စာရင်း

ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်၊ သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့် ယနေ့ သင့်အထဲတွင် သူ ပြုသည့် သူ၏ အစီအစဉ်နှင့်ဆိုင်သော အမှုကို လက်ခံခြင်းအားဖြင့် အဆုံးစွန်သော ချီးမြှောက်ခြင်းနှင့် ကယ်တင်ခြင်းတို့အား သင်တို့ အမှန်တကယ် မည်သို့ ရရှိပြီးကြသည်ကို နားလည်သင့်ပေသည်။ ဘုရားသခင်သည် ဤလူစုကို စကြဝဠာတစ်ခွင်လုံးအနှံ့ သူ၏အမှုနှင့်ဆိုင်သည့် တစ်ခုတည်းသော ဗဟိုအချက်အဖြစ် ပြုလုပ်ပြီး ဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။ သင်တို့သည် “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်မှာ သူ့ကို ဆန့်ကျင်သောသူများမှတစ်ဆင့်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုး ထင်ရှားနိုင်ပေသည်။ တစ်နည်းအားဖြင့်၊ မသန့်ရှင်းသော ပြည်၌ရှိသော သူများသည်သာ ဘုရားသခင်၏ဘုန်းအသရေကို အမွေခံထိုက်ကြပြီး၊ ဤအရာကသာ ဘုရားသခင်၏ကြီးမားသော တန်ခိုးကို မီးမောင်းထိုးပြနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဘုန်းအသရေကို ရရှိသည်မှာ မသန့်ရှင်းသော ပြည်နှင့် မသန့်ရှင်းသော ပြည်တွင် အသက်ရှင်သော သူများထံမှ ဖြစ်သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုမှာ ဤကဲ့သို့ဖြစ်ပေသည်။ ယေရှု၏အမှု အဆင့်သည်လည်း အလားတူ ဖြစ်သည်- သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဖာရိရှဲများအလယ်တွင်သာ သူ ဘုန်းတော်ထင်ရှားနိုင်ခဲ့သည်။ ဖာရိရှဲများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ယုဒ၏သစ္စာဖောက်မှုကြောင့် မဟုတ်ပါက၊ ယေရှုသည် ကားစင်တင်ခံရဖို့ မဆိုထားနှင့်၊ လှောင်ပြောင်ကဲ့ရဲ့ခံရလေမည်မဟုတ်၊ သို့မဟုတ် အသရေပျက်အောင် ပြောဆိုခံခဲ့ရမည်မဟုတ်သဖြင့် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ခေတ်အသီးသီး၌ ဘုရားသခင် အမှုပြုသည့်နေရာနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုသည့်နေရာသည် သူ ဘုန်းအသရေ ရရှိသည့်နေရာနှင့် သူ ရယူရန် ရည်ရွယ်သူများကို ရယူသည့်နေရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုနှင့်ဆိုင်သော အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌ လုပ်ဆောင်လေသည်- ပထမပိုင်းသည် ကားစင်တင်ခံရခြင်း အမှုဖြစ်ပြီး၊ ယင်းအတွက် သူသည် ဘုန်းထင်ရှားလေသည်။ အခြားတစ်ခုမှာ နောက်ဆုံးသောကာလ၌ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အမှုဖြစ်သည်၊ ယင်းအတွက် သူသည် ဘုန်းထင်ရှား၏။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားသခင်၏အမှု သို့မဟုတ် သင်တို့အဖို့ ဘုရားသခင်၏ စေခိုင်းချက်ကို ရိုးရှင်းသော ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်တို့အားလုံးသည် ဘုရားသခင်၏ အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြပြီး၊ ဤအရာကို ဘုရားသခင်က အထူး စီမံထားခဲ့ပေသည်။ သူ၏ ဘုန်းအသရေ အစိတ်အပိုင်းနှစ်ခုထဲမှ၊ တစ်ခုသည် သင်တို့၌ ထင်ရှား၏။ ဘုရားသခင်၏ဘုန်းအသရေ အစိတ်အပိုင်းတစ်ခု၏ တစ်ရပ်လုံးကို သင်တို့၏အမွေဥစ္စာ ဖြစ်နိုင်ဖို့အလို့ငှာ သင်တို့အပေါ် အပ်နှင်းထားပြီးဖြစ်သည်။ ဤသည်မှာ သင်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာက သူ ခွဲခန့်မှတ်သားထားခဲ့သည့် အစီအစဉ်လည်းဖြစ်သည်။ အဆင်းနီသောနဂါးကြီး နေထိုင်ရာပြည်၌ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အမှု၏ ကြီးမြတ်မှုကို ထောက်ဆလျှင်၊ ဤအမှုကို အခြားနေရာသို့ ရွှေ့ပြောင်းခဲ့မည်ဆိုပါက၊ ယင်းသည် အချိန်ကြာမြင့်စွာက ကြီးမားသည့် အကျိုးဖြစ်ထွန်းပြီးခဲ့မည် ဖြစ်သကဲ့သို့၊ လူသားက လိုလိုလားလား လက်ခံပြီးဖြစ်ပေမည်။ ထို့အပြင် ယေရှုလုပ်ဆောင်သည့် အမှု၏ အဆင့်သည် အစဉ်အလာတစ်ခုအဖြစ် အသုံးတော်ခံသည့်အတွက်၊ ဤအမှုသည် ဘုရားသခင်ကို ယုံကြည်သော အနောက်တိုင်း ဘုန်းတော်ကြီးများအတွက် လက်ခံရန် အလွန်လွယ်ကူလွန်းခဲ့ပေမည်။ သို့ဖြစ်၍ ဘုရားသခင်က ဘုန်းထင်ရှားခြင်းအမှု၏ ဤအဆင့်ကို အခြားနေရာ၌ စွမ်းဆောင်မရရှိနိုင်ခြင်း ဖြစ်သည်။ လူများ၏ ထောက်ပံ့ပေးခြင်းနှင့် တိုင်းနိုင်ငံများ၏ အသိအမှတ်ပြုခြင်းဖြင့် ယင်းသည် မတည်မြဲနိုင်ပေ။ ဤသည်မှာ ဤပြည်၌ အမှု၏ ဤအဆင့်က ကိုင်စွဲထားသည့် ထူးခြားသာလွန်သော အရေးပါမှု ဖြစ်သည်။ သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ- ယင်းအစား၊ သင်တို့သည် ဥပဒေ၏ အပြစ်ပေးခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ- သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို “စွန့်ပစ်” သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ခိုင်မြဲပြီး မလျှော့သော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ နာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သူသည် သင်တို့ကို ပေးအပ်သည့်အတွက်၊ အပြန်အလှန်အားဖြင့် သင်တို့ကို ဧကန်မုချ တောင်းဆိုလိမ့်မည်ဖြစ်ပြီး၊ သင်တို့နှင့်သက်ဆိုင်၍ သင့်တော်သည့် တောင်းဆိုချက်များ ဧကန်မုချ သူ ပြုလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ပြုသောအမှုတိုင်း၌ အကြောင်းရင်းရှိ၏၊ ယင်းမှာ ဘုရားသခင်သည် အသေးစိတ်နှင့် တိကျသော အမှုကို အဖန်အဖန် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် ပြည့်သင့်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ သင်တို့အနေဖြင့် ဘုရားသခင်၏အမွေဥစ္စာကို ရရှိထိုက်လာနိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏အမှုအားလုံးသည် သင်တို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ ဘုန်းအသရေအတွက်ထက် သင်တို့၏ ကယ်တင်ခြင်းအတွက် ဖြစ်ပြီး၊ ညစ်ညူးသောပြည်တွင် အလွန် အကြီးအကျယ် ဖိစီးနှိပ်စက်ခံရပြီးဖြစ်သည့် ဤလူစုကို စုံလင်စေခြင်းအတွက် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အလိုကို နားလည်သင့်ကြပေသည်။ သို့ဖြစ်၍ မည်သည့်ထိုးထွင်းသိမြင်မှု သို့မဟုတ် အသိစိတ်မျှမရှိသည့် မသိနားမလည်သော လူများစွာကို ငါ တိုက်တွန်း၏- ဘုရားသခင်ကို မစမ်းကြနှင့်၊ ပြီးလျှင် နောက်ထပ်မခုခံကြတော့နှင့်။ ဘုရားသခင်သည် မည်သည့်လူသားကမျှ လုံးဝ မခံရပ်ဖူးသည့် ဆင်းရဲဒုက္ခကို ကြုံရနှင့်ပြီးဖြစ်သကဲ့သို့၊ လူသားကိုယ်စား သာ၍ပင် ကြီးမားသော အရှက်ကွဲခြင်းကို အချိန်ကြာမြင့်စွာက ခံရပ်ခဲ့ရပြီး ဖြစ်သည်။ အခြား မည်သည့်အရာကို သင် လက်မလွှတ်နိုင်သနည်း။ ဘုရားသခင်၏အလိုထက် အဘယ်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာထက် အဘယ်အရာသည် သာ၍မြင့်မားနိုင်သနည်း။ ဤမသန့်ရှင်းသောပြည်၌ သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် ခက်ခဲလှပြီဖြစ်သည်။ အကယ်၍ ဤအရာအပြင် လူသားသည် သိလျက်နှင့် တမင်တကာ တစ်ဇွတ်ထိုး အပြစ်လွန်ကျူးပါက၊ ဘုရားသခင်၏အမှုသည် ရှည်ကြာသွားပေလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤအရာသည် မည်သူ့အတွက်မျှ အကျိုးမဖြစ်၊ မည်သူ့ကိုမျှ အကျိုးမပြုပေ။ ဘုရားသခင်သည် အချိန်၏ ဘောင်ခတ်ခြင်း မခံရပေ။ သူ၏အမှုနှင့် သူ၏ဘုန်းအသရေတို့သည် ပထမဦးစားပေးဖြစ်သည်။ ထို့ကြောင့် မည်မျှ ကြာသည်ဖြစ်စေ၊ သူသည် သူ၏အမှုအတွက် မည်သည့်အဖိုးအခကိုမဆို ပေးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထား ဖြစ်၏။ သူ၏အမှု မပြီးဆုံးမချင်း သူအနားယူလိမ့်မည်မဟုတ်။ သူ၏ဘုန်းအသရေ၏ ဒုတိယအပိုင်းကို သူရရှိသည့်အချိန်မှသာ သူ၏အမှု အဆုံးသတ်လိမ့်မည်။ အကယ်၍ စကြဝဠာတစ်ခွင်လုံး၌ ဘုရားသခင်သည် သူ၏ဘုန်းထင်ရှားခြင်း ဒုတိယအပိုင်းကို မပြီးစီးပါက၊ သူ၏နေ့ရက်သည် မည်သည့်အခါမျှ ရောက်လာလိမ့်မည်မဟုတ်၊ သူ၏လက်သည် သူရွေးချယ်ခဲ့သည့် လူမျိုးများကို မည်သည့်အခါ၌မျှ စွန့်ခွာသွားမည်မဟုတ်၊ သူ၏ဘုန်းအသရေသည် ဣသရေလအပေါ်သို့ မည်သည့်အခါမျှ ဆင်းသက်မည်မဟုတ်သကဲ့သို့၊ သူ၏အစီအစဉ်သည် မည်သည့်အခါမျှ အဆုံးသတ်မည် မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်၏အလိုကို တွေ့မြင်သင့်ကြပြီး၊ ဘုရားသခင်၏အမှုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းလောက် မရိုးရှင်းသည်ကို နားလည်သင့်ကြပေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယနေ့၏ အမှုသည် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သော သူများ၊ အဆုံးစွန် အတိုင်းအတာအထိ ထုံအနေသောသူများ၏ ပြောင်းလဲခြင်း ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းသည် ဖန်ဆင်းခြင်းခံခဲ့ရသော်လည်း စာတန်၏စီမံပြုပြင်ခြင်း ခံခဲ့ရသောသူများအား သန့်စင်စေရန်ဖြစ်သည်။ ယင်းသည် အလင်း ဖန်ဆင်းခြင်း သို့မဟုတ် အပင်နှင့် တိရစ္ဆာန်တိုင်းကို ဖန်ဆင်းခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ အာဒံ သို့မဟုတ် ဧဝကို ဖန်ဆင်းခြင်း မဟုတ်ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော အရာများကို ဘုရားသခင်သည် သန့်စင်စေပြီး ယင်းတို့ကို အသစ် ရယူသည်။ ယင်းတို့သည် သူနှင့် သက်ဆိုင်သော အရာများဖြစ်သွားကြပြီး သူ၏ဘုန်းအသရေ ဖြစ်သွားကြသည်။ ဤအရာသည် လူသားစိတ်ကူးသကဲ့သို့မဟုတ်၊ ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲရှိ အရာရာတိုင်းကို ဖန်ဆင်းခြင်း သို့မဟုတ် စာတန်ကို အနက်ဆုံးသော တွင်းထဲသို့ ကျိန်ဆဲခြင်း အမှုလောက် မရိုးရှင်းပေ။ ထို့ထက်၊ ယင်းသည် လူသားကို ပြောင်းလဲစေခြင်း အမှု၊ အပျက်သဘော‌ဆောင်ပြီး သူနှင့်မသက်ဆိုင်သော အရာများအား အပြုသဘောဆောင်ပြီး သူနှင့်သက်ဆိုင်သော အရာများအဖြစ်သို့ ပြောင်းလဲစေခြင်းအမှု ဖြစ်သည်။ ဤအရာသည် ဘုရားသခင်အမှု၏ ဤအဆင့် နောက်ကွယ်မှ သမ္မာတရား ဖြစ်ပေသည်။ ဤအရာကို သင်တို့ နားလည်ရမည်ဖြစ်ပြီး ကိစ္စရပ်များကို ပေါ့ပြက်ပြက်လုပ်ခြင်းကို ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏အမှုသည် သာမန် မည်သည့်အလုပ်နှင့်မျှ မတူပေ။ ယင်း၏ အံ့ဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာသည် လူသား၏ဉာဏ်ဖြင့် မမီနိုင်ပေ။ ဘုရားသခင်သည် အမှု၏ဤအဆင့်အတွင်းတွင် အရာခပ်သိမ်းကို မဖန်ဆင်းဘဲ၊ ယင်းတို့ကို ဖျက်ဆီးခြင်းလည်း မပြုပေ။ ယင်းအစား၊ သူဖန်ဆင်းခဲ့သော အရာများကို ပြောင်းလဲစေပြီး စာတန်၏ ညစ်ညူးစေခြင်း ခံခဲ့ရသည့် အရာအားလုံးကို သန့်စင်စေ၏။ ဤသို့ဖြင့် ဘုရားသခင်သည် ကြီးမားသော လုပ်ငန်းကို အစပြုလေသည်၊ ယင်းသည် ဘုရားသခင် အမှု၏အရေးပါမှု တစ်ရပ်လုံးဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲ၌ သင်မြင်တွေ့ရသော ဘုရားသခင်၏အမှုသည် အမှန်တကယ်ပင် အလွန်ရိုးရှင်းသလော။

အမှာစကား ချန်ခဲ့မည်