စာရင်း

နောက်လာမည့်အရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၆

19,700 10/10/2020

သင်တို့၏ နေ့စဉ်အသက်တာတွင် ဆုတောင်းခြင်းကို သင်တို့ အရေးမထားပေ။ လူသားသည် ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှု၏။ ဆုတောင်းချက်များသည် ဘုရားသခင်၏ရှေ့တွင် လူသားက ဟန်ဆောင်လုပ်ပြခြင်း သက်သက်ဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်လေ့ရှိခဲ့သည်၊ မည်သည့်လူသားကမျှ မိမိ၏ နှလုံးသားကို ဘုရားသခင်၏ ရှေ့မှောက်တွင် အပြည့်အဝ မဆက်ကပ်ခဲ့ဖူးသကဲ့သို့၊ စစ်မှန်သည့် ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် မထိတွေ့ခဲ့ဖူးကြပေ။ လူသားသည် ဒုက္ခဖြစ်သည့်အခါမှသာ ဘုရားသခင်ကို ဆုတောင်းကြသည်။ ဤအချိန်တစ်လျှောက်လုံးတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ဆုတောင်းဖူးသလော။ ဘုရားသခင်၏ရှေ့တွင် နာကျင်မှု မျက်ရည်များကို သင်ငိုကြွေးဖူးသလော။ ဘုရားသခင်၏ရှေ့တွင် မိမိကိုယ်ကိုယ် သိမြင်လာခဲ့သည့်အချိန် ရှိဖူးသလော။ ဘုရားနှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆုတောင်းချက်တစ်ခု သင်ရှိဖူးပါသလော။ ဆုတောင်းခြင်းသည် လက်တွေ့လုပ်ဆောင်မှုမှတဆင့် လာ၏။ သင်သည် သာမန်အားဖြင့် အိမ်တွင် ဆုတောင်းလေ့မရှိပါက၊ ဘုရားကျောင်းတွင်လည်း ဆုတောင်းလိမ့်မည် မဟုတ်သကဲ့သို့၊ လူအနည်းငယ်စုရုံးသည့် အခါများတွင် ပုံမှန် ဆုတောင်းလေ့ မရှိပါက၊ လူများစွာ ဆုတောင်းသည့် အခါများတွင် သင်ဆုတောင်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ ပုံမှန်ချဉ်းကပ်လေ့ မရှိသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စားမြုံ့ပြန်လေ့မရှိပါက၊ ဆုတောင်းသည့် အချိန်ရောက်သည့်အခါ သင့်အနေဖြင့် ပြောစရာဘာမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဆုတောင်းလျှင်ပင် ပါးစပ်ပြောမျှသာ ဖြစ်လိမ့်မည်။ စစ်မှန်သော ဆုတောင်းခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။

စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သူ၏ အလိုတော်ကို သင် သဘောပေါက်သည့်အတိုင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို ဆက်သွယ်ခြင်း၊ ဘုရားသခင်နှင့် အထူးသဖြင့် ရင်းနှီးသည်ဟု ခံစားခြင်း၊ သူသည် သင်၏ ရှေ့တွင် ရှိနေသည်ဟု ခံစားရခြင်းနှင့် သူ့ကို ပြောစရာတစ်ခုခု ရှိသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သည်ဟု ခံစားရကာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို သင် ခံစားရသည်။ သင်သည် အထူးသဖြင့် လှုံ့ဆော်မှုကို ခံစားရပြီး သင်ပြောသည့်အရာကို နားထောင်ခြင်းက သင်၏ညီအစ်ကို မောင်နှမများကို အားရကျေနပ်မှု ပေးသည်။ သင်၏ စကားများသည် ၎င်းတို့ ကိုယ်တိုင်၏စကားများ ကိုယ်စားပြောသည့်အလား၊ သင်ပြောသည့် စကားများက ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ရှိသည့် စကားများ၊ ၎င်းတို့ပြောချင်သည့် စကားများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဤသည်မှာ စစ်မှန်သည့် ဆုတောင်းခြင်း ဖြစ်သည်။ စစ်မှန်သော ဆုတောင်းခြင်းကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်းလိမ့်မည်ဖြစ်ပြီး အားရကျေနပ်ခြင်းကို သိလိမ့်မည်။ ဘုရားကို ချစ်ဖို့စွမ်းအား မြင့်မားလာနိုင်ပြီး ဘဝတွင် ဘုရားသခင်ကို ချစ်ခြင်းထက် သာ၍ တန်ဖိုးရှိသည့်အရာ သို့မဟုတ် အရေးပါသည့်အရာ မရှိဟု သင် ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်၏ဆုတောင်းခြင်းများ ထိရောက်သည်ကို သက်သေပြပေသည်။ သင်သည် ထိုသို့သော နည်းလမ်းဖြင့် ဆုတောင်းဖူးပါသလော။

ပြီးလျှင် မည်သည့် အကြောင်းအရာကို သင် ဆုတောင်းသနည်း။ သင်၏ ဆုတောင်းခြင်းသည် သင့်စိတ်နှလုံး၏ စစ်မှန်သော အခြေအနေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ နှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သင့်သည်။ သင်သည် ဘုရားသခင်၏ အလိုတော်၊ လူသားကို သူ တောင်းဆိုသည့် အရာနှင့်အညီ ဘုရားသခင်ကို မိတ်သဟာယပြုရန် လာသည်။ ဆုတောင်းခြင်းကို သင်စတင်၍ လက်တွေ့လုပ်ဆောင်သည့် အခါတွင်၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလော့။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ဖို့ မကြိုးပမ်းနှင့်- သင်၏နှလုံးသားထဲတွင်ရှိသည့် စကားများကိုသာ ဘုရားသခင်ကို ပြောဖို့ကြိုးစားလော့။ ဘုရားသခင်ရှေ့သို့ သင် လာသည့်အခါတွင်၊ ဤကဲ့သို့ ပြောလော့- “အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံလေ့ရှိခဲ့သည်ကို ယနေ့မှ ကျွန်ုပ် သိပါ၏။ ကျွန်ုပ်သည် ဧကန်အမှန် ဖောက်ပြန်ပျက်စီးပြီး စက်ဆုပ်ဖွယ်ဖြစ်ပါ၏။ ကျွန်ုပ်၏ဘဝကို ကျွန်ုပ် ဖြုန်းတီး၍သာ နေမိပါပြီ။ ယနေ့မှစ၍ ကိုယ်တော့်အတွက်အသက်ရှင်ပါမည်။ အဓိပ္ပါယ်ရှိသည့် ဘဝကို အသက်ရှင်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းပါမည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်ကို စဉ်ဆက်မပြတ် အလင်းပြကာ ဉာဏ်အလင်းပေးလျက် ကျွန်ုပ်၏အထဲတွင် လုပ်ဆောင်စေတော်မူပါ။ ကျွန်ုပ်အား ကိုယ်တော်၏ ရှေ့တွင် ခိုင်မာပြီး ထူးကဲလှသည့် သက်သေခံခွင့်ပေးတော်မူပါ။ ကိုယ်တော်၏ဘုန်းတော်၊ ကိုယ်တော်၏ သက်သေခံချက်ကို စာတန်အား မြင်စေတော်မူပါ။ ကိုယ်တော်၏ အောင်မြင်မှု သက်သေကို ကျွန်ုပ်တို့၏အတွင်း၌ ထင်ရှားစေတော်မူပါ။” ဤသို့ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးသည် လုံးဝ လွတ်မြောက်လိမ့်မည်။ ဤသို့ ဆုတောင်းပြီးသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးလာလိမ့်မည် ဖြစ်ပြီး၊ ဤနည်းဖြင့် မကြာခဏ သင်ဆုတောင်းနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်သည် ဘုရားကို ဤနည်းလမ်းဖြင့် အမြဲခေါ်ပြီး သူ့ရှေ့မှောက်တွင် သင်၏ ဆုံးဖြတ်ချက်ကို ချပါက၊ သင်၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်သည့် နေ့တစ်နေ့၊ သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင် ရယူကာ နောက်ဆုံးတွင် သင့်ကို သူ စုံလင်စေသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ သင်တို့အတွက် ဆုတောင်းခြင်းသည် အရေးကြီးဆုံး ဖြစ်၏။ သင်ဆုတောင်းပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိသည့်အခါတွင်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်ခွန်အား ပေါ်ထွက်လာလိမ့်မည်။ သင်၏စိတ်နှလုံးဖြင့် ဆုမတောင်းပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သင် ရင်မဖွင့်ပါက၊ ဘုရားသခင်သည် သင့်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ဆုတောင်းပြီး သင့်စိတ်နှလုံးထဲက စကားများကို ပြောဆိုပြီးနောက်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် စတင် အလုပ်မလုပ်ရသေးသကဲ့သို့ မည်သည့် နှိုးဆော်မှုကိုမျှ သင်မရရှိပါက၊ သင်၏စိတ်နှလုံးသည် ရိုးသားမှု ကင်းမဲ့သည်၊ သင်၏စကားများ မမှန်ကန်သကဲ့သို့ မဖြူစင်သေးသည်ကို ဤအရာက ပြသပေသည်။ ဆုတောင်းပြီးသည့်နောက်၊ အားရကျေနပ်မှု ခံစားချက်တစ်ခု သင် ရှိပါက၊ သင်၏ ဆုတောင်းချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်ပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်နေပေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အစေခံသည့် သူတစ်ဦးအနေနှင့်၊ သင်သည် ဆုတောင်းခြင်းမရှိဘဲ မနေနိုင်ပေ။ သင်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသည့် အရာတစ်ခုအဖြစ် အမှန်တကယ် မြင်ပါက၊ ဆုတောင်းခြင်းကို သင်စွန့်လွှတ်နိုင်သလော။ မည်သူမျှ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့ဘဲ မနေနိုင်ချေ။ ဆုတောင်းခြင်း မရှိပါက၊ သင်သည် ဇာတိပကတိ၌၊ စာတန်၏ ကျေးကျွန်ဘဝတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ စစ်မှန်သည့် ဆုတောင်းခြင်း မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပေသည်။ အသင် ညီအစ်ကို မောင်နှမတို့သည် နေ့စဉ်နေ့တိုင်း စစ်မှန်သော ဆုတောင်းခြင်းကို ပြုနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ဤသည်မှာ စည်းကမ်းများကို လိုက်နာခြင်းအကြောင်းမဟုတ်ဘဲ၊ ရလဒ်တစ်ခုခုကို ရရှိခြင်းအကြောင်း ဖြစ်သည်။ သင်သည် နံနက် ဆုတောင်းခြင်းများအတွက် စောစောထဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ဖို့ အိပ်စက်ခြင်းနှင့် ပျော်မွေ့မှုများကို အနည်းငယ်လျှော့ရန် လိုလားသလော။ သင်သည် ဖြူစင်သည့် စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤသို့ စားသောက်ပါက၊ သင်သည် သူ့အဖို့ သာ၍ လက်ခံနိုင်ဖွယ် ဖြစ်လိမ့်မည်။ ဤအရာကို နံနက်တိုင်း သင် လုပ်ဆောင်ပါက၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်း၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းနှင့် သူနှင့် ဆက်ဆံခြင်းတို့အား နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ အသိပညာသည် ဧကန်မုချ တိုးပွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သင်သည် သာ၍ ကောင်းစွာ သဘောပေါက်နိုင်လိမ့်မည်။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလားပါ၏။ ကျွန်ုပ်တို့၌ ကိုယ်တော် ဘုန်းထင်ရှားဖို့အလို့ငှာ၊ ဤလူစုဖြစ်သည့် ကျွန်ုပ်တို့၏ သက်သေခံချက်ကို ကိုယ်တော် နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံးကို ကိုယ်တော်ကိုသာ ကျွန်ုပ် ဆက်ကပ်ပါ၏။ ကိုယ်တော့်ကို ကျွန်ုပ် မှန်တကယ်ချစ်နိုင်ဖို့နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေကာ ကျွန်ုပ်၏ ရည်မှန်းချက် ပန်းတိုင်အဖြစ် ကိုယ်တော့်ကို လိုက်စားနိုင်ဖို့ ကျွန်ုပ်တို့၏ အထဲတွင် လုပ်ဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟု ပြောသည်။ ဤဝန်တာကို သင် တာဝန်ယူသည်နှင့်အညီ၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေလိမ့်မည်။ သင်ကိုယ်တိုင်၏ အကျိုးအတွက်သာ သင် ဆုမတောင်းသင့်ဘဲ၊ ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့နှင့် သူ့ကို ချစ်ဖို့အလို့ငှာလည်း သင် ဆုတောင်းသင့်၏။ ဤသည်မှာ အမှန်ကန်ဆုံးသော ဆုတောင်းချက်မျိုး ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့အတွက် ဆုတောင်းသောသူတစ်ဦးလော။

ယခင်က မည်သို့ ဆုတောင်းရမည်ကို သင်တို့မသိခဲ့သကဲသို့၊ ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှုခဲ့ကြသည်။ ယခုတွင်၊ ဆုတောင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်ဖို့ သင် အကောင်းဆုံး လုပ်ဆောင်ရမည်။ သင်သည် ဘုရားသခင်ကို ချစ်ဖို့ သင့်အတွင်းတွင် ရှိသည့် ခွန်အားကို မစေ့ဆော်နိုင်ပါက၊ သင်မည်သို့ ဆုတောင်းသနည်း။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်စွမ်းမရှိပါ။ ကျွန်ုပ် ကိုယ်တော်ကို ချစ်ချင်သော်လည်း ခွန်အား ကင်းမဲ့ပါ၏။ အဘယ်အရာကို ကျွန်ုပ် လုပ်သင့်ပါသနည်း။ ကျွန်ုပ်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးပြီး ကျွန်ုပ်၏ စိတ်နှလုံးသားကို ကိုယ်တော်၏ ဝိညာဉ်တော်အား တို့ထိစေတော်မူပါ။ ကိုယ်တော်၏ ရှေ့မှောက် ကျွန်ုပ် လာသည်နှင့်အမျှ၊ အပျက်သဘောဆောင်သမျှကို ကျွန်ုပ် စွန့်ပစ်စေတော်မူပါ၊ မည်သည့် လူပုဂ္ဂိုလ်၊ ကိစ္စရပ်၊ သို့မဟုတ် အမှုအရာမဆို၏ ထိန်းချုပ်ခြင်းကို ကျွန်ုပ် မခံသကဲ့သို့၊ ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ် စိတ်နှလုံးကို လုံးဝ ဖွင့်ချ၏၊ ထိုသို့ဖြင့် ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ကိုယ်တော့်အား ကျွန်ုပ် ဆက်ကပ်စေတော်မူပါ။ သို့သော်၊ ကျွန်ုပ်ကို ကိုယ်တော် စစ်ဆေးနိုင်ပါ၏၊ ကျွန်ုပ် အဆင်သင့် ရှိပါသည်။ ယခု၊ ကျွန်ုပ်၏ အနာဂတ် ရှေ့ရေးကို ကျွန်ုပ် ထည့်မတွက်သကဲ့သို့၊ သေခြင်းတရား၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင်လည်း ကျွန်ုပ်မရှိပါ။ ကိုယ်တော်ကို ချစ်သည့် စိတ်နှလုံးတစ်ခုဖြင့်၊ အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါ၏။ ကိစ္စရပ်တိုင်း၊ အရာရာတိုင်း- အားလုံး ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်ုပ်၏ ကံကြမ္မာသည် ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပြီး ကျွန်ုပ်၏ တကယ့် အသက်တာကို ကိုယ်တော့်လက်ထဲတွင် ကိုယ်တော် ထိန်းချုပ်ထားပါ၏။ ယခုတွင်၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားပြီး၊ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က မည်သို့ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါ၏” ဟု ဆိုသည်။ ဤပြဿနာကို သင်ကြုံရသည့်အခါ၊ ဤသို့ ဆုတောင်းလော့။ သင်သည် ဤသို့ နေ့တိုင်း ဆုတောင်းပါက၊ ဘုရားကို ချစ်ရန် ခွန်အားသည် တဖြည်းဖြည်း မြင့်မားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

အမှာစကား ချန်ခဲ့မည်