စာရင်း

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်- အသံ

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်— အသံ

တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသား တည်ရှိခြင်းနှင့်ဆိုင်သော ပုံမှန်ပတ်ဝန်းကျင်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရာတစ်ခု၊ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့ချိန်တွင် ယင်းအတွက် စီစဉ်မှုများ ပြုလုပ်ခဲ့ရသည့် အရာတစ်ခု ဖြစ်၏။ ထိုအရာသည် ဘုရားသခင်နှင့် လူသားအယောက်စီတိုင်းအဖို့ အလွန်အရေးကြီးသည့် အရာတစ်ခု ဖြစ်၏။ ဘုရားသခင်က ဤအရာကို ဂရုစိုက်ခြင်း မရှိခဲ့ပါက၊ ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးကို ကြီးမားစွာ နှောင့်ယှက်ခဲ့ပေလိမ့်မည်၊ ဆိုလိုသည်မှာ ယင်းသည် လူသား၏ ဘဝနှင့် သူ၏ သွေးသားခန္ဓာအပေါ် အင်မတန် သိသာသည့် သက်ရောက်မှုတစ်ခု ရှိခဲ့မည်မှာ လူသားမျိုးနွယ်အနေဖြင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် ရှင်သန်နိုင်ခဲ့မည် မဟုတ်ချေ။ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် မည်သည့်သက်ရှိအရာမျှ ရှင်သန်နိုင်ခဲ့မည် မဟုတ်ဟု ပြောနိုင်၏။ ထို့ကြောင့်၊ ငါပြောသည့် ဤအရာသည် အဘယ်အရာဖြစ်သနည်း။ အသံနှင့်ပတ်သက်၍ ငါ ပြောနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်အတွင်းတွင် အသက်ရှင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် စဉ်ဆက်မပြတ်သော လှုပ်ရှားမှုဖြင့် အသက်ရှင်နေကြကာ ပြောင်းလဲနေကြ၏။ ဤအရာဖြင့် ငါဆိုလိုသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီသည် ယင်း၏ ဖြစ်တည်မှု၌ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိ၏။ ဆိုလိုသည်မှာ၊ အမှုအရာတစ်ခုစီတိုင်း၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ပဓာနကျသော အရာတစ်ခု ရှိလေသည်။ ဘုရားသခင်၏အမြင်တွင်၊ အရာတစ်ခုစီတိုင်းသည် အသက်ရှင်၏၊ ပြီးလျှင် အရာခပ်သိမ်း အသက်ရှင်သည့်အတွက်၊ ၎င်းတို့ အသီးသီးသည် အသံထွက်ကြ၏။ ဥပမာအားဖြင့်၊ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည် စဉ်ဆက်မပြတ် လည်နေပြီး လသည်လည်း စဉ်ဆက်မပြတ် လည်နေ၏။ အရာခပ်သိမ်းတို့သည် မျိုးပွားပြီး၊ ကြီးထွားဖွံ့ဖြိုးကာ လှုပ်ရှားကြသည်နှင့်အမျှ အသံကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေကြ၏။ ကမ္ဘာမြေကြီးပေါ် တည်ရှိသည့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးကာ လှုပ်ရှားလျက် ရှိကြသည်။ ဥပမာအားဖြင့်၊ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားနေကြပြီး၊ ပင်လယ်များ၏ နက်ရှိုင်းသောနေရာများထဲက ခပ်သိမ်းသော သက်ရှိသတ္တဝါများသည် ကူးခပ်ကာ လှုပ်ရှားလျက်နေကြ၏။ ဆိုလိုသည်မှာ ဘုရားသခင်၏အမြင်တွင် ဤသက်ရှိသတ္တဝါများ၊ အရာအားလုံးတို့သည်၊ အခြေခိုင်သည့် ပုံစံများနှင့်အညီ စဉ်ဆက်မပြတ် ပုံမန်လှုပ်ရှားမှုဖြင့် အားလုံးရှိနေကြ၏။ ထို့ကြောင့်၊ အမှောင်တွင် မျိုးပွားပြီး ကြီးထွားဖွံ့ဖြိုးကာ လျှို့ဝှက်စွာ လှုပ်ရှားသည့် ဤအရာများအားလုံးက အဘယ်အရာကို ဖြစ်ပေါ်စေသနည်း။ ကြီးမားပြီး အားကောင်းသော အသံများ ဖြစ်သည်။ ကမ္ဘာဂြိုဟ် အလွန်တွင်ရှိသော၊ ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားလျက်ရှိကာ၊ ဤဂြိုဟ်များပေါ်၌ရှိကြသည့် သက်ရှိများနှင့် ဇီဝရုပ်အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွား ဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ ဆိုလိုသည်မှာ သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့လျားနေကြကာ ရွေ့လျားသည်နှင့်အမျှ၊ ၎င်းတို့ အသီးသီးက အသံများကိုလည်း ထုတ်လွှတ်နေကြ၏။ ဘုရားသခင်သည် ဤအသံများအတွက် အစီအစဉ်များလည်း လုပ်ဆောင်ပြီးဖြစ်ကာ ဤအရာအတွက် သူ၏ အကြောင်းရင်းကို သင်တို့သိနှင့်ပြီးဖြစ်သည်ဟု ငါ ယုံကြည်၏၊ ဟုတ်သည် မဟုတ်လော။ လေယာဉ်ပျံတစ်စင်းအနီးသို့ သင်ကပ်သွားသောအခါ ယင်းအင်ဂျင်၏ မြည်ဟိန်းနေသော အသံက သင့်အပေါ် မည်သည့်သက်ရောက်မှု ရှိသနည်း။ ယင်းအနီးတွင် အချိန်ကြာမြင့်စွာ သင်နေပါက၊ သင်၏နားများ ထိုင်းသွားလိမ့်မည်။ သင်၏ နှလုံးသားကရော- ယင်းက ထိုတုန်လှုပ်ဖွယ်အတွေ့အကြုံကို တောင့်ခံနိုင်မည်လော။ နှလုံးအားနည်းသူအချို့သည် ခံနိုင်မည် မဟုတ်ပေ။ ဟုတ်ပေ၏၊ နှလုံးသန်မာသူများပင်လျှင် အလွန် ကြာမြင့်စွာ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ နားများဖြစ်စေ နှလုံးဖြစ်စေ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူသားတိုင်းအတွက် အလွန့်အလွန်သိသာလှပြီး ကျယ်လွန်းသော အသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်းပြီး၊ ၎င်းတို့ ပုံမှန်စတင် လည်ပတ်ခဲ့ပြီးနောက်တွင် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် စီစဉ်မှုများ ပြုလုပ်ခဲ့သည်။ ဤအရာသည်လည်း လူသားမျိုးနွယ် အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းချိန်က ဘုရားသခင် စဉ်းစားခဲ့သည့် ကိစ္စရပ်များထဲမှ တစ်ခုဖြစ်သည်။

ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်အထက် လေထု၏အမြင့်သည် အသံများအပေါ် သက်ရောက်မှုတစ်ခုရှိ၏။ ထို့အပြင် မြေဆီလွှာထဲရှိ အပင်များ၏ အရွယ်အစားသည်လည်း အသံကို ခြယ်လှယ်၍ သက်ရောက်မှုရှိလိမ့်မည်။ ထို့နောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးရှိပြီး ယင်းတို့၏ ပေါင်းဆုံမှုကလည်း အသံအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ဆိုလိုသည်မှာ၊ လူသားတို့အနေဖြင့် ၎င်းတို့၏နားများနှင့် နှလုံးများ ခံနိုင်ရည်ရှိသည့် ပတ်ဝန်းကျင် တစ်ရပ်တွင် ရှင်သန်နိုင်ရေးအတွက် ဘုရားသခင်သည် အသံအချို့ကို ဖယ်ရှားရန် နည်းလမ်းအချို့ကို အသုံးပြု၏။ သို့မဟုတ်ပါက အသံများသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအဖို့ ၎င်းတို့၏ဘဝများ၌ ကြီးမားသည့် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာရင်းနှင့် ၎င်းတို့အတွက် ဆိုးရွားသော ပြဿနာတစ်ရပ် ဖြစ်ပေါ်စေရင်း၊ ဧရာမ အတားအဆီးတစ်ခု ဖြစ်စေလိမ့်မည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် မြေ၊ လေထုနှင့် ပထဝီဝင် ပတ်ဝန်းကျင် အမျိုးမျိုးကို ဖန်ဆင်းရာ၌ အလွန် စစ်စစ်ပေါက်ပေါက် ဂရုပြုခဲ့ပြီး၊ ဤအရာ အသီးသီးအတွင်းတွင် ပါရှိသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည်။ ဤအရာနှင့်ဆိုင်သော လူသားမျိုးနွယ်၏ နားလည်သဘောပေါက်မှုသည် အသေးစိတ်ကျလွန်းရန် မလိုပေ- ယင်းတို့အထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက် ပါဝင်နေသည်ကို သိရန်မှာ လူတို့အတွက် လုံလောက်ပေသည်။ ယခု သင်တို့ ငါ့ကို ပြောလော့- လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ပုံမှန်ဘဝတို့ကို ထိန်းသိမ်းရန် အသံကို အတိအကျ စံကိုက်ချိန်ညှိခြင်းဖြစ်သည့်- ဘုရားသခင် လုပ်ဆောင်ခဲ့သော ဤအမှုသည် လိုအပ်ခဲ့ပါသလော။ (လိုအပ်ခဲ့ပါသည်။) ဤအမှုသည် လိုအပ်ခဲ့သည့်အတွက်၊ ဤရှုထောင့်မှ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် ထောက်ပံ့ရန် နည်းလမ်းတစ်ခုအဖြစ် ဤအမှုကို အသုံးပြုခဲ့သည်ဟု ပြော၍ရနိုင်သလော။ လူ၏ ကိုယ်ခန္ဓာသည် ထိုပတ်ဝန်းကျင်အတွင်းတွင် အနှောင့်အယှက်များ တစ်ခုတစ်လေ မခံစားရဘဲ၊ အတော်အတန် ပုံမှန်အတိုင်း အသက်ရှင်နိုင်ဖို့အလို့ငှာနှင့် လူသားမျိုးနွယ်အနေဖြင့် ပုံမှန်အတိုင်း တည်ရှိကာ အသက်ရှင်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ခြင်းအတွက် ထိုသို့သော ငြိမ်သက်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းခဲ့၏။ သို့ဆိုလျှင် ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့သည့် နည်းလမ်းများထဲမှ တစ်ခု မဟုတ်လော။ ဤသည်မှာ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အလွန်အရေးကြီးသည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အလွန်လိုအပ်ခဲ့၏။ ထို့ကြောင့် ဤအရာကို သင်တို့ မည်သို့ အသိအမှတ်ပြုကြသနည်း။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင်တို့မခံစားနိုင်သကဲ့သို့ ထိုအချိန်က ဤလုပ်ဆောင်ချက်ကို ဘုရားသခင်မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို သင်တို့မသိကြသော်လည်း ဤအရာကို ဘုရားသခင်ပြုလုပ်ရခြင်း၏ လိုအပ်ချက်ကို သင်တို့ခံစား၍ ရသေးသလော။ ထိုအရာထဲသို့ သူ ထားရှိခဲ့သည့် ဘုရားသခင်၏ဉာဏ်ပညာ၊ သို့မဟုတ် ဂရုပြုမှုနှင့် စဉ်းစားတွေးခေါ်မှုတို့ကို သင်တို့ခံစား၍ရသလော။ (ခံစား၍ ရပါသည်။) ဤအရာကို ခံစား၍ရပါက၊ ယင်းသည် လုံလောက်ပေ၏။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အမှုအရာများ ကြားတွင် လူတို့ မခံစားနိုင်သကဲ့သို့၊ မမြင်နိုင်သည့် ဘုရားသခင် ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များစွာ ရှိလေသည်။ သင်တို့အနေဖြင့် ဘုရားသခင်ကို သိကျွမ်းလာနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အကြောင်းကို သင်တို့အား အသိပေးဖို့ ဤအရာကို ငါ တင်ပြရခြင်းသာ ဖြစ်သည်။ ဤအရာများသည် သင်တို့အား ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သိရှိပြီး နားလည်စေနိုင်သည့် သဲလွန်စများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

အမှာစကား ချန်ခဲ့မည်