Read more!
Read more!

ကားမတော်တဆထိခိုက်မှုက ကျွန်တော့်ဘဝ၏ အခန်းသစ်သို့ ခေါ်ဆောင်သွားသည်

မိန်းလီ၊ တရုတ်နိုင်ငံ

ငွေအကြောင်းကိုသာ ကျွန်တော်စဥ်းစားခဲ့သည့် အချိန်ရှိခဲ့သည်။ ထို့နောက် မမျှော်လင့်ဘဲ ကားမတော်တဆထိခိုက်မှု ကြုံခဲ့ရပြီး ကျွန်တော်၏ အကူအညီမဲ့ခြင်းနှင့် ဝေဒနာခံစားရခြင်းတို့ အလယ်တွင် အဘယ့်ကြောင့် ငွေအတွက် ကျွန်တော်အသက်ရှင်လာခဲ့သည့် နောက်ခံအကြောင်းရင်းကို ပြသခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ပင် ဖြစ်သည်။ ထိုအခိုက်တွင် ကျွန်တော့်ဘဝ၏ အခန်းသစ်ထဲသို့ ကျွန်တော်ဝင်ရောက်ခဲ့လေသည်။

ကျွန်တော့်တွင် အရည်အချင်းများ သို့မဟုတ် ကျွမ်းကျင်မှုများ မရှိခဲ့ပါ၊ သို့သော် သေးငယ်သော လူတစ်ဦး၌ပင် ကြီးမားသော အိပ်မက်များ ရှိနိုင်ပါသည်။ ကျွန်တော်သည် တစ်နေ့ ချမ်းသာလာရန်၊ မြင့်မားသောဘဝကို နေထိုင်ရန် စိတ်ကူးယဥ်ခဲ့သည်။ ကျွန်တော်သည် ကျွန်တော်၏ ရွယ်တူများထက် ပို၍ငွေရှာနိုင်ရန် အားထုတ်သည့်အနေဖြင့် လုပ်ငန်းတစ်ခုတွင် သတ္တပုံလောင်းစက်ရုံအလုပ်သမားအဖြစ် အလုပ်လုပ်ခဲ့သည်။ ဝင်ငွေကောင်းသော်လည်း အလုပ်က ကျွန်တော့်ကျန်းမာရေးကို များစွာထိခိုက်ခဲ့လေသည်။ အချိန်ပို အလုပ်လုပ်သော လူတို့သည် တီဘီ၊ ရင်ကျပ်ပန်းနာနှင့် အခြားရောဂါများ ရလေ့ရှိသောကြောင့် လူအများစုသည် ထိုနေရာမျိုးတွင် ၃-၅ နှစ်သာ အလုပ်လုပ်နိုင်သည်။ ထို့ထက်ပင် အလုပ်မှာ အလွန်အမင်း အန္တရာယ်ရှိသည်- ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်များမှာ မကြာခဏ သူတို့၏လက်များ စက်ထဲတွင် ညှပ်မိပြီး ကျိုးကြေသဖြင့် နောက်ဆုံးတွင် တစ်သက်လုံး ဒုက္ခိတဖြစ်သွားရသည်။ သို့သော် ကျွန်တော်သည် ငွေပိုရရန်အတွက် ကျွန်တော်၏ ဘေးကင်းမှုကို စိတ်ထဲက ထုတ်ပစ်ပြီး အလွန်တရာ စွန့်စားကာ အညစ်ပေဆုံး၊ အပင်ပန်းဆုံးအလုပ်ကို နေ့စဥ်လုပ်ခဲ့သည်။ ကျွန်တော်သည် ထို အန္တရာယ်ရှိသော၊ ပင်ပန်းလှသော ပတ်ဝန်းကျင်တွင် ခြောက်နှစ်ကြာ ကျွန်တော့်အသက်ကို ရင်းနှီးခဲ့သည်။ ကျွန်တော်၏ သူဌေးက ကျွန်တော်နာဖျားလာပြီး သူတာဝန်ခံရမည် စိုးရိမ်သဖြင့် ကျွန်တော့်ကို အတင်းအကျပ် အလုပ်နားခိုင်းသည်အထိ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ကျွန်တော်သည် ဝင်ငွေအနည်းငယ်ရရန် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အလုပ်ကြမ်း စတင်လုပ်ကိုင်ခဲ့သည်။ အခြားသူများ၏ နောက်ကောက်မကျရန်အတွက် နေပူမိုးရွာမရှောင် အလုပ်သို့ ကျွန်တော်အမြဲသွားခဲ့သည်။ ကျွန်တော် ခြေကုန်လက်ပန်းကျပြီး ကျွန်တော့်ကျောပြင် နာကျင်ကိုက်ခဲသည့် အခါမှာပင် ကျွန်တော် တစ်ရက်မှ မပျက်ခဲ့ပါ။ ကျွန်တော်သည် ပို၍ပို၍ ငွေဝင်လာသည်ကို ကြည့်ရင်း ကြမ်းတမ်းသောအလုပ်နှင့် ပင်ပန်းမှုအားလုံးမှာ အကျိုးနပ်သည်ဟု ခံစားခဲ့သည်။

ထို့နောက် ကျွန်တော့်အမျိုးသမီးက ဘုရားသခင်ကို ယုံကြည်လာခဲ့သည်။ သူက ကျွန်တော် အစဥ်သဖြင့် အလုပ်ရှုပ် ပြေးလွှားကာ ငွေရဖို့ရန် အသည်းအသန် ရုန်းကန်နေသည်ကို တွေ့သည်။ သို့သော် ကျွန်တော်က ငွေသည် အရေးပါသည့်အရာ ဖြစ်ပြီး ငွေကမောင်းနှင်သော ဤကမ္ဘာထဲတွင် ငွေမရှိဘဲ ဘယ်အရာမှ မရရှိနိုင်ပါဟု ယုံကြည်နေဆဲပင်။ ကျွန်တော့်အမျိုးသမီးသည် ငွေက ကျွန်တော့်အား ချုပ်နှောင်ထားသည်ကို တွေ့သဖြင့် ညီအစ်ကိုမောင်နှမများအား ကျွန်တော့်ကို ဧဝံဂေလိဟောပြောရန် တောင်းဆိုခဲ့သည်၊ သို့သော် ကျွန်တော် အဲဒီအတွက် အချိန်မရှိခဲ့ပါ။ ငွေပိုရှာဖို့ လိုအပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ကျွန်တော်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။ ထို့နောက် ဗြုန်းစားကြီးပင် ကျွန်တော်၏ ကားမတော်တဆမှုက ရုတ်တရက် သတိတရားဝင်လာစရာ ဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ နေ့တစ်နေ့ မွန်းလွဲတစ်နာရီ အလုပ်သွားခါနီးအချိန် ဖြစ်သည်ကို ကျွန်တော် သတိထားမိခဲ့သည်၊ ထို့ကြောင့် ကျွန်တော်သည် မော်တော်ဆိုင်ကယ်ပေါ် အမြန်တက်ပြီး မောင်းထွက်ခဲ့သည်။ လမ်းဆုံတစ်ခု၌ ကျွန်တော်ကွေ့လိုက်သည့်အချိန်တွင် ကုန်ကားတစ်စီးက ကျွန်တော့်ကို အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်ရာ၊ ကျွန်တော့်မှာ ရှောင်တိမ်းချိန် မရတော့ဘဲ ဝုန်းကနဲတိုက်မိသံကိုသာ ကြားလိုက်ရသည်။ ကျွန်တော်သည် ကျွန်တော့်ဆိုင်ကယ်နှင့်အတူ ငါးမီတာသို့ လွင့်ထွက်သွားသည်။ မိနစ်အတန်ကြာ သတိမေ့ပြီးနောက် ကျွန်တော်သည် ထထိုင်ရန် အသည်းအသန် အားအင်စုစည်းပါသော်လည်း ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်ထုံထိုင်းနေသဖြင့် ကျွန်တော်သည် မည်သည့်နာကျင်မှုမျှပင် မခံစားရတော့။ အားအင်တစ်စက်မျှပင် ကျွန်တော့်မှာ မစုစည်းနိုင်တော့ချေ။

ကျွန်တော်သည် ကျွန်တော့်ဘောင်းဘီရှည်ကို ဆွဲမကြည့်ရာ ကျွန်တော့်ညာဖက်ခြေသလုံးရိုး ကျိုးနေပြီး၊ သွေးချင်းချင်း နီနေသော အသားမှာ အရေပြားက ထိန်းထားရုံသာ ရှိနေသည်ကို တွေ့ရသည်။ ကျွန်တော့်ခြေဖနောင့်ဘက်မှာ ရှေ့ဘက်ကို လည်ထွက်သွားသည်အထိ လိမ်ကောက်သွားသည်။ ကျွန်တော့်ဘေးပတ်လည်တွင် ဝန်းရံနေသည့်လူတွေမှာ ပေါက်ကရစကားများမျိုးစုံ ပြောနေကြသည်။ “ဒါပြီးရင် သူတော့ ဒုက္ခိတဖြစ်တော့မှာ...။” “သူ ဝီးချဲရ်ပေါ်မှာပဲ ဇာတ်သိမ်းရတော့မှာ စိတ်မကောင်းစရာပဲ။” ဤသို့ကြားရသည်က ထောင်ဒဏ်အမိန့် ရရှိဘိသကဲ့သို့ ကျွန်တော့်အတွက် စိတ်မချမ်းသာစရာ ဖြစ်လေသည်။ ကျွန်တော့်ခေါင်းထဲတွင် တစ်ဝီဝီအသံကြားရပြီး မျက်ရည်များ တွင်တွင်စီးကျလာသည်။ ကျွန်တော် တွေးမိလိုက်သည်- ဒါပါပဲ၊ ငါ့ဘဝတော့ တကယ်ဆုံးပါပြီ။ ကျွန်တော်သည် ငွေရဖို့ ရုန်းကန်ရင်း ကျွန်တော့်ဘဝ ထက်ဝက်ကိုပင် အသုံးပြုခဲ့သည်မှာ မသန်မစွမ်းနှင့် ဇာတ်သိမ်းရန်သာ ဖြစ်ခဲ့သည်။ ကမ္ဘာပေါ်က ငွေအားလုံးတို့မှာ အဘယ်အသုံးကျလိမ့်မည်နည်း။ ကျွန်တော်သာ ဘီးတပ်ကုလားထိုင်ပေါ်တွင် ကျန်သည့်ကျွန်တော့်ဘဝတစ်ခုလုံး နေရတော့မည်ဆိုလျှင် အဘယ်သို့ ဆက်လက် ရှင်သန်ရတော့မည်နည်း။ ကျွန်တော် ထိုအကြောင်းကို စဥ်းစားမိလေလေ ပိုပြီးဝမ်းနည်းလေလေဖြစ်ပြီး ကျွန်တော်သည် နာကျင်မှုနှင့် ဝေဒနာခံစားရခြင်းတို့နှင့် လွှမ်းမိုးခဲ့သည်။ ကောင်းကင်ကြီးတစ်ခုလုံး ပျိုကျလာသကဲ့သို့ပင် ခံစားရသည်။ မိနစ် ၂၀ ခန့်ကြာပြီးနောက် လူနာတင်ကားတစ်စီးက ကျွန်တော့်ကို လာတင်ပြီး ကောင်တီဆေးရုံသို့ ခေါ်သွားခဲ့ရာ၊ ကျွန်တော့်ညို့သကျည်းမှာ ဆိုးဆိုးဝါးဝါး ကျိုးသွားပြီး ကျွန်တော့်တံကျင်ရိုးတို့ ကျိုးကြေသွားသည်ကို စမ်းသပ်ချက်များက ပြသလေသည်။ ကျွန်တော်သည် တတ်နိုင်သမျှ အမြန်ဆုံး ခွဲစိပ်ကုသမှု လိုအပ်ခဲ့သည်။

ထိုအချိန်တွင် ကျွန်တော့်အမျိုးသမီးလည်း ဆေးရုံသို့ အမြန်ရောက်လာသည်။ ကျွန်တော့်ကို ခွဲစိပ်ခန်းထဲသို့ လျင်မြန်စွာ သွင်းကြသည်။ ခွဲစိပ်မှုမှ မေ့ဆေး တဖြည်းဖြည်း ပြယ်သွားသည့်အခါ ကျွန်တော့်မှာ မချိမဆံ့ဝေဒနာ ခံစားရသည်။ ကျွန်တော့်ဇနီးသည်က ကျွန်တော့်ကို တိုးတိုးတိတ်တိတ် အားပေးကာ “ရှင့်အတွက် ကျွန်မဆုတောင်းပေးမယ်နော်။ ရှင် ဝေဒနာခံစားနေရတဲ့အခါ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အသနားခံပါ။ ဘုရားသခင်က ရှင့်ဝေဒနာကို သက်သာစေမယ်။” ဟု ပြောလေသည်။ သူက “ဘုရားသခင်သာ လူကို အချစ်ဆုံး” ဟူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကိုလည်း နားထောင်စေသည်။ ကျွန်တော့်ဇနီးသည်က ဘုရားသခင်သည် ကျွန်တော့်ဝေဒနာကို လျော့ပါးစေမည်ဟု ပြောသည်ကို ကြားလိုက်သဖြင့် ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မသီချင်းကို ထပ်ခါထပ်ခါ နားထောင်ခဲ့သည်။ မယုံကြည်လောက်အောင် ကျွန်တော့်စိတ်နှလုံးသည် ရုတ်တရက် သက်သာရာရပြီး ကျွန်တော့် ခန္ဓာကိုယ်နာကျင်မှုမှာ လွန်စွာ လျော့ပါးလာခဲ့သည်။ ကျွန်တော့်ဒဏ်ရာများ နာကျင်သည့်အခါတိုင်း ကျွန်တော်သည် ကျွန်တော့်စိတ်နှလုံးထဲမှ “ကျွန်တော့်ရဲ့ ဘုရားသခင်၊ ကျွန်တော့်ရဲ့ ဒဏ်ရာတွေ အရမ်းနာကျင်နေတယ်၊ ကျွန်တော် တကယ်မခံနိုင်ဘူး။ ကျွန်တော့်ရဲ့ ဘုရားသခင်၊ ကယ်မတော်မူပါ။” ဟု အော်ဟစ်မိသည်။ အံ့သြစရာကောင်းသည်မှာ ကျွန်တော် ဘုရားသခင်ကို အော်ခေါ်သည့်အခါတိုင်း ကျွန်တော်၏ ခန္ဓာကိုယ်နာကျင်မှုသည် လွန်စွာမှ လျော့ကျသွားပြီး ဘုရားသခင်က ကျွန်တော့်ကို ကူညီမစနေကြောင်း ကျွန်တော် ခံစားရလေသည်။ ထိုအခိုက်အတန့်များတွင် ကျွန်တော်သည် မှီခိုစရာ အရာတစ်ခုရှိပြီဟု ခံစားမိသည်။ ညီအစ်ကို မောင်နှမများက ကျွန်တော် ကားအက်ဆီးဒင့် ကြုံခဲ့ရသည်ကို သိရှိကြပြီး ကျွန်တော့်ကို ကြည့်ရန် သူတို့အားလုံး အမြန်လာကြသည်။ ကျွန်တော်တို့သည် တော်စပ်မှု မရှိသော်ငြားလည်း သူတို့သည် မိသားစုထက်ပင် ပိုကောင်းကြသည်။ သူတို့က ကျွန်တော့်ကျန်းမာရေး အခြေအနေကို နွေးထွေးစွာ မေးကြသည်၊ အားပေးနှစ်သိမ့်ကြပြီး ယုံကြည်ခြင်းရှိရန်နှင့် ပို၍ဆုတောင်းရန် ကျွန်တော့်ကို ပြောကြသည်။ နှလုံးသားများ အေးစက်ပြီး ကြင်နာမှုရှားပါးသည့် ဤလို ငွေစိုးမိုးသော ကမ္ဘာကြီးတွင် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများက ကျွန်တော့်ကို ဤကဲ့သို့ ဂရုစိုက်ကြသေးသည်၊ ဤမေတ္တာမှာ ဘုရားထံမှလာခြင်းပင်။ ကျွန်တော်သည် နက်ရှိုင်းစွာ စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုညတွင် လူနာဆောင်ထဲ၌ အခြားမည်သူမျှ မရှိပါ၊ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြခဲ့သည်- “သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။

ကျွန်တော့်အမျိုးသမီးက မိတ်သဟာယဖွဲ့သည့်အနေဖြင့် ကျွန်တော့်ကို၊ “ဘုရားသခင်ဟာ စကြဝဠာထဲက အရာခပ်သိမ်းအပေါ်မှာ အစိုးရပြီး ကျွန်မတို့ အသက်တာတစ်လျှောက် ကျွန်မတို့အပေါ်မှာ အချုပ်အခြာအာဏာရှိတယ်။ ကျွန်မတို့ရဲ့ ကံကြမ္မာဟာ လုံးလုံးလျားလျား ဘုရားသခင်ရဲ့ လက်ထဲမှာပဲ။ ဘုရားသခင်ကို ကျွန်မတို့ရဲ့ လောကီမျက်စိနဲ့ မမြင်ရပေမယ့် သူဟာ ကျွန်မတို့နဲ့အတူ အမြဲရှိနေဆဲပဲ။ သူက ကျွန်မတို့ကို နေ့ရောညပါ စောင့်ကြည့်ပြီး ကွယ်ကာတယ်။ ရှင့်ရဲ့ ကားအက်ဆီးဒင့်တုန်းကလိုပဲ၊ ရှင့်မော်တော်ဆိုင်ကယ်က ငါးမီတာကို လွင့်ထွက်သွားပေမယ့် ရှင့်ခေါင်းနဲ့ ရှင့်ခန္ဓာကိုယ်က အများအားဖြင့် အကောင်းပကတိရှိတယ်၊ ရှင်ခြေထောက်ပဲ ထိခိုက်သွားတာ။ ဘုရားသခင်က ရှင့်ကို တိတ်တဆိတ် ကာကွယ်နေခဲ့လို့ပဲ။ သူသာ မကာကွယ်ပေးခဲ့ရင် ရှင် အသက်ရှင်ကျန်ရစ်ခဲ့မှာတောင် မဟုတ်ဘူး။”

ဘုရားသခင်၏ နှုတ်ကတော်နှင့် ကျွန်တော့်အမျိုးသမီးက မိတ်သဟာယ ဖွဲ့သည့်အနေဖြင့် ပြောပြခဲ့သည့်အရာတို့ကို ကြားရသောအခါ ကျွန်တော့်စိတ်နှလုံးမှာ လွန်စွာ လှုပ်ရှားသွားလေသည်။ ကျွန်တော့်ကို ထိုကုန်ကားက ပြင်းထန်စွာ တိုက်မိခဲ့အချိန်ကို ပြန်စဥ်းစားမိသည်။ ကျွန်တော့်အပေါ် ဘုရားသခင်၏ ကွယ်ကာစောင့်မမှုသာ မရှိခဲ့လျှင် ကျွန်တော် မည်သို့ဖြစ်သွားခဲ့မည်ကို မသိတော့ပါ။ အထူးသဖြင့် ကျွန်တော့်ခြေသလုံးမှ နာကျင်မှုကို ခံနိုင်ရန် ခက်ခဲသည့်အခါ ကျွန်တော်သည် ဘုရားသခင်ကိုသာ ဆုတောင်းပြီး ဓမ္မသီချင်းများကို နားထောင်ခဲ့သည်။ ထိုအခါ နာကျင်မှု လျော့ပါးသွားသည်။ ဘုရားသခင်၏ အံ့သြဖွယ်ရာ အမှုများကို တွေ့မြင်ရသောအခါ ကျွန်တော့်စိတ်နှလုံးထဲတွင် ဘုရားသခင်သည် အမှန်တကယ် တည်ရှိသည်ကို သိပြီး ဘုရားသခင်က ကျွန်တော့်ကို ထောက်မနေသည်ဟု ခံစားရသည်။

ကျွန်တော်၏ ဒဏ်ရာများ အနည်းငယ် ပျောက်ကင်းသည်နှင့် တစ်ပြိုင်နက် ကျွန်တော်သည် အိမ်တွင် အနားယူရန် ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ ဤအတောအတွင်း၌ ကျွန်တော်သည် အသင်းတော်မှ ဗီဒီယိုများစွာကို ကြည့်ရပြီး ညီအစ်ကိုမောင်နှမများလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် မိတ်သဟာယဝေငှရန် ကျွန်တော့်အိမ်သို့ မကြာခဏ လာကြသည်။ သူတို့အား နားထောင်ရသည်ကို ကျွန်တော်နှစ်သက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်က အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ခံစားရသည်။ တွေ့ဆုံပွဲတစ်ခုတွင် ကျွန်တော်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ဤကျမ်းပိုဒ်ကို ဖတ်ကြသည်။ ဘုရားသခင်သည်၊ “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။...ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ ထို့ကြောင့် စာတန်သည် လူကို ဖောက်ပြန်ပျက်စီး စေရန် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ယင်းသည် ၎င်းတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။...စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် ဖောက်ပြန်ပျက်စီး စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်စေရန် လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် မည်သည့်အရာဖြစ်နေသည်ကို သင် သတိမပြု မိချိန်တွင် ၎င်း၏အတွေးများ၊ ၎င်း၏ရှုထောင့်အမြင်များနှင့် ၎င်းထံမှလာသည့် ဆိုးယုတ်သည့် အရာများကို သင့်အား လက်ခံစေသည်။ လူတို့သည် ဤအရာများကို လက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို ချစ်ခင်မြတ်နိုးပြီး ရတနာကဲ့သို့ သိမ်းထား ကြသည်၊ ဤအရာများအား ၎င်းတို့ကို ကြိုးကိုင် ညွှန်ကြားခွင့်ပေးကြပြီး၊ ၎င်းတို့နှင့် ကစားကြသည်။ ဤကား စာတန်၏ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။” ဟု မိန့်ဆိုသည်။

ညီအစ်မများထဲက တစ်ဦးက မိတ်သဟာယဖြင့် ကျွန်တော့်ကို ပြောခဲ့သည်၊ “ကျွန်မတို့ဟာ စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရပြီဖြစ်ပြီး ‘ငွေသာလျှင် ပထမ’ နဲ့ ‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ အစရှိသဖြင့် စာတန်က စွဲမှတ်အောင် သွန်သင်ထားတဲ့ အတွေးအခေါ်တွေအပေါ် အခြေခံပြီး ကျွန်မတို့ ရှင်သန်နေကြတယ်။ ကျွန်မတို့က ငွေနဲ့ဆိုရင် အရာရာပိုင်ဆိုင်မယ်လို့ ထင်တတ်ကြတယ်၊ သင့်မှာ ငွေမရှိရင် ခေါင်းတောင် မဖော်ဝံ့ဘူး၊ ငွေမရှိဘဲ ဒီကမ္ဘာထဲမှာ တစ်ရက်ကလေးတောင် သင်မရှင်သန်နိုင်ဘူး။ စာတန်ရဲ့ အဆိုတွေက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာတာ ကြာပြီဆိုတော့ ကျွန်မတို့က ကျွန်မတို့ရဲ့ စိတ်ထဲမှာ ငွေကလွဲလို့ ဘာမှ မထားကြတော့ဘူး။ ငွေရှိတဲ့သူတွေက ဘယ်တော့မှ မတင်းတိမ်နိုင်တော့ဘဲ မရှိတဲ့သူတွေကျတော့ ငွေရှာဖို့ အသည်းအသန် ရုန်းကန်ကြရတယ်။ လူသားမျိုးနွယ် တစ်ခုလုံးကို စာတန်ရဲ့ ဆိုးယုတ်တဲ့ အလားအလာတွေက ဖောက်ပြန်ဖျက်ဆီးခဲ့ပါပြီ။ အားလုံးက ငွေကို ကိုးကွယ်၊ ငွေရဲ့ ကျေးကျွန်တွေ ဖြစ်လာကြပြီး ငွေအတွက်ဆို သူတို့အသက်တွေကို ရင်းကြတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကမ်းလှမ်းတဲ့အချိန်မှာတောင် သူတို့ဟာ အဲဒါကို အသိအမှတ်ပြုဖို့ အလိုမရှိကြဘဲ သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခါမှပဲ အသက်က ငွေထက် ပိုအရေးကြီးတာ သူတို့သဘောပေါက်ကြတယ်။ ကျွန်မတို့ရွာက အသက် ၅၀ ကျော် အလုပ်သမားကန်ထရိုက်တာ ဝေါင်ကိုပဲကြည့်၊ သူက အိမ်နှစ်လုံးနဲ့ ကားတစ်စီး ပိုင်ဆိုင်ပြီး၊ စုဆောင်းငွေလည်း ထောင်ရာချီရှိခဲ့တယ်။ ဒါလည်း သူ မကျေနပ်ခဲ့ဘူး။ နောက်ဆုံး သူ အဆုတ်ကင်ဆာ ရတဲ့အထိကို သူက အသည်းအသန် ကြိုးစားငွေရှာခဲ့တယ်၊ ပြီးတော့ လူ့လောကထဲကနေ နောင်တများစွာနဲ့ ထွက်ခွာသွားခဲ့တယ်။ သန်းနဲ့ချီပြီး ငွေရခဲ့တဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေလည်း ရှိတယ်၊ ဒါပေမယ့် သူတို့ဟာ ကျန်းမာရေး ချို့ယွင်းလာကြတဲ့အခါမှာ ငွေရဲ့တန်ဖိုးဟာ တဒင်္ဂသာရှိတဲ့ တံလျှပ်ပါပဲဆိုတာ သဘောပေါက်လာကြတယ်။ လူဟာ ဒီကမ္ဘာထဲကို ငွေမပါဘဲ ရောက်လာကြပြီးတော့ ငွေမပါဘဲလည်း ပြန်ထွက်သွားကြရတယ်။ တကယ်တော့ လူတစ်ဦးက ပိုက်ဆံ ဘယ်လောက်များများ ရှိပါစေ၊ ရောဂါဘယနဲ့ ကပ်ဘေး ရင်ဆိုင်ရတဲ့အခါမှာ အဲဒါဟာ အလကားပါပဲ။ အဲဒီအရာကိုယ်၌က ကျွန်မတို့ကို အသက်မပေးနိုင်ပါဘူး။ ဘုရားသခင်ရှေ့မှာရပ်၊ သမ္မာတရားကို ရှာဖွေပြီးတော့ ဘုရားသခင်ကို ကိုးကွယ်တဲ့အခါမှာသာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုကို ကျွန်မတို့ ရရှိမှာဖြစ်ပါတယ်။”

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များနဲ့ ညီအစ်မရဲ့ မိတ်သဟာယဖွဲ့မှုကို ကြားတဲ့အခါ ကျွန်တော် ရုတ်တရက် အလင်းကို တွေ့ရသည်- “သင် ငွေရှိလျှင် သင်၌ အရာအားလုံးရှိသည်” နှင့် “ငွေမရှိလျှင် ဘာမှမရနိုင်” ဟူသည့် အတွေးများမှာ မူလအစတွင် စာတန်ဆီမှ လာခဲ့သည်။ သို့သော် ကျွန်တော်က ဤအရာများကို ပညာရှိစကားများအဖြစ် မှတ်ယူခဲ့မိသည်၊ ယင်းတို့က ကျွန်တော့်ကို ဘဝတစ်လျှောက်လုံး မောင်းနှင်ခဲ့ပြီးပြီ။ ကျွန်တော့်ကို ဤအတွေးများက စိုးမိုးခြယ်လှယ်ခဲ့ပြီး ငွေကို ကျွန်တော့်အသက်ထက် ပိုအရေးကြီးသည်ဟု ထင်မှတ်ခဲ့ပုံကို ကျွန်တော် ပြန်စဥ်းစားမိသည်။ ငွေသည် ဘဝ၏ လဲလှယ်မှုစနစ်ဖြစ်သည်— ဤအရာရှိမှသာ အခြားသူများက သင့်ကို လေးစားမည်ဟု ကျွန်တော်ယုံကြည်ခဲ့သည်။ ကျွန်တော်သည် ကျွန်တော့်အသက်ကို ရင်းရန်ပင် ဆန္ဒရှိကာ၊ နေ့တဓူဝ မအားမလပ်အောင် ပြေးလွှားနေပြီး ငွေပိုရဖို့အရေး ဆယ်နာရီ သို့မဟုတ် ထို့ထက်ပို၍ အလုပ်လုပ်နေခဲ့သည်။ နေပူပူ မိုးရွာရွာ၊ ကျွန်တော် ဘယ်တော့မှ အနားမယူခဲ့ပါ။ ကျွန်တော့်ကျောပြင် နာကျင်ကိုက်ခဲနေသည့် အခါမှာပင် ကျွန်တော်သည် ပျော်ရွှင်စွာ အလုပ်လုပ်နေတုန်းပင်။ ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို ကြိမ်ဖန်များစွာ ဧဝံဂေလိဝေငှခဲ့စဥ်က ကျွန်တော့်မှာ ငွေရှာဖို့အခွင့်အရေး ဆုံးရှုံးရမည်စိုးသဖြင့် အမြဲတမ်း ငြင်းဆန်ခဲ့သည်။ ဆက်လက်အသက်ရှင်ဖို့ ပြင်းပြသောဆန္ဒက မိမိ၏အတွင်းစိတ်ထဲကို နက်နက်နဲနဲ ကြည့်စေခဲ့ပြီး ကျွန်တော် အမှန်တကယ် ဘာလိုအပ်သည်ကို နားလည်ခဲ့သည်မှာ ကျွန်တော် မတော်တဆမှု မကြုံခင်ထိ မဟုတ်ပေ။ အိပ်ယာထဲမှာ လဲလျောင်းရင်း ကျွန်တော်သည် ခါးသီးသော အလုပ်ကြမ်းများ လုပ်ခဲ့သည့် ထိုနှစ်များကို ပြန်လည်စဥ်းစားမိသည်။ ငွေရှာရန် ကြိုးစားအားထုတ်ရာတွင် ကျွန်တော်သည် ကြီးမားလွန်းသော တန်ဖိုးကို ပေးဆပ်ခဲ့ပြီ။ ကျွန်တော် ကြုံတွေ့ခဲ့သည့်ဒုက္ခကို ကျွန်တော်သာလျှင် သိခဲ့သည်။ ငွေကြေးအတော်အတန် ရရှိခဲ့ပြီးဖြစ်သော်လည်း သေရေးရှင်ရေးကိစ္စ ရင်ဆိုင်ရသည့်အခါ ထိုငွေကြေးက ကျွန်တော့်ကို မကယ်တင်နိုင်ခဲ့ပါ။ ကျွန်တော် ကျန်းမာရေးပြဿနာကို ရင်ဆိုင်ရသည့်အခါ ငွေက ကျွန်တော့်ဝေဒနာကို လုံးဝမသက်သာစေနိုင်ပါ။ ထိုနှစ်များကို ပြန်စဥ်းစားသောအခါ စာတန်က မုသားကွန်ရက်ထဲတွင် ကျွန်တော့်ကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်ကို ကျွန်တော်တွေ့ရသည်။ စာတန်၏ ကြိုးကိုင်ညွှန်ကြားချက်များနှင့် စက်ပုန်းခုတ်ခြင်းတို့က ကျွန်တော့်ကို စက်ဝိုင်းများသဖွယ် ပတ်ချာလည်စေခဲ့သည်။ ကျွန်တော်သည် ထိုအရာအတွက် ကျွန်တော့်စိတ်နှင့်ခန္ဓာ တို့နှင့်ရင်း၍ ပေးဆပ်ခဲ့ရပြီး ဆင်းရဲဒုက္ခနှင့် ခြေကုန်လက်ပန်းကျခြင်း တို့နှင့်ပြည့်သော ဘဝတစ်ခုကို နေထိုင်ခဲ့ရသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကမ်းလှမ်းသည့် အခါ၌ပင် ကျွန်တော်ငြင်းဆန်ခဲ့သည်။ စာတန်က ကျွန်တော့်စိတ်နှလုံးကို ဖမ်းစားခဲ့သည့် ဆိုးယုတ်သော စိတ်ကူးများကို ကျွန်တော်သိမြင်ခဲ့ရသည်။ ယင်း၏ ရည်ရွယ်ချက်က ကျွန်တော့်ကို ဘုရားသခင်ထံမှ ဝေးကွာစေရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းမှ တားဆီးရန် ဖြစ်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ထုတ်ဖော်ထားသည့်အရာကို အရေးမစိုက်ဘဲ၊ စာတန်၏ ဆိုးယုတ်သော အကြံအစည်များကို ကျွန်တော်မမြင်နိုင်ခဲ့ပေ။ ယခုတော့ ဤကမ္ဘာကြီးတွင် ကောင်းမွန်စွာ အသက်ရှင်ရန် လူသည် ငွေအပေါ် မမှီခိုနိုင်ကြောင်း ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်တို့ အသက်ဆက်ရှင်ရန် ဘုရားသခင်အပေါ်မှာသာ အမှီပြုနိုင်ပါသည်။ ကျွန်တော့်မတော်တဆမှုက ကျွန်တော့်ကို လှုပ်နှိုးခဲ့ပြီး ကျွန်တော်သည် ဘဝအပေါ် ကျွန်တော့်အမြင်ကို ပြောင်းလဲလိုခဲ့သည်။ ကျွန်တော့်ဘဝကို အထိခိုက်ခံလျက် အကျိုးအမြတ်နောက်သို့ လိုက်ရန် သို့မဟုတ် စာတန်အား ကျွန်တော့်ကို ထိခိုက်နစ်နာစေပြီး နင်းခြေခွင့်ပြုရန် ဆန္ဒမရှိတော့ပါ။

ထိုအချိန်မှစ၍ ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဥ်ဖတ်ရှုပြီး တရားဟောချက်များနှင့် မိတ်သဟာယပြုချက်တို့ကို နားထောင်ခဲ့သည်။ တုနှိုင်းမရသော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ကျွန်တော်ခံစားခဲ့ရသည်။ ကျွန်တော့်ခြေထောက်လည်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာသည်။ တစ်ညနေခင်းတွင် ကျွန်တော့်အမျိုးသမီးက သူနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရန် ပြောခဲ့သည်။ ဘုရားသခင်က၊ “အရည်အချင်း၊ ဉာဏ်ပညာ၊ စိတ်စွမ်းအား မတူညီမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ၊ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမြတ်သူနှင့် သေးနုတ်သူ၊ မြင့်သောသူနှင့် နိမ့်သောသူ၊ ချီးမြှောက်ခံရသူနှင့် နှိမ့်ကျသောသူတို့ကြား မခွဲခြားပေ။ လူတစ်ယောက်က မည်သည့် အလုပ်အကိုင်ကို ရှာဖွေလိုက်စားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ကြွယ်ဝချမ်းသာမှု မည်မျှ စုဆောင်းသည် စသည်တို့သည် မိမိ၏မိဘ၊ မိမိပါရမီ၊ အားစိုက်ထုတ်မှုများ သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပေသည်။” ဟု မိန့်ဆိုသည်ကို သိမြင်ခဲ့ရသည်။

လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။

ကျွန်တော့်အမျိုးသမီးက၊ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က အရမ်းကို ရှင်းလင်းတယ်။ လူ့ဘဝရဲ့ အဓိပ္ပာယ်ဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာရှိခြင်းနဲ့ စီမံမှုများအပေါ် မိမိကိုယ်ကိုမိမိ ကျိုးနွံနာခံပြီးတော့ ဘုရားရဲ့ နှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်းမှာ တည်မှီတယ်။ အဲဒီနည်းအားဖြင့်သာ ကျွန်မတို့ရဲ့ အသက်တာတွေကို ကောင်းမွန်စွာ နေထိုင်အသက်ရှင်နိုင်တာပါ။ ဘဝမှာ ကျွန်မတို့ ဓနဥစ္စာ ဘယ်လောက်ရှိရမလဲဆိုတာကို အဆုံးအဖြတ်ပေးတာက ဘုရားသခင်ပါပဲ။ ကျွန်မတို့ ငွေရှိတယ် မရှိဘူးဆိုတာက ကျွန်မတို့ရဲ့ ကြိုးစားလုပ်ဆောင်ခြင်း အပေါ်မှာ မမူတည်ပါဘူး။ အဲဒါက ကျွန်မတို့အတွက် ဖန်ဆင်းရှင်ရဲ့ အကြံအစည်အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်တာပါ။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့တဲ့ အတိတ်အကြောင်းကို ကျွန်မတို့ စဥ်းစားကြည့်ရင် ကျွန်မတို့ရဲ့ ကံကြမ္မာနဲ့ ဆန့်ကျင်အောင် အဆက်မပြတ် ရုန်းကန်ကြိုးစားပြီး ငွေရဖို့အရေး အမြဲတမ်း သွားလိုက်လာလိုက် ပြေးလွှားနေခဲ့ကြရတယ်။ ကျွန်မတို့ဟာ ငွေအတွက် နည်းနည်းလေးမှ ဝန်မလေးဘဲ ကျွန်မတို့ရဲ့ အသက်နဲ့ လဲလှယ်ဖို့တောင် ဆန္ဒရှိခဲ့ကြတယ်။ ကျွန်မတို့ဟာ ဆင်းရဲဒုက္ခနဲ့ ခြေကုန်လက်ပန်းကျခြင်းတို့နဲ့ ပြည့်နှက်တဲ့ဘဝမှာ နေထိုင်ခဲ့ပြီး ဘဝမှာ ဘာပျော်ရွှင်မှုကိုမှ မတွေ့ကြုံခဲ့ရဘူး။ အဲဒါတွေအားလုံးဟာ ကျွန်မတို့က ဘုရားသခင်ကို မသိဘဲ ကျွန်မတို့အတွက် သူကြံစည်ပေးခဲ့တဲ့အရာတွေကို ကျိုးနွံနာခံနိုင်စွမ်း မရှိခဲ့ကြလို့ပဲ။ အခုကစပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ကျွန်မတို့ ပြုမူလုပ်ဆောင်ရမယ်၊ သူ့ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံတတ်ဖို့ သင်ယူပြီးတော့ ကျွန်မတို့ရဲ့ အသက်တမျှ ငွေကိုချစ်ခြင်းနဲ့ ဆိုင်တဲ့ အဓိပ္ပာယ်မဲ့၊ မှားယွင်းတဲ့ သဘောထားကို ပြုပြင်ပြောင်းလဲရမယ်။ ဒါဆို သမ္မာတရားကို ရှာဖွေရင်းနဲ့ ဘုရားသခင်ကို ယုံကြည်ရင်း မှန်ကန်တဲ့ ဘဝလမ်းကြောင်းပေါ် ကျွန်မတို့ လျှောက်လှမ်းနိုင်ပြီပေါ့။” ဟု ပြောပါသည်။

ကျွန်တော်ကလည်း၊ “မှန်တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် အခု ငါနားလည်ပါပြီ။ ဘဝမှာ လူတစ်ယောက် ချမ်းသာမလား မဟုတ်ရင် ဆင်းရဲမလားဆိုတာ အဆုံးအဖြတ်ပေးတဲ့သူက တကယ်ပဲ ဘုရားသခင်ပါ။ ငါ မအားမလပ်အောင် ဘယ်လောက် အလုပ်ရှုပ်ခဲ့ပါစေ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ငါဘယ်တော့မှ ကျော်လွန်နိုင်မှာ မဟုတ်ဘူး၊ ငါ့အတွေ့အကြုံက အဲဒီအတွက် သက်သေအလုံအလောက်ပဲ။ အရင်က ငါ့မှာ ပိုက်ဆံရှိရင် ဘာမဆို ငါပိုင်ပြီ၊ ငွေနဲ့ဆို မြင့်မားတဲ့ဘဝကို ငါနေနိုင်ပြီလို့ ထင်ပြီးတော့ ပိုက်ဆံရဖို့ ငါအသည်းအသန် ရုန်းကန်ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒီအက်ဆီးဒင့်က ငါ့ကို လှုပ်နိုးလိုက်တယ်၊ ဘယ်လောက်ငွေပမာဏကမှ ငါ့အသက်နဲ့ရင်းဖို့ မတန်ဘူး။ အခုတော့ ငါ့ရဲ့ အတွေးအခေါ်ဟောင်းတွေကို ပြောင်းလဲဖို့၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စည်းမျဥ်းတို့ကို ကျိုးနွံနာခံဖို့နဲ့ ဘုရားသခင်ကို ကျိုးနွံနာခံထားတဲ့ လူတစ်ယောက်ဖြစ်လာဖို့ ငါဆန္ဒရှိနေပါပြီ။” ဟု ပြောလိုက်သည်။

ကျွန်တော့်အမျိုးသမီးက၊ “ဟုတ်တယ်၊ ကျွန်မတို့ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို ရှာဖွေဖို့ပဲ လိုတာပါ၊ ဒါဆို ကျွန်မတို့ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာကို ရရှိလိမ့်မယ်။” ဟု ပြောသည်။

တစ်နှစ်အကြာတွင် ဘုရားသခင်၏ ကရုဏာတော်ကြောင့် ကျွန်တော့်ခြေထောက်မှာ ပကတိပျောက်ကင်းခဲ့ပြီ။ ကျွန်တော်သည် ဘီးတပ်ကုလားထိုင်မှ ကင်းလွတ်ပြီး ကျွန်တော့်လမ်းလျှောက်တုတ်လည်း မလိုအပ်တော့ပေ။ ကျွန်တော်သည် ပေါ့ပါးသောအလုပ် အနည်းငယ်ကိုလည်း နောက်တစ်ဖန် ပြန်လုပ်နိုင်လာပြီ။ ထိုအရာမှာ အမှန်ပင် ဘုရားသခင်ကြောင့်ပါတကား။ စာတန်၏ အဓိပ္ပာယ်မဲ့၊ မှားယွင်းသော အတွေးအခေါ်များအတိုင်း ကျွန်တော် မနေထိုင်တော့ပေ။ ထို့အစား ကျွန်တော်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံမှုများကို သစ္စာရှိစွာ ကျိုးနွံနာခံခဲ့သည်။ ဘုရားသခင်က ကျွန်တော့်ကို မတရားမပြုမူခဲ့ပါ။ စက်ရုံတစ်ရုံစီမံခန့်ခွဲသော ကျွန်တော်၏ ဆွေမျိုးသားချင်းတစ်ဦးက ကျွန်တော် အိမ်မှာ အလုပ်လုပ်နိုင်ရန်အတွက် စက်တစ်လုံး ပေးခဲ့ပြီး ၎င်းက ကျွန်တော်၏ ငွေရေးကြေးရေးပြဿနာများကို အဓိကအားဖြင့် ဖြေရှင်းပေးခဲ့သည်။ ယခုတွင် ကျွန်တော်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်တော့်တာဝန်ကို လက်ခံတတ်ပြီ- ယခင်ကလို ကျွန်တော် အသည်းအသန် မရုန်းကန်တော့ပါ။ ကျွန်တော် အရင်ရှိနေကျအတိုင်း ငွေအမြောက်အမြား မရှိသော်လည်း စိတ်၏ငြိမ်သက်ခြင်းကို ကျွန်တော် တွေ့ရှိခဲ့ပြီ။ ကျွန်တော်သည် လွတ်လပ်မှုနှင့် လွတ်မြောက်စေမှု အသိတရားနှင့်ယှဥ်လျက် အသက်ရှင်ပါသည်။ ဘုရားသခင်က ကျွန်တော်၏ မတော်တဆမှုမှတစ်ဆင့် အထူးမေတ္တာမျိုးကို ပေးခဲ့သည်။ ဘုရားသခင်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါ၏။

Share