စာရင်း

သမ္မာကျမ်းစာအတွင်းရှိ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်အားဖြင့် မှုတ်သွင်းထားခြင်း ဖြစ်ပါသလား

ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍမှ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။

အခုရက်ပိုင်းမှာ ကျွန်တော် ရှုပ်ထွေးနေတဲ့အရာတစ်ခုရှိပြီးတော့ ညီအစ်ကိုမောင်နှမတို့ရဲ့ အကူအညီကို တောင်းခံလိုပါတယ်။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တာ ဆယ်စုနှစ်များစွာရှိပါပြီ။ နောက်ပြီး သမ္မာကျမ်းစာဟာ ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာတယ်လို့ပဲ ကျွန်တော် အမြဲတမ်း ထင်မြင်မိပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ သမ္မာကျမ်းစာထဲကက မှတ်တမ်းတွေက ကိုက်ညီမှုမရှိ တာတွေကို တအံ့တသြ တွေ့ရှိရပါတယ်။ ဥပမာ သမ္မာကျမ်းစာမှာ ပေတရုက သခင့်ကို သုံးကြိမ်ငြင်းဆိုတာနဲ့ပတ်သက်တဲ့ မှတ်တမ်းမှာ ရှင်မဿဲ ၂၆:၃၄ မှာ “ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ပြောထားပါတယ်။ ဒါပေမဲ့ ရှင်မာကု ၁၄:၃၀ မှာ “ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ ပြောပါတယ်။ ဒီနှစ်ပိုဒ်လုံးက ပေတရုငြင်းဆိုတာနဲ့ပတ်သက်ပေမဲ့ တစ်ခုမှာ ပေတရုဟာ ကြက်မတွန်မှီမှာ သခင့်ကို သုံးကြိမ်ငြင်းဆိုမယ်လို့ ပြောပြီး နောက်တစ်ခုမှာ ကြက်နှစ်ကြိမ်မတွန်မှီလို့ပြောထားတယ်။ ဒီတော့ အချိန်နဲ့ပတ်သက်ပြီး သိသိသာသာ မကိုက်ညီတာတစ်ခု ရှိနေတယ်။ နောက်ပြီးတော့လည်း ဓမ္မဟောင်းကျမ်းမှာ ဒါဝိတ်က ဣသလေရလူမျိုးတွေကို ရေတွက်တာကို မှတ်တမ်းတင်ထားတယ်။ ဓမ္မရာဇဝင်ဒုတိယစောင် ၂၄:၁ မှာ “နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။” လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ရာဇဝင်ချုပ် ၂၁:၁ မှာ “နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။” လို့ဖော်ပြထားတယ်။ နှစ်ပိုဒ်လုံးက ဒါဝိတ်က ဣသရေလလူမျိုးတွေကို ရေတွက်တာနဲ့ ပတ်သက်တယ်။ ဒါပေမဲ့ တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ ယေဟောဝါက ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောပြီး နောက်တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ စာတန်က ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောတယ်။ ဒါတွေက အဓိပ္ပါယ်လုံးဝ ဆန့်ကျင်နေတယ်။ ကျွန်တော် ဒါကိုတွေ့တော့ အရမ်းအံ့အားသင့်သွားတယ်။ သမ္မာကျမ်းစာမှာ ဒီအဖြစ်အပျက်တစ်ခုထဲမှာ ဖော်ပြချက်တွေက တိုက်ရိုက်ဆန့်ကျင့်နေတဲ့အဆင့်ထိတောင်မှ မကိုက်ညီတဲ့မှတ်တမ်းတွေက ဘာကြောင့် ပါနေရတာလဲ။ သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်အားဖြင့် ဖြစ်ပေါ်လာတာဆိုရင် အမှားနည်းနည်းလေးမှတောင် မပါသင့်ဘူးလေ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတို့ရဲ့အမြင်ကို ကျွန်တော် အရမ်းသိချင်ပါတယ်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍက ညီအစ်ကိုမောင်နှမတွေ ကျွန်တော် ရှုပ်ထွေးနေတာကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

လီရှန်

၂၀၁၈ ခုနှစ် မေလ ၃ ရက်

မင်္ဂလာပါ အစ်ကိုလီရှန်

နှုတ်ခွန်းဆက်သပါတယ်။ အစ်ကိုမေးတဲ့မေးခွန်းက ညီအစ်ကိုမောင်နှမ တော်တော်များများကို ရှုပ်ထွေးစေတဲ့ မေးခွန်းတစ်ခုပါပဲ။ သမ္မာကျမ်းစာမှာ ဘာကြောင့် ကိုက်ညီခြင်းမရှိတာတွေ ပါနေတာလဲ။ ဒီမေးခွန်းကို နားလည်ဖို့ ကျွန်တော်တို့ဟာ သမ္မာကျမ်းစာက ဘယ်လိုဖြစ်ပေါ်လာတယ်၊ ဘယ်လိုစာအုပ်အမျိုးအစားဖြစ်တယ်ဆိုတာကို အရင်ဦးဆုံး သိရပါမယ်။ တကယ်တော့ သခင်ကိုယုံကြည်ကြတဲ့ ကျွန်တော်တို့ညီအစ်ကိုမောင်နှမ တော်တော်များများက သမ္မာကျမ်းစာတစ်ခုလုံးမှာ ပရောဖက်တွေရဲ့ ပရောဖက်ပြုချက်ကျမ်းတွေ၊ သမိုင်းမှတ်တမ်းတွေ၊ ဒါဝိတ်ရဲ့ ဆာလံတွေ၊ သုတ္တံ၊ ဓမ္မသစ်ကျမ်းရဲ့ ခရစ်ဝင်ကျမ်းလေးကျမ်း၊ တမန်တော်ဝတ္ထု နဲ့ ဗျာဒိတ်ကျမ်းတို့ပါဝင်တယ်ဆိုတာ သိကြပါတယ်။ ဒါတွေထဲမှာ ပရောဖက်တွေရဲ့ ပရောဖက်ပြုချက်ကျမ်းတွေနဲ့ ဗျာဒိတ်ကျမ်းတို့ကသာ ဘုရားသခင်အားဖြင့် တိုက်ရိုက် ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းမှာရှိတဲ့ မောရှေရဲ့ကျမ်းငါးကျမ်း၊ ယောရှုမှတ်စာ နဲ့ ဓမ္မသစ်ကျမ်းမှာရှိတဲ့ ခရစ်ဝင်ကျမ်းလေးကျမ်းနဲ့ တမန်တော်ဝတ္ထုတို့လို အပိုင်းတွေက လူတွေ ဘုရားသခင်ရဲ့ အမှုတော်ကို ကြုံတွေ့ရပြီး ရေးသားထားတဲ့ မှတ်တမ်းတွေဖြစ်ပါတယ်။ ဥပမာ- ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်မှာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု သမိုင်းမှတ်တမ်းကနေ ဘုရားသခင်က ဣသရေလလူမျိုးတွေကို ရွေးချယ်ပုံ၊ ဣသရေလလူမျိုးတွေကို အီဂျစ်ပြည်ကနေ ခေါ်ဆောင်ပုံ၊ ယောဒန်မြစ်ကို သူတို့ဖြတ်ကူးကြပုံ၊ ခါနန်ပြည်ကို ဝင်ရောက်ပုံတွေကို ကျွန်တော်တို့ သိနိုင်ပါတယ်။ ရှောလု၊ ဒါဝိတ်နဲ့ ရှောလမုန်တို့ ဘုရင်အဖြစ် အုပ်စိုးခဲ့ကြတာတွေကိုလည်း ကျွန်တော်တို့ လေ့လာသိရှိနိုင်တယ်။ ဒီသမိုင်းမှတ်တမ်းတွေက အဲဒီခေတ်က မျက်မြင်သက်သေတွေ မှတ်သားထားတာတွေ ဒါမှမဟုတ် နောက်ပိုင်းကျမှ အချက်အလက်စုဆောင်းသူတွေဆီကနေ ရေးမှတ်ထားခဲ့ကြတာဖြစ်ပြီး တကယ်ဖြစ်ခဲ့တာတဲ့ သမိုင်းအချက်အလက်မှတ်တမ်းတွေကို ဖော်ပြပါတယ်။ အဲဒါတွေက ဘုရားသခင်အားဖြင့် ဖြစ်ပေါ်လာတာမဟုတ်ဘူး။ ဓမ္မသစ်ကျမ်းမှာဆိုရင် ရှင်မဿဲ၊ ရှင်မာကုတို့လို လူသားတွေ ရေးခဲ့တဲ့ ခရစ်ဝင်ကျမ်းလေးကျမ်း၊ ပေတရု၊ ပေါလုတို့လိုမျိုး လူတွေရဲ့စာတွေဟာ ဒီအမျိုးအစားထဲမှာပါပါတယ်။ ခရစ်ဝင်ကျမ်းတွေက လူတွေက ဘုရားသခင်နောက်လိုက်တွေဖြစ်ပြီးနောက်မှာ သူတို့မြင်ရ၊ ကြားရတာတွေကို ရေးမှတ်ထားတဲ့ မှတ်တမ်းတွေဖြစ်ပြီး တချို့ကျတော့ သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေက အသင်းတော်ရဲ့ အခြေအနေပေါ်မူတည်ပြီး ရေးထားခဲ့ကြတာပါ။ ဒါကြောင့် ခရစ်ဝင်ကျမ်းလေးကျမ်းနဲ့ ဝတ္ထုတွေကလည်း ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာခဲ့တာမဟုတ်ဘူး။ ပရောဖက်တွေရဲကျမ်းတွေနဲ့ ဗျာဒိတ်ကျမ်းကသာ ဘုရားသခင်အားဖြင့် တိုက်ရိုက်ဖြစ်ပေါ်စေတာဖြစ်တဲ့အတွက်ကြောင့် သမ္မာကျမ်းစာရဲ့တခြားအပိုင်းအားလုံးက လူသားရဲ့ အတွေ့အကြုံ ဗဟုသုတအပေါ် အခြေခံထားတာပါ။ အဲဒါတွေက မကိုက်ညီတာတွေပါနေတာ အံ့သြစရာဟုတ်ရဲ့လား။ အဲဒါတွေမှာ လူသားရဲ့အယူအဆတွေရောပြီးပါမနေဘူးဆိုတာ ဖြစ်နိုင်မလား။ ဒါက လူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အကြောင်းအရာတွေကို ရေးသလိုပါပဲ။ ဖြစ်ပျက်ခဲ့တာတွေကို အမှားတွေ ဒါမှမဟုတ် ဖြည့်စွက်တာတွေ၊ နုတ်ပါယ်တာတွေမပါဘဲ ဘယ်သူရေးနိုင်မှာလဲ။ ဒါမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဓမ္မသစ်ကျမ်းမှာ ပေတရုရဲ့ ငြင်းပယ်မှုကို ရှင်မဿဲနဲ့ ရှင်မာကုတို့က မှတ်တမ်းတင်ခဲ့တဲ့အခါ၊ ဓမ္မဟောင်းကျမ်းမှာ ဒါဝိတ်က ဣသရေလလူတွေကို ရေတွက်တာကို ဓမ္မရာဇဝင်နဲ့ ရာဇဝင်ချုပ်ပထမစောင်မှာ မှတ်တမ်းတင်ခဲ့တဲ့အခါမှာ မကိုက်ညီမှုတွေ ရှိနေတာပါပဲ။ ဒါက ရှောင်ဖို့ ခက်ပါတယ်။ လူသားတွေရဲ့ မှတ်တမ်းတွေမှာ အမှားက အမြဲတမ်းပါပါတယ်။ ဒါကြောင့် ဒါက နားလည်ဖို့ လွယ်ကူပါတယ်။

ကျမ်းစာကြည့်ရှုခြင်း

ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာ ပရောဖက်တွေရဲ့ကျမ်းတွေနဲ့ ဗျာဒိတ်ကျမ်းကသာ ဘုရားသခင်အားဖြင့် တိုက်ရိုက်ဖြစ်ပေါ်လာခဲ့ပြီး သမ္မာကျမ်းစာရဲ့ တခြားပိုင်းတွေအားလုံးက လူသားတွေရဲ့ အတွေ့အကြုံ၊ ဗဟုသုတအပေါ် အခြေခံထားတယ်လို့ပြောရင် တိမောသေသြဝါဒစာ ၃:၁၆ မှာ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” လို့ ဘာလို့ရေးထားတာလဲ။ ပထမဦးဆုံး “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” ဆိုတာက ပေါလုရဲ့ အမြင်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့နားလည်ရပါမယ်။ သခင်ယေရှုက ဒီစကားတွေကို ပြောခဲ့ဖူးပါသလား။ သန့်ရှင်းသောဝိညာဉ်တော်က သမ္မာကျမ်းစာထဲမှာ ဒီအချက်တွေကို သက်သေခံဖူးသလား။ သမ္မာကျမ်းစာကို ကျွန်တော်တို့ လေ့လာကြည့်မယ်ဆိုရင် သခင်ယေရှုနဲ့ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဒီအချက်ကို တစ်ခါမှ သက်သေမခံခဲ့ပါဘူး။ ပေါလုက ဒီလိုပြောခဲ့တယ်ဆိုတာက အဲဒါက သူ့ရဲ့ကိုယ်ပိုင်အမြင်ကိုသာ ကိုယ်စားပြုပြီး သမ္မာတရားနဲ့ ကိုက်ညီခြင်းမရှိပါဘူး။

နောက်ပြီး “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” ဆိုတဲ့ ပေါလုရဲ့ ဖော်ပြချက်ကို ကျွန်တော်တို့ ကြည့်ရင် ဘယ် “ကျမ်းစာ” ရဲ့ အပိုင်းကို သူက ရည်ရွယ်ပြီး ပြောတာလဲ။ သခင်ကြွလာပြီးနောက် နှစ် ၆၀ ကျော်ကြာပြီးနောက်မှာ ပေါလုက တိမောသေသြဝါဒစာ ဒုတိယစောင်ကိုရေးခဲ့ပြီး သမ္မာကျမ်းစာရဲ့ ဓမ္မသစ်ကျမ်းက အဲဒီအချိန်မှာ ကျမ်းတစ်အုပ်အဖြစ် မရေးရသေးဘူးဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဓမ္မဟောင်းကျမ်းသာ တည်ရှိခဲ့ပါတယ်။ သခင်ကြွလာပြီး နှစ် ၃၀ဝ ကျော်ကြာပြီးနောက်ကျမှသာ နိုင်စီးရားမြို့ရဲ့ ပထမဆုံးကောင်စီမှာ နိုင်ငံတိုင်းက ဘာသာရေးခေါင်းဆောင်တွေက ရနိုင်သလောက်ထဲကနေ ခရစ်ဝင်ကျမ်းလေးကျမ်းနဲ့ ပေါလု၊ ပေတရုနဲ့ ယောဟန်တို့လိုမျိုး လူတွေရဲ့စာတွေကို ရွေးချယ်ခဲ့တယ်။ ပြီးတဲ့အခါ ဓမ္မသစ်ကျမ်းတွေကို ဖန်တီးဖို့အတွက် ယောဟန်ရေးခဲ့တဲ့ ဗျာဒိတ်ကျမ်းနဲ့ ဒါတွေကို စုပြီး ထုတ်လိုက်တယ်။ နောက်ပိုင်းမှာ ဒီနေ့ခေတ် သမ္မာကျမ်းစာဖြစ်ပေါ်လာဖို့အတွက် ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းနှစ်ခုကို ပေါင်းလိုက်ကြတယ်။ ဒီအချက်က ပေါလုဟာ ဓမ္မသစ်ကျမ်းအဖြစ် သတ်မှတ်တဲ့အချိန်ထက် နှစ် ၂၀ဝ ကျော်စောပြီး တိမောသေသြဝါဒစာကို ရေးခဲ့တယ်ဆိုတာ ဖော်ပြနေပါတယ်။ ဒီအချက်က ပေါလုဟာ တိမောသေအတွက် သူ့ရဲ့စာမှာ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” လို့ ရေးတဲ့အခါမှာ သူရည်ညွှန်းတဲ့ “ကျမ်းစာ”မှာ ဓမ္မသစ်ကျမ်းမပါဝင်ပါဘူး။ ဒါကနေပြီးတော့မှ ကျွန်တော်တို့ဟာ သမ္မာကျမ်းစာတစ်ခုလုံးကို လူကရေးပေမဲ့ ဘုရားသခင်အားဖြင့် ဖြစ်ပေါ်စေလာတယ်ဆိုတဲ့ ယုံကြည်မှုဟာ တကယ့်အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အဓိပ္ပါယ်မရှိတဲ့ လူသားရဲ့နားလည်မှုတစ်ခုပဲဆိုတာ မြင်နိုင်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ အရာတစ်ခုကိုလည်း တခြားစာအုပ်မှာ ကျွန်တော် ဖတ်ခဲ့ပါတယ်။ “သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိုလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖောပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။” “အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။...အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။” (သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))

ဒီစာအုပ်မှာ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါဝင်တယ်။ ဒါပေမဲ့ တမန်တော်တွေကနေ အသင်းတော်မှာရှိတဲ့ သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေဆီကို သူတို့အသက်တာရဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ပတ်သက်ပြီး ပြောကြားဖို့အတွက် အကျိုးပြုစာတွေလည်း ပါဝင်တယ်ဆိုတာကို တော်တော်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါအမှန်တရားပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ ခွဲခြားသိမြင်နိုင်မှုရှိပြီး သမ္မာကျမ်းစာကို မှန်မှန်ကန်ကန် ကြည့်ရှုသင့်ပါတယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ဗျာဒိတ်တော်တို့ကို သယ်ဆောင်ပေးတဲ့ ပရောဖက်တွေကလွဲရင် ဘုရားသခင်ဟာ သူ့ရဲ့နှုတ်ကပတ်တော်တွေကို သယ်ဆောင်ဖို့ ဘယ်သူ့ကိုမှ မညွှန်ကြားခဲ့ပါဘူး။ နောက်ပြီး တမန်တော်တွေရဲ့စာတွေက သမ္မာကျမ်းစာမှာပါဝင်ပေမဲ့ သူတို့ရေးတဲ့စာတွေမှာ ဘုရားသခင်ရဲ့ ဖွင့်ပြခြင်းပါတယ်လို့ တစ်ခါမှ မပြောဆိုခဲ့ပါဘူး။ သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေမတိုင်ခင်က “ယေဟောဝါက ဒီပရောဖက်တစ်ယောက်ကို ကိုယ်ထင်ပြတယ်။”၊ “ဒီပရောဖက်က ဘုရားသခင်ရဲ့ ဖွင့်ပြခြင်းကို ခံရတယ်။”၊ “ယေဟောဝါက မိန့်ကြားတယ်။”၊ “ယေဟောဝါက ဖော်ပြခဲ့တယ်။” ဒါမှမဟုတ် “သခင်ယေရှုကပြောတယ်။” စတာတွေကို တိုက်ရိုက်ရေးသားခဲ့တာပါ။ ဒီအမျိုးအစားထဲမှာမပါတဲ့ အရာမှန်သမျှက လူရဲ့ စကားတွေပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မဟုတ်ပါဘူး။ ကျွန်တော်တို့က သမ္မာကျမ်းစာကို အစွဲအလန်းကြီးလို့ ဒါမှမဟုတ် ကိုးကွယ်လို့ ကျွန်တော်တို့က သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးဟာ ဘုရားသခင်အားဖြင့် တိုက်ရိုက်ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောရင် ဒါမှမဟုတ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပဲ လို့ပြောရင် ဒါဟာ ဘုရားသခင်ကို ထိခိုက်စော်ကားတဲ့ အဓိပ္ပါယ်မရှိတဲ့ နားလည်မှုလွဲခြင်းတစ်ခုပဲဖြစ်ပါတယ်။ လူရဲ့စကားက သမ္မာကျမ်းစာထဲမှာပါနေရင်တောင်မှ လူ့စကားပါပဲ။ ဒါဟာ ငြင်းလို့မရတဲ့အချက်တစ်ခုပါ။

ကျွန်တော်တို့ရဲ့ မိတ်သဟာယဖွဲ့မှုက ဒီပြဿနာကို ခင်ဗျားပိုပြီးရှင်းရှင်းလင်းလင်းမြင်အောင် ကူညီပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ နောက်ထပ်မေးစရာတွေရှိရင် ထပ်ပြီးတင်ဖို့ ကြိုဆိုလျှက်ပါ။

ဝိညာဉ်ရေးဆိုင်ရာ အမေး၊အဖြေ

၂၀၁၈ ခုနှစ် မေလ ၁၈ ရက်

အမှာစကား ချန်ခဲ့မည်