စာရင်း

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိသကဲ့သို့၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ

ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ဤသည်မှာ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်၊ ယင်းတွင် သူက အာဗြဟံကို၊ “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ဖြစ်သည်။” ဟု ဆိုခဲ့သည်။ ယေဟောဝါ ဘုရားသခင်က အာဗြဟံကို သူ၏ သားသမီးများက ပွားများဖို့ရန် အကြိမ်ပေါင်းများစွာ ကောင်းကြီးပေးခဲ့သည်။ သို့သော် မည်သည့် အတိုင်းအတာအထိ ၎င်းတို့ ပွားများမည်နည်း။ ကျမ်းစာတွင် ပြောထားသည့် အတိုင်းအတာအထိဖြစ်သည် “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့် အမျှလည်းကောင်း၊” ယင်းမှာ ဘုရားသခင်သည် အာဗြဟံကို မိုးကောင်းကင်က ကြယ်များကဲ့သို့များပြားပြီး ပင်လယ်ကမ်းခြေက သဲများကဲ့သို့ ပေါများသည့် သားသမီးများ နှင်းအပ်ပေးသနားရန် ဆန္ဒရှိခဲ့သည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် နိမိတ်ပုံကို အသုံးပြုလျက် စကားပြောခဲ့ပြီး၊ ဤနိမိတ်ပုံမှ ဘုရားသခင်သည် အာဗြဟံကို မျိုးဆက် တစ်ယောက်၊ နှစ်ယောက်မျှ သို့မဟုတ် ထောင်ပေါင်းများစွာကိုမျှပင် ပေးသနားမည်မဟုတ်ဘဲ၊ ဘုရားသခင်က အာဗြဟံသည် လူမျိုးစုများစွာ၏ ဖခင်ဖြစ်မည်ဟု သူ့ကို ကတိပေးခဲ့သည့်အတွက်၊ လူမျိုးစု အမြောက်အမြား ဖြစ်လာလောက်အောင် မရေမတွက်နိုင်သည့် အရေအတွက်ကို ချပေးသနားမည်ကို မြင်ရန် မခက်ခဲပေ။ ယခု ထိုအရေအတွက်ကို လူက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလော၊ ဘုရားသခင်က ဆုံးဖြတ်ခဲ့ခြင်းလော။ လူသားက သူ့တွင် မျိုးဆက်မည်မျှ ရှိမည်ဆိုသည်ကို ထိန်းချုပ်၍ရသလော။ ယင်းသည် သူ့သဘောအတိုင်း ဖြစ်သလော။ “မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း” ဆိုသလောက် များရန်မဆိုထားနှင့် အချို့ရှိသည် မရှိသည်ဆိုသည်ပင်လျှင် လူသား သဘောအတိုင်း မဟုတ်ပေ။ အဘယ်သူသည် ၎င်းတို့၏ သားသမီးများ ကြယ်များကဲ့သို့ များပြားရန်အတွက် ဆန္ဒမရှိဘဲနေမည်နည်း။ အကြောင်းအပေါင်း မသင့်၍၊ အမှုအရာများသည် သင်ဖြစ်ချင်သကဲ့သို့ အမြဲတမ်း မဖြစ်ပေ။ လူသားက မည်မျှကျွမ်းကျင်သည်ဖြစ်စေ တတ်စွမ်းသည် ဖြစ်စေ၊ သူ၏ သဘောအတိုင်း မဟုတ်ပေ။ ဘုရားသခင် စီမံထားသည့်အရာ၏ ပြင်ပတွင် မည်သူမျှ မရပ်တည်နိုင်ပေ။ သူက သင့်ကို မည်မျှခွင့်ပြုသည်ဖြစ်စေ ယင်းမှာ သင်ရရှိသင့်သလောက် ဖြစ်သည်။ ဘုရားသခင်က သင့်ကို အနည်းငယ်ပေးလျှင်၊ သင်သည် မည်သည့်အခါမျှ များစွာရမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို များစွာပေးလျှင် သင်မည်မျှရှိသည် ဆိုကို မကျေမနပ်ဖြစ်ခြင်းသည် အသုံးမဝင်ပေ။ ဤသည်မှာ မမှန်ကန်သလော။ ဤအရာအားလုံးက ဘုရားသခင်၏ သဘောအတိုင်း ဖြစ်သည်၊ လူသား သဘောအတိုင်း မဟုတ်ပေ။ လူသားကို ဘုရားသခင်က အုပ်စိုးပြီး မည်သူမျှ မလွတ်ကင်းပေ။

“သင်၏ အမျိုးအနွယ်ကို ငါတိုးပွားများပြားစေမည်။” ဟု ဘုရားသခင်ပြောခဲ့ချိန်တွင်၊ ဤသည်မှာ သက်တံ ပဋိညာဉ်ကဲ့သို့ ဘုရားသခင်က အာဗြဟံနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်တစ်ခု ဖြစ်သည်၊ ယင်းသည် ထာဝရဖြစ်မြောက်မည် ဖြစ်ပြီး အာဗြဟံထံ ဘုရားသခင်ပြုခဲ့သည့် ကတိတစ်ခုလည်း ဖြစ်သည်။ ဤကတိကို အမှန်တကယ်ဖြစ်လာစေရန် ဘုရားသခင်သာ အရည်အချင်း ပြည့်မီပြီး လုပ်နိုင်စွမ်းရှိသည်။ လူသားက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ လူသားက လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ၊ ပြီးလျှင် လူသားက မည်သို့ မြင်ပြီး မည်သို့ သဘောထားသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များနှင့်အညီ အသေးစိတ် အတိအကျ ပြီးပြည့်စုံမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏အလိုဆန္ဒ သို့မဟုတ် အယူအဆများ ပြောင်းလဲမှုကြောင့် ပြောင်းလဲသွားမည်မဟုတ်သကဲ့သို့၊ မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာ၌ ပြောင်းလဲမှုကြောင့် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံး ပျောက်ကွယ်ကောင်း ပျောက်ကွယ် သွားနိုင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထာဝရ ကျန်ရှိနေမည်ဖြစ်သည်။ အမှန်တွင်၊ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် ဖန်ဆင်းရှင်၏ တန်ခိုးကို ပိုင်ဆိုင်ကာ သူသည် အရာခပ်သိမ်းနှင့် သက်ရှိ အင်အားစုအားလုံးကို ထိန်းချုပ်သည့်အတွက်၊ အရာအားလုံး ပျောက်ကွယ်သွားသည့်နေ့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လုံးဝ ပြည့်စုံသည့်နေ့ရက် အတိအကျ ဖြစ်သည်။ သူသည် ဘာမျှမရှိသည့်အရာမှ တစ်စုံတစ်ရာရှိလာဖို့ သို့မဟုတ် တစ်စုံတစ်ရာကို ဘာမျှမရှိဖြစ်လာဖို့ ဖြစ်စေနိုင်ပြီး၊ ရှင်သန်သောအရာမှသည် သေသောအရာအထိ အရာအားလုံး၏ ပြောင်းလဲခြင်းကို သူထိန်းချုပ်သည်။ ဘုရားသခင်အတွက် တစ်စုံတစ်ဦး၏ မျိုးနွယ်ကို ပွားများစေခြင်းထက် မည်သည့်အရာမျှ သာ၍ မရိုးရှင်းနိုင်ပေ။ ဤသည်မှာ လူသားအတွက် နတ်သမီးပုံပြင် တစ်ပုဒ်ကဲ့သို့ ဆန်းပြားပုံရသော်လည်း၊ ဘုရားသခင်အဖို့ သူလုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး ကတိပေးထားသည့်အရာသည် မဆန်းပြားသကဲ့သို့ နတ်သမီးပုံပြင်တစ်ပုဒ်လည်း မဟုတ်ပေ။ ယင်းထက်၊ ထိုအရာသည် ဘုရားသခင် မြင်နှင့်ပြီးဖြစ်ကာ ဧကန်မုချ ဖြစ်မြောက်ရမည့် အမှန်တရားတစ်ခုဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ကြပါသလော။ အာဗြဟံ၏ မျိုးဆက်များက များပြားခဲ့သည်ကို အချက်အလက်များက သက်သေပြသလော။ ၎င်းတို့ မည်မျှ များပြားခဲ့သနည်း။ “မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း” ဟု ဘုရားသခင်ပြောခဲ့သကဲ့သို့ များပြားခဲ့သလော။ ၎င်းတို့သည် တိုင်းနိုင်ငံအားလုံး၊ ဒေသအားလုံးအနှံ့၊ ကမ္ဘာလောက ထဲက နေရာတိုင်းကို ပျံ့နှံ့ခဲ့ကြသလော။ ဤအချက်သည် မည်သည့်အရာမှတစ်ဆင့် ဖြစ်မြောက်ခဲ့သနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာအားဖြင့် ပြီးမြောက်ခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောကြားပြီးနောက် နှစ်ကာလ ရာပေါင်း၊ ထောင်ပေါင်းအချို့ကြာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဆက်လက်ပြည့်စုံခဲ့ပြီး၊ အမှန်တရားများ စဉ်ဆက်မပြတ် ဖြစ်လာနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကြီးမားသောအင်အား၊ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေဖြစ်သည်။ အစအဦးတွင် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ဘုရားသခင်က “အလင်းဖြစ်စေ” ဟု ပြောခဲ့ပြီး အလင်း ရှိခဲ့သည်။ ဤသည်မှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ပြီး၊ အလွန် တိုတောင်းသော အချိန်အတွင်း ပြည့်စုံခဲ့ကာ၊ ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုတွင် ကြန့်ကြာခြင်း မရှိခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သက်ရောက်မှုသည် ချက်ချင်းဖြစ်ခဲ့သည်။ နှစ်ခုလုံးက ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ပြသချက်များဖြစ်သည်၊ သို့ရာတွင် ဘုရားသခင်က အာဗြဟံကို ကောင်းကြီးပေးခဲ့ချိန်တွင်၊ သူ၏ သြဇာအာဏာ၏ အနှစ်သာရ အခြားတစ်ဘက်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို တိုင်းတာ၍မရဟူသည့် အချက်ကို လူသားအား မြင်ခွင့်ပေးခဲ့သည်၊ ထို့အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ပိုပြီးစစ်မှန်သည့်၊ သာ၍ အလေးထားဖွယ် ကောင်းသောဘက်ကို လူသားအား သူ မြင်ခွင့်ပေးခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိန့်မြွက်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ သြဇာအာဏာသည် ဤအမှုကို ကွပ်ကဲအုပ်ချုပ်ပြီး ဘုရားသခင်၏ နှုတ်မှ ကတိပေးခဲ့သည့် အချက်သည် တဖြည်းဖြည်း လက်တွေ့အရှိတရား စတင် ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့်၊ နွေဦးရောက်လာချိန်တွင် မြက်ပင်များ စိမ်းလန်းလာသကဲ့သို့၊ ပန်းများ ဖူးပွင့်လာသကဲ့သို့၊ သစ်ပင်မှ အဖူးလေးများ ထွက်လာသကဲ့သို့၊ ငှက်များ သီချင်းစတင် သီကျူးသကဲ့သို့၊ ငန်းများ ပြန်လာပြီး ကွင်းပြင်များက လူများနှင့် ဖွေးဖွေးလှုပ်သကဲ့သို့ များစွာတူညီသည့် ပြောင်းလဲမှုများသည် အရာအားလုံးအလယ် စတင်ဖြစ်ပေါ်လာသည်။… နွေဦး ရောက်ရှိခြင်းနှင့်အတူ အရာအားလုံးသည် နုပျိုသစ်လွင်လာပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက် ဖြစ်သည်။ ဘုရားသခင်က သူ၏ကတိများကို ပြီးမြောက်သည့်အခါတွင်၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးသည် ဘုရားသခင်၏ အတွေးများနှင့်အညီ အသစ်ပြုပြင်ပြီး ပြောင်းလဲကြသည်- မည်သည့်အရာမျှ မကင်းလွတ်ပေ။ ဘုရားသခင်၏နှုတ်မှ ကတိပေးပြီးသော အမှု သို့မဟုတ် ကတိတစ်ခု မိန့်မြွက်လိုက်သည့်အခါတွင်၊ အရာအားလုံးက ယင်း၏ ပြီးပြည့်စုံခြင်းအတွက် အသုံးတော်ခံကြပြီး၊ ယင်း၏ ပြီးပြည့်စုံခြင်းအတွက် ခိုင်းစေခြင်းခံကြရသည်။ ဖန်ဆင်းခံ အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍကို ဆောင်ရွက်ရင်းနှင့် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ကို အစေခံရင်း၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် စီစဉ်ညွှန်ကြားကာ စီမံခံရသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ ထင်ရှားပြသခြင်းဖြစ်သည်။ ဤအရာတွင် မည်သည့်အရာကို သင် မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာကို သင်မည်သို့ သိသနည်း။ ဘုရားသခင်၏ သြဇာအာဏာအဖို့ အပိုင်းအခြားတစ်ခု ရှိသလော။ အချိန်အကန့်အသတ် ရှိသလော။ ယင်းကို အမြင့်တစ်ခုခု သို့မဟုတ် အလျားတစ်ခုခုအဖြစ် ပြောဆို၍ရနိုင်သလော။ ယင်းကို အရွယ်အစား သို့မဟုတ် ခွန်အားတစ်ခုခုအဖြစ် ပြောဆို၍ ရနိုင်သလော။ လူသား၏ အတိုင်းအတာဖြင့် ယင်းကို တိုင်းတာ၍ရသလော။ ဘုရားသခင်၏ သြဇာအာဏာသည် ပေါ်လိုက်၊ ပျောက်လိုက် မဟုတ်သကဲ့သို့၊ လာလိုက် သွားလိုက် မလုပ်ပေ၊ ပြီးလျှင် သူ၏ သြဇာအာဏာ မည်မျှကြီးမြတ်သည်ကို တိုင်းတာနိုင်သူ မည်သူမျှမရှိပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးသည့်အခါတွင်၊ အချိန်မည်မျှ ကုန်သွားသည်ကို ပဓာနမထားဘဲ၊ ဤကောင်းချီးမင်္ဂလာသည် ဆက်လက်ဖြစ်ပေါ်မည် ဖြစ်ပြီး ယင်း၏ ဆက်လက်ဖြစ်နေမှုသည် ဘုရားသခင်၏ မခန့်မှန်းနိုင်သည့် သြဇာအာဏာကို သက်သေခံပြီး ဖန်ဆင်းရှင်၏ မငြိှမ်းသတ်နိုင်သည့် အသက်အင်အား၏ တစ်ဖန်ပြန်လည် ပေါ်ထွန်းမှုကို ်မကြာခဏ လူသားမျိုးနွယ်ကို ရှုမြင်ခွင့်ပေးမည် ဖြစ်သည်။ သူ၏သြဇာအာဏာနှင့်ဆိုင်သည့် ပြသမှုတစ်ခုစီသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ထံ ထုတ်ဖော်ပြသထားသည့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များ၏ စုံလင်သော သရုပ်ပြခြင်းဖြစ်သည်၊ ထို့အပြင် သူ၏သြဇာအာဏာဖြင့် ပြီးမြောက်သည့် အရာတိုင်းသည် နှိုင်းယှဉ်၍မရအောင် အလွန်လှပသိမ်မွေ့ပြီး လုံးဝ အပြစ်အနာအဆာ ကင်းသည်။ သူ၏အတွေးများ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ သြဇာအာဏာများနှင့် သူပြီးမြောက်ခဲ့သည့် အမှုအားလုံးသည် မယှဉ်သာအောင် လှပသည့် ပန်းချီကားတစ်ချပ်ဖြစ်ပြီး၊ ဖန်ဆင်းခံများအတွက်၊ လူသားမျိုးနွယ်၏ ဘာသာစကားသည် ယင်း၏ အရေးပါမှုနှင့် တန်ဖိုးကို ရှင်းလင်းစွာပြောဆိုနိုင်စွမ်း မရှိပေ။ ဘုရားသခင်က လူတစ်ဦးကို ကတိတစ်ခု ပြုသည့်အခါတွင်၊ ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ကတိကို လက်မခံမီ သို့မဟုတ် လက်ခံပြီးနောက် ၎င်းတို့၏ နောက်ခံအကြောင်း မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်တွင် ကသောင်းကနင်း ဖြစ်မှုများ မည်မျှကြီးမားသည် ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်သည့် အရာရာတိုင်းကို ဘုရားသခင်က ကောင်းကောင်း ရင်းနှီးလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီးနောက် အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ၊ ် ယင်းသည် သူ့အတွက် ခုလေးတင် မိန့်မြွက်ပြီးဖြစ်သည့်အလား ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူပြုသည့် ကတိတိုင်းကို မျက်ခြေမပြတ် ထိန်းသိမ်းနိုင်ပြီး ပြည့်စုံစေနိုင်သည့် တန်ခိုးနှင့် ထိုသို့သော သြဇာအာဏာရှိပြီး ကတိက မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ လုံး‌ဝ ပြည့်စုံရန် မည်မျှကြာသည်ကို ပဓာနမထားဘဲ၊ ထို့အပြင် ယင်း၏ပြီးမြောက်မှုက ထည့်သွင်းစဉ်းစားသည့် နယ်ပယ်သည်— ဥပမာအားဖြင့်၊ အချိန်၊ မြေမျက်နှာသွင်ပြင်၊ လူမျိုး စသဖြင့်— မည်မျှ ကျယ်ပြန့်သည်ကို ပဓာနမထားဘဲ၊ ဤကတိသည် ပြီးမြောက်ကာ ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ ထို့အပြင် ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုသည် သူ့ကို အနည်းငယ်အားစိုက်မှု လိုအပ်စေမည် မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်သည်ကို သက်သေပြပေသည်။ ဘုရားသခင်သည် အလင်းကို ဖန်တီးခဲ့သော်လည်း၊ ဤသည်မှာ ဘုရားသခင်က အလင်းကိုသာ စီမံသည် သို့မဟုတ် သူက ရေကို ဖန်ဆင်းခဲ့သောကြောင့်၊ ရေကိုသာ စီမံခန့်ခွဲပြီး၊ အခြားအရာတိုင်းသည် ဘုရားသခင်နှင့် မဆက်နွှယ်ဟု မဆိုလိုပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်မည် မဟုတ်လော။ အာဗြဟံနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် နှစ်ပေါင်းရာပေါင်းများစွာကြာပြီးသည့်နောက်တွင် လူသား၏ မှတ်ဉာဏ်ထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ပြီး ဖြစ်သော်လည်း၊ ဘုရားသခင်အတွက်မူ ဤကတိသည် ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။ ယင်းသည် ပြီးမြောက်မှု ဖြစ်စဉ်တွင် ရှိနေဆဲဖြစ်ပြီး၊ မည်သည့်အခါမျှ မရပ်တန့်ခဲ့လေပြီ။ ဘုရားသခင်က သူ၏ သြဇာအာဏာကို မည်သို့အသုံးချသည်၊ အရာခပ်သိမ်းကို မည်သို့ စီစဉ်ညွှန်ကြားပြီး စီမံသည်ဆိုသည်နှင့် ဤအချိန်အတော အတွင်း၌ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအလယ်တွင် အံ့သြဖွယ် အဖြစ်အပျက်များ မည်မျှဖြစ်ပွားခဲ့သည်ကို လူသားသည် တစ်ခါမျှ မသိဖူး သို့မဟုတ် မကြားဖူးပေ၊ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ပြသမှုနှင့် သူ၏ လုပ်ဆောင်ချက်များ၏ ထုတ်ဖော်မှုတို့နှင့်ဆိုင်သည့် အံ့သြဖွယ် ခင်းကျင်းပြသမှု အစိတ်အပိုင်းတိုင်းကို အရာခပ်သိမ်းအလယ် လက်ဆင့်ကမ်းခဲ့ပြီး ချီးမြှောက်ခြင်းခံခဲ့ရသည်၊ အရာခပ်သိမ်းသည် ဖန်ဆင်းရှင်၏ အံ့ဩလောက်သည့် လုပ်ဆောင်ချက်များကို ပြသခဲ့ကြပြီး ပြောဆိုခဲ့ကြသကဲ့သို့၊ အရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့် အပြောများသည့် အဖြစ်အပျက်အသီးသီးကို အရာအားလုံးက ထာဝရ အစဉ်အဆက် ပို၍ ကြွေးကြော်ကြလိမ့်မည်ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးသည် ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် ဘုရားသခင် ပါရှိသည်ကို အရာအားလုံးထံ ပြသလေသည်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ နေရာအနှံ့ရှိခြင်းကို မျက်မြင်ကြုံတွေ့ပြီးသည့်အခါတွင်၊ ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင်ရှိသည်ကို သင်တွေ့မြင်လိမ့်မည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အချိန်၊ မြေမျက်နှာသွင်ပြင်၊ နေရာ သို့မဟုတ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့်မျှ ကန့်သတ်ခြင်းမခံရပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် လူ၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်သည်။ ယင်းသည် လူသားအဖို့ နားမလည်နိုင်ဖွယ်၊ မစဉ်းစားတတ်အောင်ဖြစ်ပြီး၊ လူသားက မည်သည့်အခါမျှ လုံးဝ သိရှိလိမ့်မည် မဟုတ်ပေ။

လူအချို့က ကောက်ချက်ချပြီး စိတ်ကူးရန် နှစ်သက်ကြသည်၊ သို့ရာတွင် လူ၏စိတ်ကူးစိတ်သန်းသည် မည်မျှအတိုင်းအတာအထိ ရောက်ရှိနိုင်သနည်း။ ယင်းသည် ဤကမ္ဘာကို ကျော်လွန် သွားနိုင်သလော။ လူသားသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်မှုနှင့် တိကျမှုကို ကောက်ချက်ချခြင်း၊ စိတ်ကူးခြင်းတို့ လုပ်နိုင်စွမ်းရှိသလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် စိတ်ကူးစိတ်သန်းတို့က ၎င်းအား ဘုရားသခင်၏ သြဇာအာဏာနှင့် သက်ဆိုင်သည့် အသိပညာတစ်ခုကို ရရှိခွင့်ပေးနိုင်စွမ်းရှိသလော။ ထိုအရာများက လူသားအား ဘုရားသခင်၏ သြဇာအာဏာကို အမှန်တကယ် တန်ဖိုးထားပြီး ကျိုးနွံနာခံစေနိုင်သလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် စိတ်ကူးစိတ်သန်းတို့သည် လူသား၏ အသိဉာဏ်၏ ရလဒ်တစ်ခုသာဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် လူသား၏ အသိပညာကို ကူညီခြင်း သို့မဟုတ် အကျိုးပြုခြင်း စိုးစဉ်းမျှ မပေးနိုင်သည်ကို အချက်အလက်များက သက်သေပြလေသည်။ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုများကို ဖတ်ရှုပြီးနောက်တွင်၊ အချို့သည် လ သို့မဟုတ် ကြယ်များက မည်သည့်အရာနှင့် တူသည်ကို စိတ်ကူးနိုင်ကြသည်။ သို့ရာတွင် ဤသည်မှာ လူသားသည် ဘုရားသခင်၏ သြဇာအာဏာနှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခုတစ်လေ ရှိသည်ဟု မဆိုလိုပေ။ လူသား၏ စိတ်ကူးစိတ်သန်း ဆိုသည်မှာ စိတ်ကူးစိတ်သန်းသာ ဖြစ်သည်။ ဤအရာများ၏ အချက်အလက်နှင့်သက်ဆိုင်၍ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သြဇာအာဏာကို ၎င်းတို့၏ ဆက်နွှယ်မှုနှင့်ဆိုင်သည့် အချက်အလက်များကို သူက လုံးဝ သဘောမပေါက်ပေ။ သင်သည် လသို့ ရောက်ရှိဖူးလျှင်ပင် မည်သည့်အရေးပါမှုရှိသနည်း။ ဤအရာက သင်သည် ဘုရားသခင်၏ သြဇာအာဏာကို ရှုထောင့်ပုံစံ အမျိုးမျိုးနှင့် သိနားလည်မှုရှိသည်ကို ပြသသလော။ ယင်းက သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုကို စိတ်ကူးနိုင်သည်ကို ပြသသလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် စိတ်ကူးစိတ်သန်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကို သူ့အား သိခွင့်ပေးနိုင်စွမ်းမရှိသည့်အတွက်၊ လူသားသည် အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ အမြော်အမြင်အရှိဆုံး ရွေးချယ်စရာမှာ ကောက်ချက်မချရန် သို့မဟုတ် စိတ်မကူးရန်ဖြစ်ပေမည်၊ ယင်းမှာ ဘုရားသခင်၏ သြဇာအာဏာကို သိကျွမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လူသားသည် စိတ်ကူးစိတ်သန်းအပေါ် မည်သည့်အခါမျှ မှီခိုရမည်မဟုတ်သကဲ့သို့၊ ကောက်ချက်ချခြင်း အပေါ် အားမထားရဟု ဆိုရပေမည်။ ဤနေရာတွင် သင်တို့ကို ငါပြောချင်သည်မှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့နှင့်ဆိုင်သည့် အသိပညာကို သင်၏ စိတ်ကူးစိတ်သန်းအပေါ် အမှီပြုခြင်းအားဖြင့် မရရှိနိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရှိရန် စိတ်ကူးစိတ်သန်းကို အမှီမပြုနိုင်သည့်အတွက်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် စစ်မှန်သော အသိပညာကို မည်သည့်နည်းလမ်းဖြင့် သင် ရရှိနိုင်သနည်း။ ဤအရာကို လုပ်ဆောင်ရမည့် နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယပြုခြင်းမှတစ်ဆင့်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းမှတစ်ဆင့် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ဖြည်းညင်းသော အတွေ့အကြုံတစ်ခုနှင့် အတည်ပြုခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ယင်းနှင့်သက်ဆိုင်သည့် ဖြည်းညင်းသော သိနားလည်မှုနှင့် နည်းနည်းချင်းတိုးပွားသော အသိပညာတို့ကို ရရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဖြတ်လမ်းများ မရှိပေ။ သင်တို့ကို စိတ်မကူးရန် တောင်းဆိုခြင်းသည် ပျက်စီးခြင်းကို စောင့်ဆိုင်းရန် သင်တို့ကို မလှုပ်မယှက် ထိုင်စေခြင်း သို့မဟုတ် တစ်ခုတစ်လေကို လုပ်ဆောင်ခြင်းမှ သင်တို့ကို တားဆီးခြင်းနှင့် မတူပေ။ စဉ်းစားရန်နှင့် စိတ်ကူးရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ဆင်ခြင်တွေးခေါ်မှုစနစ်ကို အသုံးပြုခြင်း၊ စိစစ်ရန် အသိပညာကို အသုံးပြုခြင်း၊ အခြေခံအကြောင်းရင်းအဖြစ် သိပ္ပံပညာကို အသုံးပြုခြင်းအား မဆိုလိုဘဲ၊ ယင်းအစား သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်းနှင့် အတည်ပြုခြင်း၊ သူသည် သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဆိုသည်နှင့် အချိန်တိုင်းတွင် သူ၏ တန်ခိုးက သူသည် စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်မှန်း သက်သေပြသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ သမ္မာတရား မှတစ်ဆင့်၊ ဘဝတွင် သင်ကြုံရသည့် အရာရာတိုင်းမှတစ်ဆင့် အတည်ပြုခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုကို မည်သူမဆို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က ၎င်းတို့သည် ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာတွေ့ လိုသည်ဟု ပြောကြသည်၊ သို့ရာတွင် ထိုသို့သောနည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြော၏၊ စဉ်းစားရန်မလိုပေ- အခြားနည်းလမ်းများမရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်သည့် အရာရာတိုင်း မှတစ်ဆင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သေသေချာချာ စဉ်းစားချင့်ချိန်စွာနှင့် တည်ကြည်ခိုင်မာစွာ သိရှိပြီး မှန်ကန်ကြောင်း အတည်ပြုရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းနှင့် ဘုရားသခင်၏ အရာရာတိုင်းသည် ပေါ့တန်ပြီး အနှစ်မဲ့သောအရာမဟုတ်ဘဲ၊ စစ်မှန်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

အမှာစကား ချန်ခဲ့မည်