စာရင်း

နောက်လာမည့်အရာ

ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၁)

169 22/06/2020

စကြဝဠာနှင့် မိုဃ်းမျက်နှာကြက်၏ ကျယ်ပြောမှုထဲတွင်၊ ရေတွက်၍မရသော သက်ရှိသတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်နာကာ ပုံသေစည်းကမ်း တစ်ရပ်ကို လိုက်နာကြသည်။ သေသူများသည် ရှင်သူများ၏ ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူသွားကြပြီး ရှင်နေသူများသည် သေပြီးသောသူများ၏ ဝမ်းနည်းဖွယ်ရာ သမိုင်းတစ်ရပ်ကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကို “ငါတို့သည် မည်သည့်အတွက် အသက်ရှင်သနည်း။ အဘယ်ကြောင့် သေရသနည်း။ ဤကမ္ဘာကို အုပ်ချုပ်သူမှာ မည်သူနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ သဘာဝမိခင်က လူသားမျိုးနွယ်ကို အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အကယ်ပင် ထိန်းချုပ်နိုင်သလော...” ဟု မမေးဘဲ မနေနိုင်တော့ပါ။ နှစ်ပေါင်းထောင်ပေါင်းများစွာ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို ထပ်တလဲလဲ မေးနေခဲ့သည်။ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ငတ်မွတ်လာလေလေ ဖြစ်သည်မှာ ဆိုးလှသည်။ သိပ္ပံပညာသည် ခဏတာ ဆန္ဒပြည့်စေပြီး အသွေးအသားကို ယာယီပျော်ရွှင်မှု ပေးသော်လည်း လူသားကို တစ်ဦးတည်းဖြစ်နေခြင်း၊ အထီးကျန်နေခြင်းနှင့် မိမိစိတ်ဝိညာဉ်၏ နက်ရှိုင်းရာအတွင်းရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်ကင်းစေသည်အထိ လုံလောက်ရန် ဝေးပါသေးသည်။ ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး ဦးနှောက်ဖြင့်နားလည်နိုင်သည့် သိပ္ပံပညာကို မိမိ၏နှလုံးသား ခံစားမှု ကင်းမဲ့စေရုံမျှသာ လူသားတို့က အသုံးပြုခြင်းဖြစ်သည်။ သို့ရာတွင် နက်နဲရာများကို စူးစမ်း လေ့လာမှုမပြုရန် ၎င်းသိပ္ပံပညာသည် လူသားတို့ကို တားမြစ်နိုင်ခြင်း မရှိပါ။ လူသားတို့သည် လူသားတို့၏အစနှင့် အနာဂတ်တို့ကို သိရန်မဆိုထားနှင့် စကြဝဠာရှိ အလုံးစုံသော အရာတို့၏ အချုပ်အခြာအာဏာရှင် မည်သူဖြစ်သည်ကိုပင် မသိပါ။ လူသားသည် ဤနိယာမအကြားတွင် မတတ်သာ၍ အသက်ရှင်နေရုံမျှသာ ဖြစ်သည်။ မည်သူမျှ ထိုအရာကို လွတ်မြောက်နိုင်ခြင်း မရှိ။ ပြောင်းလဲနိုင်ခြင်း မရှိ။ အကြောင်းမှာ အလုံးစုံသောအရာများအကြားနှင့် ကောင်းကင်ဘုံ၌ ခပ်သိမ်းသောအရာတို့အပေါ် ကမ္ဘာအဆက်ဆက် အချုပ်အခြာ အာဏာရှိသူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ လူသားတို့ တစ်ခါမျှ မမြင်ဖူးသောသူ၊ လူသားတို့ တစ်ခါမျှ မသိဖူးသူ၊ ၎င်းရှိကြောင်း လူသားတို့တစ်ခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားတို့၏ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားတို့ကို အသက်ပေးခဲ့သူဖြစ်သည်။ လူသားများ ရှိနေရေးအတွက် ထောက်ပံ့အားဖြည့်ပေးနေပြီး ယနေ့တိုင် လူသားတို့ကို လမ်းပြသူဖြစ်သည်။ ထို့အပြင် သူသာလျှင် လူသားတို့ ရှင်သန်နေရေးအတွက် အားထားရာ ဖြစ်သည်။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး စကြဝဠာအောက် သက်ရှိအားလုံးကို အုပ်စိုးသူ ဖြစ်သည်။ ရာသီလေးပါးကို ကွပ်ကဲအုပ်စိုး၍ လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူဖြစ်သည်။ လူသားတို့ကို နေရောင်ပေး၍ ည၏ အလာကို ဆောင်ကြဉ်းသူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ၊ လူသားတို့ကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ပေးသောသူမှာ သူဖြစ်သည်။ သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းတစ်ခုစီသည် သူ့အမှု၏ ပြယုဂ်ဖြစ်ပြီး ၎င်းတို့တစ်ခုစီတိုင်းသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ သူ၏အချုပ်အခြာအာဏာမှ မိမိကိုယ်ကို လွတ်ငြိမ်းခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ ထို့အပြင် သူ၏အစီအမံများမှ မိမိကိုယ်ကို ထွက်ခွာခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ အလုံးစုံသောအရာတို့သည် သူ၏စူးစိုက်ကြည့်မှုအောက်တွင် ရှိသည့်အပြင် အလုံးစုံသော အရာတို့သည် သူ၏အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် တန်ခိုးတို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရပေသည်။ သူမှလွဲ၍ အခြားမည်သည့်အရာမျှ ဤလူသားများကို စဉ်ဆက်မပြတ် စောင့်ရှောက်နိုင်ရန် မဆိုထားနှင့် စကြဝဠာကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိပါ။ သင်သည် ဘုရားသခင်၏အမှုကို သိနိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ရှိကြောင်း ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်၏ ခန့်ထားတော်မူခြင်း အတွင်း သင်၏ကံကြမ္မာ တည်ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ ၎င်းအပြင် ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာ အာဏာ အစဉ်ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ သူရှိကြောင်းနှင့် သူ၏အာဏာတို့မှာ လူသားတို့၏ အသိအမှတ် ပြုခံရနိုင်ခြင်း ရှိမရှိ၊ နားလည်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်နေသည် မဟုတ်ပါ။ လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သူသာလျှင်သိပြီး သူသာလျှင် လူသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားသည် မိမိ၏မျက်စိဖြင့် မြင်မည့်အချိန်မှာ မကြာမြင့်တော့ပါ။ ထို့အပြင် ဘုရားသခင်သည် ဤအချက်ကို မကြာမီ အောင်မြင်စွာ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်၍ သေဆုံးကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်သည်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှုအတွက်ပင် ဖြစ်သည်။ လူသားသည် ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ထပ်ခါတလဲလဲ လုပ်သည်။ ဤသည်တို့အားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအမံတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲရှေ့သို့ တက်လှမ်းနေပြီး မည်သည့်အခါမျှ ရပ်စဲမသွားပေ။ လူသားမျိုးနွယ် အနေဖြင့် သူရှိကြောင်းသိရှိရန်၊ သူ၏ အချုပ်အခြာအာဏာအပေါ် ယုံကြည်စိတ်ချရန်၊ သူ၏လုပ်ဆောင်ချက်ကို မြင်ရန်နှင့် သူ၏နိုင်ငံတော်သို့ ပြန်လာရန် သူပြုလုပ်မည် ဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ သူလုပ်ကိုင် နေခဲ့သည် အမှုပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

အမှာစကား ချန်ခဲ့မည်