စာရင်း

နောက်လာမည့်အရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၃

221 01/10/2020

ယေရှုသည် သူ၏လူ့ဇာတိခံယူခြင်း၌ စိတ်ခံစားမှု လုံးလုံးမရှိခဲ့သော်ငြားလည်း၊ သူသည် သူ၏တပည့်တော်များကို အစဉ်အမြဲ နှစ်သိမ့်ခဲ့၏၊ ၎င်းတို့ကို အထောက်အပံ့ပေးခဲ့၏၊ ၎င်းတို့ကို ကူညီပံ့ပိုးခဲ့၏။ သို့သော် သူ့အနေဖြင့် အမှုမည်မျှကို ပြုခဲ့သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံခဲ့ရသည်ဖြစ်စေ၊ သူသည် လူတို့အပေါ် လွန်ကဲသော တောင်းဆိုမှုများကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ဘဲ၊ ၎င်းတို့၏ အပြစ်များအတွက် အစဉ်အမြဲ စိတ်ရှည်သည်းခံခဲ့သောကြောင့်၊ ကျေးဇူးတော်ခေတ်မှ လူတို့သည် သူ့ကို “ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှု” ဟူ၍ အမြတ်တနိုး ခေါ်ဝေါ်ခဲ့ကြသည်။ ယင်းခေတ်ကာလမှ လူအားလုံးတို့အတွက်ကား ယေရှု၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုသာ ဖြစ်ခဲ့၏။ သူသည် လူတို့၏ ပြစ်မှားခြင်းတို့ကို မည်သည့်အခါမျှ မှတ်သားခြင်း မရှိသကဲ့သို့၊ ၎င်းတို့အပေါ် သူ၏ဆက်ဆံမှုမှာလည်း ၎င်းတို့၏ ပြစ်မှားခြင်းများတွင် မည်သည့်အခါမျှ အခြေမတည်ခဲ့ချေ။ ယင်းသည် ကွဲပြားသောခေတ်တစ်ခု ဖြစ်ခဲ့သောကြောင့်၊ လူတို့အနေဖြင့် ဝလင်စွာစားသောက်နိုင်စေရန်အတွက် များစွာသော အစာအာဟာရတို့ကို လူတို့အပေါ် သူနှင်းအပ်ပေးခဲ့သည်။ သူသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်း၊ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း၊ သေသူကို ပြန်ရှင်စေခြင်းအားဖြင့် သူ၏နောက်လိုက်အားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့၏။ လူတို့အနေဖြင့် သူ့ကို ယုံကြည်နိုင်စေရန်နှင့် သူပြုသမျှအားလုံးမှာ လေးနက်စွာနှင့် စစ်မှန်စွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြင်ကြစေရန်အလို့ငှာ၊ သူသည် ပုပ်ပွနေသော အလောင်းကောင်တစ်ခုကို ထမြောက်စေသည်အထိ ပြုခဲ့၍၊ သူ၏လက်ထဲ၌ သေသူသည်ပင် ပြန်ရှင်နိုင်ကြောင်းကို ၎င်းတို့အား ပြသခဲ့၏။ ဤသို့သောနည်းလမ်းဖြင့် သူသည် တိတ်ဆိတ်စွာ သည်းခံ၍၊ သူ၏ရွေးနုတ်ခြင်းအမှုကို ၎င်းတို့ကြား၌ ဆောင်ရွက်ခဲ့လေသည်။ ကားတိုင်၌ သံမှိုဖြင့်စွဲရိုက်ခြင်း မခံရမီကပင်၊ ယေရှုသည် လူသားတို့၏ အပြစ်များအတွက် တာဝန်ယူထားပြီးဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်တစ်ခုလည်း ဖြစ်နေခဲ့ပြီဖြစ်သည်။ ကားတိုင်တွင် အဆုံးစီရင်ခြင်း မခံရမီ၌ပင်၊ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်အလို့ငှာ ကားတိုင်သို့ သွားရာလမ်းအား ဖွင့်လှစ်ထားခဲ့ပြီဖြစ်သည်။ အဆုံးတွင်မူ ကားတိုင်အလို့ငှာ သူ့ကိုယ်သူ ပေးဆပ်လျက်၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခြင်းခံခဲ့ရပြီး သူသည် သူ၏သနားကရုဏာ၊ ချစ်ခင်ကြင်နာမှုနှင့် သန့်ရှင်းခြင်းအားလုံးတို့ကို လူသားမျိုးနွယ်အပေါ် နှင်းအပ်ခဲ့သည်။ သူသည် ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ ၎င်းတို့အား နောင်တရရန် တိုက်တွန်းခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ ရှိကြစေရန် သင်ကြားပေးခြင်း၊ သူ၏ခြေလှမ်းများအတိုင်းလိုက်ကာ ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ကြရန် သင်ကြားပေးခြင်းတို့ဖြင့် လူသားတို့အပေါ် အစဉ်အမြဲ သည်းခံခဲ့၍၊ မည်သည့်အခါမျှ အငြိုးအတေးထားခြင်း မရှိခဲ့ချေ။ ညီအစ်ကိုမောင်နှမတို့အတွက် သူ၏ချစ်ခြင်းမေတ္တာသည် မာရိအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာထက်ပင် ပိုလွန်ခဲ့သည်။ သူပြုခဲ့သောအမှုသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတို့အား အမှု၏အခြေခံသဘောအဖြစ် မှတ်ယူလျက်၊ အားလုံးတို့သည် သူ၏ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့၏။ သူသည် မည်သည့်နေရာသို့ သွားခဲ့သည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သူအားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့သည်။ သူသည် ဆင်းရဲသူကို ချမ်းသာစေခဲ့၏၊ ခြေကျိုးသူကို လမ်းလျှောက်နိုင်စေခဲ့၏၊ မျက်ကန်းသူကို မြင်စေခဲ့ပြီး နားမကြားသူကို ကြားစေခဲ့၏။ သူသည် အနိမ့်ကျဆုံးသောသူများ၊ ခိုကိုးရာမဲ့သူများနှင့် အပြစ်သားများကို သူနှင့်အတူ တစ်စားပွဲတည်းထိုင်ရန်ပင် ဖိတ်ခေါ်ခဲ့၏၊ ၎င်းတို့အား မည်သည့်အခါမျှ ရှောင်ဖယ်ခြင်း မရှိဘဲ၊ အစဉ်အမြဲ စိတ်ရှည်သည်းခံခဲ့ပြီး “သိုးထိန်းတစ်ယောက်သည် အကောင်တစ်ရာရှိသော သိုးတို့ထဲမှ သိုးတစ်ကောင် ပျောက်ဆုံးသည့်အခါ၊ သူသည် ပျောက်သော သိုးအား ရှာဖွေရန်အတွက် ကိုးဆယ့်ကိုးကောင်ကို ထားရစ်ပေလိမ့်မည်၊ ပြီးနောက် ထိုသိုးအား ရှာတွေ့သည့်အခါ သူသည် ကြီးစွာ ဝမ်းမြောက်ပေလိမ့်မည်” ဟူ၍ပင် ပြောဆိုခဲ့၏။ သိုးမတစ်ကောင်သည် မိမိ၏သိုးငယ်တို့ကို ချစ်သကဲ့သို့၊ သူသည် သူ၏နောက်လိုက်တို့ကို ချစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မိုက်မဲ၍ မသိနားမလည်ကြကာ၊ သူ၏အမြင်တွင် အပြစ်သားများ ဖြစ်ခဲ့ကြသော်ငြားလည်း၊ ထို့ပြင် လူ့အဖွဲ့အစည်း၏ အနိမ့်ကျဆုံးလူများ ဖြစ်ကြသော်ငြားလည်း၊ သူသည် အခြားသူတို့က စက်ဆုပ်ရွံရှာသည့် ဤအပြစ်သားတို့ကို သူ၏မျက်ရှုပမာအဖြစ် သဘောထားခဲ့သည်။ သူသည် ၎င်းတို့ကို မျက်နှာသာပေးခဲ့သည့်အတွက်၊ သိုးသငယ်တစ်ကောင်အား ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သကဲ့သို့ သူ၏အသက်ကို ၎င်းတို့အတွက် စွန့်လွှတ်ခဲ့၏။ သူသည် ၎င်းတို့၏ အစေခံကဲ့သို့၊ သူ့အား အသုံးပြုစေ၍ သတ်ဖြတ်စေကာ၊ ၎င်းတို့ထံ အကြွင်းမဲ့ အပ်နှံလျက်ဖြင့်၊ ၎င်းတို့ကြား၌ လှည့်လည်သွားလာခဲ့၏။ သူသည် သူ၏နောက်လိုက်များအတွက် ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှုဖြစ်ခဲ့သော်လည်း၊ လူတို့အား မြင့်သောနေရာထက်မှ သြဝါဒပေးကြသည့် ဖာရိရှဲတို့အတွက်မူ၊ သူသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို မပြသခဲ့ဘဲ၊ စက်ဆုပ်ရွံရှာခြင်းနှင့် မကျေမချမ်းမှုကိုသာ ပြခဲ့သည်။ သူသည် ဖာရိရှဲတို့ကြား၌ များစွာလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဘဲ၊ တစ်ခါတစ်ရံမှသာ သြဝါဒပေးခြင်းနှင့် ပြစ်တင်မောင်းမဲခြင်း ပြုခဲ့သည်၊ သူသည် ၎င်းတို့ကြား၌ ရွေးနုတ်ခြင်းအမှုကို မလုပ်ဆောင်ခဲ့သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများတို့ကိုလည်း မပြုလုပ်ခဲ့ချေ။ သူသည် သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုအားလုံးတို့ကို သူ၏နောက်လိုက်များအပေါ် နှင်းအပ်ပေးခဲ့၏၊ သူ့အား ကားတိုင်တွင် သံမှိုစွဲရိုက်သည့် နောက်ဆုံးအချိန်အထိ ဤအပြစ်သားတို့အတွက် ကြံ့ကြံ့ခံခဲ့ကာ၊ လူသားအားလုံးတို့ကို အပြည့်အဝ ရွေးနုတ်ခဲ့ပြီးသည်အထိ အရှက်ရခြင်းမှန်သမျှကို ခံစားခဲ့သည်။ ဤသည်မှာ သူ၏အမှုအစုစုပင် ဖြစ်သည်။

ယေရှု၏ရွေးနုတ်ခြင်းသာ မရှိခဲ့လျှင်၊ လူသားမျိုးနွယ်သည် အပြစ်၌ ထာဝရ ရှင်သန်နေထိုင်ခဲ့ကြမည်ဖြစ်ကာ၊ အပြစ်၏သားသမီးများ၊ မိစ္ဆာတို့မှ ဆင်းသက်လာသူများ ဖြစ်လာကြလိမ့်မည်။ ဤသို့သာ ဆက်ဖြစ်ခဲ့သော်၊ ကမ္ဘာလောကတစ်ခုလုံးသည် စာတန်ကျိန်းဝပ်သော နယ်မြေ၊ ၎င်း၏နေထိုင်ရာအရပ်ဖြစ်လာပေမည်။ သို့ရာတွင် ရွေးနုတ်ခြင်းအမှုသည် လူသားတို့အပေါ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့အား ပြသရန် လိုအပ်ခဲ့၏၊ ယင်းသို့သော နည်းလမ်းအားဖြင့်သာ လူသားမျိုးနွယ်သည် ခွင့်လွှတ်ခြင်းကို ရရှိနိုင်ခဲ့၍၊ အဆုံး၌ ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရရန်နှင့် အပြည့်အဝ ရယူခြင်းခံရစေရန် အခွင့်ကိုလည်း ရနိုင်ခဲ့ကြသည်။ အမှု၏ ဤအဆင့်သာ မရှိခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်သည် တိုးတက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ယေရှုသည် ကားတိုင်၌ အဆုံးစီရင်ခြင်း မခံခဲ့ရသော်၊ သူသည် နာမကျန်းသူကိုသာ ပျောက်ကင်းစေ၍ နတ်ဆိုးတို့ကိုသာ နှင်ထုတ်ခဲ့သော်၊ လူတို့သည် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို လုံးလုံးခံရနိုင်ခဲ့မည် မဟုတ်ချေ။ ယေရှုသည် ကမ္ဘာလောကပေါ်တွင် သူ၏အမှုကိုပြုရင်း ကုန်ဆုံးခဲ့သည့် သုံးနှစ်ခွဲကာလအတွင်း၌၊ သူသည် ရွေးနုတ်ခြင်းအမှု၏ တစ်ဝက်ကိုသာ ပြီးမြောက်ခဲ့၏၊ ထို့နောက် ကားတိုင်တွင် သံမှိုစွဲရိုက်ခံရခြင်းနှင့် အပြစ်တို့ဖြင့် ပြည့်နှက်သော ဇာတိပကတိပုံသဏ္ဌာန် ဖြစ်လာခြင်းအားဖြင့်လည်းကောင်း၊ နတ်ဆိုးထံ အပ်နှံခံရခြင်းအားဖြင့်လည်းကောင်း၊ သူသည် ကားတိုင်၌ အဆုံးစီရင်ခံရခြင်းအမှုကို ပြီးမြောက်ခဲ့ကာ၊ လူသားမျိုးနွယ်၏ ကံကြမ္မာကို ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ သူ့အား စာတန်၏လက်သို့ လွှဲအပ်ပြီးနောက်မှသာ၊ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့ခြင်းဖြစ်၏။ သုံးဆယ့်သုံးနှစ်ခွဲကြာကာလအတွင်း သူသည် ကမ္ဘာလောကပေါ်၌ လှောင်ပြောင်ခံရခြင်း၊ အသရေဖျက်ခံရခြင်း၊ ပစ်ပယ်ခံရခြင်းတို့ကို ခံစားခဲ့ရကာ၊ သူ၌ ခေါင်းချရန်နေရာ၊ နားခိုရန်နေရာ မရှိသည်အထိဖြစ်ခဲ့ပြီး၊ ထို့နောက်တွင် သန့်ရှင်း၍ အပြစ်ကင်းသော ခန္ဓာဖြစ်သည့် သူ၏ဖြစ်ခြင်းတစ်ခုလုံးသည် ကားတိုင်ထက်၌ သံမှိုစွဲရိုက်ခံရလျက် အဆုံးစီရင်ခြင်းခံခဲ့ရ၏။ သူသည် ရှိရှိသမျှသော ဒုက္ခဆင်းရဲမှန်သမျှကို ကြံ့ကြံ့ခံခဲ့၏။ အာဏာရှိသူတို့က သူ့အား ပြက်ရယ်ပြု၍ ကျာပွတ်နှင့်ရိုက်နှက်ခဲ့သလို၊ စစ်သားများကလည်း သူ၏မျက်နှာကို တံတွေးနှင့်ပင် ထွေးခဲ့ကြ၏၊ သို့သော် သူသည် ဆိတ်ဆိတ်သာ နေခဲ့၍၊ အဆုံးထိတိုင် ကြံ့ကြံ့ခံခဲ့ကာ၊ သေဆုံးသည်အထိ အကြွင်းမဲ့ နာခံသွားခဲ့ပြီးနောက် လူသားအားလုံးတို့ကို သူရွေးနုတ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက်မှသာ သူသည် အနားယူခွင့်ရခဲ့သည်။ ယေရှုပြုခဲ့သောအမှုသည် ကျေးဇူးတော်ခေတ်ကိုသာ ကိုယ်စားပြုခဲ့၏၊ ယင်းသည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့၊ နောက်ဆုံးသောကာလ၏ အမှုအတွက် အစားထိုးခြင်းတစ်ခုလည်း မဟုတ်ချေ။ ဤသည်မှာ ရွေးနုတ်ခြင်းခေတ်ဖြစ်သည့် လူသားမျိုးနွယ်ဖြတ်သန်းခဲ့ပြီးသော ဒုတိယခေတ်ဟူသည့် ကျေးဇူးတော်ခေတ်အတွင်းရှိ ယေရှုအမှု၏ အနှစ်သာရပင် ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

အမှာစကား ချန်ခဲ့မည်