Read more!
Read more!

ဘုရားသခင်သည် သောဒုံမြို့ကို ဖျက်ဆီးရမည်

ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ နေရာတစ်ခုလုံးကို ငါချမ်းသာပေးမည်ဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၂၉ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လျှင်၊...ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၀ တဖန်တုံ...ထိုမြို့၌ သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊...ငါမပြုဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၁ တဖန်တုံ...ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊...ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၂ တဖန်တုံ...ထိုမြို့၌ တစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊...ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။

ဤသည်တို့မှာ သမ္မာကျမ်းမှ ငါရွေးချယ်ထားသော ကောက်နုတ်ချက်အနည်းငယ် ဖြစ်သည်။ ၎င်းတို့မှာ ပြည့်စုံသည့်၊ မူရင်း ပုံစံများ မဟုတ်ပေ။ အကယ်၍ ထိုအရာများကို သင်တို့ မြင်လိုပါက၊ သမ္မာကျမ်းထဲတွင် သင်တို့ကိုယ်တိုင် ရှာ၍ ကြည့်နိုင်သည်။ အချိန်ကုန် သက်သာစေရန်၊ မူရင်း အကြောင်းအရာနှင့် သက်ဆိုင်သည့် အပိုင်းကို ငါ ချန်လှပ်ထားပြီး ဖြစ်သည်။ ဤနေရာတွင် ငါတို့၏ ယနေ့မိတ်သဟာယနှင့် ပတ်သက်၍ ဆက်စပ်မှုမရှိသော စာကြောင်းအချို့ကို ချန်ရင်း၊ အဓိကကျသော ကျမ်းပိုဒ်နှင့် စာကြောင်း အချို့တို့ကိုသာ ငါရွေးချယ်ထားပြီးဖြစ်သည်။ ငါတို့မိတ်သဟာယပြုသည့် ကျမ်းပိုဒ်များနှင့် အကြောင်းအရာ အားလုံးတို့တွင်၊ ငါတို့၏ အာရုံသည် အသေးစိတ် အဖြစ်အပျက်များ၏ အသေးစိတ် အကြောင်းအရာများနှင့် ထိုအဖြစ်အပျက်များထဲက လူတို့၏ အပြုအမူတို့ကို ကျော်သွားသည်။ ယင်းအစား ထိုအချိန်က ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများက မည်သည့်အရာများ ဖြစ်ခဲ့သည်ကိုသာ ငါတို့ပြောဆိုကြပေသည်။ ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများထဲတွင်၊ ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် ပြုခဲ့သမျှ အရာတိုင်းမှ ငါတို့သည် စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်ကို မြင်ကြရလိမ့်မည် ဖြစ်သည်- ဤတွင် ငါတို့၏ ရည်မှန်းချက်ကို ငါတို့ စွမ်းဆောင်ရရှိကြလိမ့်မည် ဖြစ်သည်။

ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံနိုင်ပြီး သူ၏ အမိန့်များကို လိုက်လျှောက်နိုင်သော သူများကိုသာ ဂရုစိုက်သည်

အထက်ပါ ကျမ်းပိုဒ်များတွင် အဓိကကျသော စကားလုံးအချို့ ပါရှိ၏- ဂဏန်းများ ဖြစ်သည်။ ပထမဦးစွာ ယေဟောဝါက မြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကို သူတွေ့ပါက၊ တစ်နေရာလုံးကို ချမ်းသာပေးမည်ဟု ဆိုခဲ့သည်၊ ယင်းမှာ သူသည် ထိုမြို့ကို ဖျက်ဆီးမည် မဟုတ်ဟု ဆိုရပေမည်။ သို့ဆိုလျှင် သောဒုံမြို့အတွင်းတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ် အမှန်တကယ် ရှိခဲ့သလော။ မရှိခဲ့ပေ။ နောက်မကြာမီတွင် အာဗြဟံသည် ဘုရားသခင်အား မည်သည့်အရာကို ပြောခဲ့သနည်း။ သူက လေးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုခဲ့သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ဆိုခဲ့၏။ ထို့နောက် အာဗြဟံက သုံးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုပြန်သည်။ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ဆို၏။ ပြီးလျှင် နှစ်ဆယ်ဆိုပါက အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ တစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ အမှန်တွင် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ ဆယ်ဦး ရှိခဲ့သလော။ ဆယ်ဦး မရှိခဲ့ပါ- သို့သော် တစ်ဦး ရှိခဲ့သည်။ ဤသူမှာ မည်သူ ဖြစ်သနည်း။ လောတဖြစ်သည်။ ထိုအချိန်က သောဒုံမြို့ထဲတွင် ဖြောင့်မတ်သူ တစ်ဦးသာ ရှိခဲ့သော်လည်း၊ ဘုရားသခင်သည် ဤဂဏန်းနှင့်ပတ်သက်လာပါက အလွန်တင်းကျပ် သို့မဟုတ် တိကျခဲ့ပါသလော။ မဟုတ်ပါ၊ သူမတင်းကျပ်ခဲ့ပါ။ ထို့ကြောင့် လူက “လေးဆယ်ဆို အဘယ်နည်း။” “သုံးဆယ်ဆို အဘယ်နည်း။” ဟူ၍ “တစ်ဆယ်ဆို အဘယ်နည်း။” ရောက်သည်အထိ မေးမြဲမေးနေခဲ့သည်။ ဘုရားသခင်က “ဆယ်ဦးသာ ရှိခဲ့လျှင်ပင်၊ ထိုမြို့ကို ငါမဖျက်ဆီး၊ ယင်းကို ငါချမ်းသာပေးမည်ဖြစ်ပြီး၊ ထိုဆယ်ဦးအပြင် အခြားလူများကိုပါ ခွင့်လွှတ်မည်။” ဟု ဆိုခဲ့သည်။ ဆယ်ဦးသာ ရှိခဲ့မည်ဆိုပါက၊ သနားရလောက်အောင် ဖြစ်ခဲ့ပေမည်၊ သို့သော် အမှန်တကယ်တွင်တော့ သောဒုံ၌ ဖြောင့်မတ်သောသူ လူများ ထိုအရေအတွက်မျှပင် မရှိသည်ကို တွေ့ခဲ့ရသည်။ ထိုအခါ ဘုရားသခင်၏ အမြင်တွင် ထိုမြို့သားတို့၏ အပြစ်နှင့် မကောင်းမှုသည် ထိုမျှဖြစ်ခဲ့သည်မှာ ဘုရားသခင်သည် ၎င်းတို့ကို ဖျက်ဆီးဖို့ထက် ရွေးချယ်စရာမရှိသည်အထိ ဖြစ်ခဲ့သည်ကို သင်တို့ မြင်ရပေသည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိပါက၊ မြို့ကို သူမဖျက်ဆီးဟု ပြောခဲ့ချိန်တွင် အဘယ်အရာကို သူဆိုလိုခဲ့ပါသနည်း။ ဤကိန်းဂဏန်းများမှာ ဘုရားသခင်အဖို့ အရေးမကြီးခဲ့ပေ။ အရေးကြီးသောအရာမှာ မြို့တွင် သူအလိုရှိခဲ့သော ဖြောင့်မတ်သူများ ရှိ မရှိ ဖြစ်သည်။ အကယ်၍ မြို့သည် ဖြောင့်မတ်သောသူ တစ်ဦးသာ ရှိခဲ့ပါက၊ ဘုရားသခင်သည် မြို့ကို သူ၏ဖျက်ဆီးခြင်းကြောင့် ၎င်းတို့ထံ ဘေးအန္တရာယ် ကျရောက်ခွင့်ပြုမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် မြို့ကို ဖျက်ဆီးမည် ဖြစ်စေ မဖျက်ဆီးမည် ဖြစ်စေ၊ ပြီးလျှင် မြို့အတွင်းတွင် ဖြောင့်မတ်သူ မည်မျှရှိသည်ကို ပဓာနမထားဘဲ ဘုရားသခင်အဖို့ ဤအပြစ်နှင့်ပြည့်သော မြို့သည် ကျိန်ခြင်းကိုခံရပြီး မနှစ်သက်စရာဖြစ်ကာ ဖျက်ဆီးခံရသင့်သည်၊ ဘုရားသခင်၏ မြင်ကွင်းမှ ပျောက်ကွယ်သင့်သော်လည်း၊ ဖြောင့်မတ်သော သူတို့မူကား ကျန်ရှိနေသင့်ပေသည်။ ခေတ်ကာလ ကိုပဓာနမထားဘဲ၊ လူသားမျိုးနွယ်၏ တိုးတက်မှု အဆင့်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ သဘောထားသည် မပြောင်းလဲပေ။ သူသည် မကောင်းမှုကို မုန်းတီးပြီး၊ သူ၏အမြင်တွင် ဖြောင့်မတ်သောသူတို့ကို ဂရုစိုက်၏။ ဘုရားသခင်၏ ရှင်းလင်းသော ဤသဘောထားသည် ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သည့် စစ်မှန်သော ဖွင့်ပြခြင်းလည်း ဖြစ်သည်။ မြို့အတွင်းတွင် ဖြောင့်မတ်သူတစ်ဦးသာ ရှိခဲ့သောကြောင့်၊ ဘုရားသခင်သည် ဆိုင်းငံ့ခြင်း မရှိတော့ပေ။ နောက်ဆုံးရလဒ်မှာ သောဒုံသည် မလွဲဧကန် ဖျက်ဆီးခံခဲ့ရလေသည်။ ဤအရာ၌ သင်တို့ မည်သည့်အရာကို မြင်သနည်း။ ထိုခေတ်တွင် ဘုရားသခင်သည် မြို့တစ်မြို့၌ ဖြောင့်မတ်သူ အယောက်ငါးဆယ် ရှိခဲ့ပါက၊ ထိုမြို့ကို ဖျက်ဆီးမည်မဟုတ်သကဲ့သို့၊ ဆယ်ဦးရှိခဲ့မည်ဆိုပါကလည်း ထိုမြို့ကို ဖျက်ဆီးမည်မဟုတ်ပေ၊ ယင်းမှာ ဘုရားသခင်သည် သူ့ကို ကြည်ညိုလေးမြတ်နိုင်ပြီး ကိုးကွယ်နိုင်သည့် လူအနည်းငယ်ကြောင့်၊ လူသားမျိုးနွယ်အပေါ် ခွင့်လွှတ်ရန်နှင့် သည်းခံရန် ဆုံးဖြတ်လိမ့်မည် သို့မဟုတ် လမ်းပြခြင်းအမှုကို ပြုလိမ့်မည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် လူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များအပေါ် အလွန်စိတ်ချယုံကြည်သည်၊ သူ့ကို ကိုးကွယ်နိုင်သူများအပေါ် သူသည် အလွန်စိတ်ချယုံကြည်ပြီး သူ့ရှေ့မှောက်တွင် ကောင်းသောလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သူများကို အလွန်စိတ်ချယုံကြည်လေသည်။

အစောဆုံး ကာလများမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်လေထံ ဘုရားသခင်က သမ္မာတရား သိစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးအကြောင်း ပြောခြင်းကို သမ္မာကျမ်းစာထဲတွင် သင်တို့ ဖတ်ရှုဖူးပါသလော။ မည်သည့်အခါမျှ မဖတ်ရှုဖူးပေ။ ငါတို့ဖတ်ရှုသည့် လူသားထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကိုသာ ပြောသည်။ အချို့က သွား၍ လုပ်ဆောင်ခဲ့ကြသည်၊ အချို့က မလုပ်ခဲ့ကြပေ။ အချို့က ယုံကြည်ခဲ့ကြပြီး အချို့က မယုံကြည်ခဲ့ကြပေ။ ဖြစ်ခဲ့သမျှမှာ ထိုမျှသာဖြစ်သည်။ ထို့ကြောင့် ထိုခေတ်၏ ဖြောင့်မတ်သောသူများမှာ- ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သောသူများမှာ- ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြားပြီး ဘုရားသခင်၏ အမိန့်များကို လိုက်လျှောက်သောသူများမျှသာ ဖြစ်သည်။ ၎င်းတို့သည် လူသားအလယ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆောင်ရွက်ခဲ့ကြသော အစေခံများ ဖြစ်ကြသည်။ ထိုသို့သော လူများကို ဘုရားသခင်အား သိကျွမ်းသောသူများဟု ခေါ်ဆို၍ရနိုင်သလော။ ၎င်းတို့ကို ဘုရားသခင်၏ စုံလင်စေခြင်းခံရသောသူများဟု ခေါ်နိုင်သလော။ ၎င်းတို့ကို ထိုသို့ မခေါ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ အရေအတွက်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အမြင်တွင် ဤဖြောင့်မတ်သော လူများသည် ဘုရားသခင်၏ လူယုံများဟု ခေါ်ဝေါ်ခြင်း ခံထိုက်ကြပါသလော။ ၎င်းတို့ကို ဘုရားသခင်၏ သက်သေခံများဟု ခေါ်ဆိုနိုင်မည်လော။ လုံးဝ ခေါ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ လူယုံများနှင့် သက်သေခံများဟူ၍ ခေါ်ဝေါ်ခြင်း သေချာပေါက် မခံထိုက်ခဲ့ကြပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုသို့သော လူများကို မည်သို့ခေါ်ဆိုခဲ့သနည်း။ သမ္မာကျမ်းစာတွင် ငါတို့ ခုလေးတင် ဖတ်ရှုပြီးဖြစ်သော ကျမ်းပိုဒ်များအထိ ဘုရားသခင်သည် ၎င်းတို့ကို “ငါ၏အစေခံ” ဟု ခေါ်သည့် ဖြစ်ရပ်များစွာ ရှိပေသည်။ ဆိုလိုသည်မှာ ထိုအချိန်က ဘုရားသခင်၏ အမြင်တွင် ဤဖြောင့်မတ်လူများသည် ဘုရားသခင်၏ အစေခံများ ဖြစ်ခဲ့ကြသည်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်ကို အစေခံခဲ့ကြသည့် လူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ဤအမည်နာမကို မည်သို့ တွေးထင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့ ခေါ်ဆိုခဲ့သနည်း။ ဘုရားသခင်သည် လူတို့ကို သူခေါ်သည့် အမည်နာမများအတွက် သူ၏ စိတ်နှလုံးထဲတွင် စံသတ်မှတ်ချက်များ ရှိပါသလော။ သေချာပေါက် ရှိပေသည်။ ဘုရားသခင်သည် လူတို့ကို ဖြောင့်မတ်သောသူ၊ စုံလင်သောသူ၊ တည်ကြည်သောသူ သို့မဟုတ် အစေခံများဟု မည်သို့ပင် ခေါ်ပါစေ သူ၌ စံနှုန်းများရှိသည်။ သူသည် တစ်စုံတစ်ဦးကို သူ၏အစေခံဟု ခေါ်သည့်အခါ၊ ဤလူသည် သူ၏ စေတမန်များကို လက်ခံနိုင်သည်၊ သူ၏ အမိန့်များကို လိုက်လျှောက်နိုင်ပြီး၊ စေတမန်များ မိန့်သည့် အရာတို့ကို ဆောင်ရွက်နိုင်သည်ဟု ခိုင်မာသော ယုံကြည်မှု ရှိပေသည်။ ဤလူသည် မည်သည့်အရာကို ဆောင်ရွက်သနည်း။ ကမ္ဘာမြေကြီးပေါ်၌ လုပ်ဆောင်ရန်နှင့် ထမ်းရွက်ရန် လူသားကို ဘုရားသခင် မိန့်ကြားထားသော အရာတို့ကို ၎င်းတို့ ဆောင်ရွက်ပေသည်။ ထိုအချိန်က ကမ္ဘာမြေပေါ်တွင် လုပ်ဆောင်ရန်နှင့် ထမ်းရွက်ရန် လူကို ဘုရားသခင် စေခိုင်းခဲ့သော အရာများကို ဘုရားသခင်၏ လမ်းခရီးဟု ခေါ်ဆို၍ရနိုင်မည်လော။ ခေါ်ဆို၍မရနိုင်ပေ။ အကြောင်းမှာ ထိုအချိန်တွင်၊ ဘုရားသခင်သည် လူတို့ကို ရိုးရှင်းသော အမှုအရာ အနည်းငယ်ကိုသာ လုပ်ဆောင်ဖို့ စေခိုင်းခဲ့သည့်အတွက် ဖြစ်သည်။ သူသည် လူကို ဤအရာ သို့မဟုတ် ထိုအရာ လုပ်ရန်သာ ပြောရင်း၊ ရိုးရှင်းသော အမိန့်အနည်းငယ်ကို မိန့်မြွက်ခဲ့ကာ မည်သည့်အရာမျှ မပိုခဲ့ပေ။ ဘုရားသခင်သည် သူ၏ အစီအစဉ်အတိုင်း အမှုပြုနေခဲ့ပေသည်။ ထိုအချိန်က အခြေအနေများစွာတို့သည် ရောက်ရှိခြင်းမရှိခဲ့သေးသောကြောင့်၊ အချိန် မကျသေးသကဲ့သို့ ဘုရားသခင်၏ လမ်းခရီးကို လူတို့ခံယူရန် ခက်ခဲခဲ့သောကြောင့်၊ ဘုရားသခင်၏ လမ်းခရီးကို ဘုရားသခင်၏ စိတ်နှလုံးထဲမှ စတင် မထုတ်ပြန်ေရသေးပေ။ သုံးဆယ် ဖြစ်စေ နှစ်ဆယ် ဖြစ်စေ- ဤနေရာတွင် ငါတို့မြင်ရသည့် ဘုရားသခင် ပြောခဲ့သော ဖြောင့်မတ်သောလူများကို သူသည် သူ၏ အစေခံများအဖြစ် မြင်ခဲ့သည်။ ဘုရားသခင်၏ စေတမန်များသည် ဤအစေခံများထံ ရောက်လာသည့်အခါတွင်၊ ၎င်းတို့သည် စေတမန်များကို လက်ခံနိုင်ခဲ့ကြပြီး၊ ၎င်းတို့၏ မိန့်ဆိုချက်များကို လိုက်လျှောက်နိုင်ခဲ့ကြကာ ၎င်းတို့၏ စကားများအတိုင်း ပြုမူနိုင်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏အမြင်တွင် အစေခံများဖြစ်ခဲ့ကြသူများအနေဖြင့် လုပ်ဆောင်သင့်ပြီး ရရှိသင့်သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။ ဘုရားသခင်သည် လူတို့အတွက် သူ၏အမည်နာမများ၌ အမြော်အမြင်ရှိသည်။ သူက ၎င်းတို့ကို သူ၏ အစေခံများဟု ခေါ်ခဲ့သည်မှာ ၎င်းတို့သည် ယခု သင်တို့ကဲ့သို့ ဖြစ်ကြသောကြောင့် မဟုတ်- တရားဟောချက်များစွာကို ၎င်းတို့ ကြားနာခဲ့ရသောကြောင့်၊ ဘုရားသခင်ပြုရမည့်အရာကို သိခဲ့ကြသောကြာင့်၊ ဘုရားသခင်၏အလိုကို များစွာသိနားလည်ခဲ့ပြီး သူ၏စီမံခန့်ခွဲမှုအစီအစဉ်ကို သဘောပေါက်ခြင်းကြောင့် မဟုတ်ဘဲ- ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝ၌ ရိုးသားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာနိုင်ခဲ့ကြသောကြောင့် ဖြစ်သည်၊ ဘုရားသခင်သည် ၎င်းတို့ကို မိန့်ဆိုခဲ့ချိန်တွင်၊ ၎င်းတို့သည် ၎င်းတို့လုပ်နေခဲ့ကြသည့် အရာများကို ဘေးဖယ်နိုင်ခဲ့ကြပြီး ဘုရားသခင်မိန့်ဆိုခဲ့ပြီးသည့် အရာကို ဆောင်ရွက်နိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်အတွက် အစေခံ ဂုဏ်ပုဒ်၌ရှိသည့် အခြားသော အဓိပ္ပာယ် အတိမ်အနက်မှာ ၎င်းတို့သည် ကမ္ဘာမြေပေါ်၌ သူ၏အမှုနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စေတမန်များ မဟုတ်ခဲ့ကြသော်လည်း၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆောင်ရွက်ပိုင်သူများနှင့် အကောင်အထည်ဖော်ဆောင်သူများ ဖြစ်ခဲ့ကြသည်ဟူ၍ ဖြစ်သည်။ ထို့နောက် ဤအစေခံများ သို့မဟုတ် ဖြောင့်မတ်သောလူများသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် အလွန်အလေးထားသောသူများဖြစ်သည်ကို သင်တို့ မြင်ကြရသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် စတင်မည့် အမှုသည် သူနှင့် ပူးပေါင်းလုပ်ဆောင်မည့် လူများ မရှိဘဲ ဖြစ်နိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏အစေခံများ လက်ခံ ဆောင်ရွက်ခဲ့ကြသော အခန်းကဏ္ဍသည် ဘုရားသခင်၏ စေတမန်များအားဖြင့် အစားထိုး၍ မရနိုင်ပေ။ ဤအစေခံများအပေါ် ဘုရားသခင် မိန့်ဆိုခဲ့သော အလုပ်အသီးသီးသည် သူ့အဖို့ အလွန်အရေးကြီး၏၊ ထို့ကြောင့် သူသည် ၎င်းတို့ကို အဆုံးရှုံး မခံနိုင်ခဲ့ပေ။ ဤအစေခံများ၏ ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ခြင်း မရှိဘဲ၊ လူသားမျိုးနွယ်အလယ် သူ၏ အမှုသည် လုံးဝဥဿုံရပ်သွားခဲ့မည်ဖြစ်သည်၊ ယင်း၏အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏ မျှော်လင့်ချက်များသည် အချည်းနှီးဖြစ်လာမည် ဖြစ်သည်။

ဘုရားသခင်သည် သူဂရုစိုက်သောသူများအပေါ် အလျှံပယ် သနားကရုဏာစိတ်ရှိပြီး၊ သူရွံ့မုန်းကာ ငြင်းပယ်သောသူများအပေါ် အကြီးအကျယ် ဒေါသထွက်သည်

သမ္မာကျမ်းစာ၏ ဖြစ်စဉ်များတွင် သောဒုံမြို့၌ ဘုရားသခင်၏ အစေခံဆယ်ဦး ရှိခဲ့သလော။ မရှိခဲ့ပေ၊ ထိုမြို့သည် ဘုရားသခင်၏ ချမ်းသာပေးခြင်းနှင့် ထိုက်တန်ခဲ့သလော။ မြို့ထဲမှ တစ်ဦးတည်းသော လူတစ်ဦး- လောတသာ- ဘုရားသခင်၏ စေတမန်များကို လက်ခံခဲ့သည်။ ဤအရာ၏ ဂယက်ရိုက်ခတ်မှုမှာ မြို့ထဲ၌ ဘုရားသခင်၏ အစေခံတစ်ဦးသာ ရှိခဲ့သောကြောင့်၊ ဘုရားသခင်သည် လောတကို ကယ်တင်ရန်နှင့် သောဒုံမြို့ကို ဖျက်ဆီးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ အထက်တွင် ကိုးကားထားသည့် အာဗြဟံနှင့် ဘုရားသခင်ကြားက အပြန်အလှန် စကားပြောဆိုခြင်းများသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း၊ ၎င်းတို့သည် အလွန်နက်နဲသောအရာ တစ်စုံတစ်ခုကို သရုပ်ဖော်ပြပေသည်- ဘုရားသခင်၏ လုပ်ရပ်များအဖို့ အခြေခံသဘောတရားများရှိပြီး ဆုံးဖြတ်ချက်တစ်ခု မချမီတွင် သူသည် လေ့လာရင်းနှင့် ချင့်ချိန်ရင်း အချိန်ကြာမြင့်စွာ ကုန်ဆုံးလေသည်။ အချိန်မတန်မီ သူသည် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ ချမှတ်မည်မဟုတ်သကဲ့သို့၊ မည်သည့်ကောက်ချက် ချခြင်းကိုမျှ ချက်ချင်းရမ်းသန်း ပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက် လေးဆယ်၊ သုံးဆယ် သို့မဟုတ် နှစ်ဆယ် မရှိသည်ကို သိနှင့်နေခဲ့သည့်အတွက်၊ ထိုမြို့ကို ဖျက်ဆီးရန်ဖြစ်သော ဘုရားသခင်၏ ဆုံးဖြတ်ချက်မှာ အနည်းငယ်မျှပင် မမှားယွင်းသည်ကို အာဗြဟံနှင့် ဘုရားသခင်တို့ ကြားက အပြန်အလှန်ပြောဆိုမှုများက ငါတို့ကို ပြသပေသည်။ ဆယ်ဦးပင် မရှိခဲ့ပေ။ ထိုမြို့၌ ရှိခဲ့သည့် တစ်ဦးတည်းသော ဖြောင့်မတ်သူမှာ လောတဖြစ်သည်။ သောဒုံ၌ ဖြစ်ခဲ့သမျှ အရာအားလုံးနှင့် ယင်း၏ အခြေအနေများကို ဘုရားသခင်သည် လေ့လာစောင့်ကြည့်ခဲ့ပြီး ယင်းတို့ကို ဘုရားသခင်သည် ကောင်းကောင်း သိကျွမ်းခဲ့ပေသည်။ ထို့ကြောင့် သူ၏ဆုံးဖြတ်ချက်မှာ မှားယွင်းနိုင်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် နှိုင်းဆပါက၊ လူသည် အလွန်ထုံထိုင်းသည်၊ အလွန် မိုက်မဲပြီး မသိနားမလည်ဖြစ်သည်၊ အလွန် အမြော်အမြင် မရှိပေ။ ဤသည်မှာ အာဗြဟံနှင့် ဘုရားသခင်ကြားက အပြန်အလှန် စကားပြောခြင်းများတွင် ငါတို့ မြင်ရသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အစအဦးမှ ယနေ့ထိတိုင် ဖော်ပြလျက်ရှိသည်။ ထိုနည်းတူ ဤနေရာတွင် ငါတို့ မြင်သင့်သော ဘုရားသခင်၏ စိတ်သဘောထား ရှိပေသည်။ ကိန်းဂဏန်းများမှာ ရိုးရှင်းသည်- မည်သည့်အရာကိုမျှ သရုပ်ပြခြင်း မရှိ- သို့သော်လည်း ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အလွန် အရေးကြီးသော ဖော်ပြချက်တစ်ခု ရှိ၏။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကြောင့် မြို့ကိုဖျက်ဆီးလိမ့်မည် မဟုတ်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာကြောင့် ဖြစ်သလော။ ယင်းသည် သူ၏ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကြောင့် ဖြစ်သလော။ သင်တို့သည် ဘုရားသခင် စိတ်သဘောထား၏ ဤရပ်တည်ချက်ကို မြင်ဖူးပါသလော။ ဖြောင့်မတ်သောသူ ဆယ်ဦးရှိခဲ့လျှင်ပင်၊ ဘုရားသခင်သည် ဤဖြောင့်မတ်သောလူ ဆယ်ဦးကြောင့် မြို့ကို ဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာလော သို့မဟုတ် ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ထိုဖြောင့်မတ်သောလူများအပေါ် ဘုရားသခင်၏ သနားကရုဏာ၊ သည်းခံခြင်းနှင့် အရေးထားခြင်းတို့ကြောင့် ထိုမြို့ကို သူဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်း ဖြစ်သည်။ နောက်ဆုံးတွင် မည်သည့်ရလဒ်ကို ငါတို့မြင်ရသနည်း။ အာဗြဟံက၊ “တစ်ဆယ်ကို တွေ့ကောင်း တွေ့တော်မူလိမ့်မည်။” ဟု ဆိုသောအခါ၊ ဘုရားသခင်က “ငါမဖျက်ဆီးဘဲနေမည်။” ဟု ဆိုခဲ့သည်။ ထို့နောက်တွင်၊ အာဗြဟံသည် နောက်ထပ်မပြောတော့ပေ- အဘယ်ကြောင့်ဆိုသော် သောဒုံမြို့အတွင်းတွင် သူရည်ညွှန်းခဲ့သည့် ဖြောင့်မတ်သောသူ ဆယ်ဦးမရှိခဲ့သည့်အတွက် သူ၌ နောက်ထပ်ပြောစရာ မရှိတော့ပေ၊ ပြီးလျှင် ထိုအချိန်တွင် ဘုရားသခင်သည် သောဒုံကို ဖျက်ဆီးရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်ကို သူနားလည်ခဲ့သည်။ ဤအရာတွင် ဘုရားသခင်၏ မည်သည့်စိတ်သဘောထားကို သင်တို့ မြင်ကြရသနည်း။ ဘုရားသခင်သည် မည်ကဲ့သို့ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့သနည်း။ အကယ်၍ မြို့၌ ဖြောင့်မတ်သောသူ ဆယ်ဦး မရှိခဲ့ပါက၊ ဘုရားသခင်သည် ၎င်းကို တည်ရှိစေရန် အခွင့်ပေးမည် မဟုတ်ဘဲ မလွဲဧကန် ဖျက်ဆီးပစ်မည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့ပေသည်။ ဤသည်မှာ ဘုရားသခင်၏ အမျက်‌ဒေါသ မဟုတ်လော။ ဤအမျက်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသလော။ ဤစိတ်သဘောထားသည် ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရ၏ ဖွင့်ပြချက် ဖြစ်သလော။ ယင်းမှာ လူတို့ ပြစ်မှား၍ မရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော အနှစ်သာရနှင့် သက်ဆိုင်သည့် ဖွင့်ပြချက် ဖြစ်သလော။ သောဒုံ၌ ဖြောင့်မတ်သောသူ ဆယ်ဦး မရှိသည်ကို အတည်ပြုလျက်၊ ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးရန်မှာ သေချာခဲ့ပြီး ထိုမြို့အတွင်းရှိ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည့်အတွက်၊ ပြီးလျှင် ၎င်းတို့သည် အလွန် ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးခဲ့ကြသောကြောင့် ၎င်းတို့ကို ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်သည်။

ငါတို့သည် ဤကျမ်းပိုဒ်များကို ဤနည်းဖြင့် အဘယ်ကြောင့် စိစစ်ခဲ့ပြီးဖြစ်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ရိုးရှင်းလှသည့် အနည်းငယ်သော ဤစာကြောင်းများသည် ဘုရားသခင်၏ စိတ်သဘောထား၏ အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန်လေးနက်သော အမျက်ဒေါသတို့၏ အပြည့်အဝ ဖော်ပြချက်တစ်ခု ပေးသောကြောင့် ဖြစ်သည်။ ဖြောင့်မတ်သူတို့ကို တန်ဖိုးထားခြင်းနှင့် ၎င်းတို့ကို သနားကရုဏာထားခြင်း၊ သည်းခံခြင်းနှင့် စောင်မခြင်း ရှိသည့်အတိုင်း တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သောဒုံမြို့ရှိ ဖောက်ပြန်ပျက်စီးကြပြီးဖြစ်သောသူ အားလုံးအတွက် အလွန် စက်ဆုပ်ရွံရှာမှုတစ်ခု ရှိခဲ့သည်။ ဤသည်မှာ သို့မဟုတ် ယင်းမှာ အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန်လေးနက်သော အမျက်‌ဒေါသ ဖြစ်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ထိုမြို့ကို မည်သည့်နည်းလမ်းဖြင့် ဖျက်ဆီးခဲ့သနည်း။ မီးဖြင့် ဖြစ်သည်။ ပြီးလျှင် သူသည် မီးကို အသုံးပြုလျက် အဘယ်ကြောင့် ဖျက်ဆီးခဲ့သနည်း။ မီးလောင်ကျွမ်းသော တစ်စုံတစ်ရာကို သင်မြင်သည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို သင်မီးရှို့တော့မည့် အချိန်တွင်၊ ယင်းအပေါ် သင်၏ ခံစားချက်များမှာ အဘယ်နည်း။ ယင်းကို သင်အဘယ်ကြောင့် မီးရှို့ချင်သနည်း။ ယင်းကို သင် မလိုအပ်တော့၊ ယင်းကို သင် မကြည့်ချင်တော့ဟု ခံစားရသလော။ ယင်းကို သင်စွန့်ပစ်လိုသလော။ မီးကို ဘုရားသခင် အသုံးပြုရခြင်းသည် စွန့်ပစ်ခြင်းနှင့် မုန်းတီးခြင်းကို ဆိုလိုပြီး၊ သူသည် သောဒုံမြို့ကို မမြင်လိုတော့သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သောဒုံမြို့အား မီးဖြင့် လုံးလုံးလျားလျား ဖြိုပစ်စေခဲ့သော စိတ်ခံစားချက် ဖြစ်သည်။ မီးကို အသုံးပြုခြင်းသည် ဘုရားသခင် မည်မျှအမျက်ထွက်ခဲ့သည်ကိုသာ သရုပ်ဖော်ပေသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းသည် ဧကန်အမှန် တည်ရှိသော်လည်း၊ ဘုရားသခင်သည် သူ၏ အမျက်ကို လွှတ်သည့်အချိန် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည်လည်း ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ သဘောထားကို လူအား ပြသပေသည်။ လူသည် ဘုရားသခင်၏ ပညတ်များကို အပြည့်အဝ နာခံနိုင်စွမ်းရှိပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူနိုင်စွမ်းရှိသည့်အခါ၊ ဘုရားသခင်သည် လူသားအပေါ် သူ၏ သနားကရုဏာ၌ အလျှံပယ်ဖြစ်လေသည်။ လူသည် ဖောက်ပြန်ပျက်စီးခြင်း၊ မုန်းတီးမှုနှင့် ကိုယ်တော့်ကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်သည့်အခါတွင်၊ ဘုရားသခင်သည် အကြီးအကျယ် အမျက်ထွက်လေ၏။ သူသည် မည်သည့် အတိုင်းအတာအထိ အကြီးအကျယ် အမျက်ထွက်သနည်း။ ဘုရားသခင်သည် လူ၏ အတိုက်အခံပြုခြင်းနှင့် မကောင်းမှု ဒုစရိုက်များကို မမြင်ရတော့သည်အထိ၊ ၎င်းတို့သည် သူ၏မျက်စိရှေ့မှောက်တွင် မရှိကြတော့သည့်အထိ သူ၏အမျက်သည် ရှည်ကြာလိမ့်မည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ အမျက်‌ဒေါသသည် ကွယ်ပျောက်လိမ့်မည်။ တစ်နည်းအား‌ဖြင့် လူသည် မည်သူဖြစ်ပါစေ၊ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ဝေးကွာလာပြီး ဘုရားသခင်ထံမှ လှည့်ထွက်သွားကာ၊ မည်သည့်အခါမျှ ပြန်လာခြင်းမရှိပါက၊ တွေ့မြင်ရသည်မှာ သို့မဟုတ် ၎င်းတို့၏ ဓမ္ဓဓိဌာန်မကျသော လိုအင်များအရ၊ ၎င်းတို့သည် မိမိတို့၏ ခန္ဓာကိုယ် သို့မဟုတ် မိမိတို့၏ အတွေးတွင် ဘုရားသခင်ကို မည်သို့ ကိုးကွယ်ကာ လိုက်လျှောက်ပြီး နာခံရန် ဆန္ဒရှိကြသည်ဖြစ်စေ၊ ဘုရားသခင်၏ အမျက်သည် မရပ်မနား ပွင့်အန်ထွက်မည် ဖြစ်သည်။ ယင်းမှာ လူကို လုံလောက်သော အခွင့်အရေးများ ပေးထားလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို အလွန်အမင်း ထုတ်လွှတ်သည့်အခါတွင်၊ ထုတ်လွှတ်သည်နှင့်တစ်ပြိုင်နက် ပြန်ရုပ်သိမ်းခြင်းငှာ မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်သကဲ့သို့၊ သူသည် ထိုသို့သော လူသားမျိုးနွယ်နှင့် သက်ဆိုင်၍၊ တစ်ဖန် လုံးဝ သနားကရုဏာနှင့် သည်းခံခြင်း ရှိမည် မဟုတ်ပေ။ ဤသည်မှာ ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်ဘက်ခြမ်း ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်၏ အမြင်၌ အပြစ်နှင့် ပြည့်နှက်သော မြို့တစ်မြို့သည် တည်ရှိနိုင်မည်မဟုတ်သကဲ့သို့၊ ဆက်လက် ကျန်ရှိနေ၍ မရနိုင်သည့်အတွက်၊ ပြီးလျှင် ယင်းသည် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံသင့်သည်မှာ ယုတ္တိတန်သည့်အတွက်၊ ဘုရားသခင်သည် မြို့တစ်မြို့ကို ဖျက်ဆီးမည်မှာ လူတို့အဖို့ ပုံမှန်ဖြစ်သည်ဟု ထင်ရပေသည်။ သို့သော် သောဒုံမြို့ကို သူ၏ ဖျက်ဆီးခြင်း မတိုင်မီနှင့် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သောအရာတွင် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ငါတို့ မြင်ရပေသည်။ သူသည် ကြင်နာမှုရှိကာ လှပပြီး ကောင်းမြတ်သောအရာများအပေါ် သည်းခံပြီး သနားကရုဏာ ရှိသည်။ ဆိုးယုတ်ပြီး အပြစ်နှင့်ပြည့်ကာ ကောက်ကျစ်သော အရာများအပေါ် သူသည် အကြီးအကျယ် အမျက်ထွက်သည်မှာ သူ၏အမျက်၌ မရပ်စဲနိုင်လောက်အောင် ဖြစ်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိကကျပြီး အရေးပါဆုံးသော ရှုထောင့်နှစ်ခု- အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန် လေးနက်သော အမျက်ဒေါသ- ဖြစ်သည့်အပြင်၊ ဘုရားသခင်သည် ၎င်းတို့ကို အစမှအဆုံး ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။ သင်တို့ အများစုသည် ဘုရားသခင်၏ သနားကရုဏာနှင့် သက်ဆိုင်သည့် အရာတစ်ခုကို ခံစားကြရပြီးဖြစ်သော်လည်း၊ သင်တို့ထဲမှ အလွန်နည်းပါးသော သူတို့သည် ဘုရားသခင်၏အမျက်ကို အသိအမှတ်ပြုမိကြပြီး ဖြစ်သည်။ ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို လူအယောက်တိုင်း၌ မြင်နိုင်ပေသည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူအယောက်တိုင်းအပေါ် အလျှံပယ် သနားကရုဏာ ထားရှိပြီးဖြစ်၏။ သို့သော် ဘုရားသခင်သည် သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကို သို့မဟုတ် လူတစ်စုတစ်လေကို အကြီးအကျယ် အမျက်ထွက်ခဲ့ခြင်းမှာ အလွန်ကြုံတောင့်ကြုံခဲဖြစ်သည် သို့မဟုတ် မည်သည့်အခါတွင်မျှ မရှိဟူ၍ ဆိုနိုင်ပါသည်။ စိတ်ကိုလျှော့လော့။ လူအယောက်တိုင်းသည် ဘုရားသခင်၏ အမျက်ကို အနှေးနှင့် အမြန် မြင်ကြရ်ပြီး တွေ့ကြုံကြရလိမ့်မည် ဖြစ်သော်လည်း ယခု အချိန်မကျသေးပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် စဉ်ဆက်မပြတ် အမျက်ထွက်သည့်အခါ၊ သူသည် ၎င်းတို့အပေါ် သူ၏ပြင်းထန်သော အမျက်ကို ထုတ်လွှတ် သည့်အခါတွင်၊ ဤသည်မှာ သူသည် အချိန်ကြာမြင့်စွာကတည်းက ဤလူကို အလွန်မုန်းတီးပြီး ငြင်းပယ်ပြီးဖြစ်သည်၊ သူသည် ၎င်းတို့၏ တည်ရှိခြင်းကို စက်ဆုပ်ပြီး၊ ၎င်းတို့၏ တည်ရှိခြင်းအား သည်းမခံနိုင်သည်ကို ဆိုလိုပေသည်။ ၎င်းတို့အပေါ် သူ၏အမျက် သင့်ရောက်လျှင်သင့်ရောက်ချင်း၊ ၎င်းတို့ ကွယ်ပျောက် သွားကြလိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏ အမှုသည် ထိုအဆင့်သို့ မရောက်ရှိသေးပေ။ ဘုရားသခင်သည် အပြင်းအထန် အမျက်ထွက်သည်နှင့်တစ်ပြိုင်နက် သင်တို့ထဲမှ မည်သူမျှ ခံနိုင်ကြလိမ့်မည် မဟုတ်။ ထိုအခါ ဘုရားသခင်သည် ဤအချိန်တွင် သင်တို့အားလုံးအပေါ် အလျှံပယ် သနားကရုဏာသာရှိပြီး၊ သင်တို့သည် သူ၏ပြင်းထန်သော အမျက်ကို မမြင်ကြသေးသည်ကို သင်တို့မြင်ကြရလိမ့်မည်။ အကယ်၍ ယုံကြည်လက်ခံခြင်း မရှိသေးသောလူများ ရှိပါက၊ သင်တို့သည် ဘုရားသခင်၏ အမျက်နှင့် မည်သည့် ပုန်ကန်ပြစ်မှားခြင်းကိုမျှ သည်းမခံသည့် သူ၏ စိတ်သဘောထား အမှန်တကယ် တည်ရှိခြင်း ရှိ မရှိကို သင်တို့ တွေ့ကြုံကောင်း တွေ့ကြုံနိုင်ကြဖို့အလို့ငှာ၊ သင်တို့အပေါ် ဘုရားသခင်၏ အမျက်ဒေါသ ရောက်လာဖို့ သင်တို့ တောင်းဆိုနိုင်သည်။ သင်တို့ လုပ်ဝံ့ပါသလော။

နောက်ဆုံးသော ကာလ၏ လူများသည် ဘုရားသခင်၏ အမျက်ကို သူ၏ နှုတ်ကပတ်တော်များထဲတွင်သာ မြင်ရပြီး ဘုရားသခင်၏ အမျက်ကို အမှန်တကယ် တွေ့ကြုံခံစားရခြင်း မရှိပေ

ဤကျမ်းပိုဒ်များထဲတွင် မြင်ရသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် မျက်နှာပြင်နှစ်ဘက်သည် မိတ်သဟာယပြု ထိုက်သလော။ ဤအဖြစ်အပျက်ကို ကြားရခြင်းဖြင့်၊ သင်တို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသစ်ပြုပြင်သော အသိတစ်ခု ရှိကြသလော။ မည်သည့် သိနားလည်မှုမျိုး သင်တို့ ရှိကြသနည်း။ ဖန်ဆင်းခြင်း အချိန်မှသည် ယနေ့ထိတိုင် မည်သည့်အုပ်စုမျှ ဤနောက်ဆုံး အုပ်စုလောက် ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို များစွာပျော်မွေ့ခံစားခဲ့ရခြင်း မရှိဟု ဆိုနိုင်သည်။ နောက်ဆုံးသော အဆင့်တွင် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်ပြီးဖြစ်ကာ သူ၏ အမှုကို ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် လုပ်ဆောင်ပြီး ဖြစ်သော်လည်း ဘုရားသခင်သည် သူ၏အမှုကို ပြီးမြောက်ရန် နှုတ်ကပတ်တော်များကိုသာ အချိန်အများစု၌ အသုံးပြုပေသည်။ သူသည် သွန်သင်ကာ ရေလောင်းပေးဖို့၊ ထောက်ပံ့ကာ ကျွေးမွေးဖို့ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုအချိန်အတောအတွင်းတွင် ဘုရားသခင်၏ အမျက်သည် အမြဲတစေ ကွယ်ဝှက်ထားပြီး ဘုရားသခင်၏ အမျက်ဒေါသ စိတ်သဘောထားကို သူ၏ နှုတ်ကပတ်တော်များထဲတွင် တွေ့ကြုံရခြင်းမှလွဲ၍ အလွန်နည်းပါးသော လူများသည် သူ၏အမျက်ကို လူကိုယ်တိုင် တွေ့ကြုံကြရပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှု အတောအတွင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသော အမျက်သည် လူတို့အား ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် သူ၏ ပုန်ကန်ပြစ်မှားမှု သည်းမခံခြင်းတို့ကို တွေ့ကြုံခွင့်ပေးသော်လည်း၊ ဤအမျက်သည် သူ၏ နှုတ်ကပတ်တော်များကို ကျော်လွန်ခြင်း မရှိဟု ဆိုရပေမည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် လူကို ပြစ်တင်ဖို့၊ ဖော်ထုတ်ဖို့၊ တရားစီရင်ဖို့၊ ပြစ်တင်ဆုံးမဖို့နှင့် လူကို ရှုတ်ချဖို့ပင် နှုတ်ကပတ်တော်များကို အသုံးပြုသော်လည်း- ဘုရားသခင်သည် လူသားအပေါ် အပြင်းအထန် အမျက်မထွက် ရသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များမှအပ လူသားအပေါ် သူ၏အမျက်ကို လွှတ်ရုံမျှပင် မရှိသေးချေ။ ထို့ကြောင့် ဤခေတ်၌ လူက တွေ့ကြုံခံစားရသော ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းသည် ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထား၏ ဖွင့်ပြခြင်းဖြစ်သော်လည်း၊ လူက တွေ့ကြုံခံစားရသည့် ဘုရားသခင်၏ အမျက်သည် သူ၏ မိန့်မြွက်ချက်များ၏ သဘောလက္ခဏာနှင့် အထိအတွေ့ သက်ရောက်မှုမျှသာ ဖြစ်သည်။ လူများစွာက ဤသက်ရောက်မှုကို ဘုရားသခင်၏ အမျက်ဒေါသနှင့်သက်ဆိုင်သည့် စစ်မှန်သော တွေ့ကြုံခံစားမှုနှင့် စစ်မှန်သော အသိအဖြစ် တလွဲယူတတ်ကြသည်။ အကျိုးဆက်အနေဖြင့် လူအများစုက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းတို့ကို မြင်ခဲ့ဖူးကြပြီ၊ လူ၏ ပုန်ကန်ပြစ်မှားခြင်းအပေါ် ဘုရားသခင်၏ သည်းမခံခြင်းကိုလည်း ရှုမြင်ကြရပြီးဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ထဲမှ အများစုသည် လူသားအပေါ် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို အသိအမှတ်ပင်ပြု လာကြပြီးဖြစ်သည်။ သို့သော်လည်း လူ၏အပြုအမူ မည်မျှ ဆိုးသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ စိတ်သဘောထား မည်မျှ ဖောက်ပြန်ပျက်စီးသည်ဖြစ်စေ၊ ဘုရားသခင်သည် အမြဲ သည်းခံပြီးဖြစ်သည်။ သည်းခံရာတွင် သူ၏ရည်မှန်းချက်မှာ သူပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၊ သူပြုပြီးသော အားထုတ်မှုများနှင့် သူပေးပြီးဖြစ်သည့် အဖိုးအခက သူရယူလိုသော သူများ၌ သက်ရောက်မှု တစ်ခုရရှိဖို့ စောင့်ဆိုင်းရန် ဖြစ်သည်။ ဤသို့သော ရလဒ်တစ်ခုကို စောင့်ဆိုင်းခြင်းသည် အချိန်ယူရပြီး၊ လူတို့အနေဖြင့် ၎င်းတို့ မွေးမွေးချင်း အရွယ်ရောက်သူများ မဖြစ်ကြသည့် နည်းအတိုင်း၊ လူအတွက် မတူညီသော ပတ်ဝန်းကျင်များကို ဖန်ဆင်းပေးခြင်းကို လိုအပ်ပေသည်။ ယင်းသည် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ် ကြာပြီး၊ လူအချို့သည် ၎င်းတို့ တကယ့် လူကြီးတစ်ဦး အဖြစ်သို့ အရွယ်ရောက်လာသည်အထိ အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ပင် လိုအပ်ပေသည်။ ဘုရားသခင်သည် ဤလုပ်ငန်းစဉ် ပြီးစီးခြင်းကို စောင့်ဆိုင်းနေသည်၊ ထိုသို့သော အချိန်တစ်ချိန် ရောက်ရှိခြင်းကို သူ စောင့်ဆိုင်းနေသည်၊ ပြီးလျှင် သူသည် ဤရလဒ် ရောက်ရှိခြင်းကို စောင့်ဆိုင်းနေသည်။ သူစောင့်ဆိုင်းသည့် အချိန်တစ်လျှောက်တွင်၊ ဘုရားသခင်သည် အလျှံပယ် သနားကရုဏာ ပြည့်ဝသည်။ သို့သော် ဘုရားသခင်၏ အမှု ကာလအတောအတွင်းတွင်၊ အလွန့်အလွန် နည်းပါးလွန်းသော လူအရေအတွက်သည် ဒဏ်ခတ်ခြင်းကို ခံရပြီး အချို့သည် ဘုရားသခင်ကို ၎င်းတို့၏ ဆိုးရွားသည့် ဆန့်ကျင်မှုကြောင့် အပြစ်ပေးခံရလေသည်။ ထိုသို့သော ဥပမာများသည် လူ၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသော ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သာ၍ပင် ကြီးမားသော သက်သေဖြစ်ပြီး ရွေးချယ်ထားသောသူများအပေါ် ဘုရားသခင်၏ သည်းခံခြင်းနှင့် ခံနိုင်ရည်တို့ အမှန်တကယ် တည်ရှိခြင်းကို အပြည့်အဝ အတည်ပြုပေသည်။ ဟုတ်ပေ၏၊ ဤဖြစ်ရိုးဖြစ်စဉ် ဥပမာများတွင် ဤလူများထဲ၌ရှိသည့် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသနှင့်သက်ဆိုင်သည့် ထုတ်ဖော်ပြခြင်းသည် ဘုရားသခင်၏ ယေဘုယျ စီမံခန့်ခွဲမှု အစီအစဉ်ကို မထိခိုက်ပေ။ အမှန်တွင် ဘုရားသခင်၏အမှု၏ ဤနောက်ဆုံး အဆင့်တွင် ဘုရားသခင်သည် သူစောင့်ဆိုင်းနေခဲ့ပြီးဖြစ်သည့်ကာလ တစ်လျှောက်လုံး သည်းခံပြီးဖြစ်ကာ သူ့နောက် လိုက်သောသူများ၏ ကယ်တင်ခြင်းအတွက် သူ၏ ခံနိုင်ရည်နှင့် သူ၏ အသက်တို့ကို အလဲအလှယ်ပြုပြီး ဖြစ်သည်။ ဤအရာကို သင်တို့ မြင်သလော။ ဘုရားသခင်သည် သူ၏ အစီအစဉ်ကို အကြောင်းရင်း မရှိဘဲ ကမောက်ကမ မဖြစ်စေပေ။ သူသည် သူ၏အမျက်ကို ထုတ်လွှတ်နိုင်ပြီး သူသည် သနားကရုဏာလည်း ပြည့်စုံနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိက အစိတ်အပိုင်းနှစ်ပိုင်းနှင့်သက်ဆိုင်သည့် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤသည်မှာ အလွန် ရှင်းသည် ဟုတ်သလော၊ မဟုတ်သလော။ တစ်နည်းအားဖြင့် ဘုရားသခင်နှင့် ပတ်သက်လာသည့်အခါ၊ အမှန် အမှား၊ တရားမျှတခြင်းနှင့် မတရားခြင်း၊ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း- ဤအရာအားလုံးကို လူသားထံ ရှင်းရှင်းလင်းလင်း ပြသထားပေသည်။ မည်သည့် အရာကို သူပြုမည်၊ မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူမုန်းသည်- ဤအရာအားလုံးကို သူ၏စိတ်သဘောထားတွင် တိုက်ရိုက် ထင်ဟပ်စေနိုင်ပေသည်။ ထိုသို့သောအရာများကို ဘုရားသခင်၏ အမှုထဲတွင်လည်း သိသာထင်ရှားစွာနှင့် ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ၎င်းတို့မှာ မရေရာသောအရာ သို့မဟုတ် ယေဘုယျဖြစ်သည့်အရာ မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူအပေါင်းတို့အား အထူးသဖြင့် ခိုင်လုံကာ မှန်ကန်ပြီး လက်တွေ့ကျသည့် ပုံစံဖြင့် ရှုမြင်ခွင့်ပေးလေသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်။

ဘုရားသခင်၏ စိတ်သဘောထားသည် လူသားထံမှ မည်သည့်အခါတွင်မျှ မကွယ်ဝှက်ဖူးပေ- လူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လမ်းလွဲလေပြီ

အကယ်၍ ဤအရာများအကြောင်းကို ငါမိတ်သဟာယ မပြုခဲ့ပါက၊ သင်တို့ထဲမှ မည်သူမျှ သမ္မာကျမ်းစာ၏ ဖြစ်ရပ်များထဲက ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ရှုမြင်နိုင်ကြမည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤသမ္မာကျမ်းစာလာ ဖြစ်ရပ်များသည် ဘုရားသခင်ပြုခဲ့သော အမှုအရာ အချို့ကို မှတ်တမ်းတင်ခဲ့သော်လည်း၊ ဘုရားသခင်သည် နှုတ်ကပတ်တော် အနည်းငယ်ကိုသာ ပြောဆိုခဲ့ပြီး သူ၏ စိတ်သဘောထားကို တိုက်ရိုက် မမိတ်ဆက်ခဲ့သောကြောင့် သို့မဟုတ် လူသားထံ သူ၏အလိုကို ပွင့်လင်းစွာ မထုတ်ပြန်ခဲ့သောကြောင့် ဖြစ်သည်။ နောင်လာမျိုးဆက်များသည် ဤမှတ်တမ်းများကို ဖြစ်ရပ်များထက် ပို၍ သဘောမထားကြသောကြောင့်၊ ယင်းမှာ လူတို့အဖို့ ဘုရားသခင်သည် လူတို့ထံမှ မိမိကိုယ်ကိုယ် ကွယ်ဝှက်သည့်ပုံ ပေါ်သည်၊ လူသားထံမှ ကွယ်ဝှက်သည်မှာ ဘုရားသခင်၏ ဇာတိအဖြစ်တော်မဟုတ်ဘဲ၊ သူ၏ စိတ်သဘောထားနှင့် အလိုဖြစ်သည့်ပုံ ပေါ်လေသည်။ ယနေ့ ငါ၏မိတ်သဟာယပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် လူသားထံမှ အပြည့်အဝ ကွယ်ဝှက်သည်ဟု သင်တို့ ခံစားရဆဲ ဖြစ်သလော။ ဘုရားသခင်၏ စိတ်သဘောထားသည် လူသားထံမှ ကွယ်ဝှက်သည်ဟု သင် ယုံကြည်ဆဲလော။

ဖန်ဆင်းခြင်း အချိန်ကတည်းက၊ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏အမှုနှင့် လိုက်လျောညီထွေရှိပြီး ဖြစ်သည်။ ယင်းသည် လူသားထံမှ မည်သည့်အခါတွင်မျှ မကွယ်ဝှက်ဖူးဘဲ၊ အပြည့်အဝ ကြေငြာထားကာ လူသားထံ ရှင်းလင်းသွားစေပြီးဖြစ်သည်။ သို့သော်၊ အချိန် ကုန်လွန်လာသည်နှင့်အမျှ၊ လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ သာ၍ဝေးကွာပြီးဖြစ်ကာ လူ၏ ဖောက်ပြန်ပျက်စီးခြင်းသည် သာ၍ နက်ရှိုင်းလာသည်နှင့်အမျှ၊ လူနှင့် ဘုရားသခင်သည် ပို၍ ပို၍ ဝေးကွာလာပြီဖြစ်သည်။ လူသည် ဘုရားသခင်၏ မျက်စိအောက်မှ ဖြည်းဖြည်းနှင့်မှန်မှန် ပျောက်ကွယ်ပြီးဖြစ်သည်။ လူသည် ဘုရားသခင်ကို မ “မြင်” နိုင် ဖြစ်လာပြီဖြစ်သည်၊ ယင်းက ဘုရားသခင်၏ မည်သည့် “သတင်း” မျှ မရှိဘဲ ဖြစ်ကျန်ရစ်စေပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားသခင် တည်ရှိခြင်း ရှိ မရှိဆိုသည်ကို မသိသကဲ့သို့၊ ဘုရားသခင်၏ တည်ရှိခြင်းကို လုံးဝ ငြင်းပယ်သည်အထိပင် ဖြစ်လေသည်။ အကျိုးဆက်အနေဖြင့် လူသည် ဘုရားသခင်၏ စိတ်သဘောနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူ၏နားမလည်နိုင်ခြင်းမှာ ဘုရားသခင်သည် လူသားထံမှ ကွယ်ဝှက်သောကြောင့်မဟုတ်ဘဲ၊ သူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လှည့်ထွက်သွားသောကြောင့် ဖြစ်ပေသည်။ လူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မည်သည့်အခါတွင်မျှ တိုးဝင်ချဉ်းကပ်ခြင်း မရှိသကဲ့သို့၊ သူသည် ဘုရားသခင်ကို အမြဲ ရှောင်တိမ်းသည့်အတွက်၊ လူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ လူ၏ စိတ်နှလုံး၌ ဘုရားသခင် မရှိသကဲ့သို့၊ သူသည် ဘုရားသခင်ကို အဘယ်သို့ ချစ်ရမည်ကို မသိနားမလည်သည်သာမက၊ ဘုရားသခင်ကို မချစ်လိုပေ။ အကျိုးဆက်အနေဖြင့် လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာသွားပြီဖြစ်သည်။ သို့ဆိုလျှင် သူ၏ စိတ်နှလုံးသည် မည်သည့်နေရာတွင် ရှိသနည်း။ အမှန်တွင် လူ၏စိတ်နှလုံးသည် မည်သည့်နေရာကိုမျှ ရောက်သွားခြင်း မရှိပေ- ယင်းကို ဘုရားသခင်အား ပေးမည့်အစား သို့မဟုတ် ဘုရားသခင် မြင်စေရန် ယင်းကို ထုတ်ဖော်ပြမည့်အစား၊ သူသည် ယင်းကို သူကိုယ်တိုင် အတွက် သိမ်းထားလေပြီ။ ဤသည်မှာ အချို့က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကြည့်ရှုတော်မူပါ- ကျွန်ုပ်တွေးသော အရာမှန်သမျှကို ကိုယ်တော် သိပါ၏၊” ဟု မကြာခဏ ဆုတောင်းကာ ဆိုတတ်ကြသော်ငြားလည်း၊ အချို့တို့က အကယ်၍ ၎င်းတို့၏ ကျမ်းသစ္စာကို ၎င်းတို့ ချိုးဖောက်မိပါက၊ အပြစ်ဒဏ်ခတ်ခြင်းကို ခံရကောင်း ခံရရန် ၎င်းတို့အပေါ် ဘုရားသခင် ကြည့်စေရန် ကျိန်ဆိုခြင်းကိုပင် ပြုကြသည်။ လူသည် ဘုရားသခင်ကို သူ၏ စိတ်နှလုံးအတွင်းသို့ ကြည့်ရန် အခွင့်ပေးသော်လည်း၊ ဤသည်မှာ ထိုလူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်စွမ်း ရှိသည်ဟု မဆိုလိုသကဲ့သို့၊ သူသည် သူ၏ ကံကြမ္မာ၊ တက်လမ်းများနှင့် သူ၏အရာအားလုံးကို ဘုရားသခင်၏ ထိန်းချုပ်မှုအောက်၌ ချန်ထားပြီးဖြစ်သည်ဟုလည်း မဆိုလိုပေ။ ထို့ကြောင့် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ကြည့်ရန်သာ ခွင့်ပြုသော်လည်း၊ ယင်းကို ထိန်းချုပ်ရန် သူ့ကို အခွင့်မပေးသည့်အတွက်၊ ဘုရားသခင်ထံ သင် ပြုသည့် ကျမ်းသစ္စာများ သို့မဟုတ် သူ့ထံ သင် တရားဝင်ကြေငြာသည့် အရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အမြင်တွင် သင်၏စိတ်နှလုံးသည် သူနှင့် နီးကပ်လျက်ရှိသေး၏။ တစ်နည်းအားဖြင့် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ မပေးသေးသကဲ့သို့၊ ဘုရားသခင် နားထောင်ဖို့အတွက် ကြားကောင်းသော စကားများကိုသာ ပြောလေသည်။ ထိုအတောအတွင်းတွင် သင်သည် သင်၏ လျှို့ဝှက်ကြံစည်ခြင်းများ၊ အကြံအစည်များနှင့် အစီအစဉ်များနှင့်အတူ သင်၏ လှည့်စားတတ်သော ရည်ရွယ်ချက် အမျိုးမျိုးကို ဘုရားသခင်ထံမှ ကွယ်ဝှက်ထားပြီး၊ သင်သည် သင်၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘုရားသခင်က ထိုအရာများအား ယူဆောင်သွားမည်ကို အလွန်အမင်း စိုးရွံ့လျက်၊ သင်၏ လက်ထဲတွင် ဖမ်းဆုပ်ထားလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အပေါ် လူသား၏ ရိုးသားစစ်မှန်မှုကို မည်သည့်အခါမျှ မရှုမြင်ရပေ။ ဘုရားသခင်သည် လူ၏ စိတ်နှလုံး အတိမ်အနက်ကို စောင့်ကြည့်လေ့လာပြီး လူက စဉ်းစားနေသော အရာနှင့် သူ၏စိတ်နှလုံးထဲ၌ ပြုလိုသော အရာများကို မြင်နိုင်ကာ၊ သူ၏ စိတ်နှလုံးအတွင်း၌ မည်သည့် အရာများ သိမ်းထားသည်ကို မြင်နိင်သော်လည်း၊ လူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် မသက်ဆိုင်သကဲ့သို့ သူသည် ယင်းကို ဘုရားသခင်၏ ထိန်းချုပ်မှုသို့ မပေးအပ်ရသေးချေ။ ဤသည်မှာ ဘုရားသခင်သည် စောင့်ကြည့်ပိုင်ခွင့်ရှိသော်လည်း၊ ထိန်းချုပ်ပိုင်ခွင့် မရှိဟု ဆိုရပေမည်။ လူ၏ ဓမ္မဓိဌာန်မကျသော အသိဉာဏ်ထဲတွင်၊ လူသည် သူ့ကိုယ်သူ ဘုရားသခင်၏ အစီအစဉ်များသို့ မလွှဲအပ်လိုပေ သို့မဟုတ် လွှဲအပ်ရန် မရည်ရွယ်ပေ။ လူသည် ဘုရားသခင်ထံ မိမိကိုယ်ကို ပိတ်ပင်ထားပြီးဖြစ်သည်သာမက၊ မှားယွင်းသော ထင်မြင်ချက်ကို ဖန်တီးရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရယူရန် ပြေပြစ်သော အပြောအဆိုနှင့် မြှောက်လုံးပင့်လုံးကို အသုံးပြုရင်း၊ ပြီးလျှင် ဘုရားသခင်၏ မြင်ကွင်းမှ မိမိတို့၏ စရိုက်အမှန်ကို ဖုံးကွယ်ရင်း၊ မိမိတို့၏ စိတ်နှလုံးများကို လျှို့ဝှက်ဖို့ နည်းလမ်းများကို စဉ်းစားသော လူများပင် ရှိကြလေသည်။ ဘုရားသခင်ကို မြင်ခွင့်မပေးခြင်းတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့ အမှန်တကယ် မည်သည့်အရာနှင့် တူသည်ကို ဘုရားသခင်အား သိမြင်ခွင့်မပေးဖို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးလိုကြဘဲ၊ ၎င်းတို့ ကိုယ်တိုင်အတွက် သိမ်းထားလိုကြသည်။ ဤအရာ၏ ဝှက်ထားသော အဓိပ္ပာယ်မှာ လူပြုသောအရာနှင့် သူအလိုရှိသော အရာအားလုံးကို လူကိုယ်တိုင်က စီစဉ်ထားခြင်းဖြစ်သည်၊ တွက်ချက်ထားခြင်းဖြစ်ပြီး ဆုံးဖြတ်ထားခြင်း ဖြစ်ပေသည်။ သူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်ခြင်းတို့ကို လိုအပ်ဖို့မဆိုထားနှင့် ဘုရားသခင်၏ ပါဝင်ခြင်း သို့မဟုတ် ကြားဝင်ခြင်းကိုပင် မလိုအပ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမိန့်များ၊ သူ၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် လူနှင့်သက်ဆိုင်၍ ဘုရားသခင် ပြုလုပ်သော သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လူ၏ဆုံးဖြတ်ချက်များသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အကျိုးစီးပွားများ၊ ထိုအချိန်က သူ၏ ကိုယ်ပိုင်အနေအထားနှင့် အခြေအနေများအပေါ် မူတည် ပေသည်။ လူသည် သူ လျှောက်သင့်သည့်လမ်းကြောင်းကို အကဲဖြတ်ကာ ရွေးချယ်ဖို့ သူ ရင်းနှီးကျွမ်းဝင်သော အသိ၊ ထိုးထွင်းအမြင်များနှင့် သူ၏ ကိုယ်ပိုင် အသိဉာဏ်ကို အမြဲ အသုံးပြုပြီး၊ ဘုရားသခင်၏ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို အခွင့်မပေးပေ။ ဤသည်မှာ ဘုရားသခင် မြင်သော လူ၏ စိတ်နှလုံး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

Share