စာရင်း

လူသားမျိုးနွယ်၏ နှစ်သက်ပျော်ရွှင်ဖွယ် ခရီးပန်းတိုင်သည် မည်သည့်အရာနှင့် တူလိမ့်မည်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွှေသွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာ မရှိ။ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသော အသံကား၊ ဘုရား သခင်၏ တဲကော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။” (ဗျာဒိတ်ကျမ်း ၂၁:၁-၄)

“ထိုမြို့သည် နေ၏အရောင်၊ လ၏ အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော် သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။ လူအမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု ၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညဉ့်မူကား မရှိ။ လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။ တဖန်၊ ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက် သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ် နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေ တတ်၏။ အရွက်သည်လည်းလူအမျိုးမျိုး တို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။ နောက်တဖန် ကျိန်ခြင်းဘေးတစုံတခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင် နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့ သည် ဘုရားဝတ်ကို ပြုကြ လိမ့်မည်။ မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ရေးထား လျက်ရှိလိမ့်မည်။ ထိုမြို့၌ညဉ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတံ့။” (ဗျာဒိတ်ကျမ်း ၂၁:၂၃-၂၂:၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံသည်နှင့်အမျှ၊ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တဖြည်းဖြည်း ပုံဖော်လာသကဲ့သို့၊ လူသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်၊ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲက နိုင်ငံတော်ကို ကမ္ဘာမြေပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများအားလုံးသည် ပုံမှန်လူ၏ အသက်တာကို ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ကုန်ဆုံးသွားပြီး၊ နွေဦးရာသီက တစ်နှစ်ပတ်လုံး ကြာသည့် နွေဦးမြို့တော်များနှင့်ဆိုင်သော လောကတစ်ခုဖြင့် အစားထိုး လိုက်သည်။ လူတို့သည် မှုန်မှိုင်းနေသော၊ စိတ်ပျက်ဖွယ်ကောင်းသည့် လူ့လောကကို ရင်မဆိုင်ရတော့ဘဲ၊ လူ့လောက၏ အေးသော အအေးဓာတ်ကို ကြံ့ကြံ့မခံရတော့ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြပေ၊ နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် ကမ္ဘာမြေအနှံ့ သွားသည်၊ ငါသည် ငါ့ပလ္လင်ထက်မှ မွေ့လျော်ခံစားပြီး၊ ကြယ်များအလယ်တွင် ငါ နေထိုင်သည်။ ကောင်းကင်တမန်များသည် ငါ့ကို အသစ်သောသီချင်းများနှင့် အသစ်သောအကများကို ပူဇော်ကြသည်။ ၎င်းတို့၏ ထိခိုက်လွယ်ခြင်းသည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များ မယိုစီးစေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့သကဲ့သို့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခနှင့်သက်ဆိုင်၍ မညည်းတွားတော့ပေ။ ယနေ့တွင် သင်တို့အားလုံးသည် ငါ့ရှေ့မှောက်တွင် အသက်ရှင်ကြသည်။ မနက်ဖြန်တွင် သင်တို့အားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် တည်ရှိကြလိမ့်မည်။ ဤသည်မှာ လူသားအပေါ် ငါအပ်နှင်းသည့် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ“အခန်း ၂၀” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

နိုင်ငံတော်သည် ကမ္ဘာမြေပေါ်သို့ လုံးဝဆင်းသက်သည့်အခါ၊ လူအပေါင်းတို့သည် ၎င်းတို့၏ မူလပုံသဏ္ဌာန်ကို ပြန်ရရှိကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က “ငါသည် ငါ့ပလ္လင်ထက်မှ မွေ့လျော်ခံစားပြီး၊ ကြယ်များအလယ်တွင် ငါ နေထိုင်သည်။ ကောင်းကင်တမန်များသည် ငါ့ကို အသစ်သောသီချင်းများနှင့် အသစ်သော အကများကို ပူဇော်ကြသည်။ ၎င်းတို့၏ ထိခိုက်လွယ်ခြင်းသည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များ မယိုစီးစေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့သကဲ့သို့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခနှင့်သက်ဆိုင်၍ မညည်းတွားတော့ပေ။” ဟု ပြောပေသည်။ ဤအရာက ပြီးပြည့်စုံသည့် ဘုန်းအသရေကို ဘုရားသခင် ရရှိသည့် နေ့ရက်သည် လူသားက သူ၏ ငြိမ်သက်ခြင်း ချမ်းသာကို မွေ့လျော်ရာနေ့ ဖြစ်သည်ကို ပြ၏၊ လူတို့သည် စာတန်၏နှောင့်ယှက်မှု အကျိုးဆက်အနေဖြင့်၊ ဟိုဟိုသည်သည် မပြေးလွှားတော့ပေ၊ လောကသည် ရှေ့သို့ တိုးတက်နေခြင်းကို ရပ်တန့်ကာ လူတို့သည် ငြိမ်သက်ခြင်းချမ်းသာ၌ အသက်ရှင်ကြသည်- အကြောင်းမှာ မိုးကောင်းကင်ရှိ ကြယ်အသင်္ချေတို့သည် အသစ်ပြုပြင်ခြင်းခံရပြီး၊ နေ၊ လ၊ ကြယ်များ အစရှိသည်တို့နှင့် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ တောင်များနှင့် မြစ်များအားလုံး ပြောင်းလဲကြသည့်အတွက် ဖြစ်သည်။ ပြီးလျှင် လူသားသည် ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်သည် ပြောင်းလဲပြီးဖြစ်သောကြောင့်၊ အရာခပ်သိမ်းတို့သည်လည်း ပြောင်းလဲကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အန္တိမ ရည်မှန်းချက် ဖြစ်ပြီး၊ ဤသည်မှာ နောက်ဆုံး၌ စွမ်းဆောင်ရရှိမည့်အရာဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ“အခန်း ၂၀” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။ အို၊ ဖောက်ပြန်ပျက်စီးသော လောကဟောင်း။ အဆုံး၌ ၎င်းသည် ညစ်ညူးသော ရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ။ အို၊ ငါ၏ဖန်ဆင်းရာ၊ လူသားမျိုးနွယ်ပေါင်းတို့။ အဆုံးတွင် ၎င်းတို့သည် အလင်း၌ နောက်တစ်ဖန် အသက်ပြန်ရှင်လာ၍ အသက်ရှင်သန်ရေးအတွက် အခြေခံအုတ်မြစ်ကို ရှာတွေ့ကာ ရွှံ့ထဲ၌ ရုန်းကန်နေရခြင်း မရှိကြတော့ပေ။ အို၊ ငါ၏လက်အတွင်း ငါကိုင်ထားသော မြောက်မြားလှသည့် ဖန်ဆင်းခြင်းအရာတို့။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များအားဖြင့် အသစ်ပြုပြင်ခြင်းကို မခံရဘဲ မည်သို့နေနိုင်မည်နည်း။ အလင်းထဲ၌ ၎င်းတို့၏ လုပ်ငန်းများကို အကောင်အထည်မဖော်ဘဲ မည်သို့နေနိုင်မည်နည်း။ မြေကြီးသည် သုသာန်တစပြင်ပမာ ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ၊ ကောင်းကင်သည် တိတ်ဆိတ်ခြောက်ကပ်လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးသည် ဟင်းလင်းပြင်ဖြင့် ခွဲခြားခံထားရခြင်းမရှိတော့ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားကာ မည်သည့်အခါမျှ တစ်ဖန်အခွဲခံရတော့မည် မဟုတ်ပေ။ ဝမ်းမြောက်ဖွယ်ရာ ဤအခါသမယ၊ ပီတိဖြစ်ဖွယ်ရာ ဤအခါသမယတွင် ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏သန့်ရှင်းခြင်းသည် စကြဝဠာတစ်ခွင်လုံး ပြန့်သွားခဲ့ပြီ၊ ထို့ပြင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့ကို မရပ်မနား ထောမနာပြုကြ၏။ ကောင်းကင်မြို့များသည် ဝမ်းမြောက်မှုဖြင့် ရယ်မောနေကြကာ မြေကြီး၏ နိုင်ငံတော်သည် ဝမ်းမြောက်မှုဖြင့် ကလျက်နေ၏။ ဤအချိန်တွင် မဝမ်းမြောက်နေသောသူ မည်သူရှိသနည်း၊ ထို့အပြင် ဤအချိန်၌ မငိုကြွေးနေသောသူ မည်သူရှိသနည်း။ ကမ္ဘာဦးအနေအထားတွင် ရှိနေသည့် မြေကြီးသည် ကောင်းကင်နှင့် သက်ဆိုင်ကာ ကောင်းကင်သည် မြေကြီးနှင့် ပေါင်းစည်းထား၏။ လူသားသည် ကောင်းကင်နှင့် မြေကြီးကို ပေါင်းစည်းထားသော ကြိုးဖြစ်၍ လူသား၏ မွန်မြတ်သန့်စင်မှုကြောင့်၊ လူသား၏ အသစ်ပြုပြင်မှုကြောင့် ကောင်းကင်သည် မြေကြီးမှ ကွယ်ဝှက်နေခြင်း မရှိတော့သကဲ့သို့ မြေကြီးသည်လည်း ကောင်းကင်အပေါ် နှုတ်ဆိတ်နေခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်၏ မျက်နှာများသည် အားရကျေနပ်ခြင်း အပြုံးများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတို့၏ နှလုံးသားထဲတွင် အကန့်အသတ်မရှိသော ချိုမြိန်မှုတစ်ရပ်ကို ဝှက်ထား၏။ လူသားအချင်းချင်း ခိုက်ရန်မဖြစ်ကြသကဲ့သို့ ထ၍လည်း မသတ်ကြပေ။ ငါ၏အလင်းထဲတွင် အခြားသူများနှင့် ငြိမ်းချမ်းစွာ မနေသူများ ရှိသလော။ ငါ၏နေ့ရက်၌ ငါ၏နာမကို အရှက်ရစေသူများ ရှိသလော။ လူသားအားလုံးသည် ရိုသေလေးမြတ်သော အကြည့်ဖြင့် ငါ့ကို ငေးစိုက်ကြည့်ကြပြီး ၎င်းတို့၏နှလုံးသားများထဲ၌ ငါ့ကို လျှို့ဝှက်စွာ အော်ခေါ်ကြ၏။ ငါသည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို ရှာဖွေခဲ့ပြီးဖြစ်၏- သန့်စင်ခြင်းခံရပြီးသော လူသားတို့အကြားတွင် ငါ့ကို မနာခံသူ တစ်ဦးမျှ မရှိ၊ ငါ့အပေါ် တရားစီရင်ချက် ချမှတ်သူ တစ်ဦးမျှ မရှိပေ။ လူသားမျိုးနွယ်အားလုံးသည် ငါ၏စိတ်သဘောထားဖြင့် ပြည့်ဝနေ၏။ လူတိုင်းသည် ငါ့ကို သိကျွမ်းလာနေကြ၍ ငါ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်လာကြကာ ငါ့အား ချစ်ခင်စုံမက်နေကြ၏။ ငါသည် လူသား၏ဝိညာဉ်၌ ခိုင်မြဲစွာ ရပ်တည်နေပြီး လူသား၏မျက်လုံးများထဲတွင် အမြင့်ဆုံးသော အထွတ်အထိပ်သို့ ချီးမြှောက်ခြင်း ခံရကာ လူသား၏သွေးကြောများထဲရှိ သွေးထဲတွင် စီးဆင်းနေ၏။ လူသား၏နှလုံးသားထဲရှိ ဝမ်းမြောက်ခြင်းပီတိသည် မြေမျက်နှာပြင်ရှိ နေရာတိုင်းတွင် ပြည့်နှက်နေ၏။ လေသည် အေးမြလတ်ဆတ်လျက်ရှိ၏။ သိပ်သည်းသော မြူတို့သည် မြေပြင်ကို ဖုံးလွှမ်းနေခြင်း မရှိတော့ဘဲ နေသည် တောက်ပခံ့ညားစွာ ထွန်းလင်းနေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ“အခန်း ၁၈” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ငါ၏ အလင်းတွင်၊ လူတို့သည် အလင်းကို တစ်ဖန် မြင်ကြ၏။ ငါ၏ နှုတ်ကပတ်တော်ထဲတွင်၊ လူတို့သည် ၎င်းတို့ မွေ့လျော်သည့် အရာများကို ရှာတွေ့ကြ၏။ ငါသည် အရှေ့အရပ်မှ လာ၏၊ အရှေ့အရပ်မှ ငါ နှုတ်ခွန်းဆက်သည်။ ငါ၏ ဘုန်းအသရေ ထွန်းတောက်သည့်အခါ၊ တိုင်းနိုင်ငံအားလုံးသည် ထွန်းလင်းကြ၏၊ အားလုံး အလင်းသို့ ဆောင်ယူခြင်းခံရကြ၏၊ အမှောင်ထဲတွင် တစ်ခုမျှ မကျန်ရှိပေ။ နိုင်ငံတော်ထဲတွင်၊ ဘုရားသခင်နှင့်အတူ ဘုရားသခင်၏လူတို့ အသက်ရှင်ကြသော အသက်တာသည် အတိုင်းထက်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ရေထုသည် လူတို့၏ မင်္ဂလာရှိသော အသက်တာများ၌ ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြသည်၊ တောင်များသည် ငါ၏ အလျှံပယ်ရှိခြင်းကို လူတို့နှင့်အတူ မွေ့လျော်ကြ၏။ လူအားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် ကြိုးပမ်းနေကြသည်၊ ကြိုးစားလုပ်ဆောင်နေကြသည်၊ ၎င်းတို့၏ သစ္စာစောင့်သိခြင်းကို ပြသနေကြသည်။ နိုင်ငံတော်ထဲတွင်၊ ပုန်ကန်ခြင်း မရှိတော့ပေ၊ ခုခံခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးတို့သည် အချင်းချင်း မှီခိုကြသည်၊ လူသားနှင့် ငါသည် ဘဝ၏ ချိုမြိန်သော ကြီးစွာဝမ်းမြောက်ခြင်းများ တစ်လျှောက်၊ တစ်ဦးကိုတစ်ဦး အားထားလျက် နက်ရှိုင်းသော ခံစားချက်ဖြင့် ချဉ်းကပ်ကြ၏။...ဤအချိန်တွင်၊ ငါသည် ကောင်းကင်ဘုံ၌ ငါ၏ အသက်တာကို စနစ်တကျ စတင်သည်။ စာတန်၏ နှောင့်ယှက်မှု မရှိတော့သကဲ့သို့ လူတို့သည် ချမ်းသာထဲသို့ ဝင်စားကြ၏။ စကြဝဠာတစ်လျှောက်လုံးတွင်၊ ငါ၏ အရွေးချယ်ခံ လူတို့သည် ငါ၏ ဘုန်းအသရေအတွင်း၌ အသက်ရှင်ကြပြီး၊ လူတို့အလယ် အသက်ရှင်နေသည့် လူများကဲ့သို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့်အတူ အသက်ရှင်သည့် လူများကဲ့သို့ တုနှိုင်းမမှီ ကောင်းကြီးခံစားရကြသည်။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ဖြတ်သန်းကြရပြီးဖြစ်ကာ ဘဝ၏ ခါးသီးမှုနှင့် ချိုမြိန်မှု အနည်အနှစ်ကို သောက်သုံးကြရပြီးဖြစ်သည်။ ယခုတွင်၊ ငါ၏ အလင်းတွင် အသက်ရှင်ရင်း၊ အဘယ်သို့ မဝမ်းမြောက်ဘဲ နေနိုင်မည်နည်း။ ဤနှစ်သက်ဖွယ်သော အခိုက်အတန့်ကို အဘယ်သို့ ပေါ့ပေါ့တန်တန် စွန့်လွှတ်ပြီး တစ်စတစ်စ လက်လွှတ် ဆုံးရှုံးနိုင်မည်နည်း။ အသင် လူတို့။ သင်တို့ စိတ်နှလုံးများထဲတွင် ငါ့အတွက် သီချင်းသီဆိုပြီး ဝမ်းမြောက်မှုဖြင့် ကခုန်ကြလော့။ သင်တို့၏ စစ်မှန်သော စိတ်နှလုံးများကို ချီမကာ ငါ့ထံ ပူဇော်ကြလော့။ သင်တို့၏ စည်များကို တီးကြပြီး ငါ့အတွက် ဝမ်းမြောက်စွာ တီးခတ်ကြလော့။ ငါသည် ငါ၏ ဝမ်းမြောက်ပျော်ရွှင်ခြင်းကို စကြဝဠာတစ်လျှောက် ဖြာထွက်စေ၏။ ငါ၏ အသရေတင့်တယ်သော မျက်နှာကို လူတို့အား ငါထုတ်ဖော်ပြ၏။ ငါသည် ကျယ်သောအသံဖြင့် ဟစ်ကြွေးမည်။ စကြဝဠာကို ငါ ကျော်လွန်မည်။ ငါသည် လူတို့အလယ် စိုးစံနှင့်ပြီ။ ငါသည် လူတို့၏ ချီးမြှောက်ခြင်းခံရ၏။ အထက်ကောင်းကင်ပြာ၌ ငါသည် တဖြည်းဖြည်းသွားပြီး လူတို့သည် ငါနှင့်အတူ လျှောက်လှမ်းသွားကြသည်။ လူတို့အလယ် ငါ လျှောက်လှမ်းကာ ငါ၏ လူတို့သည် ငါ့ကို ဝန်းရံကြသည်။ လူတို့၏ စိတ်နှလုံးများ ဝမ်းမြောက်ကြ၏၊ ၎င်းတို့၏ သီချင်းများက အမြင့်ဆုံးကောင်းကင်ဘုံကို အက်ကွဲသွားစေရင်း စကြဝဠာကို လှုပ်ခါကြ၏။ စကြဝဠာသည် မြူဖြင့် မပိတ်ဖုံးတော့ပေ။ ရွှံ့နွံများ မရှိတော့ပေ၊ အညစ်အကြေး စုဝေးမှု မရှိတော့ပေ။ စကြဝဠာ၏ သန့်ရှင်းသူများတို့။ သင်တို့သည် ငါ၏စစ်ဆေးမှုအောက်တွင် သင်တို့၏ စစ်မှန်သော မျက်နှာထားကို ပြကြ၏။ သင်တို့သည် အညစ်အကြေးဖြင့် ဖုံးလွှမ်းသော လူများမဟုတ်ဘဲ၊ ကျောက်စိမ်းကဲ့သို့ သန့်စင်သော သန့်ရှင်းသူများဖြစ်၏၊ သင်တို့အားလုံးသည် ငါ၏နှစ်သက်မြတ်နိုးရသူများ ဖြစ်ကြ၏၊ သင်တို့သည် ငါ၏ ပျော်ရွှင်ဝမ်းမြောက်မှု ဖြစ်ကြ၏။ အရာခပ်သိမ်းသည် အသက်ပြန်ရှင်လာကြ၏။ သန့်ရှင်းသူများအားလုံးသည် ငါ၏ နွေးထွေးသော ထွေးပွေ့မှုထဲ ဝင်ရောက်ရင်း၊ ငိုကြွေးခြင်းမရှိတော့၊ စိုးရိမ်ပူပန်ခြင်းမရှိတော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် ငါ့ထံ ဆက်ကပ်ရင်း၊ ငါ၏ အိမ်သို့ ပြန်လာကြရင်း ကောင်းကင်ဘုံတွင် ငါ့ကို အစေခံရန် ပြန်လာကြ၏၊ ပြီးလျှင် ၎င်းတို့၏ ဇာတိမြေတွင် ငါ့ကို စဉ်ဆက်မပြတ် ချစ်ခင်ကြလိမ့်မည်။ ထာဝရကာလပတ်လုံး ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိပေ။ ဝမ်းနည်းပူဆွေးမှုသည် အဘယ်မှာနည်း။ မျက်ရည်များသည် အဘယ်မှာနည်း။ ဇာတိပကတိသည် အဘယ်မှာနည်း။ ကမ္ဘာမြေကြီး ကုန်လွန်သွားသော်လည်း ကောင်းကင်သည် ထာဝရဖြစ်၏။ လူအပေါင်းတို့ထံ ငါ ပေါ်ထွန်းပြီး လူအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ ဤအသက်တာ၊ ဤအလှတရား၊ ရှေးအတီတေ အချိန်ကာလမှ အဆုံးသတ်ကာလအထိ၊ ပြောင်းလဲမည်မဟုတ်။ ဤသည်မှာ နိုင်ငံတော် အသက်တာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူမျိုးအပေါင်းတို့၊ဝမ်းမြောက်ကြလော့။” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ငါ၏ဉာဏ်ပညာသည် မြေတစ်ပြင်လုံးနှင့် စကြဝဠာ တစ်ဝှမ်းလုံးတွင် တည်ရှိနေသည်။ အရာအားလုံးအကြားတွင် ငါ၏ဉာဏ်ပညာ အသီးအပွင့်တို့ တည်ရှိနေပြီး လူအားလုံးတို့၏ အကြားတွင် ငါ့ဉာဏ်ပညာ၏ အပြောင်မြောက်ဆုံးသော အရာများ ပေါက်ပွားကြသည်။ အရာခပ်သိမ်းသည် ငါ၏ နိုင်ငံတော်ထဲ၌ ရှိနေသော အရာအားလုံးကဲ့သို့ ဖြစ်ကြပြီး၊ လူအားလုံးသည် ငါ၏စားကျက်၌ရှိသော သိုးများကဲ့သို့ ငါ၏ ကောင်းကင်အောက်၌ ငြိမ်းချမ်းစွာ နေထိုင်ကြသည်။ ငါသည် လူသားအားလုံး အပေါ်၌ ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်မျှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ အနားယူပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိပြီး ငါသည် လုံးလုံးလျားလျား စိတ်ကျေနပ်နေသည်၊ အကြောင်းမှာ အရာအားလုံးသည် မိမိတို့၏ သန့်ရှင်းခြင်းကို ပြန်လည်ရရှိခဲ့ကြကာ ငါသည် ဇိအုန်အထဲတွင် တဖန် ငြိမ်သက်စွာ နေထိုင်နိုင်ပြီး မြေကြီးပေါ်၌ရှိသော လူတို့သည် ငါ၏ လမ်းပြမှုအောက်၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်၍ ကျေနပ်ရောင့်ရဲမှုနှင့် အသက်ရှင်နိုင် ကြသောကြောင့်ပင် ဖြစ်သည်။ လူသားအားလုံးသည် ငါ၏လက်ထဲရှိ အရာအားလုံးကို စီမံနေကြသည်၊ လူသားအားလုံးသည် သူတို့၌ အရင်ကရှိခဲ့သော အသိဉာဏ်နှင့် မူလပုံပန်း သဏ္ဌာန်ကို ပြန်လည်ရရှိခဲ့ကြသည်။ သူတို့သည် မြေမှုန့်အားဖြင့် ဖုံးအုပ်ခြင်း မခံရတော့ဘဲ၊ ငါ၏ နိုင်ငံတော်ထဲ၌ သူတို့သည် ကျောက်စိမ်းကဲ့သို့ သန့်ရှင်းကြပေသည်၊ တစ်ယောက်စီတို့၏ မျက်နှာသည် လူသား၏နှလုံးသားထဲ၌ ရှိနေသော သန့်ရှင်းသောသူ၏ မျက်နှာ ရှိကြသည်။ အကြောင်းမှာ ငါ၏ နိုင်ငံတော်သည် လူသားတို့၏အကြား၌ တည်ထောင်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ“အခန်း ၁၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

“ငါသည် လူသားအားလုံး အပေါ်၌ ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်မျှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ အနားယူပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိသည်...” ယင်းမှာ ဘုရားသခင်၏ လက်ရှိအလုပ်၏ ရလဒ်ပင် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသောသူများ အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်သို့ ပြန်ပြောင်းကြပြီး၊ ယင်းအရာကြောင့် နှစ်ပေါင်းများစွာ ဝေဒနာခံခဲ့ရသော ကောင်းကင်တမန်တို့သည် လွတ်မြောက်ကြကာ၊ “၎င်းတို့၏မျက်နှာများသည် လူသား၏နှလုံးသားထဲ၌ ရှိနေသော သန့်ရှင်းသောသူ၏ မျက်နှာ ရှိကြသည်။” ဟု ဘုရားသခင် ပြောသည့်အတိုင်းပင် ဖြစ်သည်။ ကောင်းကင်တမန်များသည် ကမ္ဘာမြေကြီးပေါ်တွင် လုပ်ဆောင်ပြီး ဘုရားသခင်အား အစေခံကြသည့်အတွက်နှင့်၊ ဘုရားသခင်၏ ဘုန်းတော်သည် လောကတစ်ဝှမ်းတွင် ပျံ့နှံ့သည့်အတွက်၊ ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးသို့ ယူဆောင်ခံရကာ၊ ကမ္ဘာမြေကြီးသည် ကောင်းကင်ဘုံသို့ ချီမသွားခြင်းကို ခံရသည်။ ထို့ကြောင့်ပင် လူသားသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား ဆက်သွယ်ပေးသော အချိတ်အဆက် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးသည် ဝေးကွာခြင်း မရှိတော့ဘဲ၊ ကင်းကွာခြင်း မရှိတော့ဘဲ၊ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ပေါင်းဆက်သွားသည်။ ကမ္ဘာလောကကြီး တစ်ခုလုံးတွင်၊ ဘုရား သခင်နှင့် လူသားသာ တည်ရှိသည်။ မြေမှုန့် သို့မဟုတ် အညစ်အကြေးလည်း မရှိဘဲ၊ အရာအားလုံးသည် အသစ်လဲကြပြီး၊ ကောင်းကင်အောက် စိမ်းလန်းသော မြက်ခင်းပြင်တွင် လဲလျောင်းနေသော သိုးငယ်လေး တစ်ကောင်ကဲ့သို့၊ ဘုရားသခင်၏ ကျေးဇူးတော် အားလုံးကို မွေ့လျော်ခံစားလျက် ရှိကြသည်။ ဤစိမ်းလန်းခြင်း ဆိုက်ရောက်လာမှုကြောင့် အသက်ဇီဝသည် ထွန်းလင်းခြင်းဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူသား၏ဘေးတွင် ထာဝရကာလတိုင် နေထိုင်ရန်အလို့ငှာ လောကကြီးထဲသို့ ကြွဆင်းလာခြင်းကြောင့် ဖြစ်သည်၊ “ငါသည် ဇိအုန်အထဲတွင် တဖန် ငြိမ်သက်စွာ နေထိုင်နိုင်ပြီး။” ဟူ၍ ဘုရားသခင်၏ နှုတ်မှ ပြောခဲ့သည့် အတိုင်းပင် ဖြစ်သည်။ ဤအရာသည် စာတန်၏ရှုံးနိမ့်မှု သင်္ကေတပင် ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် အနားယူရာ ရက်ပင်ဖြစ်ပြီး၊ ဤနေ့ရက်သည် လူအားလုံး၏ ချီးမွမ်းထောမနာပြုခြင်းနှင့် ကြွေးကြော်ခြင်းအား ခံရမည်ဖြစ်ကာ၊ လူအားလုံး၏ အမှတ်တရ ကျင်းပခြင်းလည်း ခံရမည်ဖြစ်သည်။ ပလ္လင်ပေါ်တွင် ဘုရားသခင် အနားယူသော အချိန်သည် ကမ္ဘာပေါ်ရှိ သူ၏အလုပ်အား ဘုရားသခင် နိဂုံးချုပ်ချိန်လည်း ဖြစ်ပြီး၊ ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို လူသားအားပြသသော အခိုက်အတန့်လည်း ဖြစ်သည်။ ဘုရားသခင်နှင့် လူသားသည် အစဉ်အမြဲ သဟဇာတဖြစ်လိမ့်မည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ဝေးကွာလိမ့်မည် မဟုတ်၊ ဤအရာများသည် နိုင်ငံတော်၏ လှပသော မြင်ကွင်းများပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ“အခန်း ၁၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

လူသည် ထာဝရခရီးပန်းတိုင်ထဲသို့ ဝင်ရောက်သည့်အခါ၊ ဖန်ဆင်းရှင်ကို ကိုးကွယ်လိမ့်မည် ဖြစ်ပြီး၊ လူသည် ကယ်တင်ခြင်းရရှိပြီးဖြစ်ကာ ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်သောကြောင့်၊ လူသည် မည်သည့် ရည်မှန်းချက်များကိုမျှ လိုက်စားရှာဖွေလိမ့်မည် မဟုတ်သည့်အပြင်၊ သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကို စိုးရိမ်စရာလည်း လိုအပ်မည်မဟုတ်ပေ။ ဤအချိန်တွင်၊ လူသည် သူ၏နေရာကို သိလိမ့်မည်ဖြစ်ပြီး၊ သူ၏ တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ကာ၊ ၎င်းတို့အနေဖြင့် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်း မခံကြရလျှင်ပင်၊ လူအသီးသီးသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ လူသားသည် ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းနှစ်ခုလုံးတွင် အဖန်ဆင်းခံတစ်ဦး ဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။ လူအသီးသီးသည် မတူကွဲပြားသည့် လုပ်ငန်းတာဝန်တစ်ခုကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူသည် လူသားမျိုးနွယ်အတွက် စနစ်ကျပြီး သင့်တော်သော ခရီးပန်းတိုင်တစ်ခုတွင် အသက်ရှင်လိမ့်ဦးမည်ဖြစ်သည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ခြင်းအတွက် လူသည် သူ၏တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထာဝရကာလနှင့်သက်ဆိုင်သော လူသားမျိုးနွယ်ဖြစ်လာမည်မှာ ဤလူသားမျိုးနွယ် ဖြစ်ပေသည်။ ထိုအချိန်တွင် လူသည် ဘုရားသခင်၏ အလင်းပေးခံရသည့် အသက်တာတစ်ခု၊ ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်မှုအောက်တွင် ရှိသည့် အသက်တာတစ်ခု၊ ဘုရားသခင်နှင့် အတူရှိသည့် အသက်တာတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် ပုံမှန်ဘဝတစ်ခုကို နေထိုင်လိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေပြီးဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဖန်ဆင်းမှုနောက်ပိုင်း လူသား၏နဂိုမူလ ပုံသဏ္ဌာန်ကို ပြန်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် ပြည့်စုံပြီးဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ“လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကိုအံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ငြိမ်သက်ခြင်းချမ်းသာထဲတွင် အသက်ရှင်ခြင်းဆိုသည်မှာ စစ်ပွဲ မရှိ၊ ညစ်ညမ်းမှု မရှိသကဲ့သို့၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိသည့် အသက်တာတစ်ခုကို ဆိုလိုပေသည်။ ယင်းမှာ စာတန်၏ နှောင့်ယှက်ခြင်းများ (ဤနေရာတွင် “စာတန်” ဆိုသည်မှာ ရန်လိုသော အင်အားစုများကို ရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိသည့် အင်အားစု တစ်ခုတစ်လေ၏ ကျူးကျော်ခြင်း ခံရလေ့မရှိသည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ယင်းမှာ အရာအားလုံးက မိမိ၏အမျိုးအစားနောက် လိုက်ကြပြီး ဖန်ဆင်းခြင်း၏ သခင်ကို ကိုးကွယ်နိုင်ကြကာ၊ ကောင်းကင်နှင့် မြေကြီး လုံးဝ ငြိမ်သက်အေးချမ်းလျက် ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်- ဤသည်မှာ “လူသားများ၏ အေးအေးလူလူ ရှိသော အသက်တာ” ဟူသည့် စကားများဖြင့် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင် အနားယူသည့်အခါတွင်၊ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိလိမ့်မည် မဟုတ်တော့ဘဲ၊ ရန်သူအင်အားစုတို့၏ နောက်ထပ် ကျူးကျော်မှု တစ်ခုတစ်လေမျှလည်း ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် နယ်ပယ်သစ်ထဲသို့ ဝင်ရောက်ကြလိမ့်မည်- စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ် ဖြစ်ကြတော့မည် မဟုတ်ဘဲ၊ ယင်းထက် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရပြီးနောက် ကယ်တင်ခံရပြီးဖြစ်သော လူသားမျိုးနွယ် ဖြစ်ကြလိမ့်မည်။ လူသားမျိုးနွယ်၏ အနားယူသောနေ့ရက်သည် ဘုရားသခင်၏ အနားယူသောနေ့ရက်လည်း ဖြစ်လိမ့်မည်။ ဘုရားသခင်သည် နဂိုမူလက အနားမယူနိုင်ခဲ့သောကြောင့် မဟုတ်ဘဲ၊ လူသား၏ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်း ချမ်းသာကို ဆုံးရှုံးခဲ့ရပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အရာရာတိုင်း ရပ်တန့်သွားသည် သို့မဟုတ် တိုးတက်ဖွံ့ဖြိုးမှု ရပ်စဲသွားသည်ဟု မဆိုလိုသကဲ့သို့၊ ဘုရားသခင်က အမှုပြုခြင်း ရပ်တန့်သွားသည် သို့မဟုတ် လူသားများက အသက်ရှင်မှု ရပ်တန့်သည်ကိုလည်း မဆိုလိုပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်း လက္ခဏာမှာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည့်အချိန်၊ ၎င်း၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့်အတူ ပူးပေါင်းပါဝင်ကြသော ထိုဆိုးယုတ်သည့် လူများ အပြစ်ဒဏ်ပေးခံရကာ ဖယ်ရှားခံပြီးသည့်အချိန်နှင့်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံး တည်ရှိခြင်း ရပ်စဲသွားချိန် ဖြစ်လိမ့်မည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင် ဝင်ရောက်ခြင်း ဆိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုကို ဆောင်ရွက်တော့မည်မဟုတ်သည်ကို ဆိုလိုပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း ဆိုသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း မရှိဘဲ၊ လူသားမျိုးနွယ် အားလုံးသည် ဘုရားသခင်၏ အလင်းအတွင်းနှင့် သူ၏ ကောင်းချီးမင်္ဂလာ အောက်တွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး မည်သည့် မတရားမှုမျှ ဖြစ်ပွားလိမ့်မည် မဟုတ်သည်ကို ဆိုလိုသည်။ ဘုရားသခင်၏ စောင့်ရှောက်မှု အောက်တွင်၊ လူသားများသည် ကမ္ဘာမြေပေါ်တွင် ပုံမှန် နေထိုင်ကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ လူသားမျိုးနွယ်သည် ကယ်တင်ခံရပြီး ဖြစ်ကာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည်၊ လူသားများ၌ ဘုရားသခင်၏အမှု လုံးဝ ပြီးဆုံးသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားများတွင် ဆက်လက် အမှုပြုတော့မည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်သည် ဆက်လက် အလုပ်များတော့မည် မဟုတ်သကဲ့သို့၊ လူသားများသည် စဉ်ဆက်မပြတ် လှုပ်ရှားရတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလနေရာသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူအသီးသီးသည် ၎င်းတို့၏ သက်ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် လူသားများ နေထိုင်သွားကြမည့် ခရီးပန်းတိုင်များ ဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင် ရှိပြီး လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်တွင် ဘုရားသခင်သည် လူသားများ အားလုံးကို ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ အသက်တာများ၌ ဆက်လက် လမ်းပြမည် ဖြစ်ပြီး၊ သူ၏ အလင်းအတွင်း ရှိနေစဉ်၊ လူသားများသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အလယ်တွင် နေထိုင်တော့မည် မဟုတ်သကဲ့သို့၊ လူသားများသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ် တစ်ခုတည်းအတွင်းတွင် အသက်မရှင်နိုင်ချေ။ ယင်းထက် နှစ်ဦးသည် မိမိတို့၏ကိုယ်ပိုင် သက်ဆိုင်ရာ နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို လမ်းပြသောသူ ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးမှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ပုံဆောင်ခဲ ဖြစ်သည်။ လူသားများသည် ဦးဆောင်ခံရသူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကဲ့သို့ တူညီသော အနှစ်သာရ မရှိချေ။ “အနားယူ” ဖို့ဆိုသည်မှာ မိမိ၏ မူလနေရာသို့ ပြန်သွားဖို့ ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားသည်ကို ဆိုလိုသည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် နေထိုင်တော့မည် မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ် အလယ်တွင် ၎င်းတို့၏ ဝမ်းမြောက်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဝေမျှခံစားဖို့ ရှိတော့မည် မဟုတ်ပေ။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါတွင်၊ ယင်းမှာ ၎င်းတို့သည် စစ်မှန်သည့် ဖန်ဆင်းခြင်းခံရသည့် အရာများ ဖြစ်လာကြပြီးဖြစ်သည်ကို ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး ပုံမှန်လူသား အသက်တာများကို အသက်ရှင်ကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံတော့မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်တော့မည် မဟုတ်သကဲ့သို့၊ အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် ဦးတည်ရာ တစ်ခု ဖြစ်သည်။ ထိုသို့ဖြင့် သူ၏စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံပြီးနောက်တွင် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင်၏ ဝင်ရောက်ခြင်းနှင့် လူသားမျိုးနွယ်၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူ ရှောင်လွဲ၍မရသော ဦးတည်ရာများ ဖြစ်လာကြပြီး ဖြစ်သည်။ လူသားမျိုးနွယ်၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာ အရပ်မှာ ကောင်းကင်ဘုံတွင် ဖြစ်သည်။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာ၌ ဘုရားသခင်ကို ကိုးကွယ်စဉ်တွင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် နေထိုင် လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲ၌ ကျန်သော လူသားမျိုးနွယ်ကို ဦးဆောင်နေစဉ်တွင်၊ သူသည် ကမ္ဘာမြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ၎င်းတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်နေဆဲ ဖြစ်စဉ်တွင်၊ လူသားများသည် အသွေးအသား ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးလုံးသည် မတူညီသော ပုံစံတစ်ခုဖြင့် အနားယူကြလိမ့်မည်။ ဘုရားသခင် အနားယူစဉ်တွင်၊ သူသည် လူသားများအလယ်တွင် ကြွလာကာ ကိုယ်ထင်ပြလိမ့်မည်။ လူသားများ အနားယူစဉ်တွင်၊ ၎င်းတို့သည် ကောင်းကင်ဘုံသို့ လည်ပတ်ရန်အပြင်၊ ထိုနေရာ၌ အသက်တာကို မွေ့လျော်ရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင်၊ စာတန်သည် တည်ရှိတော့မည် မဟုတ်။ ထိုနည်းတူ ဆိုးယုတ်သော ထိုလူတို့သည်လည်း ဆက်လက် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ အနားမယူမီတွင်၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ဆိုးယုတ်သော သူများအပြင်၊ ကမ္ဘာမြေပေါ်၌ ဘုရားသခင်ကို မနာခံခဲ့ကြသည့် ရန်သူတို့သည် ဖျက်ဆီးခံကြရနှင့်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ကပ်ဘေးများအားဖြင့် ချေမှုန်းသုတ်သင်ခံရကြပြီး ဖြစ်လိမ့်မည်။ ထိုဆိုးယုတ်သော လူများ လုံးဝ အမြစ်ဖြတ် ချေမှုန်းခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ တစ်ဖန် ကြုံရလိမ့်မည် မဟုတ်ပေ။ ထိုအခါမှသာ လူသားမျိုးနွယ်သည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏အမှုသည် လုံးလုံးလျားလျား ပြီးဆုံးသွားလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် ဘုရားသခင်နှင့် လူသားမျိုးနွယ်အတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့်လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

လူသားများကို ၎င်းတို့၏ မူလ ရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အချိန်နှင့်၊ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းနိုင်ချိန်၊ ၎င်းတို့၏ ကိုယ်ပိုင် မှန်ကန်သော နေရာများကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ဘုရားသခင်သည် သူ့ကို ကိုးကွယ်သည့် ကမ္ဘာမြေကြီးပေါ်ရှိ လူတစ်စုကို ရရှိပြီးဖြစ်လိမ့်မည် ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့ကို ကိုးကွယ်သော နိုင်ငံတော်တစ်ခုကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ထာဝရ အောင်မြင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ သူ့ကိုဆန့်ကျင်သူ အားလုံးသည် ထာဝရကာလပတ်လုံး ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားမျိုးနွယ်အား ဖန်ဆင်းရာတွင် သူ၏ မူလရည်ရွယ်ချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည် ဖြစ်သည်။ ယင်းသည် အရာခပ်သိမ်းအား ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအလယ်နှင့် သူ၏ ရန်သူများအလယ်တွင် သူ၏ဩဇာအာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ဤသည်တို့မှာ သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း သင်္ကေတများဖြစ်လိမ့်မည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ လမ်းကြောင်းမှန်ပေါ်တွင် ရှိသည့် အသက်တာတစ်ခု စတင်လိမ့်မည်။ သူသည်လည်း ထာဝရ ငြိမ်သက်ခြင်းချမ်းသာထဲသို့ လူသားမျိုးနွယ်နှင့်အတူ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ သူကိုယ်တိုင်နှင့် လူသားများ အတူတကွမျှဝေသည့် ထာဝရအသက်တစ်ခုကို စတင်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ပျောက်ကွယ်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ငိုကြွေးမြည်တမ်းခြင်း အားလုံးသည် ကွယ်ပျောက်ပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ဤကမ္ဘာလောကထဲက ဘုရားသခင်ကို ဆန့်ကျင်သည့် အရာရာတိုင်းသည် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် ကယ်တင်ခြင်းသို့ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် လူများသာ ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာ ကျန်ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့်လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ရှေ့သို့သွားရန်

သခင်က၊ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) ဟု ပြောရင်း ကျွန်ုပ်တို့ကို ကတိတစ်ခု ပြုခဲ့သည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီး ကျွန်ုပ်တို့အတွက် နေရာတစ်ခု ပြင်ဆင်ပေးဖို့ ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ ထို့ကြောင့် ဤနေရာသည် ကောင်းကင်ဘုံတွင် ဖြစ်ရပေမည်။ သို့သော် သင်က သခင်ယေရှုသည် ကမ္ဘာမြေပေါ်သို့ ပြန်ကြွလာပြီးဖြစ်ကာ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ပြီးဖြစ်သည်ဟု သက်သေခံသည်။ ကျွန်ုပ် နားမလည်ပါ- ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ဘုံမှာ ဖြစ်ပါသလား သို့မဟုတ် မြေကြီးပေါ်မှာ ဖြစ်ပါသလား။

အမှာစကား ချန်ခဲ့မည်