စာရင်း

ဘုရားသခင်သည် အာဒံနှင့် ဧဝအတွက် သားရေဝတ်လုံကို ဖန်တီးပေး၏

ကမ္ဘာဦးကျမ်း ၃:၂၀-၂၁ သူသည် အသက်ရှင်သောသူ အပေါင်းတို့၏အမိဖြစ်သောကြောင့် အာဒံက သူ့ဇနီး၏အမည်ကို ဧဝဟု ခေါ်လေသည်။ ထို့အပြင် အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။

အာဒံက ဧဝကို ပေးသည့် နာမည၏နောက်ကွယ်၌ ဧကန်အမှန် အဓိပ္ပာယ်တစ်ခုရှိသည်ကို ဖော်ပြသည့် ဤတတိယ ကျမ်းပိုဒ်ကို တစ်ချက် ကြည့်ကြစို့။ ဖန်ဆင်းခြင်းခံရပြီးနောက် အာဒံသည် သူ၏ ကိုယ်ပိုင် အတွေးများ ရှိခဲ့ပြီး အမှုအရာများစွာကို သူ နားလည်ခဲ့သည်ဆိုသည်ကို ဤအရာက ပြသပေသည်။ သို့ရာတွင် ယခုတွင်မူ၊ ငါတို့သည် အာဒံ မည်သည့်အရာကို နားလည်ခဲ့သည် သို့မဟုတ် မည်မျှနားလည်ခဲ့သည်ကို လေ့လာ သို့မဟုတ် စူးစမ်းရှာဖွေမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် တတိယကျမ်းပိုဒ်ကို ဆွေးနွေးရာတွင် ငါ၏ အဓိက ရည်မှန်းချက် မဟုတ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ငါ အသားပေးလိုသည့် အဓိကအချက်မှာ အဘယ်နည်း။ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဟူသည့် စာကြောင်းကို တစ်ချက် ကြည့်ကြစို့။ ယနေ့ ငါတို့၏ မိတ်သဟာယတွင် ကျမ်းစာ၏ ဤစာကြောင်းကို ငါတို့ မဆွေးနွေးပါက၊ ဤနှုတ်ကပတ်တော်များ၏ ပါဝင်ပတ်သက်မှုများကို သင်တို့ လုံးဝ နားလည်နိုင်မည် မဟုတ်ပေ။ ပထမဦးစွာ၊ သဲလွန်စအချို့ကို ငါပေးပါရစေ။ သင်တို့သည် အာဒံနှင့် ဧဝနှင့်အတူ ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် နေထိုင်ရသည်ကို စိတ်ကူးကြည့်လော့။ ဘုရားသခင်က ၎င်းတို့ထံ သွားရောက် လည်ပတ်သော်လည်း၊ ၎င်းတို့က အဝတ်အချည်းစည်း ဖြစ်ကြသောကြောင့် ပုန်းကွယ်နေကြသည်။ ဘုရားသခင်သည် ၎င်းတို့ကို မမြင်နိုင်ပေ၊ ပြီးလျှင် ၎င်းတို့ကို သူက အော်ခေါ်လိုက်ပြီးနောက်၊ ၎င်းတို့က “ကျွန်ုပ်တို့ ကိုယ်ခန္ဓာများသည် အဝတ်အချည်းစည်း ဖြစ်နေသည့်အတွက် ကိုယ်တော်နှင့် မတွေ့ဝံ့ပါ။” ဟု ပြောကြသည်။ ၎င်းတို့သည် အဝတ်အချည်းစည်း ဖြစ်ကြသောကြောင့် ဘုရားသခင်ကို မတွေ့ဝံ့ကြပေ။ ထို့ကြောင့် ယေဟောဝါ ဘုရားသခင်သည် ၎င်းတို့အတွက် အဘယ်အရာကို လုပ်ဆောင်ပေးသနည်း။ မူရင်းစာသားက၊ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဟု ဆိုလေသည်။ ဤအရာမှ ၎င်းတို့၏ အဝတ်အစားများကို ဖန်တီးရန် ဘုရားသခင်က မည်သည့်အရာ အသုံးပြုခဲ့သည်ကို သင်တို့ နားလည်ကြပါသလော။ ဘုရားသခင်သည် ၎င်းတို့၏ အဝတ်အစားများကို ပြုလုပ်ပေးရန် တိရစ္ဆာန် သားရေများကို အသုံးပြုခဲ့သည်။ ဆိုလိုသည်မှာ အဝတ်အစားအဖြစ် ဝတ်ဆင်ဖို့ လူသားအတွက် သားမွေးဝတ်လုံများ ဖန်တီးခဲ့ပေသည်။ ဤအရာများမှာ လူသားအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သည့် ပထမဆုံးသော အဝတ်အစားများ ဖြစ်သည်။ ယနေ့စံနှုန်းများအရ သားမွေးဝတ်လုံသည် တန်ဖိုးကြီး ပစ္စည်းတစ်ခု ဖြစ်ပြီး၊ လူတိုင်း ဝတ်ဆင်ဖို့ တတ်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ဦးက သင့်ကို- ငါတို့၏ ဘိုးဘေးများ ဝတ်ဆင်ခဲ့သည့် ပထမဆုံးသော အဝတ်အစားမှာ မည်သည့်အရာနည်းဟု မေးခဲ့ပါက၊ သားမွေးဝတ်လုံဖြစ်သည်ဟု သင် ဖြေနိုင်သည်။ မည်သူသည် ဤသားမွေးဝတ်လုံကို ပြုလုပ်ခဲ့သနည်း။ ထိုအခါ သင်က- ဘုရားသခင် ပြုလုပ်ခဲ့သည်ဟု ပြန်ဖြေနိုင်သည်။ ယင်းမှာ အဓိကအချက်ဖြစ်သည်။ ဤအဝတ်အစားကို ဘုရားသခင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ဆွေးနွေးထိုက်သည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ငါ၏ ဖော်ပြချက်ကို ကြားပြီးနောက်၊ ပုံရိပ်တစ်ခု သင်တို့စိတ်ထဲတွင် ပေါ်လာပြီလော။ အနည်းဆုံး အကြမ်းဖျင်းပုံရိပ်တစ်ခု သင် ရှိသင့်သည်။ ယနေ့ သင်တို့ကို ဤအရာ ပြောပြရခြင်း၏ အဓိကချက်မှာ လူသား၏ ပထမဆုံးအဝတ်က အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြဖို့ မဟုတ်ပေ။ သို့ဆိုလျှင် ဆိုလိုရင်းက မည်သည့်အရာဖြစ်သနည်း။ ဆိုလိုရင်းမှာ သားရေဝတ်လုံ မဟုတ်ဘဲ- ဘုရားသခင်က ဤတွင် သူလုပ်ဆောင်ခဲ့သည့်အရာ၌ ထုတ်ဖော်ပြသည်နှင့်အမျှ- သူ၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူတို့ မည်သို့ သိရှိလာကြသည်ဆိုသည့်အချက် ဖြစ်သည်။

“အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဤအဖြစ်အပျက်တွင် အာဒံနှင့်ဧဝတို့နှင့် အတူရှိချိန်တွင် ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုး ဆောင်ရွက်သည်ကို ငါတို့ တွေ့ရသနည်း။ လူသားနှစ်ဦးတည်းနှင့်အတူ ဤလောကတွင် ဘုရားသခင်သည် မည်သည့် နည်းလမ်းဖြင့် မိမိကိုယ်ကိုယ် ထင်ရှားစေပါသနည်း။ သူသည် ဘုရားသခင်၏ အခန်းကဏ္ဍဖြင့် မိမိကိုယ်ကိုယ် ထင်ရှားစေသလော။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမများ ကျေးဇူးပြု၍ ဖြေကြလော့။ (မိဘတစ်ဦး၏ အခန်းကဏ္ဍဖြင့် ဖြစ်ပါသည်။) တောင်ကိုးရီးယားမှ ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမှ ပေါ်ထွန်းသည်ဟု သင်တို့ ထင်သနည်း။ (မိသားစု၏ ဦးသျှောင် ဖြစ်ပါသည်။) ထိုင်ဝမ်မှ ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သို့ထင်သနည်း။ (အာဒံနှင့်ဧဝတို့၏ မိသားစုရှိ တစ်စုံတစ်ဦး၏ အခန်းကဏ္ဍ၊ မိသားစုဝင် တစ်ဦး၏အခန်းကဏ္ဍမှ ဖြစ်ပါသည်။) သင်တို့ထဲမှ အချို့က ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိသားစုဝင်တစ်ဦးအဖြစ် ပေါ်ထွန်းသည်ဟု ထင်ပြီး၊ အချို့က ဘုရားသခင်သည် မိသားစု၏ ဦးစီးအနေနှင့် ပေါ်ထွန်းသည်ဟု ဆိုကြကာ အခြားသူတို့က မိဘအနေဖြင့်ဟု ပြောသည်။ ဤအရာအားလုံး အလွန် ဆီလျော်လှသည်။ သို့ရာတွင် ငါဆိုလိုသည့်အရာကို သင်တို့ မြင်ကြပါသလော။ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ၏အပေါင်းအဖော်များ အဖြစ် ဆက်ဆံခဲ့သည်။ ၎င်းတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် ၎င်းတို့၏ ဘဝများကို စောင့်ရှောက်ခဲ့ပြီး ၎င်းတို့၏ အစားအစာ၊ အဝတ်အစားနှင့် အမိုးအကာ လိုအပ်ချက်များကို ဂရုစိုက်ပေးခဲ့သည်။ ဤတွင် ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင် နေစဉ်တွင်၊ ဘုရားသခင် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု၊ သူ၏နက်နဲမှုနှင့် အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ သူမြင်သမျှမှာ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏ပူပန်မှုနှင့် လူသားအတွက် သူ၏တာဝန်ရှိခြင်းနှင့် ဂရုစိုက်မှုတို့ ဖြစ်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဆက်ဆံခဲ့သည့် သဘောထားနှင့် နည်းလမ်းသည် မိဘများက ၎င်းတို့သားသမီးအတွက် ပူပန်မှုကို ပြသပုံနှင့် ဆင်တူသည်။ ယင်းသည် မိဘများသည် မိမိတို့၏ကိုယ်ပိုင် သားသမီးများကို ချစ်သည့်နည်းလမ်း၊ ကြည့်ရှုစောင့်ရှောက်ကာ ဂရုစိုက်သည့် နည်းလမ်းနှင့်လည်း ဆင်တူသည်- စစ်မှန်သည်၊ ထင်သာမြင်သာရှိကာ လက်ဆုပ်လက်ကိုင်ပြ၍ရနိုင်၏။ မိမိကိုယ်ကိုယ် မြင့်မားပြီး တန်ခိုးကြီးမားသည့် နေရာတစ်ခုတွင် ချီးမြှောက်မည့်အစား၊ ဘုရားသခင်သည် လူသားအတွက် အဝတ်အစားပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားမွေးဝတ်လုံကို ၎င်းတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ ၎င်းတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်မှာ လူ့ကိုယ်ခန္ဓာကို ဖုံးကာဖို့အတွက်ဖြစ်သည့် ဤအဝတ်အစားသည် ဘုရားသခင်က မိမိ၏ ကိုယ်ပိုင်လက်များဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်မည်ဟု လူတို့ စိတ်ကူးသကဲ့သို့ အတွေးသက်သက်ဖြင့် အဝတ်အစားကို ဖြစ်တည်စေခြင်း သို့မဟုတ် အခြား အံ့ဩဖွယ် နည်းလမ်းအချို့ကို အသုံးပြုခြင်းထက် ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် လုပ်မည်မဟုတ်သကဲ့သို့ လုပ်လည်း မလုပ်သင့်ဟု ထင်ထားသည့်အရာတစ်ခုကို တရားဝင် လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ အသေးအဖွဲ အရာတစ်ခုကဲ့သို့ ထင်ရသော်လည်း- အချို့က ဖော်ပြန်ရန်ပင် မထိုက်တန်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း- ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ မရေရာသည့် ယူဆချက်များနှင့် ပတ်ချာဝိုင်းခံရသည့် ဘုရားသခင်၏ မည်သည့် နောက်လိုက်ကိုမဆို သူ၏ စစ်မှန်မှုနှင့် ချစ်ခင်ဖွယ်ကောင်းခြင်းထဲသို့ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိခွင့်ပေးပြီး၊ သူ၏ သစ္စာရှိခြင်းနှင့် နှိမ့်ချမှုတို့ကို မြင်တွေ့ခွင့် ပေးလေသည်။ ယင်းက ၎င်းတို့သည် မြင့်မားပြီး အစွမ်းကြီးမားသည်ဟု ထင်ကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့် လူတို့ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့တွင် အရှက်ဖြင့် မိမိတို့၏ စိတ်ကြီးဝင်သော ဦးခေါင်းများကို ကိုင်းညွတ်စေသည်။ ဤတွင် ဘုရားသခင်၏ စစ်မှန်မှုနှင့် နှိမ့်ချခြင်းတို့က သူ မည်မျှ ချစ်ဖွယ်ဖြစ်သည်ကို လူတို့အား နောက်ထပ် မြင်တွေ့နိုင်စေလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏စိတ်နှလုံးများထဲတွင် လူတို့ ကိုင်စွဲထားကြသည့် “အလွန့်အလွန် ကြီးမားသည့်” ဘုရားသခင်၊ “ချစ်ဖွယ်ကောင်းသည့်” ဘုရားသခင်နှင့် “အရာခပ်သိမ်း တတ်နိုင်စွမ်းရှိသည့်” ဘုရားသခင်သည် မဖြစ်စလောက်ဖြစ်ပြီး အကျည်းတန်လာကာ အနည်းငယ်မျှ တို့ထိသည်နှင့် တစ်စစီပျက်စီးသွားသည့်အရာ ဖြစ်လာပြီဖြစ်သည်။ သင့်အနေဖြင့် ဤကျမ်းပိုဒ်ကို မြင်ပြီး ဤအဖြစ်အပျက်ကို ကြားသည့်အခါ၊ ထိုသို့သောအရာကို ဘုရားသခင် လုပ်ဆောင်ခဲ့သောကြောင့် သူကို သင် အထင်သေးပါသလော။ လူအချို့က အထင်သေးကောင်း အထင်သေးမည်၊ သို့သော် အခြားသူများက ဆန့်ကျင်ဘက်ဖြစ်သည့် တုန့်ပြန်မှု ရှိကြလိမ့်မည်။ ဘုရားသခင်သည် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ထင်မြင်ကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို တို့ထိသည်မှာ ဘုရားသခင်၏စစ်မှန်မှုနှင့် ချစ်ဖွယ်ကောင်းမှု အတိအကျဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သောဘက်ကို ၎င်းတို့ သာ၍မြင်လေ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အမှန်တကယ်တည်ရှိမှု၊ ၎င်းတို့ စိတ်နှလုံးသားထဲက ဘုရားသခင်၏ အရေးပါမှုနှင့် အချိန်တိုင်း၌ ၎င်းတို့ နံဘေးတွင် ဘုရားသခင် ရပ်တည်ပုံတို့ကို ၎င်းတို့ သာ၍ အသိအမှတ်ပြုနိုင်လေ ဖြစ်သည်။

ယခု ငါတို့၏ဆွေးနွေးမှုကို ပစ္စုပ္ပန်ကာလနှင့် ပြန်ချိတ်ဆက်ကြစို့။ အစအဦး၌ သူဖန်ဆင်းခဲ့သည့် လူသားများအတွက် ဘုရားသခင်သည် အမျိုးမျိုးသော ဤသေးငယ်သည့်အရာလေးများ၊ လူတို့ မတွေးဝံ့သည့်အရာများ သို့မဟုတ် မမျှော်လင့်ဝံ့သည့် အရာများကိုပင် လုပ်ဆောင်ပေးနိုင်ပါက၊ ယနေ့ လူတို့အတွက် ဘုရားသခင်သည် ထိုသို့သော အရာများကို လုပ်ဆောင်နိုင်မည်လော။ အချို့လူများက “လုပ်နိုင်သည်” ဟုပြောကြသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အနှစ်သာရသည် အယောင်ဆောင်ထားခြင်း မဟုတ်သောကြောင့် ဖြစ်ပြီး၊ သူ၏ ချစ်ဖွယ်ကောင်းခြင်းသည် အယောင်ဆောင်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ်တည်ရှိပြီး အခြားလူများ ဖြည့်စွက်ထားသည့်အရာတစ်ခု မဟုတ်သကဲ့သို့၊ မတူညီသော အချိန်များ၊ နေရာများနှင့် ခေတ်ကာလများနှင့်အတူ ပြောင်းလဲသည့်အရာတစ်ခု သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ စစ်မှန်မှုနှင့် ချစ်ခင်ဖွယ်ဖြစ်ခြင်းတို့သည် မထူးခြားသကဲ့သို့ အရေးမပါသည့်အရာဟု လူများထင်ကြသည့် အရာတစ်ခု- မဖြစ်စလောက် ဖြစ်လွန်းသဖြင့် တစ်ချိန်ချိန်တွင် ဘုရားသခင် လုပ်ဆောင်မည်ဟု လူတို့ ထင်ပင်မထင်ထားကြသည့် အရာတစ်ခုကို- လုပ်ဆောင်ခြင်းအားဖြင့်သာ အမှန်တကယ် ဖြစ်ပေါ်လာနိုင်ပေသည်။ ဘုရားသခင်သည် လေလုံးမထွားပေ။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတွင် ချဲ့ကားခြင်း၊ ဟန်ဆောင်ခြင်း၊ ပလွှားမှု သို့မဟုတ် မာနထောင်လွှားခြင်းတို့ မရှိပေ။ သူသည် မည်သည့်အခါတွင်မျှ မကြွားဝါဘဲ၊ ယင်းအစား သစ္စာရှိခြင်းနှင့် စိတ်ရင်းအမှန်တို့ဖြင့် သူဖန်ဆင်းခဲ့သည့် လူသားများကို ချစ်ခင်သည်၊ ပူပန်မှုပြသည်၊ စောင့်ရှောက်ပြီး ဦးဆောင်လမ်းပြလေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို လူများက မည်မျှနည်းပါးစွာ အသိအမှတ်ပြုနိုင်သည်ဖြစ်စေ၊ ခံစားနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မြင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို လုပ်ဆောင်နေသည်မှာ အသေချာဆုံး ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သော အနှစ်သာရရှိသည်ကို သိရှိခြင်းက သူ့ကို လူတို့၏ ချစ်ခြင်းအား သက်ရောက်မှု ရှိမည်လော။ ဘုရားသခင်အား ၎င်းတို့၏ ကြောက်ရွံ့ခြင်းကို လွှမ်းမိုးသွားမည်လော။ သင်သည် ဘုရားသခင်၏စစ်မှန်သည့် ဘက်ကို နားလည်သောအခါတွင်၊ သင်သည် သူနှင့် တိုး၍ပင် နီးကပ်လိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို သာ၍ အမှန်တကယ် အသိအမှတ်ပြုနိုင်လိမ့်မည် ဖြစ်သည့်အပြင်၊ သင်၏ နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူနှင့်ပတ်သက်သည့် မသင်္ကာမှုများနှင့် ယုံမှားသံသယများမှ ကယ်တင်ခံရလိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် လူသားအတွက် အရာရာတိုင်းကို တိတ်ဆိတ်စွာ လုပ်ဆောင်ပေးနေသည်၊ ထိုအရာအားလုံးကို သူ၏စိတ်ရင်းအမှန်၊ သစ္စာရှိမှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် တိတ်ဆိတ်စွာ လုပ်ဆောင်ပေးနေသည်။ သို့သော် သူသည် သူလုပ်ဆောင်သည့် မည်သည့်အရာမဆိုနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုများ သို့မဟုတ် နောင်တရမှုများ တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူ့ကို တစ်နည်းနည်းနှင့်ပြန်ပေးဆပ်ဖို့ မည်သူ့ကိုမျှ တစ်ကြိမ်တစ်ခါမျှ မလိုအပ်ခဲ့ပေ သို့မဟုတ် လူသားမျိုးနွယ်ထံမှ တစ်ခုခုကို ရရှိခြင်းငှာ ရည်ရွယ်ချက်များလည်း မရှိဖူးပေ။ သူလုပ်ဆောင်ဖူးသည့်အရာများ အားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို သူရရှိနိုင်ရန်ဖြစ်သည်။ ယင်းနှင့်အတူ၊ ပထမအကြောင်းအရာကို ဤနေရာတွင် ငါ အဆုံးသတ်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

အမှာစကား ချန်ခဲ့မည်