စာရင်း

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်- အပူချိန်

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်— အပူချိန်

ငါတို့ ဆွေးနွေးမည့် ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင် တစ်ရပ်အဖို့ လိုအပ်သောအရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဥပမာ ဆိုကြပါစို့၊ အပူချိန်သည် လေးဆယ်ဒီဂရီ စင်တီဂရိတ်ထက် ပိုမြင့်ပါက လူတို့အနေဖြင့် အလွန်အမင်း အားအင်ကုန်ခမ်းရလိမ့်မည် မဟုတ်လော။ ထိုသို့သော အခြေအနေများထဲတွင် အသက်ရှင်ဖို့မှာ လူတို့အတွက် ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်မဟုတ်လော။ အပူချိန် အလွန်အမင်း ကျဆင်းလျှင်ကော အဘယ်သို့ဖြစ်မည်နည်း။ အပူချိန်က အနုတ် လေးဆယ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်သည်ဆိုပါစို့- လူသားတို့သည် ဤအခြေအနေများကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန် အတိုင်းအတာကို သတ်မှတ်ရာတွင် စင်စစ်အားဖြင့် စစ်စစ်ပေါက်ပေါက် အလွန်ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာက အလိုက်သင့် ညှိပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အနည်းနှင့်အများ အနုတ်သုံးဆယ် ဒီဂရီ စင်တီဂရိတ်နှင့် လေးဆယ်ဒီဂရီ စင်တီဂရိတ်ကြားတွင် ဖြစ်၏။ မြောက်အရပ်မှ တောင်အရပ်တွင်ရှိသော နယ်မြေများထဲက အပူချိန်များသည် အခြေခံအားဖြင့် ဤအတိုင်းအတာအတွင်းတွင် ရှိသည်။ အလွန်အေးသောဒေသများတွင် အပူချိန်များသည် အနုတ်ငါးဆယ် မှ ခြောက်ဆယ်ဒီဂရီ စင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသများတွင် ဘုရားသခင်က လူသားတို့ကို နေထိုင် အသက်ရှင်ခွင့်ပြုမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင်၊ ဤအေးခဲသော ဒေသများသည် အဘယ်ကြောင့်တည်ရှိနေသနည်း။ ဤအရာတွက် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် သင့်ကို ထိုနေရာများအနီးသို့ သွားခွင့်ပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသော နေရာများကို ကာကွယ်ထား၏၊ ထိုနေရာတွင် နေထိုင်ရန် လူသားအတွက် သူ မစီစဉ်ထားဟု ဆိုလိုသည်။ ဤနေရာများသည် လူသားမျိုးနွယ် အတွက် မဟုတ်ပေ။ သို့သော် ဘုရားသခင်သည် ထိုကဲ့သို့သော နေရာများကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိခွင့်ပြုသနည်း။ အကယ်၍ ဤနေရာများသည် ဘုရားသခင်က လူသားကို နေထိုင်ရန် သို့မဟုတ် ရှင်သန်ရန်ပင် ခွင့်မပြုသည့် နေရာများဖြစ်ပါက၊ ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာ တည်ရှိ၏။ ဆိုလိုသည်မှာ လူသား ရှင်သန်သည့် ပတ်ဝန်းကျင်၏ အပူချိန် အတိုင်းအတာကို ဘုရားသခင်က အတန်အသင့် ချိန်ညှိထားပြီး ဖြစ်သည်။ ယင်းတွင် အလုပ်လုပ်နေသည့် သဘာဝ နိယာမ တစ်ရပ်လည်း ရှိပေသည်။ ဘုရားသခင်သည် အပူချိန်ကို ထိန်းသိမ်းကာ ထိန်းချုပ်ဖို့ရန် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ၎င်းတို့မှာ မည်သည့်အရာများနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အနွေးဓာတ် ဆောင်ကြဉ်း ပေးနိုင်သည်၊ သို့သော် ဤအနွေးဓါတ်သည် များလွန်းပါက၊ လူတို့ ခံနိုင်ရည်ရှိသလော။ နေအနီးသို့ ချဉ်းကပ်ဝံ့သူ တစ်စုံတစ်ဦး ရှိသလော။ နေအနီးသို့ ချဉ်းကပ်နိုင်သည့် သိပ္ပံပညာနှင့်ဆိုင်သော ကိရိယာတစ်ခုတလေ ကမ္ဘာပေါ်တွင် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ နေသည် ပူလွန်းသောကြောင့်ဖြစ်၏။ အလွန်နီးကပ်လာသည့် မည်သည့်အရာမဆို အရည်ပျော်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ စေ့စပ်သော တိုင်းတာချက်များနှင့် သူ၏ စံနှုန်းများနှင့်အညီ လူသားမျိုးနွယ် အထက်တွင် နေ၏အမြင့်ကို သတ်မှတ်ဖို့ တိတိကျကျ လုပ်ဆောင်ခဲ့သည်။ ထို့နောက် ကမ္ဘာ၏ ဝင်ရိုးစွန်းနှစ်ခုဖြစ်သည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ ရှိကြ၏။ ဤဒေသများသည် လုံးလုံးလျားလျား အေးခဲနေကာ ရေခဲမြစ်များ ဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်ဒေသများတွင် နေနိုင်သလော။ ထိုသို့သော နေရာများသည် လူသားရှင်သန်ဖို့ သင့်တော်သလော။ (မသင့်တော်ပါ။) ရှင်သန်ခြင်းအဖို့ မသင့်တော်သည်နှင့်အညီ လူတို့အနေဖြင့် ထိုနေရာများသို့ မသွားကြပေ။ လူတို့သည် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ဆီသို့ မသွားကြသည့် အတွက် ရေခဲမြစ်များက ထိန်းသိမ်းပြီးသားဖြစ်သွားပြီး၊ ၎င်းတို့အနေဖြင့် အပူချိန်ထိန်းခြင်း တည်းဟူသော ၎င်းတို့၏ရည်ရွယ်ချက်ကို ထမ်းဆောင်နိုင် ကြလေသည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့မရှိပါက၊ နေ၏ စဉ်ဆက်မပြတ်သော အပူဒဏ်သည် ကမ္ဘာပေါ်က လူတို့ကို ပျက်ဆီးခြင်းသို့ ရောက်စေလိမ့်မည် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် လူသား ရှင်သန်ရေးအတွက် သင့်တော်သော အပူချိန်တစ်ရပ်ကို ဤအရာနှစ်ခုအားဖြင့်သာ ထိန်းသိမ်းထား သလော။ မဟုတ်ပေ၊ ကွင်းပြင်များပေါ်က မြက်ခင်းပြင်များ၊ သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် တောအုပ်များထဲ၌ ရှိကြကုန်သော အပင်အမျိုးအစား အားလုံး စသည့် သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ ၎င်းတို့သည် နေ၏အပူရှိန်ကို စုပ်ယူကာ ထိုသို့ စုပ်ယူခြင်းဖြင့် လူသားမျိုးနွယ် အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်၏ အပူချိန်ကို ထိန်းညှိပေးသည့်နည်းဖြင့် နေ၏အပူစွမ်းအင်ကို လျော့ပါး စေလေသည်။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ လွှမ်းခြုံသည့် ဧရိယာကို မည်သူမျှ မသတ်မှတ်နိုင်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှရှိသည်ကို မည်သူမျှ မထိန်းချုပ်နိုင်သကဲ့သို့ မည်သည့်နေရာသို့ ရေစီးဆင်းသည်၊ စီးဆင်းသည့် လမ်းကြောင်း၊ ရေပမာဏ၊ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကိုလည်း မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေမှ လူတို့မြင်နိုင်သည့် မြေပေါ်ရှိ မြစ်များနှင့် ရေကန်များအထိ ဤရေအရင်းမြစ် အမျိုးမျိုးသည်လည်း လူသားနေထိုင်သည့် ပတ်ဝန်းကျင်၏ အပူချိန်ကို ထိန်းညှိပေးနိုင်၏။ ရေအရင်းအမြစ်များအပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေများကဲ့သို့သော ပထဝီမြေဖွဲ့စည်းမှု အမျိုးအစား အမျိုးမျိုးလည်း ရှိ၏၊ ၎င်းတို့အားလုံးက မိမိတို့၏ ပထဝီမြေ အကျယ်အဝန်းနှင့် ဧရိယာအတိုင်း အချိုးကျသည့် အတိုင်းအတာ အထိ အပူချိန်ကို ထိန်းညှိပေးလေသည်။ ဥပမာ တောင်တစ်တောင်သည် အဝန်း ကီလိုမီတာ တစ်ရာရှိပါက၊ ဤကီလိုမီတာ တစ်ရာသည် ကီလိုမီတာတစ်ရာနှင့်တန်သည့် အသုံးဝင်မှုကို ပေးလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်ရွေ့မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည်နှင့်ပတ်သက်၍မူ၊ ဤသည်မှာ ဘုရားသခင်က ဆင်ခြင်သုံးသပ်ပြီးဖြစ်သည့် အရေအတွက်တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ် ရှိပြီး အမှုအရာတစ်ခုစီ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များ ပါရှိသည်။ ဥပမာအနေဖြင့် သစ်တောများနှင့် သီးပင်စားပင် အမျိုးအစားမျိုးစုံကို စဉ်းစားကြည့်လော့- ၎င်းတို့တည်ရှိပြီး ပေါက်ရောက်သည့် ဧရိယာ၏ အကွာအဝေးနှင့် အတိုင်းအတာသည် မည်သည့်လူသားမဆို၏ ထိန်းချုပ်နိုင်ခြင်းကို ကျော်လွန်ပြီး ဤအရာများအပေါ် မည်သူမျှ အဆုံးအဖြတ်မပေးနိုင်ပေ။ ထိုနည်းတူ၊ ၎င်းတို့ ရေမည်မျှစုပ်ယူသည်ကို မည်သည့်လူသားကမျှ မထိန်းချုပ်နိုင်သကဲ့သို့ နေမင်းထံမှ အပူစွမ်းအင် မည်ရွေ့မည်မျှ စုပ်ယူသည်ကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာ အားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် နယ်ပယ်အတွင်းတွင် ရှိကြ၏။

လူသားအနေဖြင့် ထိုသို့သော သင့်တော်သည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်နိုင်သည်မှာ ကဏ္ဍအမျိုးမျိုး၌ ဘုရားသခင်၏ စေ့စပ်သေချာသော စီစဉ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း နှင့် စီမံမှုများကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် နေမင်း၊ လူတို့မကြာခဏကြားရသည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း အပြင် မြေပေါ်မြေအောက်နှင့် ရေထဲတွင်ရှိကြသော သက်ရှိအရာ အမျိုးမျိုး၊ ပြီးလျှင် သစ်တောများနှင့် အခြားသော သဘာဝပေါက်ပင်အမျိုးအစားများ ဖုံးလွှမ်းထားသည့်နေရာ အတိုင်းအတာနှင့်၊ ရေအရင်းအမြစ်များ၊ ရေအစုအဝေး အမျိုးမျိုး၊ ပင်လယ်ရေနှင့် ရေချို ပမာဏများ၊ ပြီးလျှင် ပထဝီမြေဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးကဲ့သို့သော လူသားအနေဖြင့် မိမိ၏ မျက်လုံးများဖြင့်မြင်သော အရာတစ်ခုစီတိုင်း- ဤအရာများ အားလုံးသည် လူသားအသက်ရှင်နေထိုင်နိုင်ရေးအတွက် ပုံမှန် အပူချိန်များကို ထိန်းသိမ်းရန် ဘုရားသခင်အသုံးပြုသည့် အရာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၏။ ထိုသို့သော သင့်တော်သည့် အပူချိန်များရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် လူသား အသက်ရှင်နိုင်သည်မှာ ဘုရားသခင်က ဤအရာအားလုံးကို နက်နက်ရှိုင်းရှိုင်း တွေးတောပြီးဖြစ်သောကြောင့်သာ ဖြစ်သည်။ ယင်းသည် အေးလွန်း၍ မရသကဲ့သို့ ပူလွန်း၍လည်း မရပေ- လူ၏ကိုယ်ခန္ဓာမှ ကျင့်သားရနိုင်သည်ထက် ကျော်လွန်သည့် အပူချိန်များရှိသည့် နေရာများဖြစ်သည့် ပူလွန်းသောအရပ်များသည် သင့်အတွက် ဘုရားသခင်က သေချာပေါက် ဖယ်ပေးထားခြင်း မဟုတ်ပေ။ အပူချိန်နိမ့်လွန်းသော နေရာများ၊ လူသားများ ရောက်ရှိပြီးနောက် မိနစ်အနည်းငယ်အတွင်း လုံးဝ အေးခဲသွားမည့်၊ ၎င်းတို့အနေနှင့် စကားပင်မပြောနိုင်၊ ဦးနှောက်များ အေးခဲသွားပြီး စဉ်းစားတွေးခေါ်၍မရဘဲ၊ မကြာမီ အသက်ရှူကျပ်သွားမည့် အေးလွန်းသော နေရာများ- ထိုသို့သော နေရာများကိုလည်း လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖယ်ထားပေးခြင်း မဟုတ်ပေ။ လူတို့အနေဖြင့် မည်ကဲ့သို့သော သုတေသနမျိုးကို ဆောင်ရွက်လိုသည် ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းတို့ ဆန်းသစ်တီထွင်လိုသည် သို့မဟုတ် ထိုသို့သော ကန့်သတ်ချက်များကို ထိုးဖောက်ထွက်လိုသည်ဖြစ်စေ- လူတို့အနေဖြင့် မည်သည့်အတွေးများမဆို ရှိပါစေ၊ ၎င်းတို့သည် လူ့ခန္ဓာကိုယ်က ကျင့်သားရနိုင်သည့် အကန့်အသတ်များကို မည်သည့်အခါမျှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် လူသားအတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ဤအကန့်အသတ်များကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်ဖြစ်ပြီး၊ မည်သည့် အပူချိန်များကို လူ့ခန္ဓာကိုယ်က ကျင့်သားရနိုင်သည်ကို ဘုရားသခင် အကောင်းဆုံး သိသောကြောင့် ဖြစ်သည်။ သို့ရာတွင် လူသားတို့ကိုယ်တိုင်ကမူ မသိကြပေ။ လူသားတို့ မသိကြဟု ငါအဘယ်ကြောင့်ပြောသနည်း။ အဘယ်သို့သော မိုက်မဲသည့်အရာများကို လူသားတို့ လုပ်ဆောင် ခဲ့သနည်း။ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ကို စိန်ခေါ်ရန် လူများစွာက စဉ်ဆက်မပြတ် ကြိုးပမ်းကြပြီးဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ထိုနေရာတွင် အခြေချနိုင်ဖို့အလို့ငှာ နယ်မြေကို သိမ်းပိုက်ရန် ထိုနေရာများသို့ အစဉ်သွားလိုကြသည်။ ယင်းသည် ရယ်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်လိမ့်မည်။ သင်သည် ဝင်ရိုးစွန်းများကို စေ့စပ်သေချာစွာ သုတေသနပြုခဲ့ပြီးလျှင်ပင်၊ ထို့နောက် မည်သို့နည်း။ အပူချိန်များကို သင်ကျင့်သားရနိုင်ပြီး ထိုနေရာ၌ နေနိုင်လျှင်ပင်၊ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့၏ လက်ရှိ ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်ကို သင် “တိုးတက်” စေမည်ဆိုပါက၊ ယင်းသည် လူသားမျိုးနွယ်ကို တစ်နည်းနည်းဖြင့် အကျိုးပြုမည်လော။ လူသားမျိုးနွယ်သည် ၎င်းတို့အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ်ရှိ၏၊ သို့သော် လူသားတို့သည် ထိုနေရာ၌ တိတ်ဆိတ်စွာနှင့် လိုလိုလားလား ရှိမနေဘဲ၊ ယင်းအစား ၎င်းတို့အသက်ရှင်နေထိုင်၍ မရနိုင်သည့် နေရာများသို့ မရမက စွန့်စားသွားကြ၏။ ဤအရာ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ၎င်းတို့သည် သင့်တော်သော ဤအပူချိန်၌ ဘဝကို ငြီးငွေ့ကာ စိတ်မရှည်ဖြစ်လာကြပြီး၊ များလှစွာသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ခံစားထားကြရပြီး ဖြစ်သည်။ ထို့အပြင် ဤပုံမှန်ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်သည် လူသားမျိုးနွယ်၏ လုံးဝနီးပါး ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် နောက်ထပ်ဖျက်ဆီးခြင်းများ ပြုလုပ်ရန်၊ သို့မဟုတ် “အရေး” တစ်ခုကို လိုက်စားရန်၊ “အစပျိုးသည့်” နည်းလမ်းတစ်ရပ်ကို ရှာဖို့ရန် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း သို့လည်း သွားလျှင်ကောင်းမည်ဟု ယခု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ မမိုက်မဲပေဘူးလော။ ဆိုလိုသည်မှာ၊ ၎င်းတို့၏ ဘိုးဘေးဖြစ်သူ စာတန်၏ခေါင်းဆောင်မှုအောက်၌ ဤလူသားမျိုးနွယ်သည် အဓိပ္ပာယ်မရှိသည့်အရာကို တစ်ခုပြီးတစ်ခု ဆက်၍လုပ်ဆောင်နေကာ၊ ၎င်းတို့အတွက် ဘုရားသခင် ဖန်ဆင်းထားသည့် လှပသောအိမ်ကို မဆင်မခြင် အကြောင်းမဲ့ သက်သက် ဖျက်ဆီးနေကြ၏။ ဤသည်မှာ စာတန်၏ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်၏ ရှင်သန်မှုက အတော်အတန် အန္တရာယ် ရှိလာသည်ကို မြင်သောအခါ၊ လူများစွာသည် ရှင်သန်ရန် နည်းလမ်းတစ်ခုကို တည်ဆောက်ဖို့ ဆန္ဒရှိလျက် လကမ္ဘာကို သွားရောက်လည်ပတ်ဖို့ နည်းလမ်းများ ရှာဖွေကြလေသည်။ သို့သော် နောက်ဆုံးတွင်၊ လကမ္ဘာသည် အောက်စီဂျင် ကင်းမဲ့ပေသည်။ လူသားများသည် အောက်စီဂျင်မရှိဘဲ အသက်ရှင်နိုင်သလော။ လကမ္ဘာသည် အောက်စီဂျင် ကင်းမဲ့သည့်အတွက်၊ လူသားနေနိုင်သည့် နေရာတစ်ခု မဟုတ်ပေ၊ သို့ရာတွင် လူသားသည် ထိုနေရာသို့ သွားရန် ဆန္ဒရှိလျက်သာ ရှိနေ၏။ ဤအပြုအမူကို မည်သို့ ခေါ်ဆိုသင့်သနည်း။ ယင်းသည်လည်း မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်း မဟုတ်လော။ လကမ္ဘာသည် လေမရှိသော နေရာတစ်ခုဖြစ်ပြီး၊ ယင်း၏ အပူချိန်သည် လူသား ရှင်သန်ခြင်းအတွက် မသင့်တော်ပေ- ထို့ကြောင့် ယင်းသည် လူသားအတွက် ဘုရားသခင် ဖယ်ထားပေးသည့် နေရာမဟုတ်ပေ။

ယခုလေးတင် ငါတို့ပြောသည့် အကြောင်းအရာဖြစ်သည့် အပူချိန်သည် လူတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ကြုံတွေ့သည့် အရာတစ်ခုဖြစ်သည်။ အပူချိန်သည် လူ့ကိုယ်ခန္ဓာ အားလုံးက အာရုံခံစားနိုင်သည့် အရာတစ်ခု ဖြစ်သော်လည်း၊ ဤအပူချိန် မည်သို့ဖြစ်ပေါ်လာသည်၊ သို့မဟုတ် လူသားရှင်သန်မှု အတွက် သင့်တော်စေရန် ဤအပူချိန်ကို မည်သူက တာဝန်ယူထားပြီး ထိန်းချုပ်ထားသည်ကို မည်သူမျှ မစဉ်းစားကြပေ။ ဤသည်မှာ ငါတို့ယခု သင်ယူနေသည့်အရာဖြစ်သည်။ ဤအရာအတွင်း၌ ဘုရားသခင်၏ဉာဏ်ပညာ ရှိသလော။ ဤအရာအတွင်း၌ ဘုရားသခင်၏လုပ်ဆောင်ချက် ရှိသလော။ (ရှိပါသည်။) ဘုရားသခင်သည် လူသား ရှင်သန်မှုအတွက် သင့်တော်သည့် အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ် ဖန်ဆင်းခဲ့သည်ကို ထောက်ရှုကြည့်သော်၊ ဤသည်မှာ အရာခပ်သိမ်းအတွက် ဘုရားသခင် ထောက်ပံ့ပေးသည့် နည်းလမ်းတစ်ရပ် ဟုတ်သလော။ (ဟုတ်ပါသည်။) မှန်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

အမှာစကား ချန်ခဲ့မည်