စာရင်း

အကြိမ်ခုနှစ်ဆယ် ခုနှစ်လီ ခွင့်လွှတ်လော့နှင့် သခင်၏ ချစ်ခြင်း

၄။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီ ခွင့်လွှတ်လော့

ရှင်မဿဲ ၁၈:၂၁-၂၂ ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။

၅။ သခင်၏ ချစ်ခြင်း

ရှင်မဿဲ ၂၂:၃၇-၃၉ “ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။”

ဤကျမ်းနှစ်ပိုဒ်ထဲမှ ကျမ်းတစ်ပိုဒ်က ခွင့်လွှတ်ခြင်း အကြောင်းကိုပြောပြီး အခြားတစ်ပိုဒ်က ချစ်ခြင်းမေတ္တာ အကြောင်းကိုပြောသည်။ ဤအကြောင်းအရာနှစ်ခုသည် ကျေးဇူးတော်ခေတ်၌ သခင်ယေရှု ဆောင်ရွက်လိုသောအမှုကို အမှန်တကယ် အသားပေးထားလေသည်။

ဘုရားသခင်က လူ့ဇာတိခံယူခဲ့ချိန်တွင်၊ သူသည် သူနှင့်အတူ တိကျသည့် အမှုတာဝန်များနှင့် ဤခေတ်တွင် သူ ဖော်ပြလိုခဲ့သော စိတ်သဘောထားတို့ဖြစ်သည့် သူ၏ အမှု အဆင့်တစ်ဆင့်ကို ယူဆောင်လာခဲ့သည်။ ထိုအချိန်ကာလတွင် လူသားလုပ်ဆောင်ခဲ့သော အရာတိုင်းသည် ဤခေတ်တွင် ဘုရားသခင် ဆောင်ရွက်လိုသောအမှုကို ဗဟိုပြုခဲ့သည်။ သူသည် အပိုအလိုမရှိ လုပ်ဆောင်ခဲ့သည်။ သူပြောဆိုခဲ့သော အရာ တစ်ခုစီတိုင်းနှင့် သူ ဆောင်ရွက်ခဲ့သော အမှု အမျိုးအစားတိုင်းသည် ဤခေတ်နှင့် အားလုံး ဆက်စပ်ပေသည်။ ယင်းကို လူသားဘာသာစကားဖြင့် လူသား၏နည်းလမ်းတစ်ခု၌ ဖော်ပြသည်ဖြစ်စေ၊ ဘုရားဘာသာစကားမှတစ်ဆင့် ဖော်ပြသည် ဖြစ်စေ ပြီးလျှင် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့် ရှုထောင့်အမြင်နှင့် သူ ထိုသို့ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ သူ၏ ရည်မှန်းချက်မှာ သူလုပ်ဆောင်လိုခဲ့သည်မှာ မည်သည့်အရာ ဖြစ်သည်၊ သူ၏အလိုတော်မှာ မည်သည့်အရာ ဖြစ်ပြီး၊ လူတို့အပေါ် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာများ ဖြစ်သည် ဆိုသည်တို့ကို လူတို့နားလည်စေဖို့ ကူညီရန်ဖြစ်သည်။ လူတို့ကို သူ၏အလိုတော်ကို နားလည်ကာ သိရှိစေဖို့ နှင့် သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုအား နားလည်စေဖို့ ကူညီရန် သူသည် နည်းလမ်းအမျိုးမျိုးနှင့် မတူညီသော ရှုထောင့်များကို အသုံးပြုကောင်းပြုနိုင်သည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် လူသားမျိုးနွယ်နှင့် သူဆက်သွယ်ပြောဆိုလိုသောအရာကို ဖော်ပြရန် အချိန် အများစုတွင် လူ့ဘာသာစကားကို အသုံးပြုနေခဲ့သည်ကို ငါတို့ တွေ့မြင်ရသည်။ ထို့ထက်ပို၍၊ လူတို့ကို စကားပြောနေသည့်၊ ၎င်းတို့၏လိုအပ်ချက်တို့ကို ပံ့ပိုးပေးနေပြီး သူတို့တောင်းဆိုသော အရာတို့ကို ကူညီပေးနေသည့် သာမန် လမ်းညွှန်တစ်ယောက်၏ ရှုထောင့်မှ သူ့ကို ငါတို့ မြင်ရသည်။ ဤသို့ အမှုပြုခြင်း နည်းလမ်းကို ကျေးဇူးတော်ခေတ်မတိုင်မီ လာသော ပညတ်တော်ခေတ်၌ မမြင်ခဲ့ရချေ။ သူသည် လူသားမျိုးနွယ်နှင့် သာ၍ ရင်းနှီးလာပြီး သာ၍ သနားကရုဏာရှိလာခဲ့သည့်အပြင် ပုံသဏ္ဌာန်ရော ဟန်ပန်တွင်ပါ လက်တွေ့ကျသောရလဒ်တို့ကို သာ၍ ရရှိနိုင်လာသည်။ လူတို့ကို အကြိမ် ခုနှစ်ဆယ် ခုနှစ်လီခွင့်လွှတ်ခြင်းအကြောင်း တင်စားချက်က ဤအချက်ကို အမှန်တကယ် ရှင်းလင်းသွားစေသည်။ ဤတင်စားချက်ထဲက ကိန်းဂဏန်းအားဖြင့် ရရှိသော ရည်ရွယ်ချက်မှာ သခင်ယေရှုက ဤအရာကို ပြောခဲ့ချိန် သူ၏ ရည်ရွယ်ချက်ကို လူတို့အား နားလည်စေရန်ဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ လူတို့သည် အခြားသူများကို ခွင့်လွှတ်သင့်သည်ဟူ၍ ဖြစ်သည်- တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် မဟုတ်၊ ပြီးလျှင် ခုနှစ်ကြိမ်ပင် မဟုတ်ဘဲ၊ ခုနှစ်ဆယ် ခုနှစ်လီဖြစ်သည်။ “ခုနှစ်ဆယ် ခုနှစ်လီ” နှင့်သက်ဆိုင်သည့် စိတ်ကူးအတွင်းတွင် မည်သည့် စိတ်ကူးမျိုး ပါရှိသနည်း။ ယင်းမှာ လူတို့အား ခွင့်လွှတ်ခြင်းကို ၎င်းတို့၏ ကိုယ်ပိုင် တာဝန်ဝတ္တရား ဖြစ်စေဖို့၊ ၎င်းတို့ သင်ယူရမည့် အရာတစ်ခုနှင့် ၎င်းတို့ လိုက်နာရမည့် “လမ်းခရီး” တစ်ခုဖြစ်စေဖို့ ဖြစ်သည်။ ဤသည်မှာ တင်စားချက်တစ်ခုသာ ဖြစ်သော်လည်း၊ အလွန်အရေးကြီးသော အချက်ကို မီးမောင်း ထိုးပြရန် အသုံးတော်ခံလေသည်။ ယင်းက လူတို့အား သူဆိုလိုသည့်အရာကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် နှင့် လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သည့် သင့်တော်သော နည်းလမ်းများ၊ အခြေခံသဘောတရားများနှင့် စံနှုန်းများကို ရှာတွေ့ရန် ကူညီပေးသည်။ ဤတင်စားချက်က လူတို့ကို ရှင်းလင်းစွာ နားလည်ရန် ကူညီသကဲ့သို့၊ ၎င်းတို့ကို မှန်ကန်သော အယူအဆတစ်ခုကို ပေးလေသည်- ခွင့်လွှတ်ခြင်းကို ၎င်းတို့ သင်ယူသင့်ပြီး အခြားသူများအတွက် သည်းခံပြီး နားလည်မှု ရှိသည့် သဘောထားဖြင့် အကြိမ်ရေမည်မျှကိုမဆို ခြွင်းချက် မရှိဘဲ ခွင့်လွှတ်သင့်သည်ဟူ၍ ဖြစ်သည်။ ဤအရာကို သခင်ယေရှု ပြောခဲ့ချိန်တွင်၊ သူ၏ စိတ်နှလုံးထဲ၌ အဘယ်အရာ ရှိသနည်း။ ခုနှစ်ဆယ် ခုနှစ်လီဆိုသည့် အရေအတွက်ကို သူ အမှန်တကယ် စဉ်းစားနေခဲ့သလော။ မဟုတ်ပေ၊ သူ မစဉ်းစားခဲ့ပေ။ ဘုရားသခင်က လူသားကို ခွင့်လွှတ်မည့် အကြိမ် အရေအတွက်တစ်ခုရှိသလော။ ဤအရေအတွက်၏ မူလ အရင်းအမြစ်နှင့် အဓိပ္ပာယ်ကို အမှန်တကယ် နားလည်လိုသော ဤနေရာတွင် ဖော်ပြထားသည့် “အကြိမ်အရေအတွက်” ကို အလွန် စိတ်ဝင်စားသော လူများစွာ ရှိသည်။ ဤကိန်းဂဏန်းက သခင်ယေရှု၏ နှုတ်မှ အဘယ့်ကြောင့် ထွက်လာသည်ကို ၎င်းတို့နားလည်လိုကြသည်။ ဤအရေအတွက်၌ သာ၍ နက်နဲသော သွယ်ဝိုက်သည့် ပတ်သက်မှုတစ်ခုရှိသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သို့သော် အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင် အသုံးပြုသည့် လူသား တင်စားချက်တစ်ခုသာ ဖြစ်သည်။ မည်သည့် သွယ်ဝိုက်သော ပတ်သက်မှု သို့မဟုတ် အဓိပ္ပာယ်ကိုမဆို၊ လူသားမျိုးနွယ်အတွက် သခင်ယေရှု၏ သတ်မှတ်ချက်များဖြင့် ခံယူရမည်။ ဘုရားသခင်သည် လူ့ဇာတိခံမယူခဲ့သေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များသည် ပြီးပြည့်စုံသည့် ဘုရားသဘာဝမှ လာသောကြောင့် သူပြောသော အရာများစွာကို လူတို့ နားမလည်ခဲ့ကြပေ။ သူ ပြောဆိုသော အရာ၏ ရှုထောင့်နှင့် ဆက်စပ်အကြောင်းအရာတို့သည် လူသားမျိုးနွယ်အဖို့ မြင်၍မရနိုင်သကဲ့သို့ လက်လှမ်းမမီနိုင်ချေ။ ယင်းကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကတစ်ခုမှ ဖော်ပြထားပေသည်။ ဇာတိပကတိ၌ အသက်ရှင်ခဲ့သော လူတို့အတွက်၊ ၎င်းတို့သည် ဝိညာဉ်လောကကို ဖြတ်သန်း မသွားနိုင်ခဲ့ချေ။ သို့သော် ဘုရားသခင် လူ့ဇာတိ ခံယူပြီးသည့်နောက်တွင်၊ သူသည် လူသားမျိုးနွယ်ကို လူ့သဘာဝ၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာကာ ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်အား ဘုရားသခင်ကို နားလည်ကာ သိရှိခွင့်ပေးဖို့၊ ၎င်းတို့၏ လုပ်နိုင်စွမ်း နယ်ပယ်အတွင်းနှင့် ၎င်းတို့တတ်နိုင်သည့် အတိုင်းအတာထိ သူ၏ရည်ရွယ်ချက်နှင့် သူ သတ်မှတ်ထားသော စံနှုန်းများကို သဘောပေါက်ခွင့်ပေးဖို့ လူတို့ စိတ်ကူးနိုင်သော အရာများ၊ ၎င်းတို့၏ အသက်တာများ၌ ၎င်းတို့မြင်ခဲ့ပြီး ကြုံခဲ့ရသောအရာများမှတစ်ဆင့်၊ ပြီးလျှင် လူသားတို့ လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း၊ ၎င်းတို့ နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့် ၎င်းတို့ သဘောပေါက်နိုင်သော အသိပညာဖြင့် သူ၏ ဘုရားသဘောသဘာဝ စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ဤသည်မှာ လူ့သဘာဝထဲက ဘုရားသခင်၏ အမှု၏ နည်းလမ်းနှင့် အခြေခံသဘောတရားများ ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းများနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုခြင်း အခြေခံသဘောတရားတို့သည် လူ့သဘာဝအားဖြင့်၊ သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစု စွမ်းဆောင် ရရှိခဲ့သော်လည်း၊ ယင်းသည် ဘုရား၏သဘောသဘာဝဖြင့် တိုက်ရိုက် အမှုပြုခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်ရရှိခဲ့လေသည်။ လူ့သဘာဝထဲက ဘုရားသခင်၏ အမှုသည် သာ၍ ခိုင်မာသည်၊ စစ်မှန်ပြီး ရည်မှန်းထား၏၊ နည်းလမ်းတို့သည် သာ၍ များစွာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသဏ္ဌာန်အရ ယင်းသည် ပညတ်တော်ခေတ်အတွက်း၌ ဆောင်ရွက်ခဲ့သော အမှုကို ကျော်လွန်သွားခဲ့သည်။

ဆက်လက်၍၊ သခင်ကို ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ခြင်းအကြောင်း ဆွေးနွေးကြစို့။ ဤသည်မှာ ဘုရား၏သဘောသဘာဝ၌ တိုက်ရိုက်ဖော်ပြသော အရာတစ်ခု ဖြစ်သလော။ သိသိသာသာပင် မဟုတ်ပေ။ ဤသည်တို့မှာ လူသားက လူ့သဘာဝဖြင့် ပြောဆိုခဲ့သော အရာများ အားလုံးဖြစ်သည်။ “ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်လော့။ သင်၏ကိုယ်ပိုင်အသက်ကို ချစ်မြတ်နိုးသကဲ့သို့ သူတစ်ပါးကို ချစ်လော့။” ဆိုသကဲ့သို့သော အရာတစ်ခုကို လူသားများကသာ ပြောမည်ဖြစ်သည်။ ဤစကား ပြောဟန်ဆိုဟန်သည် လူသားနှင့်သာ သီးသန့် သက်ဆိုင်ပေသည်။ ဘုရားသခင်သည် ဤပုံစံဖြင့် မည်သည့် အခါမျှ စကားမပြောဆိုဖူးပေ။ အနည်းဆုံးအနေဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းကို ထိန်းညှိဖို့ရန်အလို့ငှာ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။” ဟူသော ဤဝါဒရေးရာ ရေသောက်မြစ်မျိုးကို မလိုအပ်သည်က တစ်ကြောင်း၊ လူသားမျိုးနွယ် အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၏ သဘာဝအလျောက် ဖွင့်ပြခြင်းတစ်ခု ဖြစ်သည်ကတစ်ကြောင်း၊ ဘုရားသခင်သည် သူ၏ ဘုရားသဘောသဘာဝတွင် ဤဘာသာစကားမျိုး မရှိပေ။ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို ကိုယ်နှင့်အမျှ ချစ်သည်။” ဟူသကဲ့သို့သော အရာမျိုးတစ်ခုတစ်လေကို ဘုရားသခင် ပြောဆိုသည်ကို မည်သည့်အချိန်တွင် သင်တို့ ကြားဖူးပါသနည်း။ သင်တို့ မကြားဖူးပေ၊ အဘယ့်ကြောင့်ဆိုသော် ချစ်ခြင်းသည် ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၌ ရှိသောကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် သူ၏ သဘောထား၊ ပြီးလျှင် လူတို့ကို သူဆက်ဆံသောပုံစံတို့သည် သူ့စိတ်သဘောထား၏ သဘာဝအလျောက် ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်း ဖြစ်သည်။ ဤသည်ကို အချို့သော နည်းလမ်းဖြင့် သူ တမင်သက်သက် လုပ်ရန် မလိုအပ်ပေ၊ သို့မဟုတ် သူနှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ခြင်းအား စွမ်းဆောင်ရရှိရန် နည်းလမ်း တစ်စုံတစ်ရာ၊ သို့မဟုတ် ကျင့်ဝတ်စည်းကမ်း တစ်ခုကို တမင်လိုက်လျှောက်ရန် မလိုအပ်ပေ- ဤကဲ့သို့ အနှစ်သာရမျိုးကို သူပိုင်ဆိုင်နှင့်ပြီးဖြစ်သည်။ ဤတွင် သင်သည် မည်သည့်အရာကို တွေ့မြင်ရသနည်း။ ဘုရားသခင်က လူ့သဘာဝ၌ အမှုပြုသောအခါတွင်၊ သူ၏နည်းလမ်းများ၊ စကားလုံးများနှင့် သမ္မာတရားများစွာကို လူသား၏ နည်းလမ်းဖြင့် ဖော်ပြထား ခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ပြီးလျှင် သူ၏အလိုတော်တို့ကို သိရှိရန် နားလည်ရန် လူတို့အတွက် ဖော်ပြထားခဲ့ပေသည်။ ၎င်းတို့ သိရှိပြီး နားလည်လာခဲ့သော အရာမှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသည့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ အတိအကျဖြစ်ပေသည်။ ဆိုလိုသည်မှာ လူ့ဇာတိ၌ရှိသော လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထားနှင့် အနှစ်သာရကို ဖြစ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာဖြင့်၊ ဖြစ်နိုင်သမျှ အတိကျဆုံး ဖော်ပြခဲ့ပေသည်။ လူသား၏ လူ့သဘာဝသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်နှင့် လူ၏ ဆက်သွယ် ပြောဆိုခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းအဖို့ အနှောင့်အယှက်၊ သို့မဟုတ် အတားအဆီးတစ်ခု မဟုတ်ခဲ့ရုံသာမက၊ ယင်းသည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို လူသားမျိုးနွယ်က ဆက်သွယ်ရန် အတွက် တစ်ခုတည်းသော လမ်းကြောင်းနှင့် တစ်ခုတည်းသော ပေါင်းကူးတံတားလည်း ဖြစ်ပေသည်။ ယခု ဤအချိန်တွင် ကျေးဇူးတော်ခေတ်၌ သခင်ယေရှု လုပ်ဆောင်ခဲ့သော အမှု၏ သဘာဝ၊ နည်းစနစ်များနှင့် အမှု၏ လက်တလော အဆင့်တို့ ကြားတွင် ဆင်တူခြင်း များစွာရှိသည်ဟု သင်တို့ မခံစားရသလော။ အမှု၏ ဤလတ်တလောအဆင့်က ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားများစွာကို အသုံးပြုပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလိုတော်ကို ဖော်ပြရန် နေ့စဉ်အသက်တာနှင့် လူသား အသိပညာထဲက ဘာသာစကားများနှင့် နည်းစနစ်များစွာကို အသုံးပြုလေသည်။ ဘုရားသခင်က လူ့ဇာတိခံယူသည်နှင့်တစ်ပြိုင်နက်၊ သူသည် လူသား၏ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသဘာဝ ရှုထောင့်မှ ပြောသည်ဖြစ်စေ၊ သူ၏ ဘာသာစကားနှင့် ဖော်ပြမှုနည်းလမ်းများစွာသည် လူသား၏ ဘာသာစကားနှင့် နည်းစနစ်များ၏ ကြားခံမှတစ်ဆင့် လာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်က လူ့ဇာတိခံယူချိန်တွင်၊ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သူ၏ ဉာဏ်ပညာကိုမြင်ဖို့၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သော သွင်ပြင်လက္ခဏာတိုင်းကို သိရှိရန် ဤသည်မှာ သင့်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။ ဘုရားသခင်က လူ့ဇာတိခံယူချိန်တွင်၊ သူ အရွယ်ရောက်လာနေစဉ်တွင် သူသည် လူသားမျိုးနွယ်၏ အသိပညာတချို့၊ သာမန်အသိစိတ်၊ ဘာသာစကားနှင့် လူ့သဘာဝဖြင့် ဖော်ပြခြင်းနည်းလမ်းတို့ကို သူသည် သင်ယူကာ သဘောပေါက်လာခဲ့သည်။ လူ့ဇာတိခံ ဘုရားသခင်သည် သူဖန်ဆင်းခဲ့သော လူသားများမှလာသည့် ဤအရာများကို ပိုင်ဆိုင်ခဲ့သည်။ ဤအရာတို့သည် သူ၏စိတ်သဘောထားနှင့် သူ၏ ဘုရားသဘောသဘာဝကို ဖော်ပြခြင်းအတွက် လူ့ဇာတိ၌ရှိသော ဘုရားသခင်၏ တန်ဆာပလာများ ဖြစ်လာခဲ့ပြီး၊ လူသားမျိုးနွယ်၏အလယ်တွင် လူသား ရှုထောင့်နှင့် လူသား သဘာဝကို အသုံးပြုလျက် သူ အမှုပြုနေခဲ့ချိန်တွင် သူ၏ အမှုကို သာ၍ အဆက်အစပ် ရှိစေသည်၊ သာ၍ စစ်မှန်စေပြီး၊ သာ၍ တိကျစေသည်။ ဤအရာက သူ၏ အမှုကို သာ၍ သုံးခွင့်ရစေပြီး လူတို့အတွက် သာ၍ လွယ်ကူစွာ နားလည်စေခဲ့သည်၊ ထိုသို့ဖြင့် ဘုရားသခင် လိုချင်ခဲ့သော ရလဒ်ကို စွမ်းဆောင်ရရှိစေသည်။ ဘုရားသခင် အတွက် ဤနည်းလမ်းဖြင့် လူ့ဇာတိ၌ အမှုပြုခြင်းသည် သာ၍ လက်တွေ့ကျသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာမဟုတ်သလော။ ဘုရားသခင် လူ့ဇာတိ ခံယူခဲ့ချိန်တွင်၊ သူ ဆောင်ရွက်လိုသောအမှုကို ဘုရားသခင်၏ ဇာတိက လက်ခံနိုင်သောအခါ၊ ယင်းမှာ သူ၏ စိတ်သဘောထားနှင့် သူ၏အမှုကို လက်တွေ့ကျကျ ဖော်ပြမည့် အချိန်ဖြစ်ပြီး လူသားအနေဖြင့် သူ၏အမှုကို တရားဝင် အစပြုနိုင်သည့် အချိန်လည်းဖြစ်သည်။ ဤအရာက ဘုရားသခင်နှင့် လူသားကြားတွင် “မျိုးဆက်ကွာဟမှု” မရှိတော့ကြောင်း၊ ဘုရားသခင်သည် မကြာမီတွင် စေတမန်များမှတစ်ဆင့် သူ၏ ဆက်သွယ်ပြောဆိုခြင်းအလုပ်ကို ရပ်တန့်တော့မည် ဖြစ်ကြောင်းနှင့် ဘုရားသခင် ကိုယ်တော်တိုင်က သူ ဖော်ပြလိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံးနှင့် အမှုတော်တို့ကို လူ့ဇာတိ၌ ကိုယ်တိုင်ကိုယ်ကျ ဖော်ပြနိုင်ခဲ့ကြောင်း ဆိုလိုပေသည်။ ယင်းမှာ ဘုရားသခင် ကယ်တင်သော လူတို့သည် သူနှင့် သာ၍နီးစပ်သည်၊ သူ၏ စီမံခန့်ခွဲခြင်း အမှုသည် နယ်မြေသစ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ကာ လူသားမျိုးနွယ် အားလုံးသည် ခေတ်သစ်တစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်သည်ကိုလည်း ဆိုလိုပေသည်။

သမ္မာကျမ်းစာကို ဖတ်ပြီးသူတိုင်းသည် သခင်ယေရှု မွေးဖွားခဲ့ချိန်တွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်ကို သိကြသည်။ ထိုအဖြစ်အပျက်များထဲမှ အကြီးမားဆုံးသော အဖြစ်အပျက်မှာ မာရ်နတ်တို့ ရှင်ဘုရင်၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံရခြင်းပင်ဖြစ်သည်၊ ယင်းက အလွန် ပြင်းထန်ခဲ့သည်မှာ မြို့တော်၏ နှစ်နှစ်နှင့် နှစ်နှစ်အောက် ကလေးများအားလုံး အသတ်ဖြတ်ခံရသောအထိ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူသားများအလယ် လူ့ဇာတိခံယူခဲ့ခြင်းဖြင့် ရရှိလာမည့် ကြီးမားသော စွန့်စားမှုကို ခံယူခဲ့သည်ဆိုသည်မှာ ထင်ရှားမြင်သာပေသည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း နှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲခြင်းကို ပြည့်စုံစေခြင်းအတွက် သူပေးခဲ့ရသော ကြီးမားသည့် အဖိုးအခမှာလည်း ထင်ရှားမြင်သာသည်။ လူသားမျိုးနွယ် အလယ် လူ့ဇာတိ၌ သူ၏ အမှုအတွက် ဘုရားသခင်သည် ကိုင်စွဲထားခဲ့သော ကြီးမားသည့် မျှော်လင့်ချက်များမှာလည်း ထင်ရှားမြင်သာသည်။ ဘုရားသခင်၏ လူ့ဇာတိသည် လူသားမျိုးနွယ်အလယ် အမှုကို ဆောင်ရွက်နိုင်ခဲ့သောအချိန်တွင် သူ မည်သို့ခံစားခဲ့ရသနည်း။ ယင်းကို အတိုင်းအတာတစ်ခုထိ လူတို့ သိနားလည်သင့်သည်၊ ဟုတ်သည် မဟုတ်လော။ အနည်းဆုံးအနေဖြင့်၊ ဘုရားသခင်သည် သူ၏ အမှုသစ်ကို လူသားမျိုးနွယ်အလယ်တွင် ဆောင်ရွက်နိုင်ခဲ့သောကြောင့် ပျော်ရွှင်ခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံပြီး သူ၏သာသနာကို ပြည့်စုံစေရန် သူ၏အမှုကို တရားဝင်စတင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ စိတ်နှလုံးသည် ဝမ်းမြောက်မှုဖြင့် လွှမ်းမိုးသွားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ စောင့်ဆိုင်းကာ ပြင်ဆင်ပြီးသည့်နောက်တွင် သူသည် ပုံမှန်လူတစ်ဦး၏ ဇာတိခန္ဓာကို နောက်ဆုံးတွင် ယူတင်ဝတ်ဆင်နိုင်ခဲ့ပြီး၊ လူတို့မြင်နိုင်ကာ ထိနိုင်သော အသွေးအသားနှင့်လူတစ်ဦး၏ အသွင်ဖြင့် သူ၏အမှုသစ်ကို စတင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် နောက်ဆုံးတွင် လူတစ်ဦး၏ ပင်ကိုလက္ခဏာမှတစ်ဆင့် လူတို့နှင့် မျက်နှာချင်းဆိုင်ပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ခဲ့ပေသည်။ သူသည် နောက်ဆုံးတွင် လူသား၏ နည်းလမ်းများနှင့် လူသား ဘာသာစကားတို့၏ ကြားခံမှတစ်ဆင့် လူသားမျိုးနွယ်ကို မျက်နှာချင်းဆိုင် လာနိုင်ခဲ့ပေသည်။ သူသည် လူသားဘာသာစကားကို အသုံးပြုလျက်၊ လူသားမျိုးနွယ်ကို ထောက်ပံ့နိုင်သည်၊ အသိဉာဏ်ပွင့်လင်းစေနိုင်ပြီး ၎င်းတို့ကို ကူညီနိုင်လေသည်။ သူသည် ၎င်းတို့နှင့်အတူ စားပွဲတစ်ခုတည်းတွင် စားနိုင်ပြီး တစ်နေရာတည်း၌ နေထိုင်နိုင်သည်။ သူသည် လူသားများကို မြင်နိုင်သည်၊ အမှုအရာများကို မြင်နိုင်ပြီး အရာရာတိုင်းကို လူသားများ မြင်သကဲ့သို့၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင် မျက်လုံးများမှတစ်ဆင့်ပင် မြင်နိုင်သည်။ ဤသည်မှာ ဘုရားသခင်အတွက် လူ့ဇာတိ၌ သူ၏ အမှုနှင့်သက်ဆိုင်သည့် ပထမဦးဆုံး အောင်နိုင်ခြင်း ဖြစ်ခဲ့နှင့်ပေသည်။ ယင်းမှာ ကြီးမြတ်သော အမှုတစ်ခု ပြီးမြောက်ခြင်းဟုလည်း ဆိုနိုင်၏- ဤသည်မှာ ဘုရားသခင် အပျော်ရွှင်ဆုံးဖြစ်သောအရာ အမှန်ဖြစ်သည်။ ထိုအချိန်ကစ၍၊ လူသားမျိုးနွယ်အလယ် သူ၏အမှု၌ နှစ်သိမ့်မှုမျိုးတစ်ခုကို ပထမဆုံးအကြိမ် ဘုရားသခင်ခံစားခဲ့ရသည်။ ဖြစ်ပျက် လာခဲ့သည့် အဖြစ်အပျက်များအားလုံးသည် အလွန် လက်တွေ့ကျပြီး အလွန် သဘာဝဆန်သည်၊ ပြီးလျှင် ဘုရားသခင် ခံစားရသော စိတ်သက်သာရာရမှုသည် အလွန် စစ်မှန်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အဆင့်သစ်တစ်ခု ပြီးမြောက်သော အချိန်တိုင်းနှင့် ဘုရားသခင်က ကျေနပ်အားရမှုကို ခံစားရသော အချိန်တိုင်း၊ ယင်းသည် လူသားမျိုးနွယ်က ဘုရားသခင်ထံနှင့် ကယ်တင်ခြင်းထံ သာ၍ နီးကပ်လာသောအချိန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် ရှေ့ဆက်တိုးရင်း၊ သူ၏ အမှုသစ်ကို အစပျိုးခြင်းလည်း ဖြစ်သည့်အပြင်၊ ဤအချိန်များသည် သူ၏ရည်ရွယ်ချက်များ လုံးဝ ပြီးပြည့်စုံခြင်းသို့ ချဉ်းကပ်သည့် အချိန်များ ဖြစ်သည်။ လူသားမျိုးနွယ်အတွက်၊ ထိုသို့သော အခွင့်အရေး ရောက်လာခြင်းသည် ကံကောင်းခြင်းဖြစ်ပြီး အလွန် ကောင်းမွန်သည်။ အကြောင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို စောင့်ဆိုင်းသောသူအားလုံးအတွက်၊ ယင်းသည် အလွန်အရေးပါပြီး ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းဖြစ်သည်။ ဘုရားသခင်က အမှု၏ အသစ်သော အဆင့်ကို ဆောင်ရွက်သောအခါတွင်၊ သူသည် အသစ်စတင်ခြင်း တစ်ခု ရှိပြီး၊ ဤအမှုသစ်နှင့် အသစ်စတင်ခြင်းကို စတင်ဆောင်ရွက်ပြီး လူသားမျိုးနွယ် အလယ်တွင် မိတ်ဆက်သောအခါတွင်၊ ယင်းသည် ဤအမှုအဆင့်၏ ရလဒ်ကို သတ်မှတ်နှင့်ပြီးဖြစ်ကာ ပြီးမြောက်နှင့်ပြီးဖြစ်သကဲ့သို့ နောက်ဆုံး အကျိုးသက်ရောက်မှုနှင့် အသီးအပွင့်တို့ကို ဘုရားသခင်က တွေ့မြင်နှင့်ပြီးဖြစ်သည့် အချိန်ဖြစ်ပေသည်။ ဤသည်မှာ ဤအကျိုးသက်ရောက်မှုများက ဘုရားသခင်ကို ကျေနပ်စေသည့်အချိန်လည်းဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ စိတ်နှလုံး ပျော်ရွှင်သည့်အချိန် ဧကန် ဖြစ်ပေသည်။ ဘုရားသခင်သည် သူ၏ အမြင်တွင် သူ ရှာဖွေနေသည့် လူတို့ကို မြင်နှင့်ပြီးဖြစ်ကာ သတ်မှတ်နှင့်ပြီးဖြစ်သကဲ့သို့၊ သူ၏အမှုကို အောင်မြင်စေနိုင်ပြီး သူ့ကို စိတ်ကျေနပ်မှု ဆောင်ကြဉ်း ပေးနိုင်သည့် လူစုဖြစ်သည့် ဤအုပ်စုကို ရရှိနှင့်ပြီး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် စိတ်ချလက်ချရှိခဲ့သည်။ ထို့ကြောင့် သူသည် သူ၏စိုးရိမ်မှုများကို ဘေးဖယ်ပြီး ပျော်ရွှင်လေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ လူ့ဇာတိသည် လူသားအလယ်တွင် အမှုသစ်ကို စတင်နိုင်သောအခါတွင်၊ သူလုပ်ရမည့်အလုပ်ကို အတားအဆီး မရှိ လုပ်ဆောင်ရန် သူစတင်ပြီး၊ အားလုံး ပြီးမြောက်သွားပြီဟု သူခံစားရသောအခါတွင်၊ သူသည် အဆုံးကို မြင်ပြီးနှင့်ပြီး ဖြစ်သည်။ ဤအရာကြောင့် သူသည် စိတ်ကျေနပ်ပြီး သူ၏ စိတ်နှလုံးသည် ပျော်ရွှင်၏။ ဘုရားသခင်၏ ပျော်ရွှင်မှုကို မည်သို့ ဖော်ပြသနည်း။ အဖြေ မည်သည့်အရာဖြစ်မည်ကို သင်တို့ စဉ်းစားကြည့်နိုင်သလော။ ဘုရားသခင်က ငိုကြွေးနိုင်သလော။ ဘုရားသခင်သည် ငိုကြွေးနိုင်သလော။ ဘုရားသခင်သည် လက်ခုပ်တီးနိုင်သလော။ ဘုရားသခင်က ကနိုင်သလော။ ဘုရားသခင်က သီချင်းဆိုနိုင်သလော။ ဆိုနိုင်ပါက၊ မည်သည့်အရာကို သူ ဆိုမည်နည်း။ ဟုတ်ပေ၏၊ ဘုရားသခင်သည် နှစ်သက်ဖွယ်၊ တို့ထိသည့် သီချင်း၊ သူ၏ စိတ်နှလုံးထဲက ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဖော်ပြနိုင်သော သီချင်းတစ်ပုဒ်ကို သီဆိုနိုင်သည်။ ယင်းကို လူသားမျိုးနွယ်အတွက်၊ သူကိုယ်တိုင် အတွက်နှင့် အရာခပ်သိမ်းအတွက် သူသီဆိုနိုင်သည်။ ဘုရားသခင်၏ ပျော်ရွှင်ခြင်းကို မည်သည့်နည်းလမ်းနှင့်မဆို ဖော်ပြနိုင်သည်- ဘုရားသခင်သည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်း ရှိပြီး သူ၏ခံစားချက် အမျိုးမျိုးကို နည်းအမျိုးမျိုးနှင့် ဖော်ပြနိုင်သောကြောင့် ဤအရာ အားလုံးသည် ပုံမှန်ဖြစ်၏။ ဤသည်မှာ သူ၏အခွင့်အရေးဖြစ်ပြီး မည်သည့်အရာမျှ သာ၍ ပုံမှန်မဖြစ်နိုင်သကဲ့သို့ သာ၍ မသင့်တော်နိုင်ပေ။ လူတို့သည် ယင်းနှင့် သက်ဆိုင်၍ အခြားမည်သည့်အရာကိုမျှ မစဉ်းစားသင့်ပေ။ သင်တို့သည် ဘုရားသခင်အား ဤအရာ ထိုအရာကို မလုပ်ဆောင်သင့်၊ သူသည် ဤနည်းလမ်း ထိုနည်းလမ်းဖြင့် မလုပ်ဆောင်သင့်ဟု ပြောရင်း၊ ဘုရားသခင်အပေါ် “သတ္တုကွင်းတင်းကျပ်စေသောမန္တန်”က ကို အသုံးပြုရန် မကြိုးစားသင့်သကဲ့သို့၊ ဤနည်းဖြင့် သူ့ထံတွင် ရှိကောင်းရှိမည့် ပျော်ရွှင်မှု သို့မဟုတ် မည်သည့်ခံစားချက်ကို မဆို ကန့်သတ်ဖို့ မကြိုးစားသင့်ပေ။ လူတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင် မပျော်ရွှင်နိုင်ပေ၊ သူသည် မျက်ရည်ကျ၍မရပေ၊ သူငို၍မရပေ- မည်သည့်စိတ်ခံစားမှုမျှ သူ ဖော်ပြ၍မရပေ။ ဤမိတ်သဟာယ နှစ်ခုအတွင်း ငါတို့ ဆွေးနွေးကြပြီးဖြစ်သည့် အရာမှတစ်ဆင့်၊ ဘုရားသခင်ကို သင်တို့ ဤပုံစံဖြင့် မြင်လိမ့်မည်မဟုတ်တော့ဘဲ၊ ဘုရားသခင်ကို လွတ်လပ်မှုနှင့် လွတ်မြောက်မှုအချို့ကို ရရှိရန် အခွင့်ပေးလိမ့်မည်ဟု ငါယုံကြည်သည်။ ဤသည်မှာ အလွန်ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။ အနာဂတ်တွင် သူဝမ်းနည်းနေကြောင်းကို သင်တို့ ကြားသောအခါတွင်၊ သင်တို့သည် ဘုရားသခင်၏ ဝမ်းနည်းခြင်းကို အမှန်တကယ် ခံစားနိုင်ပါက၊ ပြီးလျှင် သူပျော်ရွှင်နေကြောင်း သင်တို့ ကြားရသောအခါတွင်၊ သင်တို့သည် သူ၏ပျော်ရွှင်ခြင်းကို အမှန်တကယ် ခံစားနိုင်ပါက၊ အနည်းဆုံး သင်တို့သည် ဘုရားသခင်ကို မည်သည့်အရာက ပျော်ရွှင်စေပြီး မည်သည့်အရာက ဝမ်းနည်းစေသည်ကို ရှင်းရှင်းလင်းလင်း သိရှိကာ နားလည်နိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်က ဝမ်းနည်းသောကြောင့် သင်သည် ဝမ်းနည်းခြင်းကို ခံစားနိုင်ပြီး ဘုရားသခင်က ပျော်ရွှင်သောကြောင့် သင်ပျော်ရွှင်လျှင်၊ သူသည် သင်၏နှလုံးသားကို အပြည့်အဝရရှိပြီးဖြစ်မည်ဖြစ်ကာ၊ သင်နှင့် သူ၏အကြားတွင် မည်သည့်အတားအဆီးမျှ ရှိမည် မဟုတ်တော့ပေ။ သင်သည် လူသား၏ စိတ်ကူးစိတ်သန်းများ၊ အယူအဆများနှင့် အသိပညာတို့ဖြင့် ဘုရားသခင်ကို ကန့်သတ်ရန် ကြိုးစားမည်မဟုတ်တော့ချေ။ ထိုအချိန်တွင် ဘုရားသခင်သည် သင်၏ စိတ်နှလုံးထဲ၌ အသက်ရှင်ပြီး အထင်းသားဖြစ်နေပါလိမ့်မည်။ သူသည် သင့်ဘဝ၏ ဘုရားသခင်ဖြစ်ပြီး သင်နှင့်ပတ်သက်သည့် အရာရာတိုင်း၏ အရှင်သခင်ဖြစ်လိမ့်မည်။ သင်သည် ဤပြင်းပြသော စိတ်ဆန္ဒမျိုး ရှိပါသလော။ ဤအရာကို သင် စွမ်းဆောင် ရရှိနိုင်သည်ဟု သင် စိတ်ချယုံကြည်ပါသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

အောက်ခြေမှတ်စု(များ)-
က။ “သတ္တုကွင်းတင်းကျပ်စေသောမန္တန်” ဆိုသည်မှာ အနောက်အရပ်သို့ ခရီးပြုခြင်းဟူသည့် တရုတ်ဝတ္ထုထဲတွင် ဘုန်းကြီးတန်ဆန်ကျန်းအသုံးပြုခဲ့သော မန္တန်တစ်ခုဖြစ်သည်။ စွန်းဝူခုန်းကို မခံနိုင်လောက်အောင် ခေါင်းကိုက်စေပြီး ထိန်းချုပ်နိုင်ရန်အတွက် သူ၏ခေါင်းတွင် စွပ်ထားသည့် သတ္တုကွင်းကို တင်းကျပ်စေရန် ဤမန္တန်ကို ဘုန်းကြီးက အသုံးပြုခဲ့သည်။ ဤသို့ဖြင့် ၎င်းသည် လူတစ်ဦးအား ချုပ်နှောင်ထားသောအရာကို ဖော်ပြရန်အတွက် ဥပစာ စကားတစ်ခု ဖြစ်လာခဲ့သည်။

အမှာစကား ချန်ခဲ့မည်