Read more!
Read more!

များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် အားမလိုအားမရဖြစ်ခြင်းများနှင့် စိတ်ပျက်မှုများ နောက်တွင်၊ များပြားလှသည့် ဝမ်းမြောက်မှုများ၊ ဝမ်းနည်းမှုများ၊ အနိမ့်အမြင့်များနောက်တွင်၊ များပြားလှသည့် မမေ့နိုင်စရာ နှစ်ကာလများနောက်တွင်၊ ရာသီဥတုများ အချိန် အဖန်ဖန် ပြောင်းလဲခြင်းကို ကြည့်ရှုပြီးနောက်၊ တစ်ဦးတစ်ယောက်သည် သတိမမူမိလိုက်ဘဲ ဘဝတွင် အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းရပြီး လျှပ်တစ်ပြက်အတွင်းတွင်၊ ၎င်းသည် မိမိကိုယ်ကိုယ် နိဂုံးချုပ်သည့် နှစ်များထဲရှိသည်ကို တွေ့လိုက်ရသည်။ အချိန်၏ အမှတ်အသားတို့သည် သူ့ကိုယ်ခန္ဓာ တစ်ခုလုံးတွင် တံဆိပ်ခတ်နှိပ်ထား၏။ ၎င်းသည် တည့်မတ်စွာ မရပ်နိုင်တော့ပါ။ မဲမှောင်သည့် ဆံပင်က အဖြူရောင်ပြောင်းလေပြီ။ တစ်ချိန်က တောက်ပပြီး ကြည်လင်ခဲ့သည့် မျက်လုံးများသည် မှေးမှိန်ပြီး ဝေဝါးသွားလေပြီ။ ချောမွေ့ပြီး ပျော့ပျောင်းသည့် အသားအရေသည် တွန့်ကြေလာပြီး အစက်အပြောက်တွေ ထင်လာသည်။ အကြား အာရုံ အားနည်းလာပြီ။ သွားများက လျော့ရဲပြီး ထွက်ကျလာသည်။ တုံ့ပြန်မှုက လေးလံလာသည်။ လှုပ်ရှားမှုက နှေးကွေးလာသည်။ ဤအချိန်တွင် တစ်ဦးတစ်ယောက်သည် မိမိငယ်ရွယ်မှု၏ စိတ်အားထက်သန်သည့် နှစ်များကို လုံးဝနှုတ်ဆက်ရပြီး ဘဝ၏ နေဝင်ဆည်းဆာဖြစ်သည့် အသက်အရွယ် အိုမင်းမှုထဲသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ ထို့နောက်တွင် ၎င်းသည် လူ့ဘဝ၏ နောက်ဆုံးဆုံမှတ်ဖြစ်သည့် သေခြင်းကို ရင်ဆိုင်ရပေမည်။

၁။ ဖန်ဆင်းရှင်သာလျှင် လူသားအပေါ် ရှင်ခြင်းနှင့်သေခြင်း တန်ခိုးအာဏာကို စွဲကိုင်ထားသည်

လူတစ်ယောက်၏ မွေးဖွားခြင်းက ထိုလူ၏ ယခင်ဘဝအားဖြင့် လျာထားပြီးဖြစ်သည်ဆိုပါက သူ့သေခြင်းက ထိုကံတရား၏အဆုံး၏ အမှတ်သညာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် ထိုလူ၏ တာဝန်အစဆိုပါက သူ့သေခြင်းက ၎င်းတာဝန်၏အဆုံး၏ အမှတ်သညာဖြစ်၏။ ဖန်ဆင်းရှင်သည် လူတစ်ယောက်၏ မွေးဖွားခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် သူ့၏သေခြင်း အတွက်လည်း သတ်မှတ်ထားသည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ ပြောဖို့မလိုပေ။ တစ်နည်းပြောရလျှင်၊ မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေခြင်းကမျှ ရုတ်တရက် မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေ ပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားမှုအတွက် ရှင်းပြချက်များစွာ ရှိသည့်အတွက်၊ လူတစ်ယောက်၏ သေခြင်းသည် ယင်း၏ ကိုယ်ပိုင် ထူးခြားသည့် အမျိုးမျိုးသော အခြေအနေများအောက်၌ ဖြစ်ပေါ်ပေလိမ့်မည်။ ဤသည်မှာ လူတို့၏ မတူညီသည့် သက်တမ်းများနှင့် ၎င်းတို့သေသည့် မတူညီသောပုံစံများနှင့် အချိန်များအတွက် အကြောင်းရင်း ဖြစ်သည်။ လူအချို့က ကျန်းမာသန်စွမ်းသော်လည်း စောလျင်စွာ သေဆုံးကြသည်။ အချို့က အားနည်းပြီး မကြာခဏ ဖျားနာသော်လည်း အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ အချို့မှာ သဘာဝမဟုတ်သည့် အကြောင်းများကြောင့်သေဆုံးပြီး အချို့က သဘာဝအလျောက်သေဆုံးကြသည်။ အချို့က မိမိအိမ်နှင့် အဝေးတွင် မိမိတို့အသက်ကို အဆုံးသတ်သည်။ တစ်ခြားလူတို့က သူတို့နံဘေးတွင် သူတို့ချစ်ရသူများနှင့်အတူ မျက်လုံးပိတ်ကြသည်။ တစ်ချို့လူတို့က လေထဲမှာ သေဆုံးကြသည်။ တစ်ခြားသူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ အချို့က ရေအောက်တွင် နစ်မြုပ်သည်။ အချို့က ကပ်ဘေးများထဲတွင် ပျောက်ဆုံးသွားကြသည်။ အချို့က မနက်တွင်သေသည်။ အချို့က ညတွင်သေသည်။... လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်အမျိုးစုံ ချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမျှ ၎င်းတို့ မွေးဖွားသည့် ပုံစံနှင့် အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်း ပုံစံနှင့်အချိန်တို့ကို မစီစဉ်နိုင်ပေ။ လူတို့က သေခြင်းရောက်လာခြင်းကို ရှောင်ရှားပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသော်လည်း ၎င်းတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်သေမည်နှင့် မည်သို့သေမည်ကို မည်သူမျှ မသိကြဘဲ၊ မည်သည့်နေရာတွင် သေမည်ဆိုသည်ကို သာ၍ပင် မသိပေ။ သိသိသာသာပင်၊ သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။

၂။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို မသိသူသည် သေရမည်ကို ကြောက်ရွံ့ခြင်း၏ခြောက်လှန့်မှုကို ခံရလိမ့်မည်

လူတစ်ယောက်သည် အိုမင်းသည့်အရွယ် ရောက်လာသည့်အခါ သူရင်ဆိုင်ရသည့် စိန်ခေါ်မှုက မိသားစုကို ထောက်ပံ့ခြင်း သို့မဟုတ် ဘဝတွင် သူ၏ကြီးကျယ်သည့် ရည်ရွယ်ချက်များကို တည်ဆောက်ခြင်း မဟုတ်ဘဲ၊ မိမိ၏ဘဝကို မည်သို့နှုတ်ဆက်မည်၊ မိမိဘဝ နိဂုံးကို မည်သို့ရင်ဆိုင်မည်၊ မိမိဘဝ၏ ဝါကျအဆုံး၌ ပုဒ်မ မည်သို့ချရမည် စသည်တို့ ဖြစ်သည်။ အပေါ်ယံတွင် လူတို့က သေခြင်းကို သိပ်အာရုံမစိုက်ဟု ထင်ရသော်လည်း သေခြင်း၏ ဝေးကွာသည့်တစ်ဖက်တွင် လူသားတို့ မသိရှိနိုင် သို့မဟုတ် မခံစားနိုင်သည့်၊ သူတို့ လုံးဝမသိသည့် တစ်ခြားကမ္ဘာတစ်ခု တည်ရှိနေခြင်း ရှိမရှိကို မည်သူမျှ မသိသည့်အတွက် ဤအကြောင်းအရာကို စူးစမ်းရှာဖွေခြင်းအား မည်သူမျှ ရှောင်လွှဲ မရနိုင်ပေ။ ဤအရာက လူတို့ကို သေခြင်းနှင့် ထိပ်တိုက်၊ ၎င်းတို့ ရင်ဆိုင်သင့်သည့်အတိုင်း ရင်ဆိုင်ဖို့ ကြောက်လန့်စေသည်။ ထိုသို့ရင်ဆိုင်မည့်အစား၊ ဤအရာကို ရှောင်ကြဉ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ထို့ကြောင့် လူတိုင်းက သေခြင်းနှင့် ပတ်သက်ပြီး ထိတ်လန့်မှုဖြင့် ပြည့်နေကြပြီး လူတိုင်း၏ နှလုံးသားတွင် အမြဲတမ်းတည်ရှိနေသည့် အရိပ်တစ်ခု ပေါ်ထွက်စေရင်း ဤရှောင်ကွင်းလို့မရသည့် ဘဝ၏ အမှန်တရားတွင် နားမလည် နိုင်သော ဖုံးကွယ်မှုအား ဖြည့်ကြလေသည်။

လူတစ်ယောက်သည် မိမိ၏ကိုယ်ခန္ဓာ ယိုယွင်းပျက်စီး လာသည်ကို ခံစားရသည့်အခါ သေခြင်းနှင့် နီးနေပြီဖြစ်ကြောင်း သိမြင်ခံစားရသည့်အခါ မရေရာသည့် ထိတ်လန့်မှု၊ ဖော်ပြလို့မရသည့် ကြောက်ရွံ့ခြင်းတို့ကို ခံစားရသည်။ သေခြင်းကို ကြောက်ရွံ့မှုသည် လူတစ်ယောက်ကို သာ၍အထီးကျန်ပြီး ခိုကိုးရာမဲ့ခြင်းကို ခံစားရစေသည်။ ဤအချိန်တွင် မိမိကိုယ်ကိုယ်- လူသည် အဘယ်က လာသနည်း။ လူသည် ဘယ်ကိုသွားမည်နည်း။ ၎င်း၏ဘဝက လေပြေလေးအလား ၎င်းကိုကျော်ဖြတ်သွားရင်း ဤပုံစံနှင့် လူက သေမည်လော။ ဤကား လူ၏ ဘဝအဆုံးကို အမှတ်သညာပြုသည့် ကာလလော။ အဆုံး၌ ဘဝ၏ အဓိပ္ပါယ်က အဘယ်နည်း။ နောက်ဆုံးတွင် ဘဝတန်ဖိုးမှာ အဘယ်နည်း။ ကျော်ကြားမှုနှင့် စည်းစိမ်လော။ မိသားစုကို ပြုစုပျိုးထောင်ခြင်း လောဟု မေးသည်။...လူတစ်ယောက်က ဤတိကျသည့် မေးခွန်းများကို တွေးမိခြင်း ရှိမရှိဆိုသည်နှင့် မသက်ဆိုင်ဘဲ၊ လူတစ်ယောက်က သေခြင်းကို မည်မျှ နက်နက်နဲနဲ ကြောက်သည်နှင့် မသက်ဆိုင်ဘဲ၊ လူတိုင်း၏ နှလုံးသား နက်ရှိုင်းရာထဲတွင်၊ ဘဝနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်ခြင်းမရှိသည့် ခံစားချက်နှင့်၊ ဤအရာများနှင့် ရောနှောပြီး လောကကြီးနှင့်ပတ်သက်ပြီး တွယ်တာမှု၊ ထွက်ခွာဖို့ ဝန်လေးမှုတစ်ခုတို့ကို နက်နဲမှုများကို စူးစမ်းစစ်ဆေးဖို့ ဆန္ဒတစ်ခု အမြဲတမ်းရှိနေသည်။ လူသား ကြောက်သည့်အရာက အဘယ်အရာ ဖြစ်သည်၊ လူသားရှာဖွေသည့်အရာမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတွယ်တာနေသည့်အရာက အဘယ်အရာဖြစ်သည်ဆိုသည်နှင့် အဘယ်အရာကို ထားခဲ့ဖို့ ဝန်လေးသည်ဆိုသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လူတို့သည် သေခြင်းကို ကြောက်ရွံ့သောကြောင့် ၎င်းတို့၌ များလှစွာသော စိုးရိမ်ပူပန်မှုများ ရှိကြ၏။ လူတို့သည် သေခြင်းကို ကြောက်ရွံ့သောကြောင့် ၎င်းတို့ လက်မလွှတ်နိုင်သည့်အရာ အလွန်များစွာရှိလေသည်။ ၎င်းတို့ သေခါနီးတွင်၊ လူအချို့က ဟိုအရာ သည်အရာ စိုးရိမ်ပူပန်လာသည်။ ၎င်းတို့၏ ကလေးများ၊ ၎င်းတို့ ချစ်ရသူများ၊ ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုများကို စိတ်ပူပန်သည်။ စိတ်ပူခြင်းအားဖြင့် သေခြင်းက သယ်ဆောင် လာသည့် ဆင်းရဲဒုက္ခနှင့် ထိတ်လန့်မှုတို့ကို ၎င်းတို့ ချေဖျက်နိုင်ကြသည့်အလား၊ သက်ရှိတို့နှင့် ရင်းနှီးမှုကို ထိန်းသိမ်းခြင်းအားဖြင့် သူတို့သည် သေခြင်းနှင့်အတူပါလာသည့် ခိုကိုးရာမဲ့ခြင်းနှင့် အထီးကျန်ခြင်းမှ ၎င်းတို့ လွတ်မြောက် နိုင်ကြသည့်အလား ဖြစ်လေသည်။ လူသား၏နှလုံးသား အတွင်းထဲတွင် မပီပြင်သည့် ကြောက်ရွံ့မှု၊ ချစ်ရသူများနှင့် ခွဲခွာရမည့် ကြောက်ရွံ့မှု၊ အပြာရောင်ကောင်းကင်ကို ဘယ်သောအခါမှ မကြည့်ရတော့မည့်၊ ရုပ်ဝတ္ထုကမ္ဘာကို ဘယ်သောအခါမှ နောက်တစ်ကြိမ် မကြည့်ရတော့မည့် ကြောက်ရွံ့မှုမျိုး တည်ရှိနေသည်။ ၎င်းချစ်ရသည့်သူများနှင့် အဖော်လုပ်လေ့ရှိသော အထီးကျန်သည့် ဝိညာဉ်သည် ၎င်း၏ ဆုပ်ကိုင်မှုကို လက်လွှတ်ပြီး မသိမမြင်သည့်၊ အကျွမ်းမဝင်သည့် လောကကို တစ်ကိုယ်တည်းသွားဖို့ ဝန်လေးနေပေသည်။

၃။ အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရှာဖွေရင်းနှင့် ကုန်ဆုံးသည့်ဘဝသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဘာလုပ်ရမှန်းမသိ ဖြစ်စေသည်

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်ပြဋ္ဌာန်းခြင်း တို့ကြောင့် သူ့အမည်တွင် ဘာမှ မရှိခြင်းမှ စတင်လာသည့် အထီးကျန် ဝိညာဉ်သည် မိဘနှင့် မိသားစုကို ရရှိလာသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေး၊ လူသားဘဝကို ကြုံတွေ့ဖို့နှင့် လောကကို မြင်ဖို့အခွင့်အရေးကို ရရှိလေ၏။ ဤဝိညာဉ်သည်ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော ထူးခြား ဆန်းပြားမှုတွေကို သိရှိဖို့၊ ယင်းထက် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိပြီး ဝန်ခံလာဖို့ရန် အခွင့်အရေးလည်း ရရှိပေသည်။ သို့သော် လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် မဖမ်းဆုပ်ကြပါ။ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနှင့်တန်သည့် စွမ်းအင်များကို သုံးပစ်ကြသည်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနှင့် အဆင့်အတန်းအကြားတွင် အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်အားလုံး ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့ သည် မိသားစု၊ ငွေနှင့် ကျော်ကြားမှုများ ဖြစ်သည်။ ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ၎င်းတို့၏ကံကြမ္မာနှင့်ပတ်သက်ပြီး ညည်းညူကြသည်။ သို့သော်လည်း ဆန်းစစ်ပြီး သိနားလည်ဖို့ အရေးအပါဆုံးသော ကိစ္စရပ်များကို ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏- လူသားက အဘယ်ကြောင့်အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပါယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည်။ ၎င်းတို့ နှစ်မည်မျှကြာပါစေ၊ ၎င်းတို့၏ ပျိုမျစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည့်အထိ၊ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းကို ရှာဖွေရင်း ပြေးလွှားခြင်းဖြင့်သာ ၎င်းတို့ဘဝတစ်ခုလုံးကို ကုန်ဆုံးကြလေသည်။ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းတို့က ဇရာထောင်းခြင်းဘက်သို့ မိမိတို့ ရွေ့လျှောခြင်းကို မရပ်တန့်နိုင်ကြောင်း၊ ငွေက နှလုံးသား၏ လစ်ဟာနေခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်း၊ မည်သူမျှ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတို့၏ နိယာမများမှ မကင်းလွတ်နိုင်ကြောင်း၊ ကံကြမ္မာက အဆင်သင့်ထားရှိသောအရာမှ မည်သူမျှ မလွတ်မြောက် နိုင်ကြောင်းကို ၎င်းတို့နားလည်သည်အထိ ဤနည်းဖြင့် အသက်ရှင်ကြလေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ ဖိအားပေးခံရသည့်အခါမှသာ လူတစ်ယောက်က အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုနှင့် ကြီးကျယ်သော ဥစ္စာပစ္စည်းများ ပိုင်ဆိုင်နေသည့်တိုင်၊ အခွင့်ထူးခံဖြစ်ပြီး အဆင့်အတန်းမြင့်မားနေသည့်တိုင် သေခြင်းကို မလွတ်မြောက် နိုင်သကဲ့သို့ လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ် တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြ လေသည်။ လူတို့သည် မိဘများ ရှိသည့်အခါ ၎င်းတို့၏ မိဘများက အရာရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ပိုင်ဆိုင်မှုများရှိသည့်အခါ ငွေသည် အဓိကအစိတ်အပိုင်းဖြစ်သည်၊ အသက်ရှင်သည့် နည်းလမ်း တစ်ခုဖြစ်သည်ဟု ထင်မြင်ကြသည်။ လူတို့သည် အဆင့်အတန်း ရှိသည့်အခါ ထိုအရာအပေါ်မှာ စွဲမြဲစွာ ဖက်တွယ်ပြီး ယင်းအတွက် ၎င်းတို့၏ အသက်ကို စွန့်စားကြလေသည်။ လူတို့က ဤကမ္ဘာကို လက်လွှတ်ရတော့မည့် အချိန်မှသာ ၎င်းတို့ဘဝ၏ အချိန်များကို အသုံးချပြီး ကြိုးစားရှာဖွေခဲ့သည့် ဤအရာများသည် ခဏတစ်ဖြုတ် တိမ်တိုက်များသာ ဖြစ်ကြောင်း၊ ၎င်းတို့စွဲကိုင်ထားနိုင်သည့် မည်သည့်အရာမှ မရှိကြောင်း၊ ၎င်းတို့နှင့်အတူ ယူသွားနိုင်သည့် မည်သည့်အရာမျှမရှိကြောင်း၊ မည်သည့်အရာကမှ ၎င်းတို့ကို သေခြင်းမှ ကင်းလွတ်အောင် မလုပ်နိုင်ကြောင်း၊ အထီးကျန်သည့် ဝိညာဉ်ကို သူ့အပြန်လမ်းမှာ မည်သူကမှ အဖော်လုပ်ပြီး နှစ်သိမ့်မပေးနိုင်ကြောင်း သိမြင်လေ၏။ အဆိုးဆုံးက ဤအရာများထဲမှ မည်သည့်အရာကမှ လူတစ်ယောက်ကို မကယ်တင်နိုင်သကဲ့သို့ သေခြင်းကို မကျော်လွန်စေနိုင်ပေ။ ဤရုပ်ဝတ္ထုလောကတွင် လူတစ်ယောက်ရသည့် အောင်မြင်မှုနှင့် စည်းစိမ်တို့သည် ယာယီစိတ်ကျေနပ်မှု၊ ခဏတာ သာယာမှု၊ အတုအယောင် စိတ်သက်သာစေမှုတို့ကိုပေးပြီး ရေရှည်တွင် လမ်းပျောက်စေပါသည်။ ထို့ကြောင့် လူတို့သည် ငြိမ်းချမ်းမှု၊ စိတ်သက်သာရာရမှု၊ ငြိမ်းအေးမှုတို့ကို လိုလားတောင့်တရင်း လူသားမျိုးနွယ်၏ ကျယ်ပြန့်သည့် ပင်လယ်ကြီးထဲ ယက်ကန်ယက်ကန်ဖြစ်နေရင်း လှိုင်းလုံးများဖြင့် အဖန်ဖန် လွှမ်းမိုး ခံရလေသည်။ ၎င်းတို့ဘယ်ကလာသည်၊ အဘယ်ကြောင့် အသက်ရှင်နေသည်၊ ဘယ်ကိုသွားနေသည်စသည်တို့ကို နားလည်ဖို့ အရေးအကြီးဆုံး မေးခွန်းများကို လူတို့ အဖြေ မထုတ်နိုင်သေးချိန်တွင် သူတို့သည် အောင်မြင်မှုနှင့် စည်းစိမ်များ အားဖြင့် ဆွဲဆောင်ခံရပြီး၊ လှည့်စားခံရကာ၊ ဤအရာများနှင့် ထိန်းချုပ်ခံရပြီး နောက်ဆုံး ဆုံးရှုံးကြရသည်။ အချိန်က ကုန်မြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်များ ကုန်ဆုံး သွားသည်။ သတိမပြုလိုက်မိခင်မှာ သူ့ဘဝ၏ အကောင်းဆုံး နှစ်များကို နှုတ်ဆက်လိုက်ရသည်။ လူတစ်ယောက်သည် မကြာခင် လောကကြီးမှ ထွက်ခွာရတော့မည့်အချိန်တွင်၊ လောကကြီးတွင် ရှိသည့် အရာအားလုံးသည် အဝေးကို ရွေ့သွားနေသည်၊ မူလက ၎င်းပိုင်ဆိုင်ခဲ့သည့် အရာများကို ထပ်ပြီး ကိုင်စွဲမထားနိုင်သည်ကို တဖြည်းဖြည်း နားလည်လာလေသည်။ ထိုအခါလောကထဲ အခုလေးတင် ဝင်ရောက်လာသည့် အော်ဟစ်ငိုယိုနေသည့် မွေးကင်းစကလေး တစ်ယောက်ကဲ့သို့ အဘယ်အရာမျှ မပိုင်ဆိုင်သေးသည်ကို အမှန်တကယ် ခံစားလိုက်ရသည်။ ဤအချိန်တွင် ၎င်းသည် ဘဝမှာ မည်သည့်အရာ လုပ်ဆောင်ခဲ့သည်၊ အသက်ရှင်ရခြင်းက အဘယ်တန်ဖိုးရှိသည်၊ ဘဝက မည်သည့်အရာကို ဆိုလိုသည်၊ လောကထဲသို့ အဘယ်ကြောင့် ရောက်လာသည်ဆိုသည်တို့ကို ဆင်ခြင်သုံးသပ်ဖို့ ဖြစ်လာရသည်။ ဤအချိန်တွင် နောင်ဘဝ တကယ်ရှိမရှိ၊ ကောင်းကင်ဘုံက တကယ်ရှိမရှိ၊ အပြစ်ဒဏ်ခံရခြင်း တကယ်ရှိမရှိ ဆိုသည်တို့ကို ပိုပြီးသိချင်လာသည်။ သေခြင်းနှင့် နီးကပ်လာလေ၊ ဘဝက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ပိုပြီး နားလည်ချင် လာလေဖြစ်၏၊ သေခြင်းနှင့် နီးကပ်လာလေ၊ နှလုံးသားက ဗလာနတ္တိ ထင်ရလေဖြစ်သည်၊ သေခြင်းနှင့် နီးကပ်လာလေ၊ အကူအညီမဲ့သကဲ့သို့ ပိုပြီး ခံစားရလေ ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုကြီးမား လာလေသည်။ လူတို့သည် သေခြင်းနှင့် နီးကပ်လာသည်နှင့်အမျှ ၎င်းတို့အထဲ ထိုသို့သော ခံစားချက်များ ထင်ရှားလာရခြင်း အကြောင်းရင်း နှစ်ခု ရှိပေသည်။ ပထမအချက်က ၎င်းတို့၏ ဘဝများ အမှီပြုခဲ့သည့် ကျော်ကြားခြင်းနှင့် ချမ်းသာခြင်းတို့ကို ၎င်းတို့ ဆုံးရှုံးရတော့မည်။ လောကမှာ မြင်နိုင်သည့် အရာများ အားလုံးကို ထားခဲ့ရတော့မည်ဖြစ်သည်။ ဒုတိယအချက်က သူတို့ ခြေချဖို့ ကြောက်ရွံ့သည့်နေရာ၊ ချစ်ခင်ရသည့်သူများနှင့် ကူညီ ထောက်ပံ့မှုများ မရှိသည့်နေရာဖြစ်သည့် သူတို့နှင့် မရင်းနှီး သည့်လောက၊ ဆန်းကြယ်ပြီး မသိမြင်နိုင်သည့် နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်ပေသည်။ ဤအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင် ရသူတိုင်းသည် စိတ်မသက်သာမှုကို ခံစားရသည်။ ယခင်က တစ်ခါမှ မသိဖူးသည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့သည့် ခံစားမှုကို ကြုံတွေ့ကြရသည်။ တစ်စုံတစ်ဦးသည် ဤအခြေအနေသို့ အမှန်တကယ် ရောက်လာသည့်အခါမှသာ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ ခြေချသည်နှင့်တစ်ပြိုင်နက် ၎င်းနားလည်ရမည့် ပထမဆုံးအရာက လူသား မည်သည့်အရပ်ကလာသည်၊ အဘယ်ကြောင့် လူများ အသက်ရှင်နေကြသည်၊ လူသားကံကြမ္မာကို မည်သူ ချမှတ်သည်ဆိုသည်နှင့် လူသားတို့ တည်ရှိခြင်းအတွက် အဘယ်သူ ပံ့ပိုးပြီး အချုပ်အခြာအာဏာ ရှိသည်ဆိုသည်တို့ ဖြစ်သည်ကိုသိမြင်လာသည်။ ဤအသိပညာသည် လူအသက်ရှင်သည့် စစ်မှန်သည့် နည်းလမ်း၊ လူသား ရှင်သန် ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံဖြစ်လေသည်။ မိသားစုကို မည်သို့ထောက်ပံ့ရမည် သို့မဟုတ် ကျော်ကြားမှုနှင့် ချမ်းသာမှုကို မည်သို့ ရယူရမည် စသည်တို့ကို သင်ယူခြင်း မဟုတ်ပေ။ တစ်ခြားလူတွေထက် မည်သို့ထူးချွန်အောင်နှင့် အောင်မြင်စွာပြီးမြောက်အောင် မည်သို့လုပ်ရမည်ကို သင်ယူခြင်း ဖြစ်ဖို့နေနေသာသာ၊ လူအုပ်ထဲမှ မည်သို့ထင်ပေါ်အောင် လုပ်ရမည် သို့မဟုတ် ပိုပြီး ချမ်းသာသည့် ဘဝကို မည်သို့နေထိုင်ရမည် ဆိုသည်တို့ကို သင်ယူခြင်း မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ဘဝအချိန် များကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့သည့် ရှင်သန်ရပ်တည်ရေး ကျွမ်းကျင်မှု အမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ ဇိမ်ခံစရာများကို အလျှံပယ် ပေးနိုင်သော်လည်း နှစ်သိမ့်မှုနှင့် စစ်မှန်သည့်ငြိမ်းချမ်းမှုတို့ကို နှလုံးသားဆီသို့ ဘယ်သောအခါမှ မဆောင်ကြဉ်းပေ၊ ယင်းအစား လူတို့ကို စဉ်ဆက်မပြတ် ၎င်းတို့၏ ဦးတည်ချက်များ ပျောက်ဆုံးစေသည်။ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသကဲ့သို့ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေလေသည်။ ဤရှင်သန်ရေး ကျွမ်းကျင်မှုများက သေခြင်းကို မည်သို့ သင့်လျော်စွာ ရင်ဆိုင်ရမည်နှင့်ပတ်သက်၍ အုံ့ပုန်း ပူဆွေးသောကတစ်ခုကို ဖန်တီးလေသည်။ ဤနည်းလမ်းနှင့် လူတို့၏ ဘဝများ ပျက်စီးရသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့ လူတိုင်းကို တစ်ဘဝလုံးစာ ထိုက်တန်သည့် အခွင့်အလမ်းများပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံသည်။ သို့တိုင် တစ်ဦးတစ်ယောက်သည် အလင်းကို စမြင်လာသည်မှာ သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက ဘွားခနဲ ပေါ်လာသည့်အခါမှသာ ဖြစ်သည်- ထိုအခါ အလွန်နောက်ကျသွားပြီဖြစ်သည်။

လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း- ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။

၄။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်လော့

လူတစ်ယောက် မွေးဖွားသည့် အခိုက်အတန့်တွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် ၎င်းအတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ၎င်း၏ အတွေ့အကြုံကို စတင်လေသည်။ ပြောစရာမလိုသည်မှာ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့၊ သူ၏ သြဇာအာဏာကို သိရှိလာပြီး ကိုယ်တိုင် တွေ့ကြုံရဖို့၊ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချပေးခဲ့သည့် ကံကြမ္မာ၏ နိယာမများအတွင်း နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် မည်သူမဆိုအတွက် ၎င်းတို့ဘဝ၏ ဆယ်စုနှစ်များတစ်လျှောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အချို့သောဆယ်စုနှစ်များတစ်လျှောက် လူတို့၏ ကိုယ်ပိုင် ဘဝအတွေ့အကြုံများမှတဆင့် လူတိုင်းအတွက် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်ပြဋ္ဌာန်းထားသည်ကို သတိပြုမိဖို့ အလွန်လွယ်ကူသင့်ပြီး အသက်ရှင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သဘောပေါက်ဖို့ သို့မဟုတ် ခြုံငုံဆန်းစစ်ဖို့ လွယ်ကူသင့်ပေသည်။ ဤဘဝသင်ခန်းစာများကို လက်ခံသည်နှင့် အမျှ၊ ဘဝက မည်သည့်နေရာမှလာသည်ကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ နှလုံးသားက မည်သည့်အရာ အမှန်တကယ် လိုအပ်သည်၊ မည်သည့်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်း ဆီသို့ ဦးဆောင်လိမ့်မည် ဆိုသည်နှင့်၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က မည်သည့်အရာ ဖြစ်သင့်သည်ဆိုသည်တို့ကို တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ၏အုပ်စိုးမှုအောက်ကို မလာလျှင်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ အချိန်ကျလာသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့်အခါ၊ ၎င်း၏နှလုံးသားသည် အကန့်အသတ်မရှိသည့် ထိတ်လန့်မှုနှင့် စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်း သတိပြုမိလာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုသည်ကို နားမလည် သကဲ့သို့ လူသားကံကြမ္မာက မည်သူ၏ လက်ထဲ၌ ရှိသည်ဆိုသည်ကို သတိမပြုမိသေးပါက၊ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင် နိုင်မည်မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ ၎င်းတို့၏ လူ့ဘဝ ဆယ်စုနှစ် အတွေ့အကြုံများ၌ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ဆိုင်သည့် သိနားလည်မှု ရရှိပြီးသူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအတွက် မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူဖြစ်သည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်အတူ ဘဝရည်ရွယ်ချက်နှင့်ဆိုင်သည့် နက်ရှိုင်းသော အသိပညာတစ်ခု ရှိသကဲ့သို့၊ ထို့ထက်ပို၍ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်လေသည်။ ထိုသို့သော လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်တစ်နေ့တွင် သူ့ထံသို့ ပြန်သွားလိမ့်မည်ဆိုသည်ကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာ အာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအားဖြင့် ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ဤအရာများကို အမှန်တကယ် သဘောပေါက်သည့်အခါ သေခြင်းကို ကျိုးကြောင်းမမြင်ဘဲ ထိတ်လန့်ခြင်းနှင့် ဆန့်ကျင်ရုန်းကန်ခြင်းထက် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ လောကီ ပိုင်ဆိုင်မှုများကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်၊ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာကျိုးနွံ နာခံလာနိုင်ကာ၊ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်လေသည်။ ဘဝကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား တွေ့ကြုံဖို့နှင့် သူ၏ သြဇာအာဏာကို သိလာရဖို့ အခွင့်အရေးတစ်ရပ်ဟု ရှုမြင်ပါက၊ ဘဝကို ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် မိမိတာဝန်ကို လုပ်ဆောင်ပြီး မိမိ၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်အရေးအနေနှင့် မြင်ပါက၊ ဘဝအပေါ် ဧကန်မုချ မှန်ကန်သည့်အမြင် ရှိပေလိမ့်မည်၊ ဖန်ဆင်းရှင်အားဖြင့် ကောင်းကြီးခံစားရပြီး လမ်းပြခံရသည့် ဘဝတစ်ခုကို ဧကန်မုချ အသက်ရှင်ရလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲ၌ ဧကန်မုချ လျှောက်လှမ်းလိမ့်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဧကန်မုချ သိလိမ့်မည်၊ သူ့အုပ်စိုးမှုအောက်သို့ ဧကန်မုချ လာလိမ့်မည် ဖြစ်ပြီး သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများနှင့် သူ၏ သြဇာအာဏာအဖို့ ဧကန်မုချ မျက်မြင်သက်သေတစ်ဦး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်က ဧကန်မုချ ချစ်ကာ လက်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော လူကသာ သေခြင်းအပေါ် တည်ငြိမ်သည့် စိတ်သဘောကို ထိန်းသိမ်းနိုင်ပြီး ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုနိုင်သည်ကို ပြောဖို့မလိုအပ်ပေ။ သေခြင်းအပေါ် ဤကဲ့သို့သော သဘောထားမျိုးကို သိသိသာသာ ထိန်းသိမ်းနိုင်ခဲ့သည့် လူတစ်ဦးမှာ ယောဘ ဖြစ်ပေသည်။ ယောဘသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်သည့် အနေအထားတစ်ခုတွင် ရှိခဲ့ပြီး သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ဆီသို့ ယူဆောင်ကာ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေလျက် ဖန်ဆင်းရှင်ထံပါးသို့ သူပြန်သွားခဲ့လေသည်။

၅။ ဘဝတွင် ယောဘ၏ လိုက်စားမှုများနှင့် ရရှိခြင်းများက သူ့ကို သေခြင်းအား တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခွင့်ပေးသည်

ကျမ်းစာထဲတွင် ယောဘအကြောင်း ရေးထား၏- “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ၄၂:၁၇) ဤသည်မှာ ယောဘ သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိသကဲ့သို့ နာကျင်မှုမခံစားရဘဲ ဤလောကမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုသည်။ အယောက်တိုင်း သိကြသည့်အတိုင်း၊ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရပြီး အခြားသူများ၏ အောက်မေ့ခြင်းခံရလေသည်၊ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို နှစ်သက် ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူအဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရကာ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဘုရားသခင်အားဖြင့် ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ခံရဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်များတွင်၊ သူသည် ယခင်ထက် သာ၍ပင်တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ခိုင်မာပြီး ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက် များကြောင့် ဘုရားသခင်က သူ့ထံ ပေါ်လာခဲ့ပြီး သူ့ကို တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ်များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီး ခိုင်လုံသောနည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုနှင့် ဖန်ဆင်းရှင်က သူ၏ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့် အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာတို့ကို ရရှိခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပို၍ပင် ကောင်းသည့် နေရာတစ်ခု၌ထားရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘအပေါ် ချပေးသနားခဲ့ကြောင်း ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင် ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများနှင့် ပတ်သက်၍ မုချ စိတ်ပူပန်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းကို သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့သည့်အတွက်၊ သူ့မှာ စိုးရိမ် ပူပန်မှုများမရှိ၊ နောင်တရစရာ ဘာမျှမရှိခဲ့သကဲ့သို့၊ မှန်ပေ၏၊ သေခြင်းကိုလည်း မကြောက်ခဲ့ပေ။ သူသည် မိမိ၏ ကိုယ်ပိုင် အဆုံးသတ်နှင့် ပတ်သက်စိုးရိမ်စရာအကြောင်း မရှိခဲ့ပေ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးဖြင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ထိုသို့ ရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူမျှ ထိန်းသိမ်းနိုင်စွမ်းမရှိသနည်း။ အကြောင်းပြချက်က တစ်ခုသာရှိ၏။ ယောဘက ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို နှလုံးသွင်းလိုက်စားခြင်းဖြင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ်များကို ဖြတ်သန်းခဲ့ပြီး၊ သူ၏ နောက်ဆုံးသော နှစ်ကာလများကို အသက်ရှင်နေထိုင်ခဲ့ကာ သူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ကြိုဆိုခဲ့သည်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့ဖြစ်ခဲ့ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးနှင့်ချီးကျူးခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အသိပညာနှင့် စစ်မှန်သော သိနားလည်မှုတို့ သာ၍ တိုးခြင်းကြောင့်၊ ထို့အပြင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသူတစ်ဦးအဖြစ် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာများနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူပျော်ရွှင်ခဲ့ပေသည်။ ယောဘသည် ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းမှ လာသည့် နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည် ဖြောင့်မတ်သည် ဆိုသည်တို့ကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ပျော်ရွှင်ခဲ့လေသည်။ ယောဘက သေဆုံးရာတွင် ဖန်ဆင်းရှင်ထံပါးသို့ ပြန်သွားရမည်ကို သိခဲ့ သောကြောင့် မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့၏။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့် အလားအလာကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖို့၊ ထို့အပြင် ဖန်ဆင်းရှင်၏ရှေ့တွင် အပြစ်ကင်းစင်ကာ စိုးရိမ်စရာမရှိဘဲ ရပ်နိုင်ဖို့ သူ့ကို အခွင့်ပေးခဲ့သည်မှာ ဘဝတွင် လိုက်စားမှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယနေ့ခေတ် လူတို့သည် ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ရရှိနိုင်သလော။ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည့်အခြေအနေ သင်တို့ ရှိပါသလား။ ဤနေ့ခေတ် လူတို့သည် အခြေအနေများ အမှန်ရှိကြသည့်အတွက်၊ ယောဘကဲ့သို့ အဘယ်ကြောင့် ပျော်ရွှင်စွာ အသက်မရှင်နိုင်ကြပါသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဆင်းရဲဒုက္ခမှ အဘယ်ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က မထိန်းနိုင်မသိမ်းနိုင် ကြောက်သေးများ ပါကုန် ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ ကြသည်။ ကောင်းကင်ဘုံနှင့် လူသားကိုလည်း ရိုက်ပုတ်ကန်ကျောက်ကြသည်၊ အချို့က ငိုကြွေးမြည်တမ်းခြင်းပင် ပြုလုပ်ကြသည်။ ဤသည်တို့မှာ သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ လုံးဝမဟုတ်ပေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ထဲတွင် သေခြင်းကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို အမှန်တကယ် ကျိုးနွံနာခံဖို့ နေနေသာသာ၊ ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာနှင့် အသိအမှတ်ပြုခြင်းတို့ မရှိသောကြောင့် ဤအရှက်ရစရာ ပုံစံများဖြင့် ပြုမူကြခြင်း ဖြစ်သည်။ လူတို့သည် အရာရာကို မိမိတို့ဘာသာ စီစဉ်ပြီး အုပ်စိုးချင်သောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ မိမိတို့၏ ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ် ချင်သောကြောင့်သာ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုမှ လူတို့ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမရှိပေ။

၆။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ထံပါးသို့ ပြန်လာနိုင်သည်

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုများနှင့် ဆိုင်သော ရှင်းလင်းသည့် အသိပညာနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းတို့နှင့်ဆိုင်သော တစ်ဦးတစ်ယောက်၏ အသိပညာက သေချာပေါက် ရောထွေးနေလိမ့်မည်။ အရာ အားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို လူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ၊ အရာအားလုံးက ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို ဝန်ခံရသည်ကို လူတို့ နားမလည်ကြ၊ ထိုသို့သော အချုပ်အခြာ အာဏာကို စွန့်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပေ။ ဤအကြောင်းကြောင့်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ ၎င်းတို့ အချိန်ကျလာသည့်အခါ၊ ၎င်းတို့၏ နောက်ဆုံးစကားများ၊ စိုးရိမ်မှုများနှင့် နောင်တများသည် အဆုံးမရှိပေ။ ၎င်းတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလွန်များလှသော ဝန်လေးမှု၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ၏။ ဤအရာက သူတို့အား သေခြင်းကို ကြောက်ရွံ့စေသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်း အတွက်၊ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပေ။ မည်သူမှ အမှုအရာများ၏ ဖြစ်စဉ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝန်လေးမှု သို့မဟုတ် စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်နိုင်ဖို့ ဆန္ဒရှိပါက၊ တစ်ခုတည်းသော နည်းလမ်းမှာ နောင်တများကို မချန်ထားရစ်ဖို့ဖြစ်သည်။ နောင်တများမပါဘဲ စွန့်ခွာဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ၏ သြဇာအာဏာကို သိဖို့နှင့် ဤအရာများကို ကျိုးနွံနာခံဖို့ ဖြစ်ပေသည်။ ဤနည်းဖြင့်သာ လူသား၏ ခိုက်ရန်ဒေါသ၊ မကောင်းမှု၊ စာတန်၏ ကျေးကျွန်ဘဝမှ ဝေးရာတွင် နေနိုင်ပေသည်။ ဤနည်းဖြင့်သာ ဖန်ဆင်းရှင်၏ လမ်းပြခြင်းနှင့်ကောင်းကြီးပေးမှုခံရသည့် ယောဘ၏ဘဝကဲ့သို့သော ဘဝတစ်ခု၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝတစ်ခု၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝတစ်ခု၊ ရိုးသားပြီး ပွင့်လင်းသည့် ဘဝတစ်ခုကို အသက်ရှင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ ဖန်ဆင်းရှင်၏ စမ်းသပ်မှုများနှင့် ပိတ်ပင်မှုများ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပေသည်။ ဤနည်းဖြင့်သာ ယောဘပြုသကဲ့သို့ မိမိ၏ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ချီးကျူးခြင်းကို ရရှိနိုင်ကာ သူ၏ အသံကို ကြားပြီး၊ သူ ပေါ်ထွန်းသည်ကို မြင်နိုင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိ၊ စိုးရိမ်မှုမရှိ၊ နောင်တများမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံး နိုင်သည်။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင်နေထိုင်ကာ ဘဝဆုံမှတ်တိုင်းကို အလင်းထဲတွင် ဖြတ်သန်းနိုင်သည်၊ မိမိ၏ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်သည်၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ ဖြစ်သော မိမိ၏ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပေသည်၊ ပြီးလျှင် ဖန်ဆင်းခံ လူသားအနေဖြင့် သူ၏ချီးကျူးခြင်းခံရလျက် ဖန်ဆင်းရှင်၏ နံဘေးတွင် အမြဲထာဝရရပ်တည်နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

Share