်ကို လဲကျစေ၍ ဇာတ်သိမ်းလိမ့်မည်ဖြစ်သည်။ လူတို့အနေဖြင့် ဆုမတောင်းဘဲနေခွင့်ရှိသည်ဟု မည်သည့်အရာက ၎င်းတို့ကို ခံစားစေသနည်း။ ဘုရားသခင်သည် လူ့ဇာတိခံဖြစ်သောကြောင့် ဆုတောင်းခြင်းကို ၎င်းတို့ ရပ်တန့်ပြီလော။ ယင်းသည် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ တစ်ခါတစ်ရံ ငါပင် ဆုတောင်း၏။ သခင်ယေရှုသည် လူ့ဇာတိ၌ ရှိသည့်အချိန်တွင်၊ သူသည်လည်း အရေးကြီးသည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ ဆုတောင်းခဲ့သည်။ တောင်များပေါ်တွင်၊ လှေများပေါ်နှင့် ဥယျာဉ်များထဲတွင် သူ ဆုတောင်းခဲ့သည်။ သူ၏ တပည့်တော်များကိုလည်း ဆုတောင်းဖို့ သူ ဦးဆောင်ခဲ့သည်။ သင်သည် ဘုရားသခင်၏ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး သူ့ထံ ဆုတောင်းနိုင်ပါက၊ ဤအရာက သင်သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံသည်ကို သက်သေပြပေသည်။ အကယ်၍ ဆုတောင်းဖို့ကို မကြာခဏ လျစ်လျူရှုကာ၊ သူ၏နောက်ကွယ်၌ ဤဟာထိုဟာ လုပ်ဆောင်ရင်း၊ သင့်ဘာသာ အမှုအရာများကို လုပ်ဆောင်လေ့ရှိပါက၊ သင်သည် ဘုရားသခင်ကို အစေခံနေသည်မဟုတ်၊ သင်၏ကိုယ်ပိုင် အလုပ်ကိစ္စတွင် ပါဝင်နေခြင်းသာ ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် သင်သည် စီရင်ချက်ချခံရလိမ့်မည် မဟုတ်လော။ အပြင်ပန်းအားဖြင့် သင်သည် အနှောင့်အယှက် ဖြစ်စေသောအရာ တစ်ခုခုကို ပြုလုပ်ပြီးသကဲ့သို့ ပေါ်လွင်လိမ့်မည် မဟုတ်သည်အပြင်၊ ဘုရားသခင်ကို သင် ပြစ်မှားစော်ကားခဲ့ပုံလည်း ပေါက်လိမ့်မည်မဟုတ်ပေ၊ သို့သော် သင်သည် သင့်ကိုယ်ပိုင်အမှုအရာကို လုပ်ဆောင်နေခြင်းသာလျှင် ဖြစ်နေလိမ့်မည်။ ဤသို့ပြုခြင်းအားဖြင့် သင်သည် နှောင့်ယှက်နေသည် မဟုတ်လော။ အပေါ်ယံ၌ သင်သည် နှောင့်ယှက် နေသည့်ပုံ မပေါက်သော်ငြားလည်း အနှစ်သာရအားဖြင့် သင်သည် ဘုရားသခင်ကို ခုခံနေခြင်းပင်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

ဘာသာရေး အခမ်းအနားနှင့်ဆိုင်သော ဆုတောင်းချက်များထက် ဘုရားသခင် သာ၍ စက်ဆုပ်ရွံရှာသောအရာ မည်သည့်အရာမျှ မရှိပေ။ စစ်မှန်ရိုးသားသောအခါမှသာ ဘုရားသခင်ထံ ဆုတောင်းချက်များကို လက်ခံပေသည်။ သင့်အနေ့ဖြင့် မည်သည့် ရိုးသားစစ်မှန်သော အရာမျှ ပြောစရာ မရှိပါက၊ တိတ်ဆိတ်စွာ နေလော့။ မမှန်ကန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားရင်း၊ သူ့ကို သင် မည်မျှချစ်သည်၊ သူ့ကို သင် မည်မျှ သစ္စာစောင့်သိရန် ဆန္ဒရှိသည်တို့ကို ပြောဆိုရင်း၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျိုးကြောင်းမမြင်ဘဲ ကျမ်းသစ္စာများ မပြုနှင့်။ သင်သည် သင်၏ စိတ်ဆန္ဒများကို ရရှိနိုင်စွမ်းမရှိပါက၊ ဤစိတ်ဆုံးဖြတ်ချက်နှင့် ဝိညာဉ်အသက်တာ သင် ကင်းမဲ့ပါက၊ မည်သည့် အခြေအနေများအောက်တွင်မဆို ဤကဲ့သို့ ဘုရားသခင်ထံ ဆုမတောင်းနှင့်။ ယင်းမှာ လှောင်ပြောင်သရော်မှု ဖြစ်သည်။ လှောင်ပြောင်သရော်မှုဆိုသည်မှာ တစ်စုံတစ်ဦးကို လှောင်ခြင်း၊ ၎င်းတို့ကို ပြက်ချော်ချော်လုပ်ခြင်းဟု ဆိုလိုသည်။ လူတို့သည် ဤစိတ်သဘောထားမျိုးဖြင့် ဘုရားသခင်၏ ရှေ့မှောက် ဆုတောင်းကြသည့်အခါ၊ အနည်းဆုံးအနေဖြင့် ဤသည်မှာ လှည့်ဖြားမှု ဖြစ်၏။ အဆိုးဆုံးအနေဖြင့်၊ ဤအရာကို သင် မကြာခဏ လုပ်ဆောင်ပါက၊ သင်၌ လုံးဝ စက်ဆုပ်ဖွယ်ဖြစ်သော အကျင့်စရိုက်ရှိ၏။ ဘုရားသခင်သည် သင့်ကို ရှုတ်ချရမည်ဆိုပါက၊ ယင်းသည် ပြစ်မှားစော်ကားခြင်းဟု ခေါ်ဆိုရပေမည်။ လူတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့မှု မရှိကြချေ၊ ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ရမည်၊ သို့မဟုတ် သူ့ကို မည်သို့ချစ်ပြီး စိတ်ကျေနပ်စေရမည်ကို ၎င်းတို့ မသိကြချေ။ သမ္မာတရားသည် သူတို့အဖို့ မရှင်းမလင်းဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထား ဖောက်ပြန်ပျက်စီးနေပါက၊ ဘုရားသခင်သည် ယင်းကို ပြုပြင်မည်မဟုတ်။ သို့သော် ၎င်းတို့သည် ထိုသို့သော အကျင့်စရိုက်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်လာကြပြီး မယုံကြည်သူများက အခြားလူတို့ကို ဆက်ဆံသကဲ့သို့ ဘုရားသခင်ကို ဆက်ဆံကြလေသည်။ ထို့အပြင်၊ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ပြီး နားပူနားဆာလုပ်ဖို့ ဤစကားများကို အသုံးပြုရင်း ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် လေးလေးနက်နက် ဒူးထောက်ကြပြီး၊ ၎င်းတို့ ပြီးစီးသွားသည့်အခါ၊ မိမိကိုယ်ကိုယ် ပြစ်တင်ခြင်း ၎င်းတို့ မခံစားရသည်သာမက၊ ၎င်းတို့၏ လုပ်ရပ်များနှင့်သက်ဆိုင်သော လေးနက်မှုအပေါ် အသိစိတ်လည်း မခံစားကြပေ။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သူတို့နှင့်အတူ ရှိသလော။ ဘုရားသခင်၏ မျက်မှောက် လုံးဝ မရှိသည့် လူတစ်ဦးသည် ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရနိုင်သလော။ ၎င်းတို့သည် သမ္မာတရားဖြင့် ဉာဏ်အလင်းပေးခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ ဒုက္ခရောက်ပေပြီ။ သင်တို့သည် ဤသို့ အကြိမ်များစွာ ဆုတောင်းဖူးသလော။ ထိုသို့ မကြာခဏ သင်တို့ လုပ်ဆောင်ကြသလော။ အပြင်လောကတွင် လူတို့ အလွန်ကြာမြင့်စွာ အချိန်ကုန်သည့်အခါ၊ ၎င်းတို့သည် လူမှုအဖွဲ့အစည်း၏အနံ့ဆိုး နံဟောင်ကြသည်၊ ၎င်းတို့၏ မသမာသော သဘာဝဗီဇက အားမြင့်သွားပြီး၊ ၎င်းတို့သည် ဆိုးယုတ်သော အဆိပ်များနှင့် အသက်ရှင်ခြင်း နည်းလမ်းများဖြင့် ယှက်သန်းလာကြသည်။ ၎င်းတို့၏ နှုတ်များမှ လာသည့်အရာများသည် အမှားနှင့် လှည်ဖြားမှု စကားများဖြစ်သည်၊ စဉ်းစားခြင်းမရှိဘဲ ၎င်းတို့ စကားပြောဆိုကြသည်၊ သို့မဟုတ်ပါက ၎င်းတို့၏ ကိုယ်ပိုင် စိတ်ပါဝင်စားမှုများနှင့် ရည်မှန်းချက်များသာ အမြဲပါရှိပြီး မှန်ကန်သော အရင်းခံအကြောင်းများ ရှိခဲလှသည့် စကားများကို ပြောဆိုကြလေသည်။ ဤအရာများမှာ ဆိုးရွားသော ပြဿနာများဖြစ်၏။ လူတို့သည် ဤစာတန်ဆန်သော အတွေးအခေါ်များနှင့် ရှင်သန်ခြင်း နည်းလမ်းများကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူသွားသည့်အခါ၊ ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားမိသည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်းကို သင်မည်သို့ ရှာဖွေသနည်း။ အရေးကြီးသည့်အရာမှာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဆုတောင်းရန် ဖြစ်သည်။ ဤနည်းဖြင့် ဆုတောင်းရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိမည်မှာ သေချာသည်။ အကယ်၍ သင်သည် ဘုရားသခင် ယနေ့ပြောဆိုသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ထဲက အခြေခံအကြောင်းရင်းဖြင့် မရှာဖွေပါက၊ ဤသည်မှာ အချည်းနှီးဖြစ်သည်။ သင်ဆုတောင်းသင့်ပြီး၊ “အို ဘုရားသခင်။ ကျွန်ုပ် ကိုယ်တော့်ကို ဆန့်ကျင်မိပြီး၊ ကျွန်ုပ် ကိုယ်တော့်ကို များစွာကြွေးတင်ပါပြီ။ ကျွန်ုပ်သည် အလွန် မနာခံတတ်သကဲ့သို့ ကိုယ်တော့်ကို မည်သည့်အခါမျှ မကျေနပ်စေနိုင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကိုယ်တော် ကယ်တင်ရန် ဆန္ဒပြုပါ၏၊ ကိုယ်တော့်အဖို့ အဆုံးထိ အစေခံမှုပေးရန် ကျွန်ုပ် ဆန္ဒရှိပါ၏၊ ကိုယ်တော့်အတွက် အသေခံရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ၊ ကျွန်ုပ်သည် မကျေနပ်ချက်များ မရှိပါ၊ ကိုယ်တော့်ကို ကျွန်ုပ် ဆန့်ကျင်မိပြီး၊ ကျွန်ုပ်၏ သေခြင်းတွင် ကိုယ်တော် ဖြောင့်မတ်သော စိတ်သဘောထားကို လူအားလုံး ရှုမြင်နိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်သေထိုက်ပါသည်။” ဟူ၍ ပြောသင့်၏။ ဤနည်းဖြင့် သင်၏ စိတ်နှလုံးအတွင်းတွင် သင် ဆုတောင်းသောအခါ၊ ဘုရားသခင်သည် သင့်ကို နားညောင်းလိမ့်မည်ဖြစ်ကာ သင့်အား လမ်းပြလိမ့်မည်။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆုမတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိခြင်းငှာ ဖြစ်နိုင်ချေ မရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုနှင့်အတိုင်းနှင့် ဘုရားသခင်က ယနေ့လုပ်ဆောင်ရန် အလိုရှိသည့် အရာနှင့်အညီ ဆုတောင်းပါက၊ သင်က “အို ဘုရားသခင်၊ ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များအဖို့ သစ္စာရှိရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ပြီးလျှင် ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးသည် ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် စံနှုန်းများကို အလှမ်းမီနိုင်စေဖို့အလို့ငှာ၊ ကိုယ်တော်၏ ဘုန်းအသရေအဖို့ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ဆက်ကပ်ရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော် တို့ထိပါစေ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား ယခင်ထက် အသိဉာဏ်ပွင့်လင်းစေရန်၊ ကျွန်ုပ် လုပ်ဆောင်သမျှ အားလုံးက စာတန်အပေါ် ရှက်ရစေရန်၊ ကျွန်ုပ်သည် နောက်ဆုံးတွင် ကိုယ်တော်၏ ရယူခြင်းခံရဖို့အလို့ငှာ ကျွန်ုပ်ဆန္ဒရှိပါ၏။” ဟု ပြောလိမ့်မည်။ အကယ်၍ သင်သည် ဤနည်းဖြင့်၊ ဘုရားသခင်၏ အလိုကို ဗဟိုပြုသည့် နည်းလမ်းတစ်ခုဖြင့် ဆုတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်၏ ဆုတောင်းချက်များ၏ စကားလုံးများ မည်မျှရှိသည်မှာ အကြောင်းမဟုတ်- အဓိက သော့ချက်ဖြစ်သည့်အရာမှာ ဘုရားသခင်၏ အလိုကို သင် သဘောပေါက်ခြင်း ရှိမရှိ ဖြစ်သည်။ သင်တို့အားလုံးသည် အောက်ပါ အတွေ့အကြုံကို ရှိပြီး ဖြစ်ကောင်းဖြစ်နိုင်သည်- တစ်ခါတစ်ရံ အစည်းအဝေးတစ်ခု၌ ဆုတောင်းနေစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ လှုပ်ရှားမှု အင်အားများသည် အယောက်တိုင်း၏ ခွန်အားများကို မြင့်တက်စေလျက်၊ အထွတ်အထိပ်သို့ရောက်ရှိလေသည်။ လူအချို့သည် ခါးသီးစွာ ငိုကြွေးကြပြီး ဆုတောင်းစဉ် မျက်ရည်များ ကျကြသည်၊ ဘုရားသခင်ရှေ့မှောက်တွင် နောင်တဖြင့် ပြည့်နှက်နေသွားကြပြီး၊ လူအချို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြသကာ ကတိသစ္စာများ ပြုကြသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က စွမ်းဆောင်ရရှိမည့် အကျိုးတရား ဖြစ်သည်။ ယနေ့တွင် လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ လုံးလုံးလျားလျား သွန်းလောင်းကြသည်မှာ အရေးပါလှပေသည်။ ယခင်က ပြောဆိုခဲ့သော နှုတ်ကပတ်တော်များအပေါ် အာရုံမစိုက်နှင့်။ အကယ်၍ သင်သည် ယခင်က လာခဲ့သော အရာအပေါ် ထိန်းသိမ်းဆဲဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် အမှုပြုမည် မဟုတ်ပေ။ ဤအရာက မည်မျှ အရေးကြီးသည်ကို သင်မြင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

လူအားလုံး မျှဝေခံစားရသည့် ပြဿနာတစ်ခုကို ငါ ရှာဖွေတွေ့ရှိလေပြီ- ၎င်းတို့အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းရန် လာကြသော်လည်း ၎င်းတို့အဖို့ ဆုတောင်းခြင်းသည် အမှုအရာတစ်ခုဖြစ်ပြီး လက်ရှိဦးစားပေးရမည့် ကိစ္စသည် သာ၍ကြီးလေးသည်။ ၎င်းတို့၌ ဖြစ်ပျက်နေသည့်အရာကို ဆုတောင်းချက်တွင် ၎င်းတို့ မပြောဆိုသင့်ဟု ယုံကြည်ကြသည်။ သင်တို့သည် စစ်မှန်စွာ ဆုတောင်းခဲပြီး မည်သို့ ဆုတောင်းရမည်ကို သိပင်မသိကြသူ အချို့ရှိ၏။ အမှန်တွင်၊ ဆုတောင်းဖို့ဆိုသည်မှာ အဓိကအားဖြင့် သင်သည် ပုံမှန် စကားပြောသည့်အတိုင်း စကားပြောနေသည့်အလား၊ သင်၏ စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ပြောဖို့ ဖြစ်သည်။ သို့သော်၊ ၎င်းတို့ စတင်ဆုတောင်းလျှင် ဆုတောင်းချင်း၊ မိမိတို့၏ နေရာကို မေ့လျော့သော လူများ ရှိသည်။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီခြင်း ရှိမရှိကို အလေးဂရုမပြုဘဲ၊ ဘုရားသခင်က ၎င်းတို့အားပေးရန် မရအရ တောင်းဆိုကြပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ ဆုတောင်းချက်များသည် ဆုတောင်းရာတွင် ခြောက်သွေ့ညှိုးနွမ်းသွားသည်။ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို သင် တောင်းဆိုနေသည်ဖြစ်စေ၊ မည်သည့်အရာကို သင် တောင့်တသည်ဖြစ်စေ၊ သို့မဟုတ် သင် ရင်ဆိုင်လိုသည့် ပြဿနာတစ်ခု ရှိသော်လည်း ယင်းအပေါ် သင်သည် ထိုးထွင်းသိမြင်မှုမရှိသကဲ့သို့ ဘုရားသခင် သင့်ကို ဉာဏ်ပညာ သို့မဟုတ် ခွန်အားပေးရန် သို့မဟုတ် သင့်ကို သူ အသိဉာဏ်ပွင့်လင်းစေရန် သင် တောင်းဆိုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ မည်သည့်အရာကို သင် တောင်းဆိုသည်ဖြစ်စေ၊ ယင်းကို စီကုံးရာတွင် သင် စဉ်းစားချင့်ချိန်တတ်ရမည်။ သင်သည်ထိုသို့မဟုတ်ဘဲ၊ ဒူးထောက်ကာ “ဘုရားသခင်၊ ကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။ ကျွန်ုပ်၏ သဘာဝဗီဇကို ကျွန်ုပ် မြင်ပါရစေ။ အမှုပြုဖို့ ကိုယ်တော်ကို ကျွန်ုပ် တောင်းခံပါ၏။ ဤအရာ၊ ထိုအရာအတွက် ကိုယ်တော့်ကို ကျွန်ုပ် တောင်းခံပါ၏။ ကျွန်ုပ်ကို ဤသို့၊ ထိုသို့ဖြစ်စေဖို့ ကျွန်ုပ် ကိုယ်တော်ကို အနူးအညွတ်တောင်းပန်ပါ၏” ဟု ဆိုပါက၊ သင်၏ ထို “အနူးအညွတ်တောင်းပန်ခြင်း” သည် နိုင်ထက်စီးနင်းပြုသော ကြန်အင်လက္ခဏာတစ်ခု ရှိ၏။ ယင်းသည် ဘုရားသခင်အပေါ် ဖိအားပေးဖို့၊ သင်သည် အနည်းဆုံးအနေဖြင့် သူ၏သတ်မှတ်ချက်များကို မိမိဘာသာ တစ်ဖက်သတ် ကြိုတင် ဆုံးဖြတ်ထားလျက်၊ သင် လိုချင်သည့်အရာကို သူ့အား အတင်းအကျပ် လုပ်ဆောင်စေရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ သင်သည် သတ်မှတ်ချက်များကို ချမှတ်နှင့်ပြီးဖြစ်ကာ မည်သည့်အရာ သင် လုပ်ဆောင်ချင်သည်ကို ဆုံးဖြတ်ပြီးသည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို တွေ့မြင်စဉ်၊ ထိုသို့သော ဆုတောင်းချက်တစ်ခုသည် မည်သည့် အကျိုးတရား ရှိနိုင်မည်နည်း။ လူတစ်ဦးသည် ရှာဖွေသည့်၊ ကျိုးနွံနာခံသည့် စိတ်နှလုံးဖြင့် ဆုတောင်းသင့်၏။ သာဓကအနေဖြင့်၊ တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်ပြီးဖြစ်ကာ၊ ယင်းကို မည်သို့ ကိုင်တွယ်ရမည်ကို သင် မသေချာသည့်အခါ၊ သင်က “ဘုရားသခင်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ဤကိစ္စရပ်တွင် ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့နှင့် ကိုယ်တော်၏ အလိုတော်ကို ရှာဖွေဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော်။ ကျွန်ုပ်၏ အလိုအတိုင်းမဟုတ်ဘဲ၊ ကိုယ်တော်၏ အလိုတော်အတိုင်း လုပ်ဆောင်ဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ လူသားအားလုံး၏ အလိုသည် ကိုယ်တော်၏ အလိုတော်နှင့် ဆန့်ကျင်ပြီး ကိုယ်တော့်ကို ခုခံကာ သမ္မာတရားနှင့် မကိုက်ညီသည်ကို ကိုယ်တော်သိပါ၏။ ကျွန်ုပ်ကို အသိဉာဏ်ပွင့်လင်းစေဖို့၊ ဤကိစ္စရပ်တွင် ကျွန်ုပ်ကို လမ်းပြပေးဖို့နှင့် ကျွန်ုပ်အား ကိုယ်တော့်ကို ပုန်ကန်ပြစ်မှားခွင့်မပေးဖို့ ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်ပါ၏…” ဟု ပြောကောင်းပြောမည်။ ယင်းမှာ ဆုတောင်းခြင်းအတွက် သင့်တော်သော သဘောသွား ဖြစ်၏။ သင်က “ဘုရားသခင်၊ ကျွန်ုပ်ကို ကူညီဖို့၊ လမ်းပြဖို့၊ မှန်ကန်သော ပတ်ဝန်းကျင်နှင့် မှန်ကန်သော လူတို့ဖြင့် ကျွန်ုပ်ကို ပံ့ပိုးပေးဖို့နှင့် ကျွန်ုပ်၏ အလုပ်ကို ကောင်းစွန် လုပ်ဆောင်ခွင့်ပေးဖို့ ကျွန်ုပ် တောင်းလျှောက်ပါ၏။…” ဟု ဆိုရုံမျှဆိုပါက၊ သင် ဆုတောင်းပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင်အား သင်ကိုယ်တိုင်၏ အလိုအတိုင်း ဆောင်ရွက်ဖို့ တောင်းလျှောက်နေလိမ့်မည် ဖြစ်သည်နှင့်အညီ၊ သင်သည် ဘုရားသခင်၏ အလိုကို သဘောပေါက်လိမ့်ဦးမည် မဟုတ်ပေ။

ဆုတောင်းချက်တွင် သင် အသုံးပြုသည့် စကားများက သင့်တင့်လျောက်ပတ်ခြင်း ရှိမရှိဆိုသည်ကို ယခု သင် သေချာအောင် လေ့လာစိစစ်ရမည်။ သင်၏ ဆုတောင်းချက်များက သင့်တင့်လျောက်ပတ်ခြင်းမရှိပါက၊ ဤသည်မှာ သင်၏ မိုက်မဲမှုကြောင့်ဖြစ်စေ သို့မဟုတ် တမင်ရည်ရွယ်သောကြောင့်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ သင် ဆုတောင်းသည့်အခါ၊ သင်သည် ချင့်ချင့်ချိန်ချိန် သင့်တော်သည့် သဘောသွားတစ်ခုဖြင့် စကားပြောရမည်။ ဤသို့ပြောလော့- “ဘုရားသခင်။ ကျွန်ုပ်၏ အားနည်းချက်နှင့် ကျွန်ုပ်၏ပုန်ကန်မှုကို ကိုယ်တော်သိပါ၏။ ကိုယ်တော် ကျွန်ုပ်ကို ခွန်အားပေးဖို့နှင့် ကျွန်ုပ်၏ အခြေအနေများကို ခံရပ်ရန် ကျွန်ုပ်ကိုကူညီဖို့သာ ကျွန်ုပ် တောင်းလျှောက်ပါ၏၊ သို့သော် ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စေပါ။ ဤသည်မှာ ကျွန်ုပ် တောင်းလျှောက်သမျှ ဖြစ်ပါ၏။ ကိုယ်တော်၏အလိုတော် မည်သည့်အရာ ဖြစ်သည်ကို ကျွန်ုပ်မသိပါ၊ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ကိုယ်တော်၏ အလိုတော်သာ ပြည့်စုံပါစေ။ ကျွန်ုပ်သည် အစေခံစေခြင်းခံရလျှင်ပင် သို့မဟုတ် အဖြည့်ခံတစ်ခု ဖြစ်စေခြင်းခံခဲ့ရလျှင်ပင်၊ ထိုသို့ လိုလိုလားလား ကျွန်ုပ်လုပ်ဆောင်ပါမည်။ ကျွန်ုပ်ကို ခွန်အားနှင့် ဉာဏ်ပညာပေးပြီး ဤကိစ္စရပ်တွင် ကိုယ်တော့်ကို စိတ်ကျေနပ်စေခွင့်ပေးဖို့ ကျွန်ုပ် တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ အစီအမံများကို နာခံရန်သာ ကျွန်ုပ် ဆန္ဒရှိပါ၏။…” ထိုသို့သော ဆုတောင်းချက်တစ်ခုနောက်တွင်၊ သင်၏ စိတ်နှလုံး အေးအေးသက်သာ ခံစားရလိမ့်မည်။ သင် လုပ်သမျှအားလုံးမှာ စဉ်ဆက်မပြတ် တောင်းခံခြင်းဖြစ်ပါက၊ သင် မည်မျှပြောဆိုသည်ဖြစ်‌စေ၊ ယင်းသည် အနှစ်သာရမရှိသော စကားများသာ ဖြစ်လိမ့်မည်။ သင်လိုချင်သည့်အရာကို သင် ကြိုတင် ဆုံးဖြတ်ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်၊ သင်၏ တောင်းပန်မှုကို တုန့်ပြန်ခြင်းဖြင့် ဘုရားသခင် အမှုပြုလိမ့်မည် မဟုတ်။ သင်ဒူးထောက် ဆုတောင်းသည့်အခါ ဤအရာကို ပြောလော့- “ဘုရားသခင်။ လူသား၏ အားနည်းချက်ကို ကိုယ်တော်သိပြီး လူသား၏ အခြေအနေများကို ကိုယ်တော် သိပါ၏။ ဤကိစ္စရပ်တွင် ကျွန်ုပ်ကို အသိဉာဏ်ပွင့်လင်းစေဖို့ ကိုယ်တော်ကို ကျွန်ုပ် တောင်းလျှောက်ပါ၏။ ကိုယ်တော်၏အလိုတော်ကို နားလည်စေတော်မူပါ။ ကိုယ်တော် စီစဉ်သမျှအားလုံးကို ကျိုးနွံနာခံဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်ကို နာခံဖို့ လိုလားလျက်ရှိပါ၏။…” ထိုသို့ ဆုတောင်းလော့၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို တို့ထိလိမ့်မည်။ သင် ဆုတောင်းသည့် နည်းလမ်း မမှန်ကန်ပါက၊ သင်၏ ဆုတောင်းချက်သည် ရိုးအီ၍ ငြီးငွေ့စရာကောင်းလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို တို့ထိလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ်အတွက် စကားပြောဆိုရင်း၊ တတွတ်တွတ် မပြောလေနှင့်၊ ထိုသို့ လုပ်ဆောင်ခြင်းသည် သတိမမူသကဲ့သို့ ဝတ်ကျေတမ်းကျေသာ ဖြစ်ပေသည်။ သင်သည် သတိမမူသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်ပါက သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်မည်လော။ လူတစ်ဦးသည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အခါ၊ ၎င်းသည် ယဇ်တစ်ခု ပူဇော်သည့်အချိန်တွင် ဒူးထောက်ချလိုက်ကြသည့် ပညတ်တော်ခေတ်ထဲက ယဇ်ပရောဟိတ်များကဲ့သို့၊ ဘုရားတရားကိုင်းရှိုင်းသော သဘောထားတစ်ခုဖြင့် မှန်ကန်ကာ သင့်တော်ရမည်။ ဆုတောင်းဖို့ဆိုသည်မှာ ရိုးရှင်းသော အရာတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ အစွယ်များကို ဖြဲပြရင်းနှင့် ၎င်းတို့၏ ခြေသည်းလက်သည်းများကို ဝှေ့ရမ်းပြရင်း ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် သို့မဟုတ် ၎င်းတို့၏ အိပ်ရာဖုံးထဲတွင် ခွေလျက်၊ ဘုရားသခင်က ၎င်းတို့ကို ကြားနိုင်သည်ဟု ယုံကြည်ရင်း ပက်လက် ဆုတောင်းဖို့ဆိုသည်မှာ လူတစ်ဦးအတွက် အဘယ်သို့ အလားအလာရှိနိုင်မည်နည်း။ ဤသည်မှာ ဘုရားတရား ကိုင်းရှိုင်းမှု မဟုတ်ပေ။ ဤဆွေးနွေးချက်တွင် ငါ၏ ရည်ရွယ်ချက်မှာ တိကျသည့် စည်းမျဉ်းများကို လူတို့အား လိုက်နာစောင့်ထိန်းစေရန် တောင်းဆိုဖို့ မဟုတ်။ လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်နိုင်သည်မှာ ဘုရားသခင်ဆီသို့ ၎င်းတို့၏ စိတ်နှလုံးကို တိမ်းညွှတ်စေဖို့နှင့် ဘုရားတရားကိုင်းရှိုင်းသော သဘောထားတစ်ခုဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

သင်တို့၏ ဆုတောင်းချက်များသည် အလွန်မကြာခဏပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့လေ့ရှိသည်၊ အောက်ပါသဘောသွားအတိုင်း သင် အမြဲဆုတောင်းတတ်သည်- “အိုး ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ဤတာဝန်ကို လုပ်ဆောင်စေတဲ့အတွက် ကိုယ်တော့်အလုပ် နှောင့်ယှက်ခြင်း မခံရဘဲ ဘုရားသခင်ရဲ့ မိသားစုအကျိုး အဘယ်ဆုံးရှုံးနစ်နာမှုမှ မခံစားရဖို့အလို့ငှာ ကျွန်ုပ် ပြုလုပ်သမျှကို ကိုယ်တော် မှန်ကန်သင့်လျော်စေရပါမယ်။ ကိုယ်တော် ကျွန်ုပ်ကို စောင့်ရှောက်ကာကွယ်ရပါမယ်…” ထိုကဲ့သို့သော ဆုတောင်းချက်မျိုးမှာ အလွန်ပင် ကျိုးကြောင်းမဆီလျော်လှသည် မဟုတ်သလော။ သင်သည် သူ့ရှေ့ရောက်လာပြီး ထိုနည်းအတိုင်း ဆုတောင်းပါက ဘုရားသခင် သင့်အပေါ် အလုပ်လုပ်ပါမည်လော။ သင် ငါ့ရှေ့သို့ ရောက်ရှိလာပြီး ထိုနည်းအတိုင်း စကားပြောခဲ့ပါက ငါ နားထောင်ပါမည်လော။ သင့်ကို ငါ တံခါးပေါက်ပြင်သို့ ကန်ထုတ်မိလိမ့်မည်။ သင်သည် ခရစ်တော်ရှေ့၌ ရှိသကဲ့သို့ ဝိညာဥ်တော်ရှေ့၌ အတူတူပင် မဟုတ်သလော။ လူတစ်ဦးသည် ဘုရားသခင်ရှေ့၌ ဆုတောင်းရန် ရောက်လာသောအခါ သူသည် အဘယ်သို့ သင့်တင့်လျောက်ပတ်ရန် ထိုသို့ပြုရမည်နှင့် ဘာသာတရားကိုင်းရှိုင်းမှုကို ရရှိရန်နှင့် ကျိုးနွံနာခံနိုင်စွမ်းရှိရန် မိမိ၏ အတွင်းပိုင်းအခြေအနေကို အဘယ်သို့ ကိုက်ညီစေရမည်ကို အရေးထားမှု ပေးရမည်။ ထိုသို့ပြုပြီးလျှင် သင့်အနေဖြင့် ဆက်လက်၍ ဆုတောင်းရန် သင့်လျော်ပေပြီ။ ဘုရားသခင်၏ မျက်မှောက်တော်ကို သင် ခံစားရမည်။ ကြိမ်ဖန်များစွာ လူတို့သည် ဒူးထောက်၍ ဆုတောင်းကြသည်၊ သူတို့၏ မျက်လုံးများကို မှိတ်ထားကာ “အို၊ ဘုရားသခင်။ အို၊ ဘုရားသခင်” ဟူသည်မှအပ မည်သည့်စကားလုံးများ ထွက်မလာတတ်ပေ။ သင် အဘယ့်ကြောင့် အချိန်ကြာအောင် ထိုသို့ စကားလုံးမဲ့ အော်တတ်ကြသနည်း။ သင်၏ အခြေအနေက မမှန်ကန်ပေ။ သင်တို့ ဤသို့ ပြုဖူးကြသလော။ ယခုတွင် သင်တို့ မည်သည့်အရာ ပြုလုပ်နိုင်သည်နှင့် ယင်းကို မည်သည့်အတိုင်းအတာအထိ ပြုလုပ်နိုင်သည်ကို သင်တို့သိကြပြီဖြစ်ပြီး၊ သင်၏ကိုယ်ပိုင် အတိုင်းအတာကို ရယူပြီးဖြစ်သော်လည်း သင် မူမမှန်သော အခြေအနေများ၌ ရှိတတ်သည့်အချိန် များစွာရှိလေသည်။ တစ်ခါတစ်ရံ သင်၏အခြေအနေက ကိုက်ညီစေပြီးဖြစ်သော်လည်း ဤအရာက မည်သို့ ဖြစ်ပျက်သွားသည်ကို သင် သိကောင်းသိမည် မဟုတ်ဘဲ၊ ပုံမှန်အားဖြင့် ဆုတောင်းသောအခါ မည်သည့်စကားလုံးမျှ ထွက်မလာတတ်ပေ။ သင်သည် ဤအရာကို ပညာတရားကင်းမဲ့ခြင်းဟုပင် မှတ်ယူကောင်း မှတ်ယူလိမ့်မည်။ လူတစ်ဦးက ဆုတောင်းရန်အတွက် ပညာကောင်းစွာ တတ်ရမည်လော။ ဆုတောင်းခြင်းသည် စာစီစာကုံးမဟုတ်၊ သာမန်လူတစ်ဦး၏ အသိဉာဏ်နှင့်အတူ ရိုးသားဖြောင့်မှန်စွာ စကားပြောခြင်းသာလျှင် ဖြစ်သည်။ ယေရှု၏ ဆုတောင်းချက်များကို ကြည့်လော့ (သူ၏နေရာ သို့မဟုတ် အနေအထားကို လူတို့ ယူဆောင်စေရန် ဤနေရာတွင် သူ၏ဆုတောင်းချက်များကို မဖော်ပြသော်လည်း)- ဂေသရှေမန်ဥယျာဉ် ထဲ၌ သူသည် “လွန်သွားနိုင်လျှင်…” ဟု ဆုတောင်းခဲ့သည်။ တစ်နည်းအားဖြင့် “ဤသို့လု်ပ်ဆောင်နိုင်လျှင်” ဟူ၍ ဖြစ်သည်။ ဤအရာကို ဆွေးနွေးသည့်အနေဖြင့် ပြောခဲ့ခြင်းဖြစ်သည်၊ သူက “ကိုယ့်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါသည်” ဟု မဆိုခဲ့ပါ။ ကျိုးနွံနာခံသော နှလုံးသားနှင့် ကျိုးနွံနာခံသော အခြေအနေ၌ သူသည် “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” (မဿဲ ၂၆းး၃၉) ဟု ဆုတောင်းခဲ့ပါသည်။ သူသည် ဒုတိယကြိမ်တွင် ဤသို့ပင် ဆုတောင်းခဲ့ပြီး၊ တတိယကြိမ်တွင် “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု သူဆုတောင်းခဲ့သေးသည်။ ခမည်းတော်ဘုရားသခင်၏ ကြံရွယ်ချက်များကို နားလည်သဘောပေါက်ထားသဖြင့် သူက “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု ဆုတောင်းခြင်းဖြစ်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုမျှမပြုဘဲ အပြည့်အဝ ကျိုးနွံနာခံနိုင်ခဲ့သည်။ သူက “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော” ဟု ဆိုခဲ့သည်။ ယင်းက ဘာကိုဆိုလိုသနည်း။ သူ ထိုသို့ ဆုတောင်းခဲ့သည်မှာ အဘယ့်ကြောင့်ဆိုသော် မိမိ၏ နောက်ဆုံးထွက်သက်အထိတိုင် ကားတိုင်ပေါ်တွင် အသွေးသွန်းခြင်းဟူသည့် ကြီးစွာသောဝေဒနာ ခံစားရခြင်းကို တွေးမိခဲ့သောကြောင့်ဖြစ်သည်၊ ဤအရာက သေခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး၊ သူသည် ခမည်းတော်ဘုရားသခင်၏ ကြံရွယ်ချက်များကို အပြည့်အဝ နားမလည်ခဲ့သေးသောကြောင့် ဖြစ်သည်။ ယင်းကို ထောက်ရှုလျှင် သူသည် ဝေဒနာကို တွေးမိလင့်ကစား၊ ထိုကဲ့သို့ ဆုတောင်းနိုင်စွမ်း ရှိခဲ့သည်၊ သူသည် အမှန်တကယ် အလွန်ပင် ကျိုးနွံနာခံခဲ့လေသည်။ သူ၏ ဆုတောင်းခြင်းပုံစံမှာ ပုံမှန်ဖြစ်ခဲ့သည်၊ သူသည် သူ၏ ဆုတောင်းချက်ထဲ၌ မည်သည့်သတ်မှတ်ချက်ကိုမျှ အဆိုမပြုခဲ့သည့်အပြင် ခွက်ကို ဖယ်ရှားရန်လည်း မဆိုခဲ့ပါချေ။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သူနားမလည်သည့် အနေအထားတစ်ခု၌ ဘုရားသခင်၏ ကြံရွယ်ချက်များကို ရှာဖွေရန်ပင် ဖြစ်ခဲ့သည်။ ပထမကြိမ် သူဆုတောင်းခဲ့ရာ၌ သူနားမလည်ခဲ့သောကြောင့် “လွန်သွားနိုင်လျှင်…သို့သော်လည်း ကိုယ်တော်အလိုရှိသည်အတိုင်း” ဟု ဆိုခဲ့သည်။ သူသည် ကျိုးနွံနာခံခြင်း အခြေအနေတစ်ခု၌ ဘုရားသခင်ကို ရှာဖွေပြီး ဆုတောင်းခဲ့ပြီဖြစ်သည်။ ဒုတိယကြိမ်တွင် ထိုနည်းအတိုင်းပင် သူဆုတောင်းခဲ့သည်။ အားလုံးပေါင်း သုံးကြိမ် သူဆုတောင်းခဲ့သည် (ဤသို့ သုံးကြိမ်ဆုတောင်းချက်များမှာ သုံးရက်အတွင်းမျှ၌သာ ဖြစ်ပျက်ခဲ့သည်တော့ မဟုတ်ပေ)၊ ထို့နောက် သူ၏ နောက်ဆုံးဆုတောင်းချက်တွင် ဘုရားသခင်၏ ကြံရွယ်ချက်များကို သူ အပြည့်အဝ နားလည်လာခဲ့ပြီး၊ ယင်းနောက်တွင် ယေရှုသည် မည်သည့်အရာကိုမျှ နောက်ထပ် မပန်ကြားခဲ့တော့ပေ။ သူ၏ ပထမဆုတောင်းချက်နှစ်ခုတွင် ကျိုးနွံနာခံခြင်း အခြေအနေ၌ သူရှာဖွေခဲ့သည်။ သို့သော်ငြားလည်း လူတို့မှာမူ ထိုကဲ့သို့ လုံး၀ ဆုမတောင်းကြပေ။ လူတို့သည် သူတို့၏ ဆုတောင်းချက်များတွင် “ဘုရားသခင်၊ ဤသို့ထိုသို့ ပြုပါရန် ကိုယ်တော့်ကို ကျွန်ုပ်တောင်းဆိုပါ၏၊ ကျွန်ုပ်ကို ဤအရာ၌ ထိုအရာ၌ လမ်းပြပေးပါရန် ကိုယ်တော့်ကို တောင်းဆိုပါ၏၊ ထို့ပြင် ကျွန်ုပ်အတွက် အခြေအနေများအဆင်သင့် ပြုလုပ်ပေးရန် ကိုယ်တော့်ကို တောင်းဆိုပါ၏ …” ဟု ပြောတတ်ကြသည်။ သူသည် သင့်အတွက် သင့်လျော်သော အခြေအနေများကို ပြင်ဆင်မပေးဘဲ အခက်အခဲများကို ခံစားကောင်း ခံစားစေလိမ့်မည်။ လူတို့က “ဘုရားသခင်၊ ကျွန်ုပ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးဖို့နဲ့ ကျွန်ုပ်ကို ခွန်အားပေးဖို့ တောင်းဆိုပါတယ်” ဟု အမြဲဆုတောင်းခဲ့မည်ဆိုလျှင်မူ ထိုသို့ ဆုတောင်းခြင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။ သင်ဆုတောင်းသည့်အခါ ကျိုးကြောင်းဆီလျော်မှု ရှိရမည်၊ ထို့ပြင် သင်သည် ကျိုးနွံနာခံနေသည်ဟူသည့် အကြောင်းရင်းအောက်တွင် သင်ထိုသို့ပြုလုပ်ရမည်။ သင့်ဆုတောင်းချက်များကို ဘောင်မခတ်လေနှင့်။ သင်စတင်ဆုမတောင်းမီကပင်လျှင် သင်သည် ဤသို့ ဘောင်ခတ်နေပေပြီ- ငါသည် ဘုရားသခင်ကို ပန်ကြားပြီး သူ့ကို ဤသို့ထိုသို့ ပြုစေရမည်။ ဤနည်းအတိုင်း ဆုတောင်းခြင်းသည် အလွန်ပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။ မကြာခဏပင် ဘုရားသခင်သည် လူတို့၏ ဆုတောင်းချက်များကို လုံးဝ နားမထောင်သောကြောင့် လူတို့ ဆုတောင်းသောအခါ မည်သည့်အရာမျှ လုံးဝ မခံစားကြခြင်းဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

လူတို့သည် ဆုတောင်းရန် ဒူးထောက်ကြသည့်အခါ ထိုသူတို့သည် လုပ်ဆုပ်လက်ကိုင်ပြ၍ မရသောလောကရှိ ဘုရားသခင်ကို စကားပြောနေကြခြင်းပင် ဖြစ်သော်လည်း၊ ထိုသူတို့၏ ဆုတောင်းချက်များမှာ ရေသွယ်ပြွန်တစ်ချောင်းသဖွယ်လည်း ဖြစ်ကာ ယင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်လုပ်သည်ကို ရှင်းလင်းစွာ နားလည်သင့်ပေသည်။ လူတို့သည် မှန်ကန်သော အခြေအနေ၌ရှိပြီး ဆုတောင်းရှာဖွေကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း တစ်ပြိုင်နက်တည်း အလုပ်လုပ်လာလိမ့်မည်။ ဤသည်မှာ မတူညီသော ရှုထောင့်နှစ်ခုမှ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုအလား ဖြစ်သည်၊ တစ်နည်းအားဖြင့် ယင်းမှာ လူတို့ ပြဿနာအချို့ကို ကိုင်တွယ်ဖြေရှင်းရန် ဘုရားသခင်မစနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ လူသားတို့ ဘုရားသခင်ရှေ့မှောက် ရောက်လာသည့်အခါ သူတို့ဘက်မှ ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်သည်၊ ယင်းသည် ဘုရားသခင် လူတို့ကို ကယ်တင်ပြီး သန့်စင်ပေးသည် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။ ထို့ပြင် ယင်းသည် လူတို့၏ သင့်လျော်သော အသက်တာဝင်ရောက်ခြင်းအတွက် လမ်းကြောင်းပင်ဖြစ်ပြီး၊ ယင်းမှာ သဘင်အခမ်းအနားတစ်မျိုး မဟုတ်ပါပေ။ ဆုတောင်းခြင်းဟူသည် လူတို့၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ရန်မျှသာ မဟုတ်ပေ၊ ထိုအရာမျှသာ ဖြစ်ခဲ့ပါလျှင် ဟန်ဆောင်လုပ်ပြပြီး ဆောင်ပုဒ်တစ်ချို့ကို ကြွေးကြော်ရုံမျှနှင့် လုံလောက်မည်ဖြစ်ကာ၊ ဝတ်ပြုရန် သို့မဟုတ် ဘာသာရေးကိုင်းရှိုင်းရန်ဟူသည့် မည်သည့်အရာကိုမျှ တောင်းဆိုရန် လိုအပ်မည်မဟုတ်ပါပေ။ ဆုတောင်းခြင်း၏ အဓိပ္ပာယ်မှာ အလွန်အမင်းပင် လေးနက်သည်တကား။ သင် မကြာခဏ ဆုတောင်းပြီး မည်သို့ဆုတောင်းရမည်ကို သင်သိပါက၊ ကျိုးနွံနာခံစွာနှင့် ကျိုးကြောင်းဆီလျော်စွာ မကြာခဏ ဆုတောင်းပါက၊ သင်၏ အတွင်းစိတ်အခြေအနေမှာ အထူးသဖြင့် သင့်လျော်နေလိမ့်မည်။ အကယ်၍ သင်သည် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိသည့်အပြင် ဆုတောင်းချက်ထဲ၌ သင်ပြောသည့် မည်သည့်အချက်က ကျိုးကြောင်းဆီလျော်ကြောင်း၊ သင်၏ မည်သည့်စကားလုံးများက ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းနှင့် မည်သို့သော စကားပြောနည်းက မှန်ကန်သော ဝတ်ပြုကိုးကွယ်မှု မဟုတ်ကြောင်းတို့ကို ဆင်ခြင်သုံးသပ်မှုမရှိဘဲ၊ ထို့ပြင် အကယ်၍ သင်သည် ဤအရေးကိစ္စများကို မည်သည့်အခါမျှ အလေးအနက်မရှိပါက သင်၏ ဆုတောင်းချက်များမှာ အောင်မြင်လိမ့်မည် မဟုတ်သည့်အပြင် သင်သည် ပုံမှန်မဟုတ်သော အတွင်းစိတ်ခံစားမှု အစဥ်အမြဲ ရှိလိမ့်မည်ဖြစ်သည်၊ သင်သည် ပုံမှန်ဖြစ်သော ကျိုးကြောင်းဆီလျော်မှုမှာ အဘယ်အရာဖြစ်ကြောင်း၊ စစ်မှန်သော ကျိုးနွံနာခံမှုမှာ အဘယ်အရာဖြစ်ကြောင်း၊ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းမှာ အဘယ်အရာဖြစ်ကြောင်းနှင့် ဆုတောင်းခြင်းတွင် သင်ရပ်တည်ရမည့်နေရာ စသည့် သင်ခန်းစာများထဲသို့ မည်သည့်အခါမျှ အမှန်ပင် နက်နက်နဲနဲ ဝင်ရောက်လိမ့်မည်မဟုတ်ချေ။ ဤအရာများအားလုံးသည် သိမ်မွေ့နက်နဲသော ကိစ္စရပ်များဖြစ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

လူအများစုသည် အမှန်တကယ် အချိန်များစွာ ဆုမတောင်းကြချေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်များထဲက မစို့မပို့ အသိပညာနှင့် နောင်တရဖို့ လိုလားချက်တစ်ခုဖြင့် အတိတ်ကို ပြန်တွေးရုံမျှ တွေးကြသော်လည်း၊ သမ္မာတရားကို ချင့်ချိန်မစဉ်းစားကြရသေးသကဲ့သို့ နားလည်းမလည်ရသေးပေ။ ဆုတောင်းနေစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရန်နှင့် သမ္မာတရားကို ရှာဖွေရန်မှာ အမှတ်ရခြင်းသက်သက်နှင့် သိခြင်းသက်သက်ထက် များစွာ သာ၍ နက်နဲပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားဖြင့် သင့်အပေါ် ကျရောက်သည့် လှုံ့ဆော်မှုများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ အမှုက သင့်ကို ထောက်ပံ့ပေးသည့် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့က သင့်ကို စစ်မှန်သော အသိပညာနှင့် စစ်မှန်သော နောင်တသို့ လမ်းပြပို့ဆောင်သည်။ ယင်းတို့သည် လူသား အတွေးများနှင့် အသိပညာထက် များစွာ သာ၍ နက်နဲ၏။ ဤသည်မှာ သင် ကောင်းစွာ သိရှိရမည့် အရာတစ်ခု ဖြစ်သည်။ သင်သည် အပေါ်ယံ၊ ဖြစ်ကတတ်ဆန်း အတွေးနှင့် စူးစမ်းလေ့လာခြင်းဖြင့် လုပ်ဆောင်ရုံမျှ လုပ်ဆောင်ပါက၊ သင်သည် လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် လမ်းကြောင်း မရှိသကဲ့သို့၊ သမ္မာတရားဆီသို့ တိုးတက်မှု အနည်းငယ်သာရှိပါက၊ သင်သည် ပြောင်းလဲနိုင်စွမ်းမရှိ ဖြစ်မြဲဖြစ်နေပေလိမ့်မည်။ သာဓကအားဖြင့်၊ လူတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် လေးလေးနက်နက် အသုံးခံရန်နှင့် သူ၏ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် ပြန်ပေးဆပ်ရန် ဆုံးဖြတ်ကြသည့်အချိန်များစွာရှိ၏၊ သို့သော် ဤစိတ်ဆန္ဒဖြင့်၊ သင်သည် မိမိကိုယ်ကိုယ် အားအင်များစွာဖြင့် အသုံးခံကောင်းခံနိုင်မည် မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးသည် ဤကြိုးပမ်းအားထုတ်မှုအတွက် အပြည့်အဝ သံန္နိဋ္ဌာန် ချထားကောင်း ချထားနိုင်မည် မဟုတ်ပေ။ သို့သော်၊ ဆုတောင်းကာ တို့ထိခံရပြီးသည့်နောက်၊ သင်သည် စိတ်ဆုံးဖြတ်ချက်တစ်ခုပြုလုပ်ပြီး၊ “ဘုရားသခင်၊ အခက်အခဲကို ခံစားဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ကိုယ်တော်၏ စမ်းသပ်မှုများကို လက်ခံဖို့ ကျွန်ုပ် လိုလားနေပြီး၊ ကိုယ်တော့်ကို လုံးဝ ကျိုးနွံနာခံဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ကျွန်ုပ်၏ ဆင်းရဲဒုက္ခ မည်မျှ ကြီးမားသည်ဖြစ်စေ၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကိုယ်တော်၏ ကြီးမားသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်ခံစားပြီး ကိုယ်တော်သည် ထိုသို့ ကျွန်ုပ်ကို ချီမပြီးဖြစ်သည်၊ ဤအတွက် ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ကျွန်ုပ် ကျေးဇူးတင်ပြီး ကိုယ်တော့်ကို ချီးမြှောက်ပါ၏”ဟု ဆိုပါက၊ ထိုသို့သော ဆုတောင်းချက်တစ်ခုကို သင် ပူဇော်ပြီးသည့်နောက်တွင်၊ သင်၏ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားတိုးပွားလိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ ရှိလိမ့်မည်။ ဤသည်မှာ ဆုတောင်းခြင်း၏ အကျိုးတရား ဖြစ်သည်။ လူတစ်ဦး ဆုတောင်းပြီးသည့်နောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေရင်း၊ အလင်းပေးရင်းနှင့် လမ်းပြရင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည့် ယုံကြည်ခြင်းနှင့် သတ္တိတို့ကို ၎င်းတို့အား ပေးရင်း၊ ၎င်းတို့အပေါ် အလုပ်လုပ်ဖို့ ပြင်ဆင်၏။ ထိုသို့သော ရလဒ်တစ်ခု စွမ်းဆောင်ရရှိခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ရှုသောလူများရှိ၏၊ သို့သော် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ယင်းတို့နှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများက တိုး၍ ကြည်လင်ရွှင်ပျကာ ရှေ့ဆက်လမ်းခရီးတစ်ခုနှင့်ဆိုင်သော တစ်စုံတစ်ရာကို ၎င်းတို့ ရှာတွေ့ကြ၏။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အနည်းငယ်တို့ထိပြီး လမ်းပြမှု အနည်းငယ်အပြင် ဝန်ထုပ်အနည်းငယ် ပေးပါက၊ အကျိုးဆက်မှာ ဧကန်အမှန် အလွန်ကွဲပြားပေလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိဘာသာ ဖတ်ရှုသည့်အခါ၊ အတော်အတန် တို့ထိခံရကောင်းခံရနိုင်ပြီး သင် ငိုကြွေးကောင်းငိုကြွေနိုင်သော်လည်း တစ်ခဏကြာပြီးနောက် ပြယ်သွားသည့် ခံစားချက်သာ ရှိပေမည်။ သို့သော် မျက်ရည်စက်လက်ဖြစ်သော ဆုတောင်းချက်တစ်ခု၊ လေးနက်သော ဆုတောင်းချက်တစ်ခု၊ သို့မဟုတ် စစ်မှန်ပြီး စိတ်ရင်းမှန်ဖြစ်သော ဆုတောင်းချက်တစ်ခုကို သင် ပူဇော်ပါက၊ ရက်များစွာခံသည့် အားမာန်ကို သင် ရရှိလိမ့်မည်။ ဤသည်မှာ ဆုတောင်းခြင်း၏ အကျိုးတရား ဖြစ်သည်။ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ လူတို့သည် ဘုရားသခင်၏ မျက်မှောက်သို့ လာရောက်နိုင်ပြီး ၎င်းတို့အား ဘုရားသခင် ပေးရန် ရည်ရွယ်သော အရာများကို လက်ခံနိုင်ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် မကြာခဏ ဆုတောင်းပြီး ဘုရားသခင်၏ မျက်မှောက်ထဲသို့ မကြာခဏ လာပါက သင်သည် ဘုရားသခင်နှင့်အတူ မကြာခဏ မိတ်သဟာယဖွဲ့ပြီး သူနှင့် လျော်ကျန်သော ဆက်ဆံရေး ရှိမည် ဖြစ်သည်။ သင်သည် သူ့ကြောင့် စိတ်လှုပ်ရှားခြင်းကို အမြဲ ခံစားရပြီး သူ၏ အာဟာရကို အမြဲ ရရှိမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ပြောင်းလဲစေခြင်းကို ခံရမည်၊ သင်၏ အခြေအနေများ အဆက်မပြတ် တိုးတက်ပြီး ဝမ်းနည်းအားငယ်ရလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် ညီအစ်ကိုမောင်နှမများ ဆုတောင်းခြင်းတွင် အတူတကွ ပါဝင်သည့်အခါ၊ ၎င်းတို့ ဆုတောင်းပြီးနောက် ကြီးမားသော အားမာန်တက်ကြွမှု ရှိပြီး ၎င်းတို့သည် မြောက်မြားစွာကို ရရှိပြီးကြောင်း ခံစားကြရသည်။ အမှန်မှာ ၎င်းတို့သည် ရက်အနည်းငယ်ကြာ အတူတကွရှိချိန်တွင် မိတ်သဟာယဖွဲ့ခြင်း များစွာမရှိနိုင်ကြသော်လည်း၊ ၎င်းတို့၏ အားအင်ကို နိုးကြားစေသောအရာကား ဆုတောင်းခြင်း ဖြစ်ပြီး၊ ၎င်းတို့သည် ၎င်းတို့၏ မိသားစုများနှင့် လောကကြီးကို အားလုံးတစ်ပြိုင်နက်တည်း ဘေးဖယ်ထားနိုင်ကြမည့်အကြောင်း ဆန္ဒရှိကြသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်နိုင်ကြရန် ဆန္ဒရှိကြသည်၊ ဘုရားသခင်သာရှိခြင်းသည် လုံလောက်၏။ ၎င်းတို့၏ အားအင်မှာ အလွန်ကြီးမားကြောင်းကို သင် မြင်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်က လူသားကိုပေးသည့် တန်ခိုးအား အဆုံးမရှိ မွေ့လျော်ခံစား၍ရ၏။ ထိုတန်ခိုးကို အမှီပြုခြင်းမရှိဘဲ၊ မိမိကိုယ်ကိုယ် အားတင်းထားခြင်းနှင့် သင် ဆက်လျှောက်လှမ်းသည်နှင့်အမျှ ခေါင်းမာခြင်း သို့မဟုတ် သင်၏ ကိုယ်ပိုင် ဇွဲလုံ့လနှင့် စိတ်စွမ်းအားတို့အပေါ် မှီခိုခြင်းဖြင့် သင် မည်မျှဝေးဝေး သွားနိုင်သနည်း။ ရှေ့မဝေးသည့်နေရာသည် သင် လဲကျကာ ပျက်စီးမည့် နေရာဖြစ်သည်။ သင် လျှောက်လှမ်းသည်နှင့်အမျှ၊ သင်၏ ခွန်အားနည်းလိမ့်မည်။ လူတို့သည် အဆုံးထိ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်သွယ်မှုကို ထိန်းသိမ်းရမည်။ သို့သော် လူသားသည် ဆက်လက်လျှောက်လှမ်းသည်နှင့်အမျှ၊ ဘုရားသခင်ထံမှ ဝေးဝေး သွေဖည်သွား၏။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်၏၊ လူသားသည် လူသားဖြစ်ပြီး၊ အသီးသီးသည် မိမိတို့ကိုယ်တိုင်၏ လမ်းကြောင်းကို လိုက်လျှောက်ကြ၏။ ဘုရားသခင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပြောဆိုပြီး၊ လူသားသည် ဘုရားသခင်၏လမ်းကြောင်းနှင့် မတူသည့် သူ၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်း၏။ လူတစ်ဦးသည် ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုခွန်အား ဆုံးရှုံးသည့်အခါ၊ ၎င်းတို့သည် စကားအနည်းငယ်ဖြင့် ဆုတောင်းဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး ခွန်အားအနည်းငယ်ကို ယူသည်။ အင်အား အနည်းငယ် ရှိပြီးသည့်နောက်တွင်၊ ၎င်းတို့သည် နောက်ထပ် တစ်ကြိမ် ထွက်ခွာသွားကြသည်။ ခဏအကြာတွင်၊ ၎င်းတို့သည် လောင်စာကုန်သွားပြီး ဘုရားသခင်ထံ နောက်ထပ်ရယူရန် ပြန်လာကြ၏။ ဤနည်းဖြင့် ပြုမူနေကြချိန်တွင်၊ လူတစ်ဦးသည် ဤသည်ကို အချိန်ကြာမြင့်စွာ အားတင်းမထားနိုင်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို စွန့်ခွာပါက၊ ရှေ့ဆက်ရမည့် လမ်းခရီး မရှိပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံသတ္တဝါအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ ကျေးဇူးကြီးမားသော အလိုတော်ဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ သနားကရုဏာကို မိမိကိုယ်ကိုယ် ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။

ယခုတွင် ကပ်ဘေးများသည် မကြာခဏဖြစ်ပွားနေသည်ဖြစ်၍ ကပ်ဘေးကြီး မကျရောက်ခင် သခင့်ကို ဘယ်လိုကြိုဆိုရမှာလဲ? ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းကို ဘယ်လိုရရှိနိုင်မှာလဲ? အောင်ပါဖော်ပြထားသည့် နည်းလမ်းများဖြင့် ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါတယ်၊ လမ်းစဉ်ကို အတူတကွ ရှာဖွေကြရအောင်။

Leave a Reply