Read more!
Read more!

လူသားနှင့် သူ၏ပဋိညာဉ် သင်္ကေတတစ်ခုအဖြစ် ဘုရားသခင်သည် သက်တံကို အသုံးပြုသည်

ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

ဆက်လက်၍ လူသားနှင့် သူ၏ပဋိညာဉ် သင်္ကေတအဖြစ် ဘုရားသခင်က သက်တံကို မည်သို့အသုံးပြုခဲ့သည်နှင့် ပတ်သက်သည့် ကျမ်းစာ၏ ဤအပိုင်းကို တစ်ချက် ကြည့်ကြစို့။

လူအများစုက သက်တံသည် မည်သည့်အရာဖြစ်သည်ကို သိရှိကြပြီး၊ သက်တံများနှင့် ဆက်နွှယ်သည့် ဖြစ်ရပ်အချို့ကို ကြားဖူးကြပေသည်။ သမ္မာကျမ်းစာထဲက သက်တံနှင့်ပတ်သက်သည့် အဖြစ်အပျက်အတွက်မူ၊ လူအချို့က ထိုအရာကို ယုံကြည်ပြီး၊ အချို့က ယုံတမ်းစကားအဖြစ် သဘောထားကြသော်လည်း၊ အခြားသူတို့က လုံးဝမယုံကြည်ကြပေ။ မည်သို့ပင်ဖြစ်စေ သက်တံနှင့်ဆက်နွှယ်၍ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးသည် ဘုရားသခင်၏ အမှုဖြစ်ခဲ့ပြီး လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်စဉ်တွင် ဖြစ်ပျက်ခဲ့ပေသည်။ ဤအဖြစ်အပျက်များကို သမ္မာကျမ်းစာထဲတွင် တိတိကျကျ မှတ်တမ်းတင် ထားခဲ့သည်။ ဤမှတ်တမ်းများက ဘုရားသခင်သည် ထိုအချိန်အခါက မည်သို့စိတ်နေစိတ်ထားရှိခဲ့သည် သို့မဟုတ် ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များ၏ နောက်ကွယ်က ရည်ရွယ်ချက်တို့ကို ငါတို့အား မပြောပြပေ။ ထို့အပြင် ဘုရားသခင်က ထိုအရာများကို ပြောခဲ့ချိန်တွင် မည်သည့်အရာ ခံစားနေခဲ့ရသည်ကိုလည်း မည်သူမျှ နားမလည်နိုင်ပေ။ သို့ရာတွင် ဤအဖြစ်အပျက် တစ်ခုလုံးနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ စိတ်အခြေအနေကို စာကြောင်းများကြားတွင် ထုတ်ဖော်ပြထားသည်။ ယင်းမှာ ထိုအချိန်အခါက သူ၏အတွေးများသည် ဘုရားနှုတ်ကပတ်တော်၏ စာလုံးအသီးသီးနှင့် စာစုအသီးသီးမှတစ်ဆင့် ကျွန်ုပ်တို့၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲယူသွားသည့်အလား ဖြစ်သည်။

ဘုရားသခင်၏ အတွေးများသည် လူတို့ အလေးထားသင့်သည့်အရာဖြစ်ပြီး၊ ၎င်းတို့ သိရှိဖို့ အကြိုးစားသင့်ဆုံးသော အရာဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အတွေးများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသား၏ သိနားလည်မှုနှင့် ခွဲခြားမရနိုင်အောင် ဆက်နွှယ်နေပြီး ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသား၏ သိနားလည်မှုသည် လူသား၏ အသက်အတွင်း ဝင်ရောက်ခြင်းအဖို့ မရှိမဖြစ်သည့် ကွင်းဆက်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ဤအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည့် ထိုအချိန်တွင် ဘုရားသခင်သည် မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။

မူလက၊ ဘုရားသခင်သည် သူ့အမြင်၌ အလွန် ကောင်းမွန်ပြီး သူ့နှင့်နီးစပ်သည့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သော်လည်း၊ သူ့ကို ပုန်ကန်ကြပြီးနောက်တွင် ရေလွှမ်းမိုးခြင်းအားဖြင့် ၎င်းတို့ ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ထိုကဲ့သို့ ချက်ချင်းသာ ပျောက်ကွယ်သွားသည်မှာ ဘုရားသခင်ကို နာကျင်စေခဲ့သလော။ နာကျင်စေသည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် ဤနာကျင်မှုနှင့် သက်ဆိုင်သည့် သူ၏ ဖော်ပြချက်မှာ အဘယ်နည်း။ ယင်းကို သမ္မာကျမ်းစာထဲ၌ မည်သို့ မှတ်တမ်းတင်ထားသနည်း။ သမ္မာကျမ်းစာ၌ ဤနှုတ်ကပတ်တော်များဖြင့် မှတ်တမ်းတင်ထားသည်- “သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။” ဤရိုးရှင်းသည့် စာကြောင်းသည် ဘုရားသခင်၏ အတွေးများကို ထုတ်ဖော်ပြပေသည်။ ဤကမ္ဘာလောကကို ဖျက်ဆီးခြင်းသည် သူ့ကို အလွန်တရာ နာကျင် စေခဲ့သည်။ လူသား၏စကားများဖြင့်၊ သူသည် အလွန် ဝမ်းနည်းခဲ့၏။ ငါတို့ စိတ်ကူးကြည့်၍ရသည်- တစ်ချိန်က သက်ရှိများနှင့်ပြည့်ခဲ့သည့် ကမ္ဘာသည် ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခံရခြင်း ပြီးနောက် မည်သို့ဖြစ်ခဲ့သနည်း။ တစ်ချိန်က လူသားများနှင့် ပြည့်ခဲ့သည့် ကမ္ဘာသည် ထိုအချိန်တွင် မည်သည့်အရာနှင့် တူခဲ့သနည်း။ လူသား နေထိုင်မှုမရှိ၊ သက်ရှိသတ္တဝါများမရှိ၊ ရေက နေရာတိုင်းတွင်ရှိပြီး၊ ရေမျက်နှာပြင်ပေါ်တွင် လုံးလုံး ကြီးစွာသော အပျက်အစီးရှိနေသည်။ ထိုသို့သော မြင်ကွင်းတစ်ခုသည် ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်က ဘုရားသခင်၏ မူလ ရည်ရွယ်ချက်ဖြစ်ခဲ့ပါသလော။ မဟုတ်ပါပေ။ ဘုရားသခင်၏မူလရည်ရွယ်ချက်မှာ ကုန်းမြေ တစ်လျှောက် သက်ရှိများကို မြင်ရဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများက သူ့ကို ကိုးကွယ်ကြခြင်းကို မြင်ရဖို့ဖြစ်သည်၊ နောဧသာ သူ့ကို ကိုးကွယ်နေသည့် တစ်ဦးတည်းသောသူဖြစ်ရန် သို့မဟုတ် သူ့ကို ပေးအပ်သည့်အရာကို ပြည့်စုံစေဖို့ သူ၏ ခေါ်ခြင်းကို အဖြေပေးနိုင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ရန်သာ မဟုတ်ပေ။ လူသားမျိုးနွယ် ပျောက်ကွယ်သွားခဲ့ချိန်တွင်၊ ဘုရားသခင်သည် မူလက သူရည်ရွယ်ထားခဲ့သည့် အရာကို မမြင်ခဲ့ဘဲ လုံးဝ ဆန့်ကျင်ဖက်ကို မြင်ခဲ့ရသည်။ သူ့နှလုံးသားသည် မည်သို့မနာကျင်ဘဲ နေနိုင်မည်နည်း။ ထို့ကြောင့် သူ၏စိတ်သဘောထားကို ထုတ်ဖော် ပြနေခဲ့ပြီး သူ၏စိတ်ခံစားချက်များကို ဖွင့်ပြသည့် အချိန်တွင်၊ ဘုရားသခင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ မည်သည့်ဆုံးဖြတ်ချက်မျိုးကို သူ ချမှတ်ခဲ့သနည်း။ လူနှင့် ပဋိညာဉ်တစ်ခု၊ ရေလွှမ်းမိုးခြင်းနှင့် လူသားကို တစ်ဖန် ဘုရားသခင် ဖျက်ဆီးတော့မည်မဟုတ်သည့် ကတိတစ်ခုအဖြစ် မိုးတိမ်ထဲတွင် သက်တံတစ်ခုပြုလုပ်ရန် (ယင်းမှာ၊ ငါတို့မြင်ရသည့် သက်တံ) ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်းမှာ ထိုသို့သောအရာကို ဘုရားသခင်က အဘယ်ကြောင့် ပြုခဲ့သည်ကို လူသားမျိုးနွယ်က ထာဝရ အောက်မေ့ဖို့အလို့ငှာ ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခဲ့ပြီး ဖြစ်သည်ကို လူတို့အား ပြောပြရန်လည်း ဖြစ်ခဲ့သည်။

ထိုအချိန်က ကမ္ဘာလောကကို ဖျက်ဆီးခြင်းသည် ဘုရားသခင် လိုချင်ခဲ့သည့် အရာဖြစ်ခဲ့သလော။ ဘုရားသခင် လိုလားသည့်အရာ လုံးဝ မဟုတ်ခဲ့ပေ။ ကမ္ဘာလောက၏ ပျက်စီးခြင်းနောက်တွင် ကမ္ဘာမြေ၏ သနားချင့်စဖွယ် မြင်ကွင်း၏ အစိတ်အပိုင်း အနည်းငယ်ကို ငါတို့ စိတ်ကူးကြည့်၍ရနိုင်သည်၊ သို့ရာတွင် ထိုအချိန်အခါက ဘုရားသခင်၏အမြင်တွင် မြင်ကွင်းက မည်သည့်အရာနှင့်တူခဲ့မည်ကို ငါတို့ နီးစပ်အောင် စိတ်ကူးကြည့်၍မရနိုင်ပေ။ ထိုအချိန်က လူတို့ဖြစ်စေ ယခုခေတ် လူတို့ဖြစ်စေ၊ ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရပြီးနောက် ကမ္ဘာလောက၏ပုံရိပ်ဖြစ်သည့် ထိုမြင်ကွင်းကို ဘုရားသခင်မြင်သည့်အခါ သူမည်သည့်အရာ ခံစားနေခဲ့ရသည်ကို မည်သူမျှ စိတ်ကူးမကြည့်နိုင် သို့မဟုတ် နားမလည်နိုင်ပါဟု ငါတို့ဆိုနိုင်သည်။ လူသား၏မနာခံမှုအားဖြင့် ဘုရားသခင်သည် ဤအရာကို မဖြစ်မနေ လုပ်ဆောင်ခဲ့ရသော်လည်း၊ ရေလွှမ်းမိုးခြင်းအားဖြင့် ဤကမ္ဘာလောက ပျက်စီးခြင်းမှ ဘုရားသခင်၏ စိတ်နှလုံးက ခံစားရသည့် နာကျင်မှုသည် မည်သူမျှ ဉာဏ်မမီနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ပြုလုပ်ခဲ့ရသည့် အကြောင်းရင်းဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် တစ်ချိန်က ဤကဲ့သို့သော တစ်စုံတစ်ရာကို ဘုရားသခင် လုပ်ဆောင်ခဲ့သည်ကို အောက်မေ့ဖို့ လူတို့အား ပြောပြရန်နှင့် ထိုသို့သော နည်းလမ်းဖြင့် ဘုရားသခင်သည် ကမ္ဘာလောကကို တစ်ဖန် ဖျက်ဆီးမည်မဟုတ်သည်ကို ၎င်းတို့ထံ ကျိန်ဆိုဖို့ရန် ရည်ရွယ်ခဲ့သည်။ ဤပဋိညာဉ်၌ ဘုရားသခင်၏ နှလုံးသားကို ငါတို့မြင်ရသည်- ဤလူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင် ဘုရားသခင်၏ နှလုံးသားက နာကျင်မှုတွင် ရှိခဲ့သည်ကို ငါတို့ မြင်တွေ့ရသည်။ လူ၏ဘာသာစကားအရ၊ လူသားမျိုးနွယ်ကို ဘုရားသခင်ဖျက်ဆီးပြီး လူသားမျိုးနွယ် ပျောက်ကွယ်သည်ကို မြင်ခဲ့ချိန်တွင်၊ သူ၏ နှလုံးသားသည် ငိုကြွေးနေခဲ့ပြီး သွေးများယိုစီးနေခဲ့သည်။ ယင်းမှာ ထိုအရာကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည် မဟုတ်လော။ ထိုစကားလုံးများကို လူသား၏စိတ်ခံစားမှုများအား ဖော်ပြဖို့ရန် လူသားများက အသုံးပြုကြသော်လည်း၊ လူ၏ဘာသာစကားသည် အလွန်ချို့တဲ့လှသည့်အတွက်၊ ဘုရားသခင်၏ ခံစားချက်များနှင့် စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် ၎င်းတို့ကို အသုံးပြုခြင်းသည် ငါ့အဖို့ အလွန်ဆိုးဝါးသည့်ပုံ မပေါ်သကဲ့သို့ လွန်လည်းမလွန်ကဲလှပေ။ အနည်းဆုံးအနေဖြင့် ယင်းက ထိုအချိန်က ဘုရားသခင်၏ စိတ်အခြေအနေမှာ မည်သည့်အရာနှင့်တူခဲ့သည် ဆိုသည်နှင့်သက်ဆိုင်သည့် အလွန်ရှင်းလင်းသည့်၊ အလွန် လျော်ကန်သည့် သိနားလည်မှုအား သင်တို့ကို ပေးသည်။ သက်တံတစ်ခုကို တစ်ဖန် သင်တို့ မြင်ရသည့်အခါ မည်သို့စဉ်းစားကြလိမ့်မည်နည်း။ အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် တစ်ချိန်က ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးခဲ့ခြင်းနှင့်ပတ်သက်၍ မည်မျှ ဝမ်းနည်းခဲ့ရသည်ကို သင်တို့ အောက်မေ့သတိရပေလိမ့်မည်။ ဘုရားသခင်သည် ဤလောကကိုမုန်းတီးပြီး ဤလူသားမျိုးနွယ်ကို စက်ဆုပ်ခဲ့သော်လည်း၊ သူကိုယ်တိုင်၏လက်များဖြင့် သူဖန်ဆင်းခဲ့သည့် လူသားများကို သူဖျက်ဆီးခဲ့ချိန်တွင်၊ သူ၏ နှလုံးသားက မည်သို့နာကျင်နေခဲ့သည်၊ ဖြေဖျောက်ဖို့ရန် မည်သို့ရုန်းကန်ကြိုးစားနေခဲ့ရသည်၊ တွန့်ဆုတ်မှု မည်သို့ခံစားနေခဲ့ရပြီး၊ သည်းခံဖို့ မည်သို့ခက်ခဲနေခဲ့သည်တို့ကို သင်တို့အနေဖြင့် အောက်မေ့သတိရပေလိမ့်မည်။ သူ၏ တစ်ခုတည်းသော စိတ်သက်သာမှုမှာ နောဧ၏မိသားစုရှစ်ယောက်တွင် ရှိခဲ့သည်။ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ အပတ်တကုတ် အားထုတ်မှုများကို အချည်းနှီးမဖြစ်စေခဲ့သည်မှာ နောဧ၏ ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင် နာကျင်ခံစားနေခဲ့ရသည့်အချိန်တွင်၊ ဤသည်မှာ သူ့နာကျင်မှုကို အစားထိုးပေးနိုင်ခဲ့သည့် တစ်ခုတည်းသော အရာဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် နောဧမိသားစုအနေဖြင့် သူ၏ကျိန်ခြင်းအမင်္ဂလာ အောက်၌မဟုတ်ဘဲ၊ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်နိုင်ဖို့ မျှော်လင့်ရင်း၊ ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် တစ်ဖန် ဖျက်ဆီးသည်ကို ၎င်းတို့ လုံးဝ မမြင်ရဖို့ မျှော်လင့်ရင်း၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခြင်းမခံရမည်ကိုလည်း မျှော်လင့်ရင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်လင့်ချက်များ အားလုံးကို နောဧ၏မိသားစု အပေါ်တွင် ထားရှိခဲ့သည်။

ဤအရာမှ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်အပိုင်းကို ငါတို့ သင်ယူသင့်သနည်း။ လူသားသည် ဘုရားသခင်ကို ရန်လိုခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို စက်ဆုပ်ရွံရှာခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲတွင်၊ လူသားမျိုးနွယ်အတွက် သူ၏စောင့်ရှောက်မှု၊ ပူပန်မှုနှင့် သနားကရုဏာတို့သည် မပြောင်းမလဲ ဆက်လက် တည်ရှိနေခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင်ပင်၊ သူ့စိတ်နှလုံးသည် မပြောင်းမလဲ ဆက်လက် ရှိနေခဲ့သည်။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားသည် မည်မျှ နာကျင်မှု၊ ဝမ်းနည်းမှုများ၌ ရှိခဲ့သည်ဖြစ်စေ သူ၏ဂရုစိုက်မှု၊ ပူပန်မှုနှင့် များပြားပြည့်လျှံသည့် သနားကရုဏာတို့ကို လူသားမျိုးနွယ်၌ ဆက်လက်ထားရှိခဲ့သည်။ ဤအရာမှ မည်သည့်အရာကို ငါတို့ တွေ့ရသနည်း။ ဧကန်မုချ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး သူ အပြောသက်သက် ဖြစ်သည့်အရာတစ်ခု မဟုတ်သည်ကို ငါတို့ မြင်တွေ့ရသည်။ ယင်းသည် စစ်မှန်သည်၊ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး သိသာသည်၊ အယောင်ဆောင်ထားခြင်းမဟုတ်၊ ရောနှောခြင်းမရှိ၊ လှည့်စားခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း မရှိပေ။ သူသည် ချစ်ခင်ဖွယ်ဖြစ်သည်ဟု လူတို့ မြင်စေရန် ဘုရားသခင်သည် မည်သည့်လှည့်စားမှုမျှ လုံးဝ အသုံးမပြုပေ သို့မဟုတ် ပုံရိပ်အတုအယောင်များ မဖန်တီးပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို လူတို့ မြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားလုံးထုတ်ဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာများသည် လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ခြင်းငှာ မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ခြင်းငှာ မထိုက်တန်သလော။ ဤအချိန်တွင်၊ သင်တို့ကို ငါ မေးလိုသည်- ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက်၊ ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်က အနှစ်မဲ့သည့် စကားလုံးများမျှသာ ဖြစ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ဖြစ်ခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာ ဖြစ်သလော။ မဟုတ်ပေ။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ အစရှိသည့်- ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်း၏ အသေးစိတ်အချက်အလက်တိုင်းသည် သူအမှုပြုသည့်အခါတိုင်း လက်တွေ့ကျသည့် ဖော်ပြမှု၌ တွေ့ရှိရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလို၌ သရုပ်ထင်ကာ လူတိုင်း၌လည်း ပြည့်စုံကာ ထင်ဟပ်ပေသည်။ သင်သည် ယခင်က ထိုအရာကို ခံစားဖူးသည်ဖြစ်စေ မခံစားဖူးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ စိတ်ဝိညာဉ်ကို နိုးထစေရန် သူ၏ ရိုးသားစစ်မှန်သည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုရင်း၊ လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် စောင့်ရှောက်နေပေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်သည်။ ဤနေရာတွင် လူမည်မျှ ထိုင်နေကြသည်ဖြစ်စေ၊ လူအသီးသီးသည် ဘုရားသခင်၏ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းတို့အပေါ် မတူညီသော အတွေ့အကြုံများနှင့် ခံစားချက်များ ရှိကြပြီးဖြစ်သည်။ ဘုရားသခင်နှင့် သက်ဆိုင်သည့် ဤအတွေ့အကြုံများနှင့် သူနှင့်သက်ဆိုင်သည့် ဤခံစားချက်များ သို့မဟုတ် သိမြင်နားလည်မှုများသည်- တိုတိုပြောရလျှင် ဤအပြုသဘောဆောင်သည့် အရာအားလုံးသည် ဘုရားသခင်ထံမှလာပေသည်။ ထို့ကြောင့် အယောက်တိုင်း၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် အတွေ့အကြုံများနှင့် အသိပညာတို့ကို ပေါင်းကာ ယင်းတို့ကို ယနေ့ ဤသမ္မာကျမ်းစာပိုဒ်များကို ငါတို့၏ ဖတ်ရှုခြင်းများနှင့် ပေါင်းစပ်လိုက်ခြင်းအားဖြင့်၊ ယခု သင်တို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် သာ၍စစ်မှန်ကာ သင့်တင့်လျောက်ပတ်သည့် သိနားလည်မှုတစ်ခုကို ရရှိကြပြီလော။

…………

ယနေ့ ငါတို့ မိတ်သဟာယပြုခဲ့ကြသည့် သမ္မာကျမ်းစာ အဖြစ်အပျက်များ အားလုံးအပါအဝင်၊ ကျမ်းပိုဒ်များ အားလုံးမှ တစ်စုံတစ်ရာကို သင်တို့ သတိထားမိကြပြီလော။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အတွေးများကို ဖော်ပြရန် သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ကို ရှင်းပြရန် သူ၏ ကိုယ်ပိုင် ဘာသာစကားကို အသုံးပြုဖူးပါသလော။ ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်ကို မည်မျှအလေးထားသည် သို့မဟုတ် မည်မျှချစ်သည်ကို ဖော်ပြဖို့ရန် သာမန် ဘာသာစကားကို သူသုံးခဲ့သည့် မှတ်တမ်းတစ်ခု ရှိပါသလော။ မရှိပေ။ မှန်သည် မဟုတ်လော။ သင်တို့ထဲတွင် သမ္မာကျမ်းစာကို ဖတ်ဖူးသည့်သူများ သို့တည်းမဟုတ် သမ္မာကျမ်းစာ အပြင် အခြားစာအုပ်များကို ဖတ်ဖူးသူများစွာရှိသည်။ သင်တို့ထဲမှ တစ်ဦးတလေသည် ထိုသို့သော စကားများကို မြင်ဖူးသလော။ အဖြေမှာ လုံးဝ မမြင်ဖူးကြပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ၏ အမှုနှင့် သက်ဆိုင်သည့် မှတ်တမ်းများအပါအဝင်၊ သမ္မာကျမ်းစာ၏ မှတ်တမ်းများတွင် ဘုရားသခင်သည် သူ၏ ခံစားချက်များကို ဖော်ပြရန် သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုကို ဖော်ပြရန် သူ၏ကိုယ်ပိုင် နည်းလမ်းများကို မည်သည့်ခေတ် သို့မဟုတ် မည်သည့်ကာလတွင်မျှ လုံးဝမသုံးဖူးသကဲ့သို့၊ သူ၏ခံစားချက်များနှင့် သူ့စိတ်ခံစားမှုများကို သိရှိစေဖို့ မိန့်ခွန်း သို့မဟုတ် မည်သည့်လုပ်ရပ်များကိုမျှ အသုံးမပြုဖူးပေ- ယင်းမှာ အမှန်တရားတစ်ခု ဖြစ်သည်မဟုတ်လော။ အဘယ်ကြောင့် ထိုသို့ ငါပြောသနည်း။ ဤအရာကို အဘယ်ကြောင့် ငါ ဖော်ပြပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာတွင်လည်း ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သူ၏စိတ်သဘောထားတို့ ဖွဲ့စည်းပါဝင်သောကြောင့် ဖြစ်ပေသည်။

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ၎င်းတို့ ဖောက်ပြန်ဖျက်ဆီးခံရပြီးသည်ဖြစ်စေ သို့မဟုတ် သူ့နောက်လိုက်လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ၊ သူ အမြတ်နိုးရဆုံး ချစ်ရသူများအဖြစ်- သို့မဟုတ် လူသားများ ပြောသကဲ့သို့ သူ့အဖို့ အချစ်မြတ်နိုးရဆုံးသော လူများအဖြစ်- ဆက်ဆံလေသည်။ ဘုရားသခင်က သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟု ပြောသော်လည်း၊ ယင်းသည် အဆင့်အတန်းဖြင့် ကွာခြားမှုအနည်းငယ် ရှိသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း၊ လက်တွေ့အရှိတရားမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာတိုင်းသည် ဤသဘောသဘာဝနှင့်သက်ဆိုင်သည့် ဆက်နွှယ်မှုကို များစွာကျော်လွန်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏၊ လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး၊ လူသားမျိုးနွယ်အတွက် ပူပန်မှုကို ပြသည့်အပြင်၊ လူသားမျိုးနွယ်အတွက် စဉ်ဆက်မပြတ် ရပ်တန့်ခြင်း မရှိဘဲ ထောက်ပံ့ပေးလျက်ရှိသည်။ ဤသည်မှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာ ရထိုက်သည့်အရာ ဖြစ်သည် သို့မဟုတ် များစွာ ချီးကျူးထိုက်သည့်အရာတစ်ခုဟု သူ၏နှလုံးသားတွင် ဘုရားသခင်သည် လုံးဝ မခံစားရပေ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာ ပေးအပ်ခြင်းသည် လူသားမျိုးနွယ်ကို ဧရာမ အထောက်အကူပြုခြင်းတစ်ခု ဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည် လူသားမျိုးနွယ်ကို သူ၏ ကိုယ်ပိုင်နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ်စွာနှင့် ငြိမ်သက်စွာ သက်သက် ထောက်ပံ့ ပေးလေသည်။ လူသားမျိုးနွယ်သည် သူ့ထံမှ မည်မျှထောက်ပံ့မှုနှင့် မည်မျှအကူအညီတို့ကို ရရှိသည် ဖြစ်စေ၊ ဘုရားသခင်သည် ချီးကျူးမှုရဖို့ လုံးဝ မစဉ်းစား သို့မဟုတ် မကြိုးစားပေ။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင်၏ စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်လည်း အတိအကျ ဖြစ်သည်။ ဤသည်မှာ သမ္မာကျမ်းစာထဲတွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် အခြားမည်သည့် စာအုပ်ထဲတွင် ရှိသည်ဖြစ်စေ၊ ဘုရားသခင် အနေဖြင့် သူ၏အတွေးများကို ဖော်ပြနေခြင်းကို ငါတို့ မည်သည့်အခါမျှ မတွေ့ရသကဲ့သို့၊ လူသားများက သူ့အပေါ် ကျေးဇူးတင်ရှိဖို့ သို့မဟုတ် သူ့ကို ချီးမွမ်းစေဖို့ ရည်မှန်းချက်ဖြင့်၊ ဤအရာများကို သူ အဘယ်ကြောင့် လုပ်ဆောင်ရသည်၊ သို့မဟုတ် လူသားမျိုးနွယ်ကို သူ အဘယ်ကြောင့် အလွန် အရေးစိုက်သည်ဆိုသည်ကို လူသားများထံ ဖော်ပြနေခြင်း သို့မဟုတ် တရားဝင် ကြေညာနေခြင်းကို မည်သည့်အခါမျှ ငါတို့ မတွေ့ရသည့် အကြောင်းရင်း ဖြစ်သည်။ သူ နာကျင်ရသည့် အခါတွင်ပင်၊ သူ၏နှလုံးသားသည် ပြင်းထန်သော နာကျင်မှုတွင် ရှိချိန်တွင်ပင်၊ လူသားမျိုးနွယ်အပေါ် သူ၏ဝတ္တရား သို့မဟုတ် သူ၏ ပူပန်မှုကို မည်သည့်အခါမျှ မမေ့လျော့ပေ။ တစ်ချိန်လုံး သူသည် ဤနာကျင်မှုနှင့် ဝေဒနာကို တစ်ကိုယ်တည်း တိတ်တဆိတ် သည်းခံလေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်သည် သူ အမြဲလုပ်ဆောင်ပြီးသည့်အတိုင်း လူသားမျိုးနွယ်ကို ဆက်လက်ထောက်ပံ့သည်။ လူသားမျိုးနွယ်သည် တစ်ခါတစ်ရံ ဘုရားသခင်ကို ချီးမွမ်းသော်လည်း သို့မဟုတ် သူ့ကို သက်သေခံသော်လည်း၊ ဤအပြုအမူထဲမှ မည်သည့်အရာမျှကို ဘုရားသခင် မတောင်းဆိုထားပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားများ အတွက် သူလုပ်ဆောင်သည့် ကောင်းသော အရာများထဲမှ တစ်ခုတစ်လေကို ကျေးဇူးတင်ရှိခြင်း အတွက် အလဲအလှယ်ပြုရန် သို့မဟုတ် ပြန်လည် ပေးဆပ်ခံရရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့သောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားနိုင်သူများ၊ ဘုရားသခင်နောက် အမှန်တကယ် လိုက်လျှောက်နိုင်သူများ၊ သူ့စကားကို နားထောင်ပြီး၊ သူ့ကို သစ္စာစောင့်သိသူများနှင့် သူ့ကို နာခံနိုင်သူများ- ဤသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မကြာခဏ ရရှိမည့်လူများ ဖြစ်ပြီး၊ ဘုရားသခင်သည် ထိုသို့သော ကောင်းချီးမင်္ဂလာများကို မခြွင်းမချန် နှင်းအပ်လိမ့်မည်။ ထို့အပြင် ဘုရားသခင်ထံမှ လူတို့ရရှိသည့် ကောင်းချီးမင်္ဂလာများသည် မကြာခဏ ၎င်းတို့၏ စိတ်ကူးများကိုကျော်လွန်ကာ လူသားများအနေဖြင့် ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာ သို့မဟုတ် ၎င်းတို့ ပေးပြီးဖြစ်သည့် အဖိုးအခမှတစ်ဆင့် ရှင်းချက်ထုတ်၍ ရနိုင်သည့် အရာတစ်ခုတစ်လေကိုလည်း ကျော်လွန်ပေသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို မွေ့လျော် ခံစားနေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေသည်ကို တစ်ဦးတစ်လေက ဂရုစိုက်ပါသလော။ တစ်ဦးတစ်ယောက်သည် ဘုရားသခင် မည်ကဲ့သို့ ခံစားနေရသည်ကို အရေးထားမှု တစ်ခုတစ်လေ ပြပါသလော။ ဘုရားသခင်၏ နာကျင်မှုကို နားလည်ဖို့ရန် တစ်ဦးတစ်ယောက်က ကြိုးစားပါသလော။ အဖြေမှာ ပြတ်သားသည့် အငြင်းတစ်ခု ဖြစ်သည်။ နောဧ အပါအဝင် လူသားတစ်ဦးတစ်လေသည် ထိုအခိုက်အတန့်တွင် ဘုရားသခင် ခံစားနေခဲ့ရသည့် ခံစားချက်ကို နားလည်နိုင်သလော။ ဘုရားသခင်သည် ထိုသို့သော ပဋိညာဉ်ကို အဘယ်ကြောင့် တည်ထောင်ခဲ့သည်ကို တစ်ဦးတစ်လေက သဘောပေါက်နိုင်ပါသလော။ သဘောမပေါက်နိုင်ပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နာကျင်မှုကို အသိအမှတ်မပြုသည်မှာ ၎င်းတို့က ဘုရားသခင်၏ နာကျင်မှုကို နားမလည်နိုင်သောကြောင့် မဟုတ်သကဲ့သို့၊ လူသားနှင့် ဘုရားသခင်အကြားမှ ကွာဟချက် သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းထဲက ခြားနားမှုကြောင့် မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်သည် ဘုရားသခင်၏ မည်သည့် ခံစားချက်ကိုမျှ လုံးဝ အရေးမစိုက်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်က၊ ဘုရားသခင်သည် အမှီအခိုကင်းသည်- ဘုရားသခင်သည် သူနှင့်ပတ်သက်၍ ဂရုစိုက်ဖို့၊ သူ့ကိုနားလည်ဖို့နှင့် သူ့ကို အရေးထားမှု ပြရန် လူတို့ကို မလိုအပ်။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် သူသည် နာကျင်မှုမရှိ၊ စိတ်ခံစားမှုများ မရှိပေ။ သူ ဝမ်းနည်းလိမ့်မည်မဟုတ်၊ ပူဆွေးမှုကို သူ မခံစားရ၊ သူသည် ငိုပင်မငိုပေ။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် သူသည် စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်တစ်ခုတစ်လေ မလိုအပ်သကဲ့သို့၊ မည်သည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုမျှ မလိုအပ်ပေ။ အကယ်၍ သူသည် အချို့သော အခြေအနေများအောက်တွင်၊ ဤအရာများကို အမှန်တကယ် လိုအပ်ပါက သူသည် တစ်ကိုယ်တည်း နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ပြီး၊ လူသားမျိုးနွယ်ထံမှ မည်သည့် အကူအညီမျှ လိုအပ်မည်မဟုတ်ပေ။ အပြန်အလှန်အားဖြင့် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ထောက်ပံ့ခြင်း၊ အားပေးခြင်းနှင့် အချိန်တိုင်းနှင့် နေရာတိုင်းတွင် ၎င်းတို့၏ စိတ်ခံစားမှုများကို ဘုရားသခင် နှစ်သိမ့်ပေးရန်အတွက်ပင် လိုအပ်သည်မှာ “အားနည်းပြီး မရင့်ကျက်သည့်” လူသားများဖြစ်သည်။ လူသားသည် အားနည်းသူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို နည်းလမ်းတိုင်းဖြင့် ကြည့်ရှု စောင့်ရှောက်ရန် ဘုရားသခင်ကို လိုအပ်ကြသည်၊ ဘုရားသခင်ထံမှ ရရှိသည့် ဂရုစိုက်မှုအားလုံးကို ၎င်းတို့ရထိုက်ပြီး၊ မိမိတို့ ပိုင်ဆိုင်သည့်အရာများဟု ၎င်းတို့ခံစားရသည့် မည်သည့်အရာကိုမဆို ဘုရားသခင်ထံမှ ၎င်းတို့ တောင်းဆိုသင့်သည်ဟူသည့် အရာများသည် လူသားမျိုးနွယ်၏စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ခိုအောင်းနေသည်။ ဘုရားသခင်သည် သန်မာသူတစ်ဦး ဖြစ်သည်။ သူသည် အရာရာကို ပိုင်ဆိုင်ပြီး၊ သူသည် လူသားမျိုးနွယ်၏ ကာကွယ်စောင့်ရှောက်သူနှင့် ကောင်းချီးမင်္ဂလာများ အပ်နှင်းပေးသူ ဖြစ်သင့်သည်။ သူသည် ဘုရားသခင်ဖြစ်နှင့်သည့်အတွက်၊ သူသည် အရာခမ်သိမ်းကို တတ်စွမ်းနိုင်ပြီး၊ လူသားမျိုးနွယ်ထံမှ မည်သည့်အရာကိုမျှ မလိုအပ်ဟု ထင်တတ်ကြလေသည်။

လူသားသည် ဘုရားသခင်၏ဖွင့်ပြချက်များ တစ်ခုတလေကိုမျှ အာရုံမစိုက်သည်နှင့်အမျှ၊ သူသည် ဘုရားသခင်၏ပူဆွေးခြင်း၊ နာကျင်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းတို့ကို လုံးဝ မခံစားရလေပြီ။ သို့သော် အပြန်အလှန်အားဖြင့်၊ ဘုရားသခင်သည် လူသား၏ မျက်နှာအမူအရာများ အားလုံးကို ကောင်းကောင်း သိရှိလေသည်။ ဘုရားသခင်သည် လူတစ်ဦးစီတိုင်း၏ ပြောင်းလဲနေသည့် အတွေးများကို လေ့လာရင်းနှင့်၊ ထိုသို့ဖြင့် ၎င်းတို့ကို နှစ်သိမ့်ကာ တိုက်တွန်းရင်း၊ ပြီးလျှင် ၎င်းတို့ကို လမ်းပြကာ အလင်းပေးရင်း၊ အယောက်တိုင်း၏ လိုအပ်ချက်များကို အချိန်တိုင်းနှင့် နေရာတိုင်းတွင် ထောက်ပံ့ပေးလေသည်။ လူသားမျိုးနွယ် အပေါ် ဘုရားသခင်လုပ်ဆောင်ပြီးသည့် အရာအားလုံးနှင့် ၎င်းတို့ကြောင့် သူပေးဆပ်ပြီးဖြစ်သည့် အဖိုးအခများအားလုံးအရ၊ ဘုရားသခင်သည် လူသားထံမှ တစ်စုံတစ်ရာ တောင်းဆိုလိမ့်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် ကျမ်းပိုဒ်အား ကျမ်းစာထဲတွင် သို့မဟုတ် ယနေ့အချိန်ထိ ဘုရားသခင် ပြောဆိုခဲ့သည့် အရာများထဲတွင် လူတို့က ရှာတွေ့နိုင်ကြပါသလော။ မရှာတွေ့နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်၏ အတွေးကို မည်မျှ လျစ်လျူရှုပါစေ၊ ၎င်းတို့အတွက် သူပြင်ဆင်ထားသည့် လှပသောခရီးပန်းတိုင်ကို ၎င်းတို့ ရရှိနိုင်ရန်အလို့ငှာ ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့အား လျှောက်လှမ်းနိုင်စေဖို့ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထပ်တလဲလဲ ဦးဆောင်ဆဲဖြစ်သည်၊ လူသားမျိုးနွယ်ကို ထပ်တလဲလဲ ထောက်ပံ့ကာ ကူညီပေးဆဲဖြစ်ပေသည်။ ဘုရားသခင်နှင့် ပတ်သက်လာသည့်အခါ၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ကျေးဇူးတော်၊ သူ၏သနားကရုဏာနှင့် သူ၏ဆုလာဘ်များအားလုံးကို သူ့ကိုချစ်ကာ သူ့နောက်လိုက်သည့် သူများအပေါ် ခြွင်းချန်ထားခြင်းမရှိဘဲ အပ်နှင်းလိမ့်မည် ဖြစ်သည်။ သို့ရာတွင် သူသည် သူခံစားရသည့် နာကျင်မှု သို့မဟုတ် သူ၏ စိတ်အခြေအနေကို မည်သည့်လူထံမျှ ထုတ်ဖော်ပြခြင်းမရှိသကဲ့သို့၊ သူ့အပေါ် ထောက်ထားမှု မရှိခြင်း သို့မဟုတ် သူ့အလိုကို မသိရှိခြင်းအတွက် မည်သူကိုမျှ လုံးဝ စောဒကမတက်ပေ။ သူသည် လူသားမျိုးနွယ်က နားလည်နိုင်မည့်နေ့ရက်ကို စောင့်ဆိုင်းရင်း၊ ဤအရာအားလုံးကို တိတ်တဆိတ်သာ သည်းခံလေသည်။

ဤအရာများကို ဤနေရာတွင် ငါအဘယ်ကြောင့် ပြောသနည်း။ ငါပြောပြီးသည့်အရာများမှ သင်တို့ မည်သည့်အရာကို မြင်တွေ့သနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားထဲတွင် အားလုံး သတိမမူမိဖို့ လွယ်ကူလွန်းလှသည့် အရာတစ်ခု၊ အခြားသူများက ကြီးမြတ်သည့်လူများ၊ သူတော်ကောင်းများ၊ သို့မဟုတ် ၎င်းတို့စိတ်ကူးထဲက ဘုရားအဖြစ် တွေးထင်ကြသည့် သူများအပါအဝင်၊ မည်သည့် လူကမျှ မပိုင်ဆိုင်ဘဲ၊ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည့် အရာတစ်ခုရှိပေသည်။ ဤအရာမှာ အဘယ်နည်း။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှု ဖြစ်သည်။ ကိုယ်ကျိုးမငဲ့မှုအကြောင်းဆိုသည့်အခါ၊ သင်သည် သင်၏သားသမီးများနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့နှင့် ပတ်သက်၍ မကတ်သတ် သို့မဟုတ် ရက်ရောတတ်သောကြောင့် မိမိမှာလည်း အင်မတန်မှပင် ကိုယ်ကျိုးမငဲ့တတ်သည့်သူ ဖြစ်သည်ဟု သင်တွေးကောင်းတွေးနိုင်သည် သို့မဟုတ် သင်၏ မိဘနှင့် ပတ်သက်လာသည့်အခါ သင်သည်လည်း အလွန်ကိုယ်ကျိုးမငဲ့ဟု သင် ထင်တတ်သည်။ သင် မည်သည့်အရာကို တွေးသည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် သင်သည် “ကိုယ်ကျိုးမငဲ့” ဟူသည့်စကားလုံးနှင့် သက်ဆိုင်သည့် အယူအဆ တစ်ခုရှိပြီး၊ ယင်းကို အပြုသဘောဆောင်သည့် စကားလုံးတစ်လုံးအဖြစ် တွေးထင်ကာ၊ ကိုယ်ကျိုးမငဲ့သောသူတစ်ဦး ဖြစ်ခြင်းမှာ အင်မတန် မြင့်မြတ်သည်ဟု တွေးထင်လေသည်။ သင်သည် ကိုယ်ကျိုးမငဲ့သည့်အခါတွင်၊ မိမိကိုယ်ကိုယ် မြင့်မြင့်မားမား အထင်ကြီးခြင်း ဖြစ်သည်။ သို့ရာတွင် အရာခပ်သိမ်းတွင်၊ လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများအလယ်နှင့် ဘုရားသခင်၏ အမှုတို့တွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းကို မြင်နိုင်သူ မည်သူမျှ မရှိပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ငါသည် ထိုသို့ပြောရသနည်း။ လူသားမျိုးနွယ်သည် ရုပ်ဝတ္ထုလောကထဲတွင် အသက်ရှင်၏။ သင်သည် ဘုရားသခင်နောက်ကို လိုက်ကောင်း လိုက်နိုင်သော်လည်း၊ ဘုရားသခင်သည် သင့်ကို မည်သို့ထောက်ပံ့ပေးသည်၊ မည်သို့ချစ်ပြီး မည်သို့ အရေးထားသည်ကို မည်သည့်အခါမျှ သင် မမြင် သို့မဟုတ် နားမလည်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို သင်မြင်သနည်း။ သင့်ကို ချစ်မြတ်နိုးသည့် သို့မဟုတ် သင့်ကို တုန်နေအောင်ချစ်ကြသည့် သွေးသားရင်းချာ ဆွေမျိုးများကို သင်မြင်သည်။ သင်၏ အသွေးအသားအတွက် အကျိုးရှိသည့် အရာများကို သင် မြင်သည်၊ သင်ချစ်သည့် လူများနှင့် အမှုအရာများနှင် ပတ်သက်၍ သင် ဂရုစိုက်သည်။ ဤသည်မှာ လူသားက ကိုယ်ကျိုးမငဲ့ခြင်းဟု ခေါ်သည့်အရာ ဖြစ်တော့သည်။ သို့ရာတွင် ထိုသို့သော “ကိုယ်ကျိုးမငဲ့သည့်” လူများသည် ၎င်းတို့ကိုအသက်ပေးသည့် ဘုရားသခင်ကိုမူ မည်သည့်အခါတွင်မျှ အလေးမထားခဲ့ကြပေ။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းနှင့် ဆန့်ကျင်စွာ၊ လူသား၏ ကိုယ်ကျိုးမငဲ့မှုသည် တစ်ကိုယ်ကောင်းဆန် လာပြီး စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ လူသားက ယုံကြည်သည့် ကိုယ်ကျိုးမငဲ့မှုသည် အနှစ်မဲ့ပြီး သဘာဝမကျပေ၊ ဖောက်ပြန်ကာ၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်သကဲ့သို့၊ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်း မရှိပေ။ လူ၏ ကိုယ်ကျိုးမငဲ့ခြင်းသည် မိမိကိုယ်ကိုယ်အတွက် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ၏အနှစ်သာရ၏ စစ်မှန်သည့် ဖော်ပြချက် ဖြစ်ပေသည်။ လူသည် ဘုရားသခင်၏ စဉ်ဆက်မပြတ် ထောက်ပံ့မှုခံရသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုကြောင့် အတိအကျ ဖြစ်ပေသည်။ ယနေ့ငါပြောသည့် ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့အနေဖြင့် အလွန် စိတ်ထိခိုက်ခြင်း ရှိကောင်း ရှိမည်မဟုတ်သကဲ့သို့၊ ထောက်ခံမှုဖြင့် ခေါင်းညိတ်ရုံမျှ ညိတ်နေကြသော်လည်း၊ သင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ ကြိုးစားသည့်အခါတွင်၊ သင်သည် ဤအရာကို အမှတ်တမဲ့ သိရလိမ့်မည်- သင့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်သာ အခြေအနေပေါ် မမူတည်သကဲ့သို့ ပြစ်မျိုး မှဲ့မထင်သောကြောင့်၊ ဤလောကကြီးထဲ၌ သင်ခံစား သိရှိနိုင်သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများ အားလုံးအထဲတွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည်သာ စစ်မှန်ပြီး ခိုင်မာသည် ဟူ၍ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ အခြားမည်သူမဆို၏ ကိုယ်ကျိုးမငဲ့မှုဟုခေါ်သော အရာသည် အယောင်ဆောင်ထားခြင်း ဖြစ်သည်၊ အပေါ်ယံဖြစ်ပြီး အစစ်အမှန်မဟုတ်ပေ။ ယင်းသည် ရည်မှန်းချက်တစ်ခု၊ ရည်ရွယ်ချက်အချို့ရှိသည်၊ အပေးအယူသဘော ပါရှိပြီး၊ စမ်းသပ်ခြင်းကို မခံနိုင်ပေ။ ယင်းသည် ညစ်ညူးကာ စက်ဆုပ်ဖွယ် ဖြစ်သည်ဟုပင် သင်တို့ ပြောနိုင်သည်။ ဤစကားများနှင့်ပတ်သက်၍ သင်တို့ သဘောတူကြပါသလော။

သင်တို့သည် ဤအကြောင်းအရာများနှင့် အလွန် မရင်းနှီးသကဲ့သို့၊ ထိုအရာများကို သင်တို့အမှန်တကယ် နားမလည်နိုင်မီ နားဝင်ဖို့ အချိန်အနည်းငယ် လိုအပ်သည်ကို ငါသိသည်။ ဤကိစ္စရပ်များ၊ အကြောင်းအရာများနှင့် သင်တို့ သာ၍မရင်းနှီးလေ၊ ဤအကြောင်းအရာများသည် သင်တို့ နှလုံးသားထဲတွင် ကင်းမဲ့နေသည်ကို သာ၍ သက်သေပြလေဖြစ်သည်။ အကယ်၍ ဤအကြောင်းအရာများကို ငါ လုံးဝ မဖော်ပြခဲ့ပါက၊ သင်တို့ထဲ တစ်ဦးတလေသည် ထိုအရာများနှင့်ပတ်သက်၍ တစ်ခုတစ်လေ သိလိမ့်မည်လော။ သင်တို့သည် မည်သည့်အခါတွင်မျှ သိကြမည်မဟုတ်ဟု ငါယုံကြည်သည်။ ယင်းမှာ သေချာပေသည်။ သင်တို့သည် မည်မျှ သဘောပေါက်နိုင်သည်ဖြစ်စေ သို့မဟုတ် နားလည်နိုင်သည်ဖြစ်စေ၊ တိုတိုပြောရလျှင် ငါပြောသည့် ဤအကြောင်းအရာများသည် လူတို့ အချို့တဲ့ဆုံးသောအရာနှင့် ၎င်းတို့ အသိသင့်ဆုံးသော အရာ ဖြစ်သည်။ ဤအကြောင်းအရာများသည် အယောက်တိုင်းအတွက် အလွန်အရေးကြီး၏- ၎င်းတို့သည် တန်ဖိုးရှိပြီး အသက်ဖြစ်ကာ ရှေ့ဆက်ရမည့်လမ်းအတွက် သင်တို့ပိုင်ဆိုင်ထားရမည့် အရာများဖြစ်သည်။ လမ်းညွှန်ချက်အဖြစ် ဤနှုတ်ကပတ်တော်များမရှိဘဲနှင့်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့်သက်ဆိုင်သည့် သင်၏ သိနားလည်ခြင်း မရှိဘဲနှင့်၊ ဘုရားသခင်နှင့်ပတ်သက်လာပါက သင်သည် အမြဲ မေးခွန်းထုတ်မိလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားပင်မလည်ပါက သူ့ကို မည်သို့ ကောင်းမွန်စွာ ယုံကြည်နိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ စိတ်ခံစားမှုများ၊ သူ၏အလို၊ သူ၏စိတ်အခြေအနေ၊ မည်သည့်အရာ သူတွေးနေသည်၊ မည်သည့်အရာက သူ့ကို ဝမ်းနည်းစေပြီး မည်သည့်အရာက သူ့ကိုပျော်ရွှင်စေသည်တို့ကို သင်ဘာမျှမသိပေ၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးအပေါ် မည်သို့ အရေးထားနိုင်မည်နည်း။

ဘုရားသခင် စိတ်မကောင်းသည့်အချိန်တိုင်းတွင်၊ သူသည် သူ့ကို လုံးဝ အာရုံမစိုက်သည့် လူသားမျိုးနွယ်၊ သူ့နောက်လိုက်ကာ သူ့ကိုချစ်ပါသည်ဟု အခိုင်အမာဆိုသော်လည်း၊ သူ့ခံစားချက်များကို လုံးဝ လျစ်လျူရှုသည့် လူသားမျိုးနွယ်ကို ရင်ဆိုင်ရလေသည်။ သူ၏ စိတ်နှလုံသည် အဘယ်သို့ မနာကျင်ဘဲ နေနိုင်မည်နည်း။ ဘုရားသခင်၏စီမံခန့်ခွဲခြင်း အမှုတွင် ဘုရားသခင်သည် လူအသီးသီးအပေါ် သူ့အမှုကို စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ပြီး၊ လူအသီးသီးကို စကားပြောကာ၊ ထိန်ချန်ထားခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းမရှိဘဲ ၎င်းတို့ကိုရင်ဆိုင်လေသည်။ သို့သော် အပြန်အလှန်အားဖြင့် သူ့နောက်ကိုလိုက်သည့် လူတိုင်းသည် သူ့အပေါ် ပိတ်ပင်ထားကြပြီး၊ သူနှင့် တက်ကြွစွာ သာ၍ နီးကပ်ဖို့၊ သူ၏စိတ်နှလုံးကို နားလည်ဖို့၊ သို့မဟုတ် သူ၏ ခံစားချက်များကို အာရုံစိုက်ဖို့ မည်သူမျှ လိုလားခြင်းမရှိကြချေ။ ဘုရားသခင်၏ အကျွမ်းဝင်သူများ ဖြစ်လာချင်ကြသည့် သူများပင်လျှင်၊ သူနှင့် မနီးကပ်ချင်ကြ၊ သူ၏စိတ်နှလုံးအပေါ် မထောက်ထားချင်ကြ သို့မဟုတ် သူ့ကို နားလည်ရန် မကြိုးစားချင်ကြပေ။ ဘုရားသခင်သည် ဝမ်းမြောက်ကာ ပျော်ရွှင်နေသည့်အချိန်တွင်၊ သူ၏ပျော်ရွှင်မှုကို မျှဝေခံစားပေးမည်သူ တစ်ဦးမျှမရှိပေ။ ဘုရားသခင်သည် လူတို့၏ အထင်မြင်လွဲမှားမှု ခံရချိန်တွင်၊ သူ၏ ဒဏ်ရာရသည့် နှလုံးသားကို နှစ်သိမ့်ပေးမည့်သူတစ်ဦးမျှမရှိပေ။ သူ၏နှလုံးသား နာကျင်နေချိန်တွင်၊ ၎င်းတို့ထံ ရင်ဖွင့်ခွင့်ပေးရန် လိုလားလျက်ရှိသည့် လူတစ်ဦးမျှ မရှိပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ဤနှစ်ထောင်ချီကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ ပျော်ရွင်မှုနှင့် ပူဆွေးမှုများကို ဘုရားသခင်နှင့်အတူ မျှဝေခံစားဖို့ သူ့ဘက်တွင် ရပ်တည်နိုင်ခဲ့သူ တစ်ဦးတစ်လေရှိဖို့ မဆိုထားနှင့် ဘုရားသခင်၏ စိတ်ခံစားမှုများကို နားလည်သည့်သူ၊ ယင်းတို့ကို သဘောပေါက်သူ သို့မဟုတ် အသိအမှတ်ပြုသည့်သူ တစ်ဦးမျှ မရှိပေ။ ဘုရားသခင်သည် အထီးကျန် နေ၏။ သူ အထီးကျန်နေပေ၏။ ဘုရားသခင် အထီးကျန်သည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က သူ့ကိုဆန့်ကျင်သောကြောင့်သာ မဟုတ်ဘဲ၊ ဝိညာဉ်ရေးပြည့်ဝဖို့ ကြိုးစားသူများ၊ ဘုရားသခင်ကို သိရှိရန်နှင့် သူ့ကို နားလည်ဖို့ရန် ကြိုးစားသူများကြောင့် သာ၍ အထီးကျန်ရခြင်းဖြစ်ပြီး၊ မိမိတို့ဘဝတစ်ခုလုံးကို သူ့အတွက် အသုံးခံရန် လိုလားနေကြသူများပင်လျှင် သူ၏ အတွေးများကို မသိကြ သို့မဟုတ် သူ၏စိတ်သဘောထားနှင့် စိတ်ခံစားမှုများကို နားမလည်ကြပေ။

နောဧ၏ အဖြစ်အပျက်အဆုံးတွင်၊ ဘုရားသခင်သည် ထိုအချိန်က သူ၏ခံစားချက်များကို ဖော်ပြဖို့ရန် တစ်မူထူးခြားသော နည်းလမ်းတစ်ခု အသုံးပြုခဲ့သည်ကို ငါတို့မြင်ရသည်။ ယင်းမှာ အလွန်ထူးခြားသော နည်းလမ်းတစ်ခု‌ ဖြစ်ပေသည်- ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းဖြင့် ဘုရားသခင်၏ ဖျက်ဆီးခြင်း အဆုံးသတ်ကို ကြေငြာသည့် ပဋိညာဉ်တစ်ခုကို လူသားများနှင့် ဖွဲ့ရန်ဖြစ်သည်။ အပေါ်ယံအားဖြင့်၊ ပဋိညာဉ်ဖွဲ့ခြင်းသည် အလွန် သာမန်ဖြစ်သည့် တစ်ခုကဲ့သို့ ထင်ရသည်။ ယင်းသည် နှစ်ဦးနှစ်ဘက်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အလို့ငှာ၊ အဖွဲ့နှစ်ဖွဲ့ကို လိုက်နာဆောင်ရွက်စေဖို့နှင့် ၎င်းတို့၏ သဘောတူညီချက်ကို ကျူးလွန်ဖောက်ဖျက်ခြင်းမှ တားဆီးဖို့ စကားလုံးများကို အသုံးပြုခြင်းထက် ဘာမျှမပိုပေ။ ပုံစံအရ ယင်းမှာ အလွန် သာမန်ဖြစ်သည့်အရာတစ်ခု ဖြစ်သည်၊ သို့သော် နောက်ကွယ်မှ အရင်းခံအကြောင်းများနှင့် ဤအရာကို ဘုရားသခင်လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှ၊ ယင်းမှာ ဘုရားသခင်၏စိတ်သဘောထားနှင့် စိတ်အခြေအနေတို့နှင့်သက်ဆိုင်သည့် မှန်ကန်သည့် ထုတ်ဖော်ပြမှုတစ်ခု ဖြစ်သည်။ သင်သည် ဤစကားများကိုသာ ဘေးဖယ်ကာ လျစ်လျူရှုပါက၊ အကယ်၍ ငါသည် အမှုအရာများနှင့် သက်ဆိုင်သည့် သမ္မာတရားကို သင်တို့အား မည်သည့်အခါတွင်မျှ မပြောပြပါက၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အတွေးကို အမှန်တကယ် မည်သည့်အခါတွင်မျှ သိရှိကြလိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်ကူးထဲတွင် ဘုရားသခင်သည် ဤပဋိညာဉ်ကို သူ ဖွဲ့ချိန်တွင် ပြုံးနေခဲ့ကောင်းပြုံးနေပေမည် သို့မဟုတ် သူ၏ မျက်နှာအမူအရာသည် လေးနက်ခဲ့ကောင်း လေးနက် ခဲ့ပေမည်၊ သို့သော် ဘုရားသခင်က ရှိခဲ့မည်ဟု လူတို့စိတ်ကူးသည့် သာမန်အဖြစ်ဆုံးသော မည်သည့်မျက်နှာအမူအရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အထီးကျန်မှုကို မဆိုထားနှင့်၊ ဘုရားသခင်၏နှလုံးသား သို့မဟုတ် သူ၏နာကျင်မှုကို မည်သူမျှ မြင်နိုင်ပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ မည်သူမျှ ၎င်းတို့ကို ဘုရားသခင် ယုံကြည်ဖို့ မလုပ်နိုင် သို့မဟုတ် ဘုရားသခင်၏ ယုံကြည်မှုနှင့် မထိုက်တန်နိုင်ပေ၊ သို့မဟုတ် သူ၏အတွေးများကို ဖော်ပြပေးနိုင်သည့်သူ သို့မဟုတ် သူ၏နာကျင်မှုကို အသိပေးခံရနိုင်သူ တစ်စုံတစ်ဦး မဖြစ်နိုင်ပေ။ ယင်းမှာ ဘုရားသခင်သည် ထိုသို့သောအရာကို လုပ်ဆောင်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့သည့် အကြောင်းရင်းဖြစ်သည်။ အပေါ်ယံအားဖြင့်၊ ဘုရားသခင်သည် အတိတ်၏ အရေးကိစ္စကို ပြီးပြတ်စေရင်းနှင့် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကြီးကို သူ၏ဖျက်ဆီးခြင်းအား ပြီးပြည့်စုံသည့် အဆုံးသတ်သို့ ဆောင်ကြဉ်းရင်း၊ ရှိခဲ့သည့် လူသားမျိုးနွယ်ကို နှုတ်ဆက်ရာတွင် လွယ်ကူသည့်အရာတစ်ခု လုပ်ဆောင်ခဲ့ပေသည်။ သို့သော် ဘုရားသခင်သည် ဤအခိုက်အတန့်မှ နာကျင်မှုကို သူ၏ အတွင်းစိတ်နှလုံးထဲတွင် မြှုပ်နှံခဲ့သည်။ ဘုရားသခင်သည် ပြောပြရမည့်လူတစ်ယောက်မျှ မရှိသည့်အချိန် ထိုအချိန်တွင်၊ သူသည် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးတော့မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြရင်း၊ လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ဖွဲ့ခဲ့သည်။ သက်တံပေါ်ထွက်လာသောအခါ၊ ယင်းမှာ လူသားများကို ဖြစ်ခဲ့ပြီးဖြစ်သည့် ထိုသို့သော အရာတစ်ခုကို လူတို့အား အသိပေးရန်နှင့်၊ မကောင်းမှုကို ရှောင်ကြဉ်ရန် ၎င်းတို့ကို သတိပေးဖို့ ဖြစ်သည်။ ထိုသို့သော နာကျင်ရသည့် အခြေအနေတွင်ပင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မမေ့လျော့ခဲ့သကဲ့သို့၊ သူတို့ကို များစွာသော အလေးထားမှု ပြနေဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကိုယ်ကျိုးမငဲ့မှုတို့ ဖြစ်သည် မဟုတ်သလော။ သို့ရာတွင် လူတို့သည် ၎င်းတို့ ဆင်းရဲဒုက္ခခံစားနေရချိန်တွင် မည်သည့်အရာကို တွေးကြသနည်း။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ အလိုအပ်ဆုံးအချိန် ဖြစ်သည် မဟုတ်သလော။ ဤသို့သောအချိန်များတွင်၊ လူများသည် ၎င်းတို့ကိုနှစ်သိမ့်ပေးနိုင်စေဖို့ ဘုရားသခင်ကို အတင်းဆွဲခေါ်ကြသည်။ မည်သည့်အချိန်တွင် ဖြစ်ပါစေ ဘုရားသခင်သည် လူသားများကို စိတ်ပျက်စေလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏အကျပ်အတည်းများမှ အမြဲ လွတ်မြောက်နိုင်စေလိမ့်မည်ဖြစ်ပြီး အလင်းထဲတွင် အသက်ရှင်နိုင်စေလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို များစွာထောက်ပံ့ပေးသော်လည်း၊ လူသား၏ နှလုံးသားထဲတွင်၊ ဘုရားသခင်သည် ဖြေသိမ့်ပေးသည့်ဆေးတစ်လုံး၊ ကိုယ်စိတ်ချမ်းသာစေသည့် အားဆေးတစ်လုံးထက် ဘာမျှမပိုပေ။ ဘုရားသခင်သည် ဆင်းရဲဒုက္ခခံစားနေရချိန်တွင်၊ သူ၏နှလုံးသား ထိခိုက်ချိန်တွင်၊ သူ့ကို အဖော်ပြုမြဲပြုဖို့ သို့မဟုတ် သူ့ကို နှစ်သိမ့်ပေးဖို့ အဖန်ဆင်းခံတစ်ဦး သို့မဟုတ် လူတစ်ဦးတစ်လေ ရှိခြင်းသည် ဘုရားသခင်အတွက် သေချာပေါက် လွန်ကဲလှသည့် ဆန္ဒတစ်ခုသာ ဖြစ်ပေမည်။ လူသားသည် ဘုရားသခင်၏ ခံစားချက်များကို မည်သည့်အခါတွင်မျှ အာရုံမစိုက်ခဲ့ပေ၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကိုနှစ်သိမ့်ပေးနိုင်မည့် တစ်စုံတစ်ဦးရှိဖို့ မည်သည့်အခါမျှ မတောင်းဆိုပေ သို့မဟုတ် မမျှော်လင့်ပေ။ သူ၏စိတ်နေစိတ်ထားကို ဖော်ပြဖို့ ဘုရားသခင်သည် သူ့ကိုယ်ပိုင်နည်းကိုသာ အသုံးပြုသည်။ ဘုရားသခင်အနေဖြင့် ဆင်းရဲဒုက္ခအချို့ကို ဖြတ်သန်းဖို့မှာ ကြီးမားသည့် အခက်အခဲတစ်ခုဖြစ်သည်ဟု လူတို့က မစဉ်းစားကြပေ၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို နားလည်ဖို့ အမှန်တကယ် ကြိုးစားသည့်အခါမှသာ၊ သူလုပ်သမျှအရာတိုင်းတွင် ဘုရားသခင်၏ လေးနက်သည့် ရည်ရွယ်ချက်များကို စစ်မှန်စွာ သင် အသိအမှတ်ပြုနိုင်သည့်အခါမှသာ၊ သင်သည် ဘုရားသခင်၏ကြီးမြတ်မှုနှင့် ကိုယ်ကျိုးမငဲ့မှုတို့ကို ခံစားရနိုင်ပေသည်။ ဘုရားသခင်သည် သက်တံကို အသုံးပြုရင်း လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ဖွဲ့ခဲ့သော်လည်း ဤအရာကို သူ အဘယ်ကြောင့် လုပ်ဆောင်ခဲ့သည်- အဘယ်ကြောင့် ဤပဋိညာဉ်ကို သူ တည်ထောင်ခဲ့သည်- ဆိုသည်ကို မည်သူ့ကိုမျှ လုံးဝ မပြောခဲ့ပေ၊ ဆိုလိုသည်မှာ သူသည် သူ၏ စစ်မှန်သည့် အတွေးများကို မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ ဤသည်မှာ သူကိုယ်တိုင် လက်ဖြင့် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို သဘောပေါက်နိုင်သူ တစ်ဦးမျှ မရှိသောကြောင့်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူ ဖျက်ဆီးခဲ့သည့်အချိန်တွင် သူ၏နှလုံးသားက မည်မျှနာကျင်မှုသာ ခံစားခဲ့ရသည်ကို အသိအမှတ်ပြုနိုင်သူ တစ်ဦးမျှလည်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်က သူမည်သို့ခံစားရသည်ကို လူတို့အား ပြောပြခဲ့မည်ဆိုလျှင်ပင်၊ ၎င်းတို့သည် ဤယုံကြည်မှုကို ခံယူနိုင်မည်မဟုတ်ပေ။ နာကျင်မှုတွင်ရှိနေသော်လည်း သူသည် သူ၏အမှု နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။ ဆင်းရဲဒုက္ခကို မိမိဘာသာ တိတ်တဆိတ် သည်းညည်းခံရင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ၏အကောင်းဆုံးအပိုင်းနှင့် အကောင်းဆုံးအရာများကို အမြဲ ပေးလေသည်။ ဘုရားသခင်သည် ဤဆင်းရဲဒုက္ခများကို မည်သည့်အခါတွင်မျှ ပွင့်ပွင့်လင်းလင်း မဖွင့်ဟပေ။ ထိုအစား သူသည် ယင်းတို့ကို ကြံ့ကြံ့ခံပြီး တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ ဘုရားသခင်၏ ခံနိုင်ရည်သည် အေးစက်၊ ထုံထိုင်းခြင်းမရှိ သို့မဟုတ် ကူကယ်ရာမဲ့ မဖြစ်သကဲ့သို့ အားနည်းမှု၏ လက္ခဏာတစ်ရပ်လည်း မဟုတ်။ ယင်းထက် ဘုရားသခင်၏ချစ်ခြင်းနှင့် အနှစ်သာရသည် အစဉ်အမြဲ ကိုယ်ကျိုးငဲ့ခြင်း မရှိပေ။ ဤသည်မှာ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့်သက်ဆိုင်သည့် သဘာဝအလျောက် ဖွင့်ပြခြင်းဖြစ်ပြီး၊ စစ်မှန်သည့် ဖန်ဆင်းရှင်အဖြစ် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၏ စစ်မှန်သည့် သရုပ်သကန်တစ်ခုလည်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ အချို့က ငါဆိုလိုသည့်အရာကို အဓိပ္ပာယ်ကောက်လွဲနိုင်သည်။ “ဘုရားသခင်၏ ခံစားချက်များကို သည်းထိတ်ရင်ဖိုစရာ ဖန်တီးမှုများစွာဖြင့်၊ ထိုသို့ အသေးစိတ်ဖော်ပြခြင်းသည် လူသားများကို ဘုရားသခင်အတွက် ဝမ်းနည်းစေဖို့ ရည်ရွယ်ပါသလော။” ယင်းသည် ဤနေရာတွင်ရှိသည့် ရည်ရွယ်ချက်လော။ (မဟုတ်ပါ။) ငါ့အနေနှင့် ဤအရာများကို ပြောရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားသခင်ကို သာ၍ကောင်းစွာ သင်တို့ သိကျွမ်းလာစေရန်၊ သူ၏ သွင်ပြင်လက္ခဏာ အမြောက်အများကို နားလည်ရန်၊ သူ၏ စိတ်ခံစားမှုများကို နားလည်ရန်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့သည် လူသား၏ အနှစ်မဲ့သည့် စကားလုံးများ၊ ၎င်းတို့၏ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ၊ သို့မဟုတ် ၎င်းတို့၏ စိတ်ကူးများမှတစ်ဆင့် ပုံဖော်ခံထားရသည့် အဖြစ်နှင့် တခြားစီ ဖြစ်သည်နှင့်အမျှ၊ သူ၏အမှုမှတစ်ဆင့် ခိုင်ခိုင်လုံလုံနှင့် တစ်စချင်း ဖော်ပြခြင်းခံရသည်ကို သင်တို့အား နားလည်စေဖို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်နှင့် ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ် တည်ရှိပေသည်- ၎င်းတို့သည် ပန်းချီများ မဟုတ်၊ စိတ်ကူးများ မဟုတ်၊ လူက တည်ဆောက်ထားသည့် အရာ မဟုတ်သကဲ့သို့၊ လူက လုပ်ကြံဖန်တီးထားသည့် အရာ သေချာပေါက် မဟုတ်ပေ။ ဤအရာကို သင်တို့ ယခု သတိပြုမိကြပါသလော။ သင်တို့ သတိပြုမိပါက၊ ယနေ့ ငါ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်ကို ရရှိပြီဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

Share