စာရင်း

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာအားလုံးအတွင်းရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာအားလုံးအတွင်းရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်

ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို အရာခပ်သိမ်း အလယ်နှင့် သူအုပ်စိုးသည့် အရာခပ်သိမ်း အလယ်တွင် ထင်ရှားစေပြီး အရာခပ်သိမ်း၏ နိယာမများကို ထိန်းချုပ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏နိယာမများကို မည်သို့ အုပ်စိုးသည်ဆိုသည့်အပြင် ထိုနိယာမများ အောက်တွင် လူသားမျိုးနွယ် အားလုံးကို မည်သို့ ထောက်ပံ့ကာ ပြုစုပျိုးထောင်သည်ဆိုသည့် အကြောင်းကို ခုလေးတင် ငါတို့ ပြောဆိုခဲ့ကြသည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ ဆက်လက်၍ အရာရာတိုင်းကို ထိန်းချုပ်မှု ရှိဖို့ရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည့် နောက်ထပ် ရှုထောင့်တစ်ခုနှင့်ပတ်သက်၍ ငါတို့ ပြောကြမည်။ အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက်တွင် ယင်းတို့ကြားရှိ ဆက်နွှယ်မှုများကို ဘုရားသခင် မည်သို့ ဟန်ချက်ညီစေသည်ကို ငါ ပြောနေခြင်း ဖြစ်သည်။ ဤသည်မှာလည်း သင်တို့အတွက် အတော်အတန် ကြီးမားသည့် အကြောင်းအရာ တစ်ခုဖြစ်သည်။ အရာအားလုံးကြားရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေခြင်း- ဤသည်မှာ လူများ ပြီးမြောက်နိုင်သည့် အရာတစ်ခုလော။ မဟုတ်ပါ၊ လူများက ထိုသို့သော စွမ်းဆောင်မှု တစ်ခုကို မတတ်စွမ်းနိုင်ပေ။ လူများက ဖျက်ဆီးခြင်းသာ တတ်စွမ်းနိုင်သည်။ အရာအားလုံးကြားက ဆက်နွှယ်မှုများကို ဟန်ချက်ညီအောင် ၎င်းတို့ မလုပ်နိုင်ပေ။ ၎င်းတို့သည် ထိုအရာများကို မစီမံနိုင်သကဲ့သို့၊ ထိုသို့သော ကြီးမားသည့် ဩဇာအာဏာ သို့မဟုတ် တန်ခိုးသည် လူသားမျိုးနွယ်၏ ဖမ်းဆုပ်နိုင်မှုကို ကျော်လွန်ပေသည်။ ဘုရားသခင် ကိုယ်တိုင်သာ ဤအရာမျိုးကို လုပ်ဆောင်ရန် တန်ခိုးရှိသည်။ သို့သော် ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်အရာ ဖြစ်သနည်း- ယင်းသည် မည်သည့် အရာအတွက် ဖြစ်သနည်း။ ဤသည်မှာလည်း လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နီးကပ်စွာ ဆက်နွှယ်ပေသည်။ ဘုရားသခင် လုပ်ဆောင်လိုသည့် အရာ တစ်ခုစီတိုင်းသည် လိုအပ်၏ သူ လုပ်ကောင်း လုပ်နိုင်သည့်အရာ သို့မဟုတ် မလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ သူ့အတွက် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ကာကွယ်ရန်နှင့် လူတို့အား ရှင်သန်မှုအတွက် သင့်လျော်သော ပတ်ဝန်းကျင် တစ်ခုကို ပေးရန်အလို့ငှာ သူ လုပ်ဆောင်ရမည့် မရှိမဖြစ်၊ အလွန် အရေးပါသည့် အရာအချို့ ရှိလေသည်။

“ဘုရားသခင်သည် အရာအားလုံးကို ဟန်ချက်ညီစေသည်” ဟူသည့် စကားစု၏ တိုက်ရိုက် အဓိပ္ပာယ်မှ၊ ယင်းမှာ အလွန် ကျယ်ပြန့်သည့် အကြောင်းအရာ တစ်ခု ဖြစ်ပုံရလေသည်။ ပထမဦးစွာ ယင်းက “အရာအားလုံးကို ဟန်ချက်ညီစေခြင်း” သည်လည်း အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ ထိန်းချုပ်နိုင်ခြင်းအား ရည်ညွှန်းသည်ဟူသည့် အယူအဆကို လူတို့အား ပေးလေသည်။ “ဟန်ချက်ညီစေသည်” ဟူသည့် ဤစကားလုံးက အဘယ်အရာကို ဆိုလိုသနည်း။ ပထမဦးစွာ “ဟန်ချက်ညီစေသည်” ဟူသည်မှာ တစ်စုံတစ်ခုကို ဟန်ချက်ပျက်ခွင့် မပေးခြင်းကို ရည်ညွှန်းသည်။ ယင်းက ပစ္စည်းများကို ချိန်တွယ်ရန် ချိန်ခွင်များကို အသုံးပြုခြင်းနှင့် တူသည်။ ချိန်ခွင်များကို ဟန်ချက်ညီစေရန်အလို့ငှာ၊ တစ်ဖက်စီ၏ အလေးချိန်က တူညီရမည် ဖြစ်သည်။ ဘုရားသခင်သည် မတူကွဲပြားသော အမှုအရာ အမျိုးအစား များစွာ ဖန်ဆင်းခဲ့သည်- မိမိတို့ နေရာတွင် တည်ရှိသည့် အရာများ၊ ရွေ့လျားသည့် အရာများ၊ အသက်ရှင်နေသည့် အရာများ၊ အသက်ရှူနေသည့် အရာများအပြင်၊ အသက်မရှူသည့် အရာများ ဖြစ်သည်။ ၎င်းတို့ အချင်းချင်း အားဖြည့်ပေးသကဲ့သို့၊ အချင်းချင်း ထိန်းချုပ်ကြသည့် အပြန်အလှန် မှီခိုခြင်း၊ အပြန်အလှန် ဆက်သွယ်ခြင်းနှင့်ဆိုင်သည့် ဆက်နွှယ်မှုတစ်ခု စွမ်းဆောင်ရရှိဖို့ ဤအရာများ အားလုံးအတွက် လွယ်ကူပါသလော။ ဤအရာအားလုံးတွင် အခြေခံသဘောတရားများ သေချာပေါက် ရှိသည်၊ သို့သော် ယင်းတို့သည် အလွန် ရှုပ်ထွေးသည် မဟုတ်လော။ ယင်းမှာ ဘုရားသခင်အတွက် မခက်ခဲပေ၊ သို့သော် လူများအတွက် ယင်းသည် လေ့လာရန် အလွန် ရှုပ်ထွေးသည့် အရာတစ်ခု ဖြစ်သည်။ “ဟန်ချက်ညီစေသည်” ဆိုသည့် စကားလုံးသည် အလွန် ရိုးရှင်းသည့် စကား တစ်လုံးဖြစ်ပေသည်။ သို့သော် လူများက ယင်းကို လေ့လာခဲ့မည်ဆိုပါက၊ ပြီးလျှင် လူများက မိမိတို့ကိုယ်ကိုယ် ဟန်ချက်ညီမှု ဖန်တီးရန် လိုအပ်ခဲ့ပါက၊ ယင်းနှင့်ပတ်သက်၍- လူသား ဇီဝဗေဒပညာရှင်များ၊ နက္ခဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒ ပညာရှင်များနှင့် သမိုင်းပညာရှင်များပင်လျှင်- ပညာတတ် မျိုးစုံက အလုပ်လုပ်လျှင်ပင်၊ ထိုသုတေသန၏ နောက်ဆုံးရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ ယင်း၏ ရလဒ်က မည်သည့်အရာမျှဖြစ်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် အလွန် မယုံနိုင်ဖွယ်ရာဖြစ်ပြီး လူသားမျိုးနွယ်သည် ယင်း၏လျှို့ဝှက်ချက်များကို မည်သည့်အခါတွင်မျှ ဖော်ထုတ်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ၎င်းတို့ကြားတွင် အခြေခံသဘောတရားများကို သူ ထူထောင်ခဲ့သည်၊ အပြန်အလှန် ကန့်သတ်ချက်၊ ဖြည့်စွမ်းပေးခြင်းနှင့် အာဟာရတို့အတွက် မတူညီသည့် ရှင်သန်မှု နည်းလမ်းများကို သူ ထူထောင်ခဲ့သည်။ ဤနည်းစနစ် အမျိုးမျိုးသည် အလွန် ရှုပ်ထွေးပြီး၊ ယင်းတို့သည် သေချာပေါက် မရိုးရှင်းပေ သို့မဟုတ် ဦးတည်ချက် တစ်ခုတည်း မဟုတ်ပေ။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှု နောက်ကွယ်ရှိ အခြေခံသဘောတရားများကို အတည်ပြုရန် သို့မဟုတ် လေ့လာရန် လူများသည် ၎င်းတို့၏ဉာဏ်များ၊ ၎င်းတို့ ရရှိပြီးဖြစ်သော အသိပညာနှင့် ၎င်းတို့ လေ့လာပြီးဖြစ်သည့် ဖြစ်ရပ်များကို အသုံးပြုသည့်အခါ၊ ဤအရာများသည် ရှာဖွေတွေ့ရှိရန် အလွန့်အလွန် ခက်ခဲပြီး ရလဒ် တစ်ခုတစ်လေကို ရရှိရန်လည်း အလွန် ခက်ခဲလေသည်။ ရလဒ် တစ်ခုတစ်လေ ရရှိဖို့ လူများအတွက် အလွန် ခက်ခဲသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းကို စိုးမိုးရန် လူသား အတွေးနှင့် အသိပညာကို အမှီပြုနေချိန်တွင်၊ ၎င်းတို့၏ ဟန်ချက်ကို ထိန်းထားရန် လူတို့အတွက် အလွန် ခက်ခဲလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်း၏ ရှင်သန်မှု အခြေခံ သဘောတရားများကို လူတို့ မသိကြပါက၊ ဤဟန်ချက်ညီမှုမျိုးကို မည်သို့ ကာကွယ်ရမည်ကို ၎င်းတို့သိကြလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် အရာခပ်သိမ်းကို စီမံပြီး စိုးမိုးရမည်ဆိုပါက၊ ဤဟန်ချက်ညီမှုကို ဖျက်ဆီးမိဖို့ အလားအလာ အလွန်များပေမည်။ ဟန်ချက်ညီမှု ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက်၊ ရှင်သန်မှုအတွက် လူသားမျိုးနွယ်၏ ပတ်ဝန်းကျင်သည်လည်း ပျက်စီးသွားမည် ဖြစ်ပြီး၊ ထိုအရာ ဖြစ်ပျက်သည့်အခါတွင် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် ကပ်ဆိုက်သောကာလ တစ်ခုက လိုက်လာမည် ဖြစ်သည်။ ယင်းက ကပ်ဘေးတစ်ခု ဆောင်ကြဉ်းပေမည်။ လူသားမျိုးနွယ်သည် ကပ်ဘေးအလယ်တွင် အသက်ရှင်နေရပါက၊ ၎င်းတို့၏ အနာဂတ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ ရလဒ်သည် အကဲဖြတ်ဖို့ အလွန် ခက်ခဲမည်ဖြစ်ပြီး သေချာမှုဖြင့် ကြိုတင်မှန်းဆရန် ဖြစ်နိုင်မည် မဟုတ်ပေ။

သို့ဆိုလျှင် အရာခပ်သိမ်းကြားရှိ ဆက်နွှယ်မှုများကို ဘုရားသခင်သည် မည်သို့ ဟန်ချက်ညီစေသနည်း။ ပထမဦးစွာ ကမ္ဘာလောကတွင် တစ်နှစ်ပတ်လုံး ရေခဲနှင့် နှင်းများဖုံးနေသည့် နေရာအချို့ရှိစဉ်တွင်၊ အချို့နေရာများတွင်မူ လေးရာသီလုံးက နွေဦးရာသီကဲ့သို့ဖြစ်ကာ၊ မည်သည့်အခါတွင်မျှ ဆောင်းရာသီ ရောက်မလာသကဲ့သို့၊ ဤကဲ့သို့သော နေရာများတွင် ရေခဲအကွက် သို့မဟုတ် နှင်းပွင့်တစ်ဖတ်မျှကဲ့သို့သောအရာကို များများစားစား သင် လုံးဝ တွေ့မြင်ရမည် မဟုတ်ပေ။ ဤတွင် ငါတို့သည် ပိုကြီးမားသည့် ရာသီဥတု အကြောင်းကို ပြောနေခြင်းဖြစ်ပြီး ဤဥပမာသည် ဘုရားသခင်က အရာခပ်သိမ်းကြားရှိ ဆက်နွှယ်မှုများကို ထိန်းညှိသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဒုတိယနည်းလမ်းမှာ ဤသို့ဖြစ်သည်- တောင်စဉ် တစ်ခုကို အပင်မျိုးစုံက မြေပြင်ကို ဖုံးလွှမ်းလျက်၊ စိမ်းစိုသည့် သဘာဝပေါက်ပင်များက ဖုံးထားပြီး၊ တောအုပ်တန်းများက အလွန် အုပ်ဆိုင်းသည်မှာ ယင်းတောအုပ်များထဲသို့ သင် လမ်းလျှောက်သည့်အခါ၊ အပေါ်က နေကိုပင် မမြင်နိုင်ပေ။ သို့သော် အခြား တောင်စဉ်တောင်တန်းများကို ကြည့်ခြင်းအားဖြင့်၊ မြက်ပင်ရွက်ချွန်း တစ်ပင်မျှပင် ပေါက်နေခြင်းမရှိ၊ သီးနှံမဖြစ်ထွန်းသည့် မြေတစ်လွာပြီး တစ်လွှာသာ ထပ်လျက်၊ တောင်ကြမ်းကြီးများ ဖြစ်သည်။ အပြင်ပန်းမှ ကြည့်ပါက၊ အမျိုးအစား နှစ်ခုလုံးသည် အခြေခံအားဖြင့် တောင်တန်းများ ဖြစ်ပေါ်စေဖို့ ကြီးမားသည့် မြေကြီး အစုအပုံများ တစ်ခုပေါ် တစ်ခုဆင့်ထားခြင်း ဖြစ်ပေသည်၊ သို့သော် တစ်ခုသည် အုပ်ဆိုင်းနေသည့် သစ်တောဖြင့် ဖုံးလွှမ်းထားစဉ်တွင် အခြားတစ်ခုက မြက်ပင်ရွက်ချွန်း တစ်ပင်မျှပင်မရှိဘဲ၊ ဖြစ်ထွန်းမှု ကင်းမဲ့လေသည်။ ဤသည်မှာ အရာခပ်သိမ်းတို့ကြား ဆက်နွှယ်မှုများကို ဘုရားသခင် ဟန်ချက်ညီစေသည့် ဒုတိယ နည်းလမ်းဖြစ်သည်။ တတိယနည်းလမ်းမှာ ဤသို့ဖြစ်၏- လမ်းခရီးတစ်ခုကို ကြည့်ရာတွင်၊ သင်သည် အဆုံးမရှိသည့် မြက်ခင်းပြင်များ၊ လှုပ်ယမ်းနေသည့် မြက်ခင်းစိမ်းကွင်းပြင်ကို မြင်ကောင်း မြင်ရပေမည်။ အခြားလမ်းတစ်ခုကို ကြည့်ရာတွင်၊ သဲပြင်ကို လေတိုက်သံ တရွှီးရွှီး အလယ်တွင် ရေ အရင်းအမြစ် တစ်ခုတစ်လေကို မဆိုထားနှင့် သက်ရှိ တစ်ကောင်တစ်မြည်းမျှပင် မရှိဘဲ၊ မျက်စိတစ်ဆုံး မြင်နိုင်သရွေ့ ဝေးလံသည့် ကျတ်တီးမြေဖြစ်သည့် ကန္တာရကို မြင်ကောင်းမြင်ရပေမည်။ စတုတ္ထနည်းလမ်းမှာ ဤသို့ဖြစ်၏- လမ်းတစ်ခုကို ကြည့်ရာတွင်၊ အရာရာတိုင်းသည် ကြီးမားသည့် ရေ အစုအဝေးဖြစ်သည့် ပင်လယ်အောက် နစ်မြုပ်နေစဉ်တွင်၊ အခြားတစ်လမ်းကို ကြည့်ရာတွင်၊ လတ်ဆတ်သည့် စမ်းရေ တစ်ပေါက်ကိုပင် ရှာတွေ့ရန် သင် ဝန်ပိရလေသည်။ ပဉ္စမနည်းလမ်းမှာ ဤသို့ဖြစ်၏- ဤနေရာရှိ ကုန်းမြေ တစ်ခုတွင် ခပ်ဖွဲဖွဲမိုးက မကြာခဏ ရွာတတ်ပြီး မြူထခြင်း၊ ရာသီဥတုက မြူဆိုင်းကာ စိုထိုင်းသော်လည်း၊ ထိုနေရာရှိ ကုန်းမြေတွင် အရှိန်ပြင်းသည့် နေက ကောင်းကင်တွင် မကြာခဏ တွဲခိုနေပြီး မိုးစက် တစ်ပေါက် ကျချိန် ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက် တစ်ခု ဖြစ်သည်။ ဆဌမမြောက် နည်းလမ်းမှာ ဤသို့ဖြစ်သည်- တစ်နေရာတွင်၊ လေထု ပါးလွှာပြီး လူက အသက်ရှူရန် ခက်ခဲသည့် ကုန်းပြင်မြင့် တစ်ခု ရှိသော်လည်း၊ အခြားနေရာတွင်မူ ရွှေ့ပြောင်းနေထိုင်သည့် ငှက်အမျိုးအစား အမျိုးမျိုးတို့အတွက် ကျက်စားရာများ အဖြစ် အသုံးတော်ခံသည့် ရွံ့ဗွက်အိုင်များနှင့် ကုန်းမြေနိမ့်များ ရှိလေသည်။ ဤသည်တို့မှာ မတူညီသည့် ရာသီဥတု အမျိုးအစားများ ဖြစ်သည်၊ သို့မဟုတ် ယင်းတို့သည် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များနှင့် ကိုက်ညီသည့် ရာသီဥတုများ သို့မဟုတ် ပတ်ဝန်းကျင်များ ဖြစ်သည်။ ယင်းမှာ လူတို့ ရှင်သန်သည့် ပတ်ဝန်းကျင်များ၏ လေ၊ အပူချိန်နှင့် စိုထိုင်းဆတို့တွင် ဟန်ချက်ညီမှု တစ်ခု ရရှိဖို့အလို့ငှာ၊ ဘုရားသခင်သည် ရာသီဥတုမှ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အထိ၊ ပြီးလျှင် မြေကြီး၏ မတူညီသော အစိတ်အပိုင်းများမှသည် ရေ အရင်းအမြစ်များ ပမာဏအထိ၊ ကြီးမားကျယ်ပြန့်သည့် ပတ်ဝန်းကျင်အားဖြင့် ရှင်သန်မှုအတွက် လူသားမျိုးနွယ်၏ အခြေခံကျသော ပတ်ဝန်ကျင်များကို ဟန်ချက်ညီစေခြင်းသာ ဖြစ်သည်ဟု ဆိုရပေမည်။ ဤအလွန်ခြားနားသော ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များကြောင့်၊ လူများသည် တည်ငြိမ်သည့်လေထု ရှိကြပြီး၊ မတူကွဲပြားသည့် ရာသီများ၏ အပူချိန်နှင့် စိုထိုင်းဆတို့သည် တည်ငြိမ်နေမြဲ ဖြစ်ပေသည်။ ဤအရာက ၎င်းတို့အမြဲ အသက်ရှင်ကြပြီး ဖြစ်သည့်အတိုင်းပင် လူတို့အား ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ဆက်လက် အသက်ရှင်ခွင့် ပေးလေသည်။ ပထမဦးစွာ ကြီးမားကျယ်ပြန့်သည့် ပတ်ဝန်းကျင်သည် ဟန်ချက်ညီ ရပေမည်။ ဤအရာကို မတူညီသည့် ပထဝီမြေဆိုင်ရာ တည်နေရာများနှင့် ဖွဲ့စည်းမှုများအပြင်၊ ဘုရားသခင် အလိုရှိပြီး လူသားမျိုးနွယ် လိုအပ်သည့် ဟန်ချက်ညီမှုကို ရရှိရန်အလို့ငှာ၊ အချင်းချင်း ကန့်သတ်ကာ ထိန်းချုပ်ခွင့်ပေးသည့် မတူညီသော ရာသီဥတုများကြား ပြောင်းလဲမှုများကို အသုံးချခြင်းမှတစ်ဆင့် လုပ်ဆောင်ထားပေသည်။ ဤသည်မှာ ကြီးမားကျယ်ပြန့်သည့် ပတ်ဝန်းကျင် ရှုထောင့်မှ ပြောဆိုခြင်း ဖြစ်သည်။

ယခုတွင် သဘာဝပေါက်ပင်များ ကဲ့သို့သော သာ၍ အနုစိတ်သည့် အသေးစိတ် အချက်အလက်များနှင့်ပတ်သက်၍ ငါတို့ ပြောဆိုမည် ဖြစ်သည်။ ယင်းတို့၏ ဟန်ချက်ညီမှုကို မည်သို့ ရရှိသနည်း။ ယင်းမှာ ရှင်သန်မှုအတွက် ဟန်ချက်ညီသည့် ပတ်ဝန်းကျင် အတွင်းတွင် သဘာဝပေါက်ပင်များသည် မည်သို့ ဆက်လက် ရှင်သန်နိုင်ကြသနည်းဟု ဆိုရမည် ဖြစ်သည်။ အဖြေမှာ ရှင်သန်မှုအတွက် ၎င်းတို့၏ ပတ်ဝန်းကျင်ကို ကာကွယ်ရန် အပင်အမျိုးအစား အမျိုးမျိုး၏ သက်တမ်း၊ ကြီးထွားမှုနှုန်းနှင့် မျိုးပွားမှုနှုန်းများကို စီမံခြင်းအားဖြင့် ဖြစ်သည်။ မြက်ပင်ငယ်လေးများကို ဥပမာအဖြစ် ယူကြစို့- နွေဦးရာသီ အညွန့်များ၊ နွေရာသီ အပွင့်များနှင့် ဆောင်းဦးရာသီ အသီးများ ရှိကြသည်။ အသီးက မြေပေါ်ကိုကျသည်။ နောက်နှစ်တွင် အသီးမှ အစေ့က အညှောက်ပေါက်ပြီး တူညီသည့် နိယာမအတိုင်း ဆက်လက် ဖြစ်ပေါ်သည်။ မြက်ပင်၏ သက်တမ်းက အလွန် တိုသည်။ မြေပေါ်ကျသည့် အစေ့တိုင်းက အမြစ်ပေါက်ပြီး အညှောက်ထွက်သည်၊ ဖူးပွင့်ပြီး အသီးများ သီးကာ၊ ဖြစ်စဉ်တစ်ခုလုံးက- နွေဦးရာသီ၊ နွေရာသီနှင့် ဆောင်းဦးရာသီ- ရာသီသုံးခု နောက်မှသာ ပြီးပြည့်စုံလေသည်။ သစ်ပင် မျိုးစုံတို့သည်လည်း ၎င်းတို့၏ ကိုယ်ပိုင် သက်တမ်းများနှင့် အစို့အညှောက်ထွက်ခြင်း၊ အသီးသီးခြင်းတို့အတွက် မတူညီသည့် ကာလများ ရှိကြသည်။ အချို့အပင်များက နှစ် ၃၀ မှ အနှစ် ၅၀ ကြာပြီးနောက် သေဆုံးကြသည်- ဤသည်မှာ ၎င်းတို့၏ သက်တမ်း ဖြစ်၏။ သို့သော် ၎င်းတို့၏အသီးများမှာ မြေသို့ ကျပြီးနောက်၊ ယင်းက အမြစ်များနှင့် အညှောက်များပေါက်၊ ပန်းများ ပွင့်ကာ အသီးသီးပြီး၊ နောက်ထပ် အနှစ် ၃၀ မှ ၅၀ အထိ ရှင်သန်ကြလေသည်။ ယင်းမှာ ၎င်း၏ ပြန်လည် ဖြစ်ပေါ်မှုနှုန်း ဖြစ်သည်။ သစ်ပင်အိုက သေပြီး သစ်ပင်ငယ်တစ်ပင် ပေါက်လာသည်။ ဤသည်မှာ သစ်တောထဲတွင် သစ်ပင်များ ပေါက်နေသည်ကို သင်အမြဲမြင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သို့သော် ၎င်းတို့တွင်လည်း ၎င်းတို့၏ ပုံမှန်စက်ဝန်းနှင့် မွေးဖွားခြင်း၊ သေဆုံးခြင်း ဖြစ်စဉ်များရှိသည်။ အချို့သစ်ပင်များက နှစ်တစ်ထောင်ကျော်အထိ အသက်ရှင်နိုင်ပြီး၊ အချို့မှာ အနှစ် ၃၀၀၀ အထိပင် အသက်ရှင်နိုင်လေသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ယင်းသည် မည်သည့် အပင်အမျိုးအစား ဖြစ်ပါစေ၊ ၎င်းတို့၏သက်တမ်း မည်မျှ ရှည်ကြာသည်ဖြစ်စေ၊ ဘုရားသခင်သည် ၎င်းက မည်မျှ ကြာကြာ ရှင်သန်သည်၊ ၎င်း၏ မျိုးပွားနိုင်စွမ်း၊ မျိုးပွားသည့် မြန်နှုန်းနှင့် ကြိမ်ရေနှုန်း၊ ပြီးလျှင် ၎င်းက ထုတ်လုပ်သည့် အပင်ပေါက် ပမာဏတို့အပေါ် အခြေခံ၍ စီမံလေသည်။ ဤအရာက မြက်ပင်များမှ သစ်ပင်များအထိ အပင်များကို ဟန်ချက်ညီသည့် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင် အတွင်းတွင် ဆက်လက် ရှင်သန်ကာ ကြီးထွားနိုင်ရန် အခွင့်ပေးလေသည်။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်က သစ်တော တစ်ခုကို သင် ကြည့်သည့်အခါတွင်၊ ထိုသစ်တောအတွင်း ပေါက်ရောက်သည့် အရာတိုင်း၊ မြက်ပင်များနှင့် သစ်ပင်များ နှစ်ခုလုံးသည် ၎င်းတို့၏ကိုယ်ပိုင် နိယာမများနှင့်အညီ ဆက်လက် မျိုးပွားကာ ကြီးထွားနေကြလေသည်။ ၎င်းတို့သည် နောက်ထပ် လူသားမျိုးနွယ်၏ အားထုတ်မှု သို့မဟုတ် အကူအညီ မလိုအပ်ကြပေ။ ၎င်းတို့သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ကြသည်မှာ ဤဟန်ချက်ညီမှုမျိုး ၎င်းတို့ ရှိခြင်းကြောင့်သာ ဖြစ်သည်။ ကမ္ဘာလောက၏ သစ်တောများနှင့် မြက်ခင်းပြင်များသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် ရှင်သန်နိုင်ကြသည်မှာ ရှင်သန်မှုအတွက် သင့်လျော်သည့် ပတ်ဝန်းကျင် တစ်ခု ၎င်းတို့ ရှိကြသောကြောင့်သာ ဖြစ်သည်။ ၎င်းတို့၏ တည်ရှိခြင်းသည် လူများ၏ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်အပြင်၊ သစ်တောများနှင့် မြက်ခင်းပြင်များတွင် ကျက်စားသည့် သက်ရှိမျိုးစုံ- ငှက်များ၊ သားရဲတိရစ္ဆာန်များ၊ ပိုးမွှားများနှင့် အနုစိတ် သက်ရှိ မျိုးစုံတို့၏ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို ပြုစုပျိုးထောင်ပေးလေသည်။

ဘုရားသခင်သည် တိရစ္ဆာန် မျိုးစုံကြား ဟန်ချက်ညီမှုကိုလည်း ထိန်းချုပ်သည်။ ဤဟန်ချက်ညီမှုကို သူ မည်သို့ ထိန်းချုပ်သနည်း။ ယင်းသည် အပင်များနှင့် ဆင်တူသည်— သူသည် ၎င်းတို့၏ မျိုးပွားနိုင်စွမ်း၊ မျိုးပွားသည့် အရေအတွက်နှင့် မျိုးပွားခြင်း ကြိမ်ရေနှုန်းနှင့် တိရစ္ဆာန် လောကတွင် ၎င်းတို့ ဆောင်ရွက်သည့် အခန်းကဏ္ဍတို့ကို အခြေခံ၍ ၎င်းတို့၏ ဟန်ချက်ညီမှုကို စီမံကာ ၎င်းတို့၏ အရေအတွက်ကို ပိုင်းခြားသတ်မှတ်လေသည်။ ဥပမာအားဖြင့် ခြင်္သေ့များက မြင်းကျားများကို စားသည်၊ သို့ဆိုလျှင် ခြင်္သေ့၏ အရေအတွက်က မြင်းကျားများ၏ အရေအတွက်ကို ကျော်လွန် သွားပါက၊ မြင်းကျားများ၏ ကံကြမ္မာက မည်သို့ ဖြစ်မည်နည်း။ ၎င်းတို့ မျိုးသုဉ်း လာပေမည်။ ပြီးလျှင် မြင်းကျားများသည် ခြင်္သေ့များထက် များစွာ သာ၍ နည်းပါးသည့် သားပေါက်များကို ပေါက်ဖွားပါက၊ ၎င်းတို့၏ ကံကြမ္မာက မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည်လည်း မျိုးသုဉ်း လာမည် ဖြစ်သည်။ ထို့ကြောင့် မြင်းကျားများ အရေအတွက်သည် ခြင်္သေ့များ၏ အရေအတွက်ထက် အလွန် များရပေမည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် မြင်းကျားများက မိမိတို့ကိုယ်ကိုယ်အတွက်သာ တည်ရှိခြင်း မဟုတ်ဘဲ၊ ခြင်္သေ့များအတွက်လည်း တည်ရှိကြသောကြောင့် ဖြစ်သည်။ ယင်းကို ဤသို့လည်း ပြောနိုင်သည်- မြင်းကျားတိုင်းသည် မြင်းကျားများ တစ်အုပ်လုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း၊ ခြင်္သေ့၏ပါးစပ်အတွက်လည်း အစာ ဖြစ်ပေသည်။ ခြင်္သေ့၏ မျိုးပွားမှုနှုန်းသည် မြင်းကျားများထက် လုံးဝ ပိုလွန်၍ မရပေ၊ ထို့ကြောင့် ၎င်းတို့၏ အရေအတွက်သည် မြင်းကျားများ၏ အရေအတွက်ထက် ပိုများ၍ မရပေ။ ဤနည်းဖြင့်သာ ခြင်္သေ့များ၏ အစားအစာ အရင်းအမြစ်ကို အာမခံနိုင်ပေသည်။ ထို့ကြောင့် ခြင်္သေ့များသည် မြင်းကျား၏ သဘာဝရန်သူ ဖြစ်သော်လည်း၊ နေရာတစ်ခုတည်း အတွင်းတွင် မျိုးစိတ်နှစ်ခုက အေးအေးလူလူ အနားယူ နေကြသည်ကို လူများက မကြခဏ တွေ့ကြရပေသည်။ ခြင်္သေ့များက ၎င်းတို့ကို အမဲလိုက်ခြင်းနှင့် စားသောက်ခြင်းကြောင့်၊ မြင်းကျားများသည် မည်သည့်အခါတွင်မျှ အရေအတွက် လျော့ကျသွားလိမ့်မည် သို့မဟုတ် မျိုးသုဉ်း သွားလိမ့်မည် မဟုတ်သကဲ့သို့၊ ခြင်္သေ့များသည် “ဘုရင်” အဖြစ် ၎င်းတို့၏ အဆင့်အတန်းကြောင့် ၎င်းတို့၏ အရေအတွက်သည် မည်သည့်အခါတွင်မျှ တိုးပွားလိမ့်မည် မဟုတ်ပေ။ ဤဟန်ချက်ညီမှုသည် အချိန်ကြာမြင့်စွာက ဘုရားသခင် ထူထောင်ခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ တိရစ္ဆာန်များသည် ဤဟန်ချက်ညီမှုမျိုးကို ရရှိနိုင်ကြဖို့အလို့ငှာ ဘုရားသခင်သည် တိရစ္ဆာန်များ အားလုံးကြားတွင် ဟန်ချက်ညီမှု နိယာမများကို ထူထောင်ခဲ့ပြီး၊ ဤသည်မှာ လူများ မကြာခဏ မြင်လေ့ရှိသည့် အရာတစ်ခု ဖြစ်သည်။ ခြင်္သေ့များသည် မြင်းကျားများ၏ တစ်ခုတည်းသော သဘာဝ ရန်သူများ ဖြစ်သလော။ မဟုတ်ပေ၊ မိကျောင်းများလည်း မြင်းကျားများကို စားကြသည်။ မြင်းကျားသည် အလွန် အကူအညီမဲ့သည့် တိရစ္ဆာန် အမျိုးအစား တစ်မျိုး ဖြစ်ပုံရသည်။ သူတို့၌ ခြင်္သေ့၏ ရက်စက်ခြင်းမျိုး မရှိကြသကဲ့သို့၊ ဤကြောက်မက်ဖွယ် ရန်သူဖြစ်သည့် ခြင်္သေ့ တစ်ကောင်နှင့် ရင်ဆိုင် ရသည့်အခါတွင် ၎င်းတို့ လုပ်နိုင်သမျှမှာ ပြေးဖို့သာ ဖြစ်သည်။ ပြန်လည် ခုခံဖို့ပင် စွမ်းအား မဲ့ကြသည်။ ၎င်းတို့သည် ခြင်္သေ့ကို လွတ်အောင် မပြေးနိုင်ကြသည့်အခါတွင်၊ မိမိတို့ကိုယ်ကိုယ် သူ့အား စားခွင့်ပေးရုံသာ တတ်နိုင်ကြသည်။ ဤအရာကို တိရစ္ဆာန် လောကတွင် မကြာခဏ တွေ့မြင်နိုင်သည်။ ဤအရာမျိုးကို သင်တို့ မြင်တွေ့ရသည့်အခါတွင်၊ မည်သည့် ခံစားချက်များနှင့် အတွေးများ ရှိကြသနည်း။ မြင်းကျားအတွက် ဝမ်းနည်းမိသလော။ ခြင်္သေ့ကို စက်ဆုပ်မိသလော။ မြင်းကျားက အလွန်လှပသည်ဟု ထင်ရသည်။ သို့သော် ခြင်္သေ့များက ၎င်းတို့ကို အမြဲ လောဘတကြီးနှင့် ကြည့်နေကြသည်။ ပြီးလျှင် မြင်းကျားများသည် မိုက်မဲစွာဖြင့် ဝေးဝေး မပြေးကြချေ။ ၎င်းတို့ကို ခြင်္သေ့က သစ်ပင် တစ်ပင်အောက် အေးမြသည့် အရိပ်ထဲတွင် စောင့်ဆိုင်းနေသည်ကို ၎င်းတို့မြင်ရသည်။ ယင်းက ၎င်းတို့ကို အချိန်မရွေး လာပြီး စားသောက်နိုင်သည်။ ဤအရာကို ၎င်းတို့၏ စိတ်နှလုံးတွင် သိသော်လည်း၊ ထိုကုန်းမြေတစ်စကို ၎င်းတို့ စွန့်ခွာလိမ့်ဦးမည် မဟုတ်ပေ။ ဤသည်မှာ အံ့ဖွယ် အရာတစ်ခု၊ ဘုရားသခင်၏ ခွဲခန့်မှတ်သား ထားခြင်းနှင့် သူ၏ စည်းမျဉ်းကို သိသာထင်ရှားစေသည့် အံ့ဖွယ် အရာတစ်ခု ဖြစ်သည်။ သင်က မြင်းကျားအတွက် ဝမ်းနည်းမိသော်လည်း၊ သူ့ကို မကယ်တင်နိုင်သကဲ့သို့၊ ခြင်္သေ့ကို သင် စက်ဆုပ်သော်လည်း၊ ယင်းကို သင် ဇီဝိန်မချုပ်စေနိုင်ပေ။ မြင်းကျားသည် ခြင်္သေ့အတွက် ဘုရားသခင် ပြင်ဆင်ထားသည့် အစားအစာ ဖြစ်သော်လည်း၊ ခြင်္သေ့က မည်မျှ များစွာ စားသောက်သည် ဖြစ်စေ၊ မြင်းကျားများသည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ခြင်္သေ့များ မွေးဖွားသည့် သားပေါက် အရေအတွက်သည် အလွန် နည်းပါးပြီး အလွန် နှေးကွေးစွာ ၎င်းတို့ သားပေါက်ကြသည်၊ ထို့ကြောင့် မြင်းကျား မည်မျှ များစွာ ၎င်းတို့ စားကြသည် ဖြစ်စေ၊ ၎င်းတို့၏ အရေအတွက်သည် မြင်းကျားများ၏ အရေအတွက်ထက် မည်သည့်အခါတွင်မျှ ကျော်လွန်လိမ့်မည် မဟုတ်ပေ။ ဤအရာတွင်၊ ဟန်ချက်ညီမှု ရှိလေသည်။

ဤဟန်ချက်ညီမှုမျိုးကို ထိန်းသိမ်းရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ပန်းတိုင်မှာ အဘယ်နည်း။ ဤသည်မှာ လူများ၏ ရှင်သန်မှုအတွက် ပတ်ဝန်းကျင်အပြင် လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် ပတ်သက်ရပေသည်။ မြင်းကျားများ သို့မဟုတ် ခြင်္သေ့၏ အလားတူ မည်သည့် သားကောင်မဆို— သမင် သို့မဟုတ် အခြား တိရစ္ဆာန်များသည်— အလွန်နှေးကွေးစွာ မျိုးပွားပြီး ခြင်္သေ့၏ အရေအတွက်က သိသိသာသာ တိုးပွားပါက၊ လူသားများက မည်သည့် အန္တရာယ်မျိုးကို ရင်ဆိုင်ရမည်နည်း။ ခြင်္သေ့များက ၎င်းတို့၏ သားကောင်ကို စားသည်မှာ သာမန်ဖြစ်ရပ် တစ်ခု ဖြစ်သော်လည်း၊ ခြင်္သေ့က လူတစ်ဦးကို စားသည်မှာ အဖြစ်ဆိုးတစ်ခု ဖြစ်သည်။ ဤအဖြစ်ဆိုးက ဘုရားသခင် ခွဲခန့်မှတ်သားထားသည့် အရာတစ်ခု မဟုတ်ပေ၊ ယင်းမှာ လူသားမျိုးနွယ်အပေါ် သူ ကျရောက်စေသည့် အရာတစ်ခု ဖြစ်ဖို့မဆိုထားနှင့်၊ သူ၏ စည်းမျဉ်းအောက်တွင်ပင် မဖြစ်ပွားပေ။ ယင်းထက် ထိုအရာသည် လူများက မိမိတို့ကိုယ်ကိုယ်အပေါ် ကျရောက်စေသည့် အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် မြင်သည့်အတိုင်း၊ အရာအားလုံးကြားက ဟန်ချက်ညီမှုသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် အလွန်အရေးပါပေသည်။ အပင်များဖြစ်စေ သို့မဟုတ် တိရစ္ဆာန်များဖြစ်စေ၊ မည်သည့်အရာကမျှ ယင်း၏ သင့်တော်သည့် ဟန်ချက်ညီမှုကို ဆုံးရှုံး၍မရပေ။ အပင်များ၊ တိရစ္ဆာန်များ၊ တောင်တန်းများနှင့် အင်းအိုင်များ— ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ပုံမှန် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင် တစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်သည်။ လူတို့သည် ဤဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်မျိုး— ဟန်ချက်ညီသည့် ပတ်ဝန်းကျင် တစ်ခု- ရှိသည့်အခါမှသာ ၎င်းတို့၏ ရှင်သန်မှုက လုံခြုံစိတ်ချ ရပေသည်။ သစ်ပင်များ သို့မဟုတ် မြက်ပင်များသည် မျိုးပွားဖို့ အားနည်းသည့် စွမ်းရည် တစ်ခု ရှိပါက၊ သို့မဟုတ် ၎င်းတို့၏ မျိုးပွားမှု နှုန်းက အလွန် နှေးကွေးပါက၊ မြေကြီးက သူ၏ အစိုဓာတ်ကို ဆုံးရှုံးမည် မဟုတ်လော။ မြေကြီးက ၎င်း၏ အစိုဓာတ်ကို ဆုံးရှုံးပါက၊ ကောင်းမွန်ပါဦးမည်လော။ မြေကြီးသည် ၎င်း၏ သီးပင်စားပင်များနှင့် ၎င်း၏ အစိုဓာတ်ကို ဆုံးရှုံးပါက၊ ယင်းသည် အလွန် လျင်မြန်စွာ တိုက်စားခံရမည် ဖြစ်ပြီး၊ ၎င်း၏နေရာတွင် သဲများ ဖြစ်လာပေမည်။ မြေကြီးက ယိုယွင်းလာသည့်အခါတွင်၊ လူများ၏ ရှင်သန်မှုအတွက် ပတ်ဝန်းကျင်သည်လည်း ဖျက်ဆီး ခံရပေမည်။ ဤပျက်စီးမှုနှင့်အတူ ကပ်ဘေးများစွာ ပါရှိလာပေမည်။ ဤဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှု မရှိဘဲနှင့်၊ ဤဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်မျိုး မရှိဘဲနှင့်၊ လူတို့သည် အရာအားလုံးကြားက ဟန်ချက်မညီမှုများကြောင့် ကပ်ဘေးများကို မကြာခဏ ခံစားကြရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဖားများ၏ ဂေဟစနစ် ပတ်ဝန်းကျင် ပျက်ဆီးခြင်းသို့ ဆိုက်ရောက်စေသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက်မညီမျှမှုတစ်ခု ရှိသည့်အခါ၊ ဖားများသည် အတူတကွ စုဝေးကြသည်၊ ၎င်းတို့၏ အရေအတွက်က သိသိသာသာ တိုးပွားလာပြီး၊ မြို့များရှိ လမ်းများပေါ်တွင် ဖြတ်ကူးနေသည့် အရေအတွက် များပြားသည့် ဖားများကိုပင် လူတို့ တွေ့မြင်ကြရသည်။ အရေအတွက် များပြားသည့် ဖားများက လူတို့၏ ရှင်သန်မှုအတွက် ပတ်ဝန်းကျင်ကို နေရာယူကြပါက၊ ယင်းကို မည်သို့ ခေါ်ဆိုမည်နည်း။ ကပ်ဘေးတစ်ခု ဖြစ်သည်။ ယင်းကို အဘယ်ကြောင့် ကပ်ဘေးတစ်ခုဟု ခေါ်ဆိုရမည်နည်း။ လူသားမျိုးနွယ်အတွက် အကျိုးရှိသည့် ဤသေးငယ်သည့် တိရစ္ဆာန်များသည် ၎င်းတို့အတွက် သင့်တော်သည့် နေရာတွင် ဆက်လက် တည်ရှိကြသည့်အခါ လူများအတွက် အသုံးဝင်သည်။ ၎င်းတို့သည် လူများ၏ ရှင်သန်မှုအတွက် ဖြစ်သော ပတ်ဝန်းကျင်၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးသည်။ သို့သော် ၎င်းတို့သည် ကပ်ဘေးတစ်ခု ဖြစ်လာပါက၊ လူများ၏ဘဝ စနစ်ကျမှုကို ၎င်းတို့ ထိခိုက်ကြလိမ့်မည် ဖြစ်သည်။ ဖားများက ၎င်းတို့ ကိုယ်ခန္ဓာများပေါ်တွင် ၎င်းတို့နှင့်အတူ ယူဆောင်လာသည့် အရာအားလုံးနှင့် ပစ္စည်းများ အားလုံးသည် လူများ၏ ဘဝ အရည်အသွေးကို ထိခိုက်စေနိုင်သည်။ ၎င်းတို့သည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါများပင် တိုက်ခိုက်ခံရစေနိုင်သည်- ဤသည်မှာ ကပ်ဘေး အမျိုးအစားများထဲမှ တစ်ခု ဖြစ်သည်။ လူသားများ မကြာခဏ တွေ့ကြုံရသည့် နောက်ထပ် ကပ်ဘေးတစ်မျိုးမှာ ကျိုင်းကောင်များ အရေအတွက်များစွာ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဤသည်မှာ ကပ်ဘေးတစ်ခု ဖြစ်သည် မဟုတ်လော။ ဟုတ်ပါသည်၊ ယင်းသည် ကြောက်စရာကောင်းသည့် ကပ်ဘေးတစ်ခု ဖြစ်သည်။ လူများက မည်မျှ တတ်စွမ်းနိုင်သည်မှာ အရေးမကြီးပေ— လူများက လေယာဉ်ပျံများ၊ အမြှောက်များနှင့် အဏုမြူဗုံးများ ပြုလုပ်နိုင်သည်— ကျိုင်းကောင်များ ကျူးကျော်လာသည့်အခါတွင်၊ လူသားမျိုးနွယ်သည် မည်သည့် ဖြေရှင်းချက် ရှိကြသနည်း။ ကျိုင်းကောင်များအပေါ် အမြှောက်များကို အသုံးပြုနိုင်သလော။ ယင်းတို့ကို စက်သေနတ်များဖြင့် ပစ်၍ရသလော။ မရပေ။ ထို့နောက် ယင်းတို့ကို မောင်းထုတ်ရန် ပိုးသတ်ဆေးများ ဖြန်း၍ရသလော။ ယင်းသည်လည်း လွယ်ကူသည့် အလုပ်မဟုတ်ပေ။ ဤကျိုင်းကောင်လေးများက မည်သည့်အရာကို လုပ်ဆောင်ဖို့ လာကြသနည်း။ ၎င်းတို့သည် အထူးသဖြင့် ကောက်ပဲသီးနှံများနှင့် အစေ့အဆန်များကို စားကြသည်။ ကျိုင်းကောင်များ သွားသည့် နေရာတိုင်းတွင်၊ ကောက်ပဲသီးနှံများက လုံးဝ ပျက်ပြုန်းကုန်သည်။ ကျိုင်းကောင်များ ကျူးကျော်ဝင်ရောက်သည့် အချိန်များတွင်၊ တစ်နှစ်ပတ်လုံးအတွက် လယ်သမားများ မှီခိုအားထားသည့် အစားအစာ အားလုံးသည် မျက်စိတစ်မှိတ် အတွင်း ကျိုင်းကောင်များ၏ လုံးဝ စားသုံးခြင်း ခံလိုက်ရနိုင်ပေသည်။ လူသားများအတွက်၊ ကျိုင်းကောင်များ ရောက်ရှိလာခြင်းသည် ဒေါသထွက်စရာ ဖြစ်သည်သာမက- ကပ်ဘေးတစ်ခု ဖြစ်သည်။ ထို့ကြောင့် များပြားသည့် ကျိုင်းကောင် အရေအတွက် ထွက်ပေါ်ခြင်းသည် ကပ်ဘေးတစ်မျိုး ဖြစ်သည်ကို ငါတို့ သိကြသော်လည်း၊ ကြွက်များရော အဘယ်သို့နည်း။ ကြွက်များကို စားမည့် ငှက်များ မရှိပါက၊ ၎င်းတို့သည် အလွန်လျင်မြန်စွာ ပွားများကြလိမ့်မည်၊ သင် စိတ်ကူးနိုင်သည် ထက်ပင် အလွန် မြန်ဆန်စွာ ပွားများကြလိမ့်မည် ဖြစ်သည်။ ကြွက်များသည် အဟန့်အတား မရှိ ပျံ့နှံ့ပါက၊ လူသားများသည် ကောင်းမွန်သည့် ဘဝများကို နေထိုင်နိုင်ကြမည်လော။ လူသားများသည် မည်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင် ရမည်နည်း။ (ကပ်ရောဂါ တစ်ခုနှင့် ရင်ဆိုင် ရပါမည်။) သို့သော် ကပ်ရောဂါသည် တစ်ခုတည်းသော အကျိုးဆက် ဖြစ်မည်ဟု သင် ထင်သလော။ ကြွက်များသည် မည်သည့်အရာကိုမဆို ဝါးနိုင်ပြီး သစ်သားများကိုပင် ကိုက်ဖြတ်ကြလိမ့်မည်။ အိမ်တစ်အိမ်တွ‌င် ကြွက်နှစ်ကောင်သာ ရှိပါက၊ ထိုအိမ်တွင် နေထိုင်ကြသူတိုင်း စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဆီများကို ခိုးပြီး စားသည်၊ ပြီးလျှင် တစ်ခါတစ်ရံတွင် ၎င်းတို့သည် ပေါင်မုန့် သို့မဟုတ် သီးနှံအစားအစာများကို စားကြသည်။ ၎င်းတို့ မစားသည့်အရာများကို ဝါးသာဝါးကြပြီး လုံးဝ ရှုပ်ပွသွားစေသည်။ အဝတ်များ၊ ဖိနပ်များ၊ ပရိဘောဂများကို ၎င်းတို့ ဝါးကြသည်— အရာရာတိုင်းကို ဝါးကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ကြောင်အိမ်ပေါ် တက်ကြလိမ့်မည်— ကြွက်များ တက်နင်းပြီးနောက်တွင် ဤပန်းကန်များကို သုံး၍ ရနိုင်ပါသေးသလော။ ယင်းတို့ကို သင် ပိုးသတ်လျှင်ပင် စိတ်အေးသက်သာ ခံစားရလိမ့်မည် မဟုတ်ပေ၊ ထို့ကြောင့် ယင်းတို့ကို သင် လွှင့်သာ လွှင့်ပစ်လိုက်လေသည်။ ဤသည်တို့မှာ လူများထံ ကြွက်များ သယ်ဆောင်လာသည့် အနှောင့်အယှက်များ ဖြစ်သည်။ ကြွက်များသည် သေးငယ်သော သတ္တဝါလေးများ ဖြစ်သော်လည်း၊ လူများသည် ၎င်းတို့ကို မကိုင်တွယ် မဖြေရှင်း နိုင်ကြသကဲ့သို့၊ ထိုအစား ၎င်းတို့၏ ထိခိုက်ပျက်စီးမှုများကိုသာ သည်းညည်းခံကြရသည်။ ကြွက်တစ်အုပ်ကြီးကို မဆိုထားနှင့်၊ နှစ်ကောင်တည်းကပင် နှောင့်ယှက်ဖျက်ဆီးခြင်းကို ဖြစ်ပေါ်စေရန် လုံလောက်လေသည်။ ၎င်းတို့၏ အရေအတွက်များသည် အလွန်များပြားပြီး ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ပါက၊ အကျိုးဆက်များက မတွေးဝံ့စရာ ဖြစ်ပေမည်။ ပုရွက်ဆိတ်လောက် သေးငယ်သော သတ္တဝါများသည်ပင် ကပ်ဘေး အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်ပျက်ခဲ့မည်ဆိုပါ၊ လူသားမျိုးနွယ်ကို ၎င်းတို့ လုပ်ဆောင်မည့် ထိခိုက်ပျက်စီးမှုကိုလည်း လျစ်လျူရှု၍ မရပေ။ ပုရွက်ဆိတ်တို့သည် အိမ်များကို အလွန်များစွာ ထိခိုက်မှု ပေးနိုင်သည်မှာ အိမ်များ ပြိုကျသွားတတ်ပေသည်။ ၎င်းတို့၏ ခွန်အားကို လျစ်လျူရှု၍ မရပေ။ မတူကွဲပြားသည့် ငှက်အမျိုးအစားများသည် ကပ်ဘေးတစ်ခုကို ဖန်တီးပါက၊ ယင်းသည် ထိတ်လန့်စရာဖြစ်မည် မဟုတ်လော။ (ဖြစ်ပါသည်။) တစ်နည်းပြောရလျှင်၊ တိရစ္ဆာန်များ သို့မဟုတ် သက်ရှိများ ရှိသည့်နေရာတိုင်းတွင်၊ ၎င်းတို့ မည်သည့်အမျိုးအစား ဖြစ်သည် ဖြစ်စေ၊ ၎င်းတို့၏ ဟန်ချက်ညီမှု ဆုံးရှုံးသွားပါက၊ ၎င်းတို့ ကြီးထွားလာလိမ့်မည်၊ မျိုးပွားလိမ့်မည် ဖြစ်ပြီး၊ ပုံမှန်မဟုတ်သည့် အတိုင်းအတာ၊ သာမန်မဟုတ်သည့် အတိုင်းအတာအတွင်းတွင် ရှင်သန်ကြလိမ့်မည် ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်ထံ မတွေးဝံ့စရာ အကျိုးဆက်များ ယူဆောင်လာမည် ဖြစ်သည်။ ယင်းက လူတို့၏ ရှင်သန်မှုနှင့် ဘဝများကို သက်ရောက်မည် သာမက၊ လူတို့က လုံးဝ ပျက်သုဉ်းခြင်းနှင့် မျိုးသုဉ်းမှု ကံအကြောင်းတရားကို ခံစားကြရသည့်အဆင့်ထိပင် လူသားမျိုးနွယ်ထံ ကပ်ဘေးလည်း ယူဆောင်လာမည် ဖြစ်သည်။

ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် ယင်းတို့ကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များ၊ အပင်များနှင့် တိရစ္ဆာန်မျိုးစုံ၊ ငှက်များနှင့် ပိုးမွှားများ၏ အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန် နည်းစနစ် မျိုးစုံကို အသုံးပြုခဲ့သည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်မှာ သူထူထောင်ခဲ့သည့် နိယာမများအောက်တွင် သက်ရှိသတ္တဝါ မျိုးစုံကို ရှင်သန်နေထိုင်ပြီး ပွားများခွင့်ပေးရန် ဖြစ်သည်။ ဖန်ဆင်းခြင်း အရာများထဲမှ မည်သည့်အရာမျှ ဤနိယာမများ၏ အပြင်ဘက်သို့ သွား၍ မရနိုင်သကဲ့သို့၊ ဤနိယာမများကို ချိုးဖောက်၍ မရနိုင်ပေ။ ဤအခြေခံ ပတ်ဝန်းကျင် အမျိုးအစား အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ပွားများစွာ ရှင်သန်နိုင်ပေသည်။ မည်သည့် သက်ရှိသတ္တဝါမဆိုသည် ဘုရားသခင် ထူထောင်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားပါက၊ သို့မဟုတ် သူ ချမှတ်သည့် ကြီးထွားမှုနှုန်း၊ မျိုးပွားမှု အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်ပါက၊ လူသားမျိုးနွယ်၏ ရှင်သန်မှု အတွက် ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါပေမည်။ ပြီးလျှင် တစ်ချိန်တည်းတွင်၊ လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ခြိမ်းခြောက် ခံရပေမည်။ သက်ရှိသတ္တဝါ အမျိုးအစား တစ်ခုက အရေအတွက် အလွန်များလျှင်၊ လူများ၏ အစားအစာကို လုယက်လိမ့်မည်၊ လူများ၏ ရေ အရင်းအမြစ်များကို ဖျက်ဆီးလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်၏ မျိုးပွားမှု သို့မဟုတ် ရှင်သန်မှု အခြေအနေသည် ချက်ချင်း ထိခိုက်ခံရပေမည်။ ဥပမာအားဖြင့်၊ ရေသည် အရာအားလုံးအတွက် အလွန် အရေးကြီး၏။ ကြွက်များ၊ ပုရွက်ဆိတ်များ၊ ကျိုင်းကောင်များနှင့် ဖားများ သို့မဟုတ် အခြားတိရစ္ဆာန်အမျိုးအစားတစ်ခုတစ်လေသည် အလွန်များပါက၊ ရေကို ပိုသောက်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ သောက်သုံးသည့် ရေပမာဏ တိုးပွားလာသည်နှင့်အမျှ၊ သတ်မှတ်ထားသည့် သောက်ရေ အရင်းအမြစ် နယ်ပယ်နှင့် ရေ ပါဝင်သည့်နေရာများအတွင်းရှိ လူများ၏ သောက်သုံးရေနှင့် ရေ အရင်းအမြစ်များ လျော့ကျလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ရေ ပြတ်လပ်မှုများကို တွေ့ကြုံကြရလိမ့်မည်။ တိရစ္ဆာန်မျိုးစုံ၏ အရေအတွက် တိုးမြင့်လာခြင်းကြောင့်၊ လူများ၏ သောက်သုံးရေသည် ဖျက်ဆီးခံရပါက၊ ညစ်ညမ်းသွားပါက၊ သို့မဟုတ် ပြတ်တောက်သွားပါက၊ ရှင်သန်မှုအတွက် ထိုခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုး အောက်တွင် လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ဆိုးရွားစွာ ခြိမ်းခြောက်ခံရလိမ့်ည် ဖြစ်သည်။ သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်မျိုးသာ သို့မဟုတ် အမျိုးအစား အချို့သည် ၎င်းတို့၏သင့်တော်သည့် အရေအတွက်ကို ကျော်လွန်သွားပါက၊ ရှင်သန်မှုအတွက် လူသားမျိုးနွယ်၏ နေရာအတွင်းရှိ လေ၊ အပူချိန်၊ အစိုဓာတ်နှင့် လေထု ဖွဲ့စည်းမှုပင်လျှင် အဆိပ်သင့်လိမ့်မည်ဖြစ်ပြီး အဆင့်အမျိုးမျိုးအထိ ဖျက်ဆီးခံရလိမ့်မည်။ ဤအခြေအနေများအောက်တွင်၊ လူသားတို့၏ ရှင်သန်မှုနှင့် ကံကြမ္မာသည် ဤဂေဟစနစ်ဆိုင်ရာ အကြောင်းရင်းများက ဖြစ်ပေါ်စေသည့် ခြိမ်းခြောက်မှုများကိုလည်း ခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤဟန်ချက်ညီမှုများ ဆုံးရှုံးသွားပါက၊ လူတို့ အသက်ရှူသည့်လေသည် ပျက်စီးလိမ့်မည်၊ ၎င်းတို့သောက်သည့်ရေ ညစ်ညမ်းလိမ့်မည် ဖြစ်ကာ၊ ၎င်းတို့လိုအပ်သည့် အပူချိန်သည်လည်း ပြောင်းလဲသွားလိမ့်မည် ဖြစ်ကာ၊ အဆင့်အမျိုးမျိုးထိ ထိခိုက်ခံရပေလိမ့်မည်။ ထိုအရာဖြစ်ပါက လူသားမျိုးနွယ်နှင့် ပင်ကိုအားဖြင့် သက်ဆိုင်သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်များသည် အလွန် ကြီးမားသည့် ထိခိုက်မှုများနှင့် စိန်ခေါ်မှုများကို ခံရလိမ့်မည် ဖြစ်သည်။ လူသားတို့၏ ရှင်သန်မှုအတွက် အခြေခံ ပတ်ဝန်းကျင် ဖျက်ဆီးခံရပြီးဖြစ်သည့် ဤဖြစ်ရပ်မျိုးတွင်၊ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ရှေ့ရေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ ဤသည်မှာ အလွန် အရေးကြီးသည့် ပြဿနာ တစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဖန်ဆင်းခြင်း အရာအသီးသီးသည် မည်သည့် အကြောင်းရင်းအတွက် တည်ရှိရသည်၊ သူ ဖန်ဆင်းခဲ့သည့် အမှုအရာ အမျိုးအစားတိုင်းက မည်သည့် အခန်းကဏ္ဍ ရှိကြသည်၊ အမှုအရာ အသီးသီးက လူသားမျိုးနွယ်အပေါ် မည်သည့် သက်ရောက်မှုမျိုးရှိပြီး၊ မည်သည့် အဆင့်ထိ ယင်းက လူသားမျိုးနွယ်အတွက် အကျိုးပြုသည်ကို ဘုရားသခင် သိသည့်အတွက်ကြောင့်၊ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ဤအရာ အားလုံးအတွက် အစီအစဉ် တစ်ခုရှိပြီး သူ ဖန်ဆင်းခဲ့သည့် အမှုအရာ အားလုံး၏ သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်းကို သူ စီမံသောကြောင့်၊ ယင်းမှာ သူ လုပ်ဆောင်သည့် အမှုအရာ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် အလွန် အရေးကြီးရသည့် အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် ဂေဟစနစ်ဆိုင်ရာ ဖြစ်ရပ်အချို့ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာများထဲတွင် သဘာဝနိယာမ အချို့ အလုပ်လုပ်သည်ကို သင် သတိပြုမိသည့်အခါတိုင်းတွင်၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာ တစ်ခုစီတိုင်း၏ လိုအပ်မှုနှင့်ပတ်သက်၍ သင်သည် သံသယဖြစ်လိမ့်မည် မဟုတ်တော့ပေ။ အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုများနှင့် လူသားမျိုးနွယ်အတွက် သူ၏ ထောက်ပံ့ခြင်း နည်းလမ်း အမျိုးမျိုးတို့ကို ထင်ရာမြင်ရာ ဝေဖန်အကဲဖြတ်မှုများ ပြုလုပ်ရန် မသိနားမလည်သည့် စကားများကို သင် အသုံးပြုတော့မည် မဟုတ်ပေ။ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးအတွက် ဘုရားသခင်၏ နိယာမများနှင့်ပတ်သက်၍ ထင်ရာမြင်ရာ ကောက်ချက်ချခြင်းများလည်း သင် ပြုလိမ့်မည် မဟုတ်။ ဤသည်မှာ မှန်သည် မဟုတ်လော။

ယခုတင် ငါတို့ ပြောဆိုနေကြပြီးဖြစ်သည့် ဤအရာအားလုံးသည် မည်သည့်အရာ ဖြစ်သနည်း။ ယင်းနှင့်ပတ်သက်၍ ခဏ စဉ်းစားကြည့်ကြလော့။ ဘုရားသခင်သည် သူ လုပ်ဆောင်သည့်အရာ တစ်ခုစီတိုင်းတွင် သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိသည်။ သူ၏ ရည်ရွယ်ချက်သည် လူသားများအဖို့ နားမလည်နိုင်စရာ ဖြစ်သော်လည်း၊ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် အမြဲ ခွဲခြားမရနိုင်အောင်၊ အင်အားကြီးမားစွာ ဆက်နွှယ်လေသည်။ ယင်းသည် လုံးဝ မရှိမဖြစ် ဖြစ်ပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အချည်းနှီး ဖြစ်သည့်အရာကို မည်သည့်အခါတွင်မျှ မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ သူ လုပ်ဆောင်သည့်အရာ တစ်ခုတိုင်း နောက်ကွယ်ရှိ အခြေခံသဘောတရားများသည် သူ၏အစီအစဉ်နှင့် သူ၏ဉာဏ်ပညာတို့ဖြင့် စိမ့်ဝင်ပျံ့နှံ့လေသည်။ ထိုအစီအစဉ်၏ နောက်ကွယ်ရှိ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်သည် လူသားမျိုးနွယ်ကို ကာကွယ်ခြင်းအတွက်၊ ကပ်ဘေး၊ အခြားသက်ရှိသတ္တဝါများ၏ ကျူးကျော်ဝင်ရောက်မှုများနှင့် ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခြင်းအရာမဆိုက လူသားများအဖို့ ဖြစ်ပေါ်စေသည့် မည်သည့် အန္တရာယ်မျိုးကိုမဆို ရှောင်လွှဲရန် လူသားမျိုးနွယ်အား ကူညီဖို့ ဖြစ်သည်။ သို့ဆိုလျှင် ဤအကြောင်းအရာအတွင်း ငါတို့ မြင်ရပြီးဖြစ်သည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ထောက်ပံ့ပေးသည့် အခြားနည်းလမ်းအား ဖြစ်စေသည်ဟု ဆို၍ရနိုင်မည်လော။ ဤလုပ်ဆောင်ချက်များမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကျွေးမွေးကာ ထိန်းကျောင်းနေသည်ဟု ငါတို့ ဆိုနိုင်မည်လော။ (ဆိုနိုင်ပါသည်။) ဤအကြောင်းအရာနှင့် ငါတို့ မိတ်သဟာယ၏ ခေါင်းစဉ်- “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ကြားတွင် ခိုင်မာသည့် ဆက်နွှယ်မှုတစ်ခု ရှိသလော။ (ရှိပါသည်။) အလွန် ခိုင်မာသည့် ဆက်နွှယ်မှုတစ်ခုရှိပြီး ဤအကြောင်းအရာသည် ယင်း၏ ရှုထောင့်တစ်ခု ဖြစ်သည်။ ဤအကြောင်းအရာများ အကြောင်းကို မပြောဆိုမီတွင်၊ လူများသည် ဘုရားသခင်၊ ဘုရားသခင်ကိုယ်တိုင်နှင့် သူ၏ လုပ်ဆောင်ချက်များနှင့် သက်ဆိုင်သည့် မရေရာသည့် စိတ်ကူးစိတ်သန်း အချို့သာ ရှိခဲ့ကြသည်- ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှု ကင်းမဲ့ခဲ့ကြသည်။ သို့သော် သူ၏လုပ်ဆောင်ချက်များနှင့် သူ လုပ်ဆောင်ပြီးသည့် အရာများနှင့်ပတ်သက်၍ လူများကို ပြောဆိုသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အရာ၏ အခြေခံသဘောတရားများကို သိနားလည်ကာ သဘောပေါက်နိုင်ကြပြီး၊ ယင်းတို့နှင့် သက်ဆိုင်သည့် သိနားလည်မှုကို ၎င်းတို့ ရရှိနိုင်ကာ ယင်းတို့အား လက်လှမ်းမီလာနိုင်ကြသည်- ဤသည်မှာ မှန်သည် မဟုတ်လော။ ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းကဲ့သို့၊ မည်သည့်အရာကိုမဆို သူ လုပ်ဆောင်သည့် အခါတိုင်းတွင်၊ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ အလွန် ရှုပ်ထွေးသည့် သီအိုရီများ၊ အခြေခံသဘောတရားများနှင့် စည်းမျဉ်းများ မျိုးစုံရှိသော်လည်း၊ ယင်းတို့၏ အစိတ်အပိုင်းတစ်ခုကို မိတ်သဟာယတွင် သင့်တို့အား လေ့လာသင်ယူခွင့်ပေးခြင်းမျှဖြင့် ဤသည်တို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်ပြီး စစ်မှန်နိုင်သလောက် စစ်မှန်သည်ကို သင်တို့၏ စိတ်နှလုံးများတွင် သိနားလည်မှု ရရှိရန် သင်တို့အတွက် ဖြစ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ လတ်တလော နားလည်မှုသည် ယခင်ကနှင့် မည်သို့ကွာခြားသနည်း။ ယင်း၏ အနှစ်သာရတွင် ကွာခြားပေသည်။ ယခင်က သင်တို့၏ သိနားလည်မှုသည် အလွန်ပေါ့တန်ခဲ့၊ အလွန်ဝေဝါးခဲ့သော်လည်း၊ ယခုတွင် သင်တို့၏သိနားလည်မှုသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ကိုက်ညီဖို့၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ကိုက်ညီဖို့၊ ခိုင်မာသည့် အထောက်အထား အများအပြား ပါရှိလေသည်။ ထို့ကြောင့် ငါ ပြောဆိုပြီးသည့်အရာအားလုံးသည် သင်တို့၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှုအတွက် အံ့ဩလောက်စရာ အသိပညာတိုးစေသော အချက်အလက် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

အမှာစကား ချန်ခဲ့မည်