စာရင်း

ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား

ခေတ်ဟောင်း ကုန်လွန်သွား၍ ခေတ်သစ်ကို ရောက်ရှိလာခဲ့ပြီ။ တစ်နှစ်ပြီး တစ်နှစ်၊ တစ်နေ့ပြီး တစ်နေ့၊ ဘုရားသခင်သည် များပြားလှသည့် အမှုများကို ဆောင်ရွက်ခဲ့သည်။ သူသည် ကမ္ဘာကြီးထဲသို့ ကြွဆင်းလာခဲ့ပြီးသည့် နောက်မှာ ခွဲခွာသွားခဲ့သည်။ ယင်းသံသရာမှာ မျိုးဆက်များစွာအထိကို ဆက်ပြီး ဖြစ်ပျက်နေခဲ့သည်။ ယနေ့တွင် ဘုရားသခင်သည် သူ့အနေနှင့် ဆောင်ရွက်ရမည့် အမှု၊ ပြီးဆုံးအောင် လုပ်ဆောင်ရဦးမည့် အမှုကို ဆက်ပြီး ဆောင်ရွက်နေသည်၊ သူသည် ယနေ့အတွက် အနားယူဖို့ လိုပါသေး သည်။ ဖန်ဆင်းမှု ကာလမှနေပြီး ယနေ့အထိ၊ ဘုရားသခင်သည် များပြားလှသည့် အမှုများကို ဆောင်ရွက်ပြီး ခဲ့ပြီ၊ သို့သော် ဘုရားသခင်က ယနေ့တွင် ဆောင်ရွက်နေသည့် အမှုများသည် ယခင်ကထက် ပို၍ များပြားနေပြီး အတိုင်းအတာမှာ ပို၍ပင် ကြီးမားသည်ကို သင်သိပါသလား။ သို့ဖြစ်၍ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုကို ဆောင်ရွက်ခဲ့သည်ဟု ငါက ပြောနေခြင်းပင် ဖြစ်သည်။ ဘုရားသခင် အမှု၏ အချက်တိုင်းမှာ လူသားများနှင့် ပတ်သက် ဆက်နွယ်နေသည့်အတွက် သူ့အမှု အားလုံးတို့သည်၊ လူသား အတွက်ပင်ဖြစ်စေ၊ ဘုရားသခင်အတွက်ပင် ဖြစ်စေ၊ အလွန် အရေးကြီးကြပါသည်။

ဘုရားသခင်၏ အမှုကို ကမ္ဘာကြီးအနေနှင့် မြင်တွေ့နိုင်ရန် ဝေးစွ၊ မြင်၍လည်းမရ၊ ခံစား၍လည်း မရနိုင်သည့်အတွက်၊ ၎င်းသည် ကြီးမားသည့် အရာတစ်ခုခု မည်ကဲ့သို့ ဖြစ်နိုင်ပါသနည်း။ အမှုအရာများ၏ မည်သည့် ပုံစံများကို ကြီးမားသည်ဟူ၍ ယူဆရမည်နည်း။ ဘုရားသခင်၏ အမှုအားလုံးတို့သည် ကြီးမားကြသည်ဟု မှတ်ယူမှုကို မည်သူမျှ မငြင်းဆိုနိုင်သည်မှာ သေချာသော်လည်း၊ ဘုရားသခင်၏ ယနေ့အမှုမှာ ကြီးမားပါသည်ဟူ၍ ငါပြောနေသည်မှာ ဘာကြောင့်ပါနည်း။ ဘုရားသခင်သည် ကြီးမားသည့် အမှုကို ဆောင်ရွက် ပေးခဲ့သည်ဟူ၍ ငါပြောဆိုရာတွင်၊ လူသားများ အနေနှင့် နားလည်ဖို့ ကြိုးစားကြရဦးမည့် နက်နဲရာများ များစွာ ပါဝင်ကြမှာ မလွဲဧကန်ပင် ဖြစ်သည်။ ၎င်းတို့ အကြောင်းကို ယခု ပြောကြပါစို့။

ယေရှုအား သူ၏တည်ရှိမှုကို ခွင့်မလွှတ် သည်းမခံနိုင်ခဲ့ကြသည့် ကာလမျိုး၌ နွားစားခွက်ထဲ မွေးခဲ့ခြင်း ဖြစ်ခဲ့သော်လည်း၊ ကမ္ဘာကြီးက သူ့အား မတားဆီးနိုင်ခဲ့ချေ၊ သူသည် ဘုရားသခင်၏ စောင်မမှုကိုဖြင့် လူတွေအကြား၌ သုံးဆယ့်သုံးနှစ်ကြာ နေထိုင်ခဲ့ပါသည်။ မိမိအသက်၏ များပြားလှသည့် ယင်းနှစ်များ ထဲတွင်၊ သူသည် လောကကြီး၏ ခါးသီးမှုကို ခံစားခဲ့ရပြီး ကမ္ဘာပေါ်က အသက်ရှင်မှု၏ ဆင်းရဲလှမှုကိုပါ မြည်းစမ်းခဲ့ရပါသည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ပေးရန် အလို့ငှာ သူသည် ကားစင်တင်ပြီး အဆုံးစီရင် ခံခဲ့ရသည်အထိ လေးလံသည့် တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ သူသည် စာတန်၏ အုပ်စိုးမှုအောက်၌ နေထိုင်ခဲ့ကြရသည့် အပြစ်သားများ အားလုံးတို့ကို ရွေးနုတ်ကယ်တင် ပေးလိုက်ပြီး၊ နောက်ဆုံးမှာတော့ သူ၏ ထမြောက်လာသည့် ခန္ဓာကိုယ်သည် သူ၏ ကျိန်းဝပ်ရာအရပ်သို့ ပြန်သွားခဲ့ပါသည်။ ဘုရားသခင်၏ အမှုသစ်ကို ယခု စတင်လိုက်ရာ၊ ၎င်းသည် ခေတ်သစ်၏ အစလည်း ဖြစ်ပါသည်။ ဘုရားသခင်သည် ကယ်တင်ခြင်း အမှုသစ်ကို စတင်ရန် သူရွေးနုတ်ကယ်တင်ပေးလိုက်သည့် ထိုလူများကို မိမိအိမ်သို့ ခေါ်ဆောင် လာခဲ့ပါသည်။ ယခုတစ်ကြိမ်တွင် ကယ်တင်ခြင်းအမှုသည် အတိတ်ကာလများနှင့် စာလျှင် ပိုပြီး စေ့စပ်ပါသည်။ ၎င်းကို သန့်ရှင်းသော ဝိညာဉ်တော်က လူသားများ သူတို့ဘာသာသူတို့ ပြောင်းလဲလာကြရန် လူသားများထဲ၌ လုပ်ကိုင်မည် မဟုတ်သကဲ့သို့ ယေရှု ကိုယ်တိုင် လူသားများအကြား၌ ပေါ်ပေါက်လာလျက် လုပ်ဆောင်မှု မဟုတ်ဘဲ၊ အခြားသော ပုံစံမျိုးဖြင့် လုပ်ဖြစ်ဖို့ ပို၍ကို အလားအလာ နည်းလှပါသည်။ ယင်းအစား လူ့ဇာတိခံ ဘုရားသခင် ကိုယ်တိုင်က အမှုကို ဆောင်ရွက်ပြီး ထိန်းကျောင်းပေးသွားမည် ဖြစ်သည်။ လူသားကို အမှုသစ်ဆီ ခေါ်ဆောင်သွားရန်အတွက် ထိုသို့ လုပ်ဆောင်မည် ဖြစ်သည်။ ၎င်းမှာ ကြီးမားသည့်အရာ မဟုတ်ပေဘူးလား။ ဘုရားသခင်သည် ယင်းအမှုကို လူတစ်ချို့မှတစ်ဆင့် သို့မဟုတ် ပရောဖက်ပြုချက်များမှ တစ်ဆင့် လုပ်ဆောင်မည် မဟုတ်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်မှ လုပ်ဆောင်မည် ဖြစ်သည်။ အချို့တို့က ၎င်းသည် မကြီးမား၊ ၎င်းက လူသားကို စိတ်ဓာတ်တက်ကြွအောင် မလုပ်နိုင်ဟု ဆိုကောင်း ဆိုနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်၏ အမှုသည် ထိုသို့သက်သက် မဟုတ်ဘဲ၊ ပိုကြီးမားပြီး ပိုများပြားသည်ဟု ငါသင့်ကို ပြောချင်ပါသည်။

ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ရေးရာ ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ သာမန် ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ထဲမှာ ဖြစ်ရုံသာမက ဘုရားသခင် ပြန်ကြွလာသည့် ခန္ဓာကိုယ်ထဲ၌လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ သိပ်ကို သာမည ဇာတိခန္ဓာပါ။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာ တစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားခဲ့ဘူးသည့် သမ္မာတရားများကို သင်ကြားရနိုင်ပါသည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များ အားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုကို ထမ်းဆောင်လျက် လူသားများ သိရှိလာရန် ရှိနေသေးသည့် လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြမှုလည်း ဖြစ်ပါသည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မြင်ရဖို့ စိတ်ပြင်းပြ မနေခဲ့ပေဘူးလား။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြ မနေခဲ့ပေဘူးလား။ သင်သည် လူသားမျိုးနွယ် သွားရမည့် ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ စိတ်ပြင်းပြ မနေခဲ့ပေဘူးလား။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်း မရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အား ပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အား ပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့် နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝ ဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကို လမ်းပြမည့်သူ ဖြစ်ပါသည်။ ယင်းကဲ့သို့သော သာမည ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် နက်နဲမှုများ ကိုစွဲကိုင်ထားပါသည်။ သူ၏ အမှုများကို သင့်အနေနှင့် သိနားလည်ဖို့ ခက်ခဲနိုင်သော်လည်း သူလုပ်ဆောင်သည့် အမှုအားလုံး၏ ပန်းတိုင်မှာ သူသည် လူသားများ ယုံကြည်ကြသလို သာမည လူ့ဇာတိ မဟုတ်သည်ကို မြင်ရဖို့အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ အလိုကို လည်းကောင်း၊ ဘုရားသခင်က နောက်ဆုံးသော ကာလ၌ လူသားမျိုးနွယ်တို့ထံ ပြသနေသည့် စောင်မမှုကို လည်းကောင်း ကိုယ်စားပြုနေ၍ ဖြစ်သည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပစ်နေကြသည်ဟု ထင်ရသည့် သူပြောဆိုသည့် နှုတ်ကပတ်တော်များကို မကြားနိုင်ရဘဲ သို့မဟုတ် မီးလျှံကဲ့သို့ တောက်ပနေသည့် သူ၏ မျက်လုံးများကို မမြင်နိုင်ရဘဲ သူ၏ သံတုတ်ချောင်းဖြင့် ဆုံးမပဲ့ပြင်မှုကို သင်သည် မခံစားရနိုင်သော်လည်း၊ သင်သည် သူ၏ နှုတ်ကပတ်တော် များထဲတွင် ဘုရားသခင်၏ အမျက်ဒေါသထွက်မှုကို ကြားနိုင်ရပြီး ဘုရားသခင်သည် လူသားတို့အပေါ် ကရုဏာ ထားရှိကြောင်းကို သင်သိနိုင်ပါသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဉာဏ်အမြော်အမြင်ကို မြင်တွေ့နိုင်သည့်အပြင်၊ သင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ စေတနာနှင့် စောင်မမှုကို နားလည်သဘောပေါက်နိုင်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုက ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မြေကြီးပေါ်ရှိ လူသားများအကြားမှာ နေထိုင်နေခြင်းကို လူသားတို့အား မြင်တွေ့စေလျက် လူသားကို ဘုရားသခင်အား သိရှိလာစေရန်၊ နာခံရန်၊ ရိုသေလေးမြတ်ရန်နှင့် မေတ္တာထားရှိရန် ဖြစ်သည်။ သို့ဖြစ်၍ သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ ယနေ့တွင် လူသားက မြင်နေရသည့် ဘုရားသခင်သည် လူသားကဲ့သို့ပင်၊ နှာခေါင်းတစ်ပေါက်နှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ သာမန် ဘုရားသခင် ဖြစ်သည်မှန်သော်လည်း၊ နောက်ဆုံးမှာတော့ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်နှင့် မြေကြီးတို့သည် အကြီးအကျယ် ပြောင်းလဲသွားကြပါမည်၊ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်သည် မှောင်မည်းလာမည်၊ မြေကြီးသည် ကမောက်ကမ ဖြစ်လာလျက် လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်လျက် ကပ်ဘေး ဆိုက်လာမည်ကို ဘုရားသခင်က ပြသပေးမည် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ရှေးကတည်းက ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီး ဖြစ်မည်ကို သူပြသပေးမည်ဖြစ်သည်၊ ဤဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် အပြစ်သားများနှင့် အလောင်းကောင်များ၏ အကြီးအကဲအဖြစ် ထာဝရ ရှိနေကြမည်ဖြစ်သည်။ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ကပ်ဘေးကြီးကို မလွှဲမရှောင် ရင်ဆိုင်လာရမည်ဖြစ်ပြီး နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ ပိုပြီးပြင်းထန်သည့် ဒဏ်ခတ်မှုမှ လွတ်မြောက်ရန် ခဲယဉ်းမည်ကို သင်တို့ သိသင့်ပါသည်။ ယင်းသာမည ဇာတိခန္ဓာသာ မမွေးခဲ့ပါက၊ သင်တို့ အားလုံးသည် သင်တို့ မည်သို့ပင် ရှာကြံကြစေကာမူ အသက်ရှင်၍လည်း မရနိုင်၊ သေ၍လည်း မရနိုင်သည့် အခြေအနေကို ရင်ဆိုင် ကြရပါမည်၊ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် ယနေ့တွင် သမ္မာတရားအား ရယူနိုင်မည် မဟုတ်ဘဲ ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်ကို ရောက်မလာနိုင်ကြပါ။ ယင်းအစား သင်တို့သည် သင်တို့၏ ကြီးလေးလှသည့် ပြစ်မှုများကြောင့် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကိုခံကြရပါမည်။ သင်တို့ သိပါ၏လော။ ဘုရားသခင်က လူ့ဇာတိသို့ ပြန်မလာခဲ့လျှင်၊ မည်သူမှာမှ ကယ်တင်ခံရမည့် အခွင့်အလမ်း ရှိခဲ့မည် မဟုတ်ပေ၊ ထို့ပြင် ယင်းကဲ့သို့ လူ့ဇာတိ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ပစ်ခဲ့မှာ ကြာလှပါပြီ။ သို့ဖြစ်လျှင်၊ သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှုကို ငြင်းပယ်နိုင်တုန်း ပင်လော။ သင်တို့သည် ယင်းသာမည လူသားထံမှ ကြီးမားစွာ အကျိုးခံစားရနိုင်မည် ဖြစ်လေရာ၊ သင်တို့သည် သူ့ကို အဘယ်ကြောင့် အလွယ်တကူ လက်မခံလိုကြသနည်း။

ဘုရားသခင်၏ အမှုဆိုသည်ကို သင်သိနားလည်၍ မရနိုင်ပါ။ သင်သည် ကိုယ့်ဆုံးဖြတ်ချက် မှန်၊ မမှန်ကို နားလည်ရခက်နေသည် သို့မဟုတ် ဘုရားသခင်၏ အမှု အောင်မြင်မည်လား ဆိုသည်ကို မသိဘူး ဆိုလျှင်၊ ကိုယ့်ကံကို စမ်းကြည့်နိုင်ရန် ထိုသာမည လူသားသည် သင့်ကို ကြီးမားစွာ ကူညီ ပေးနိုင်မည်လား၊ ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အမှုမှာ ကြီးမားသလားဆိုသည်ကို မြင်စမ်းကြည့်ပါ။ မည်သို့ပင်ဖြစ်စေ နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက် ဘုရားသခင် အနေနှင့် မည်သို့မျှ မကြည့်ရက်နိုင်သည့် ပုံစံမျိုးဖြင့် အိမ်ထောင်ဖွဲ့ နေထိုင်လာခဲ့ကြ၍ သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ရန် ရေလွှမ်းမိုးမှုကြီးကို သူတို့ထံ စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချန်ထားခဲ့ပါသည်။ သို့သော်လည်း နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်မှ ထိန်းသိမ်းထားခဲ့သူ အားလုံးတို့သည် သူ့အား နောက်ဆုံးအထိကို သစ္စာရှိနေခဲ့သည့် သူများပင်ဖြစ်သည်။ ခေတ်နှစ်ခေတ် စလုံးထဲမှာ ဘုရားသခင် အနေနှင့် မကြည့်ရက်နိုင်အောင်ကို အကြီးအကျယ် ယိုယွင်း ပျက်စီးနေခဲ့ကြပြီး နှစ်ခေတ်စလုံးထဲတွင် လူသားမျိုးနွယ်သည် ဘုရားသခင်ကို အရှင်သခင်အဖြစ် လက်မခံသည်အထိပင် ယိုယွင်းပျက်စီး နေခဲ့သည် ဖြစ်လေရာ၊ နောဧခေတ်တုန်းက လူသားအားလုံးကို ဘုရားသခင်မှ ဖျက်ဆီးပစ်ခဲ့ပါသည်။ ခေတ်နှစ်ခေတ်စလုံးထဲတွင် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကြီးမားစွာ ဝမ်းနည်းကြေကွဲ စေခဲ့သည် ပင်လျှင် ဘုရားသခင်သည် ယခု နောက်ဆုံးသော ကာလအထိပင် လူသားများကို သည်းခံခဲ့ပါသည်။ အဘယ့်ကြောင့်များနည်း။ သင်တို့သည် ထိုအကြောင်းကို မည်သည့်အခါမျှ မစဉ်းစားခဲ့ဘူးလော။ သင်တို့ အမှန် မသိကြဘူးဆိုလျှင်၊ ငါသင်တို့ကို ပြောမည်။ ဘုရားသခင်က လူသားများကို နောက်ဆုံးသော ကာလတွင် သိမ်မွေ့စွာ ပြုမူနေခြင်းက လူသားများသည် နောဧခေတ်ကထက် နည်းပြီး ယိုယွင်းပျက်စီး နေကြ၍ ဒါမှမဟုတ် သူတို့သည် နောင်တရခဲ့ကြခြင်းကို ဘုရားသခင်အား ပြသနေကြ၍ မဟုတ်ပါ၊ နောက်ဆုံးသော ကာလအတွင်းမှာ စက်မှုနည်းပညာများ တိုးတက်လာခဲ့၍ ဘုရားသခင်က လူသားများကို မဖျက်ဆီးလိုခြင်းမျိုးလည်း ပို၍ပင် မဟုတ်ပါ။ ယင်းအစား ထိုသို့ဖြစ်ရခြင်းက ဘုရားသခင်သည် နောက်ဆုံးသော ကာလမှာ လူအုပ်စုထဲတွင် အမှုကို ဆောင်ရွက်ရန် ရှိနေသောကြောင့်ဖြစ်ပြီး ၎င်းကို လူ့ဇာတိခံ ဘုရားသခင် ကိုယ်တိုင်သာလျှင် လုပ်ဆောင်သွားမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ထိုအုပ်စုထဲက တစ်ပိုင်းကို သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အသီးအပွင့်အဖြစ် သူမှ ကယ်တင်ပေးရန် ရွေးချယ်ခဲ့သူတို့ကို သူနှင့်အတူ နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ သို့ဖြစ်၍ မည်သို့ပင် ဖြစ်စေ ဘုရားသခင်မှ ပေးဆပ်ခဲ့သည့် ထိုတန်ဖိုး တစ်ခုလုံးသည် နောက်ဆုံးသော ကာလအတွင်း၌ သူ၏ လူ့ဇာတိခံယူရေး အမှုအတွက် ပြင်ဆင်မှုပင် ဖြစ်ပါသည်။ သင်တို့ထံတွင် ယနေ့ ရှိသမျှ အားလုံးသည် ယင်းလူ့ဇာတိခံ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ သင်တို့ထံတွင် အသက်ရှင် နေထိုင်ခွင့် ရှိနေခြင်းသည် ဘုရားသခင်က လူ့ဇာတိခံအဖြစ် နေထိုင်နေ၍ပင် ဖြစ်သည်။ ယင်းကဲ့သို့ ကံကောင်းမှု အားလုံးကို ရရှိခဲ့မှုက ထိုသာမည လူသားကြောင့် ဖြစ်သည်။ ထိုမျှမကသေး နောက်ဆုံးမှာတော့ လူမျိုးတိုင်းသည် ထိုသာမည လူသားအား ဝတ်ပြုမည် ဖြစ်သကဲ့သို့ ထိုမထင်မရှား လူသားကို ကျေးဇူးတင်ရုံသာမက နာခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ် တစ်ရပ်လုံးအား ကယ်တင်ပေးမည့် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ယူဆောင် ပေးခဲ့ပြီး ဘုရားသခင်နှင့် လူသားအကြားက ပဋိပက္ခကို ပြေလည်စေလျက် ဘုရားသခင်နှင့် လူသားကို ပိုမိုရင်းနှီးစေပြီး ဘုရားသခင်နှင့် လူသားအကြားတွင် အတွေးအခေါ်များကို ဆက်သွယ်ဖလှယ်ရန် လုပ်ဆောင် ပေးခဲ့သည်မှာ ထိုသူပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုး သာ၍ ကြီးထွားလာအောင် လုပ်ဆောင်ပေးခဲ့ သည်မှာလည်း ထိုသူပင် ဖြစ်သည်။ ထိုသာမည လူသားသည် သင့်အနေနှင့် ယုံကြည်ပြီး ကြည်ညိုထိုက်သူ မဟုတ်ပါလား။ ယင်းကဲ့သို့သော သာမည ဇာတိခန္ဓာကို ခရစ်တော်ဟူ၍ မခေါ်ဆို ထိုက်ပေဘူးလား။ ထိုသာမည လူသားသည် လူများအကြားမှာ ဘုရားသခင်၏ ပြယုဂ် မဖြစ်နိုင်ဘူးလား။ လူသားမျိုးနွယ်အား ကပ်ဘေးမှ ကယ်တင်ပေးရန် ကူပေးသည့် ထိုသာမည လူသားကို ချစ်မြတ်နိုးလျက် စွဲကိုင်ထားရန် မထိုက်တန်ဘူးလား။ သင်တို့က သူ၏ နှုတ်မှ မိန့်ကြားခဲ့သည့် သမ္မာတရားများကို ငြင်းပယ်လျက် သင်တို့အကြားမှာ သူ၏နေထိုင်မှုကို စက်ဆုပ်ကြမည်ဆိုလျှင် သင်တို့၏ ကံကြမ္မာမှာ မည်သို့များ ဖြစ်လာမည်နည်း။

နောက်ဆုံးသော ကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ထိုသာမည လူသားမှ တစ်ဆင့် လုပ်ဆောင်သွားမည် ဖြစ်သည်။ သူသည် အရာခပ်သိမ်းကို သင့်အား အပ်နှင်းပေးလျက်၊ ရှေ့ဆက်ပြီး သင့်အကြောင်း အရာရာတိုင်းကို သူက ဆုံးဖြတ်နိုင်ပါမည်။ ယင်းကဲ့သို့သော လူသားသည် မည်သို့မှ မပြောရလောက်အောင်ကို သိပ်ကို ရိုးစင်းသည့် လူသား ဖြစ်နိုင်သည်ကို သင်တို့ ယုံကြည်ပါသလား။ သူ၏ သမ္မာတရားမှာ သင့်အား အကြွင်းမဲ့ ကျေနပ်လာစေဖို့အတွက် မလုံလောက်ဘူးလား။ သူ၏ လုပ်ဆောင်ချက် များကို ထောက်ကြည့်လျှင် သင့်တို့အား အကြွင်းမဲ့ ကျေနပ်လာစေဖို့ မလုံလောက်ဘူးလား။ သို့မဟုတ် သူက သင်တို့ကို ခေါ်ဆောင်သွားနေသည့် ခရီးကို သင်တို့အနေနှင့် မလိုက်နာထိုက်ဘူးလား။ သင်တို့အနေနှင့် သူ့ကို မနှစ်သက်လိုဘဲ သူ့ကို ချန်ထားချင်ပြီး ရှောင်ရှားချင်သည်မှာ အဘယ်အရာကြောင့်နည်း။ သမ္မာတရားကို ပြသပေးနေသည်မှာ သူပင်၊ သမ္မာတရားကို ဖြည့်တင်းပေးနေသည်မှာ သူပင်၊ ထို့အပြင် သင်တို့အတွက် သွား၍ရမည့် လမ်းခရီးကို ရှိအောင် လုပ်ဆောင်ပေးနေသည်မှာ သူပင်ဖြစ်သည်။ ယင်းသမ္မာတရားများ အကြားမှာ သင်တို့ ဘုရားသခင်အမှု၏ ခြေရာများကို ရှာမတွေ့နိုင်ခြင်းမှာ ဖြစ်နိုင်ပါသလား။ ယေရှု၏ အမှုသာ မရှိခဲ့လျှင် လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာနိုင်ခဲ့မည် မဟုတ်ချေ၊ ယနေ့၏ လူ့ဇာတိခံယူမှု မရှိဘူးဆိုပါကလည်း လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာခဲ့ကြသူတို့ကို ဘုရားသခင်က မည်သည့်အခါမှာမှ ချီးကျူးမည် မဟုတ်သကဲ့သို့ ခေတ်သစ်ထဲကိုလည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထိုသာမည လူသားကသာ ကြွဆင်းမလာခဲ့ဘူး ဆိုလျှင် သင်တို့ထံတွင် ဘုရားသခင်၏ အသွင်အပြင် အစစ်အမှန်ကို ရှုမြင်ရန် အခွင့်အလမ်း သို့မဟုတ် အရည်အချင်း မည်သည့်အခါမှာမှ ရှိလာခဲ့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့ အားလုံးတို့သည် ဖျက်ဆီးပစ်ခံခဲ့ကြရမှာ ကြာလှပြီ ဖြစ်ခဲ့၍ဖြစ်သည်။ ဘုရားသခင်က ဒုတိယ အကြိမ် လူ့ဇာတိခံယူသူ ကြွဆင်းလာခဲ့ခြင်းကြောင့် ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ပေးလျက် ကရုဏာကို ပြသပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ငါသည် သင်တို့အတွက် ချန်ထားပေးခဲ့ချင်သည့် စကားလုံးများမှာ- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် ထိုသာမည လူသားသည် သင်တို့အတွက် သိပ်ကို အရေးပါသူပင် ဖြစ်သည်။ ထိုအချက်ကမှ လူသားများအကြား၌ ဘုရားသခင် လုပ်ဆောင်ပေးခဲ့ပြီ ဖြစ်သည့် ကြီးမားသည့် အရာဖြစ်ပါသည်။

အမှာစကား ချန်ခဲ့မည်