စာရင်း

နောက်လာမည့်အရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅

55 06/07/2022

ဖန်ဆင်းခံသတ္တဝါအစစ်အမှန်သည် ဖန်ဆင်းရှင်က မည်သူဖြစ်သည်ကို သိရမည်။ လူသားအား မည်သည့်အတွက် ဖန်ဆင်းထားသည်ကို သိရမည်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများအား မည်သို့လုပ်ဆောင်ရမည်ကို သိရမည်။ ဖန်ဆင်းရာအားလုံး၏ အရှင်သခင်အား မည်သို့ကိုးကွယ်ရမည်ကို သိရမည်။ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် တောင်းဆိုချက်များကို နားလည်၍ သဘောပေါက်ကာ သိကျွမ်းပြီး အရေးစိုက်ရမည်။ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည့် ဖန်ဆင်းရှင်၏ လမ်းစဉ်အတိုင်း လုပ်ဆောင်ရမည်။

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ မကောင်းသောအကျင့်ကို မည်သို့ရှောင်နိုင်သနည်း။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဆိုသည်မှာ ဖော်ပြမရနိုင်လောက်အောင် ဆိုးရွားသော ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို မဆိုလိုသကဲ့သို့၊ ရှောင်ဖယ်ခြင်းလည်း မဟုတ်သည့်အပြင်၊ ခပ်ဝေးဝေးနေခြင်းလည်းမဟုတ်ပေ၊ ထို့ပြင် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း၊ သို့မဟုတ် အယူသီးခြင်းလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် ကြည်ညိုခြင်း၊ မြတ်နိုးလေးစားခြင်း၊ ယုံကြည်ကိုးစားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အရေးစိုက်ခြင်း၊ နာခံခြင်း၊ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းတို့ဖြစ်သည်၊ ထို့အပြင် အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော ဝတ်ပြုကိုးကွယ်မှု၊ အတုံ့အလှယ်ပေးဆပ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့လည်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ကြည်ညိုခြင်း၊ စစ်မှန်သော ယုံကြည်ကိုးစားခြင်း၊ စစ်မှန်သော နားလည်သဘောပေါက်ခြင်း၊ စစ်မှန်သော အရေးစိုက်ခြင်း၊ သို့မဟုတ် စစ်မှန်သော နာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ အထင်မှားခြင်း၊ ရှောင်တိမ်းခြင်းနှင့် ရှောင်ရှားခြင်းတို့သာ ရှိနေလိမ့်မည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ မျက်စိစုံမှိတ် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းနှင့် အယူသီးခြင်းတို့သာ ရှိလိမ့်မည်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းစဉ်အတိုင်း မပြုမူနိုင်သကဲ့သို့၊ ဘုရားသခင်ကို မကြောက်နိုင်၊ သို့မဟုတ် မကောင်းသောအကျင့်ကိုလည်း မရှောင်နိုင်ပေ။ အပြန်အလှန်အားဖြင့် လူတို့လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းနှင့် အပြုအမူတိုင်းသည် ပုန်ကန်မှုနှင့် အာခံမှု၊ ဘုရားသခင်ကို သွားပုပ်လေလွင့် အပြစ်တင်ယိုးစွပ်မှုများအပြင် ဘုရားသခင်ကို အပုပ်ချသည့် ဝေဖန်အကဲဖြတ်မှုများနှင့် ပြည့်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားအပြင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်တို့နှင့် ဆန့်ကျင်သည့် ဆိုးယုတ်သော အပြုအမူနှင့် ပြည့်နေလိမ့်မည်။

လူသားမျိုးနွယ်၌ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏နောက်ကို လိုက်ခြင်းနှင့် သူ့အပေါ်မှီခိုရာတွင် စစ်မှန်လာလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားပြီး မှီခိုခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် သဘောပေါက်ခြင်းနှင့်အတူ သူ့ကို အစစ်အမှန် အရေးစိုက်ခြင်း တွဲပါလာသည်။ ဘုရားသခင်ကို အစစ်အမှန် အရေးစိုက်ခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော နာခံခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် နာခံခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် အထွတ်အမြတ်ထားခြင်းဖြင့်သာ လူသားမျိုးနွယ်၌ အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော စစ်မှန်သည့် အတုံ့အလှယ်ပေးဆပ်ခြင်း ရှိနိုင်သည်။ စစ်မှန်သည့် ကိုးစားခြင်းနှင့် မှီခိုခြင်း၊ စစ်မှန်သည့် နားလည်မှုနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် နာခံခြင်း၊ စစ်မှန်သည့် အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းလာနိုင်ပြီး ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် သိကျွမ်းလာနိုင်သည်။ ဖန်ဆင်းရှင်အား ၎င်းတို့ အမှန်တကယ် သိကျွမ်းလာသည့်အခါမှသာ လူသားမျိုးနွယ်သည် ၎င်းတို့အထဲ၌ စစ်မှန်သည့် ကိုးကွယ်မှုနှင့် ကျိုးနွံနာခံခြင်းတို့ နိုးကြားလာအောင် လုပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်ကို စစ်မှန်သည့် ကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိသည့်အခါမှသာ လူသားမျိုးနွယ်သည် မိမိတို့၏ ဆိုးယုတ်သော လမ်းများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ကြလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုလျှင် မကောင်းသောအကျင့်ကို ရှောင်နိုင်ကြလိမ့်မည်။

ဤတွင် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” လုပ်ငန်းစဉ်တစ်ခုလုံး ပါဝင်၏၊ ထို့ပြင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ အကြောင်းအရာ အလုံးစုံလည်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းသို့ ရောက်ရန်အတွက် ကျော်ဖြတ်ရမည့် လမ်းကြောင်းလည်း ဖြစ်ပေသည်။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် မကောင်းသော အကျင့်ကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင်မျိုးစုံ ပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းငှာ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံချင်ပါက ဦးစွာပထမ ထိုသူသည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် စိတ်ဆန္ဒ၊ မကောင်းသောအကျင့်ကို ရှောင်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် ပြင်းပြသည့် ဆန္ဒတို့ကို ပိုင်ဆိုင်ထားရမည်။...ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍သန့်စင်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိပညာနှင့်အတူ သာ၍ အဓိပ္ပာယ်ရှိလာမည်ဖြစ်ကာ ပို၍ပင် တောက်ပ အရောင်လက်လာလိမ့်မည်။ တစ်နေ့၊ ဖန်ဆင်းရှင်မှာ ပဟေဠိမဟုတ်တော့ကြောင်း၊ ဖန်ဆင်းရှင်သည် သင့်ထံမှ မည်သည့်အခါမျှ ပုန်းကွယ်မနေခဲ့ကြောင်း၊ ဖန်ဆင်းရှင်သည် သူ့မျက်နှာအား သင့်ထံမှ မည်သည့်အခါမျှ ဖုံးကွယ်မထားကြောင်း၊ ဖန်ဆင်းရှင်သည် သင်နှင့် လုံးဝ မဝေးကွာကြောင်း၊ ဖန်ဆင်းရှင်သည် သင့်အတွေးများထဲတွင် စဉ်ဆက်မပြတ် တမ်းတသော်လည်း သင့်ခံစားချက်များဖြင့် လက်လှမ်းမမီနိုင်သည့်သူ မဟုတ်တော့ကြောင်း၊ သင့်အသက်တာကို ပံ့ပိုးပေးရင်း၊ သင်၏ကံကြမ္မာကို ထိန်းချုပ်ပေးရင်း သူသည် သင်၏လက်ဝဲနှင့် လက်ျာနှစ်ဖက်ကို ဧကန်စင်စစ်စောင့်ရှောက်နေကြောင်း သင်ခံစားလာရလိမ့်မည်။ သူသည် ဝေးလံလှသော မိုးကုပ်စက်ဝိုင်းတွင် ရှိနေသည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို တိမ်တောင်မြင့်မြင့်ကြားတွင် ဝှက်ထားသည်လည်း မဟုတ်ပေ။ သူသည် သင်၏အရာအားလုံးကို ဦးဆောင်လျက် သင့်နံဘေးတွင် ရှိနေသည်။ သူသည် သင်၌ရှိသမျှ အရာခပ်သိမ်းဖြစ်ပြီး သင်၌ရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကိုချစ်ခွင့်၊ သူ့ကို ဖက်တွယ်ခွင့်၊ သူ့ကို နီးကပ်စွာ ဆုပ်ကိုင်ခွင့်၊ သူ့ကို ကြည်ညိုခွင့်၊ သူ့ကို ဆုံးရှုံးရမည်အား ကြောက်ရွံ့ခွင့်တို့ကို ပေးပြီး သူ့ကို စွန့်ခွာရန်၊ သူ့ကို မနာခံရန်၊ သူ့ကို ရှောင်ဖယ်ရန်၊ သို့မဟုတ် သူ့ကို ခပ်ဝေးဝေးတွင်ထားရန် မလိုမလား ဖြစ်စေသည်။ သူ့ကို အရေးစိုက်ရန်၊ နာခံရန်၊ သင့်ကို သူပေးသမျှအား တုံ့ပြန်ရန်နှင့် သူ၏အုပ်စိုးမှုကို ကျိုးနွံနာခံရန်သာ သင်လိုချင်တော့သည်။ သင်သည် သူ၏လမ်းညွှန်မှု၊ ပံ့ပိုးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို ခံယူရန် မငြင်းပယ်တော့သကဲ့သို့၊ သင့်အတွက် သူဆုံးဖြတ်ပေးပြီး ဘိသိက်ပေးသည့် အရာတို့ကိုလည်း သင်မငြင်းပယ်တော့ပေ။ သူ့နောက်လိုက်ရန်၊ သူ၏နံဘေးတွင် သူနှင့်အတူ လျှောက်လှမ်းရန်သာ သင်လိုချင်၏၊ သူ့ကို သင်၏ တစ်ခုတည်းသော အသက်အဖြစ် လက်ခံရန်၊ သင်၏ တစ်ဦးတည်းသော သခင်၊ တစ်ဦးတည်းသော ဘုရားသခင်အဖြစ် လက်ခံရန်သာ သင်လိုချင်လေတော့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

အမှာစကား ချန်ခဲ့မည်