စာရင်း

ယုံကြည်ကိုးကွယ်မှုအား ဖိနှိပ်ခြင်း- ဘုရားသခင်သည် သူမအား (၆) ရက်ကြာ စစ်ဆေးမေးမြန်းခြင်းနှင့် (၂၃) ရက်ကြာ အကျဉ်းချထားခြင်းတို့တွင် ဦးဆောင်ညွှန်ပြခဲ့သည်

ရုတ်တရက်ဖမ်းဆီးခံရခြင်း

၂၀၁၃ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့၊ မနက် ၁၀ နာရီထိုးပြီးသည့်အချိန်တွင်ဖြစ်သည်။ စီယန်သည် ဧည့်ခံမိသားစုတစ်စု၏ အိမ်တွင် ညီအစ်ကိုမောင်နှမတချို့နှင့် စုဝေးနေစဉ်တွင် ရုတ်တရက် တံခါးကို ပြင်းထန်စွာခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ ဧည့်ခံအစ်မကြီးသည် ချောင်းကြည့်ပေါက်မှတစ်ဆင့် အပြင်တွင် ရဲများစွာရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် တံခါးကို မဖွင့်ရဲပေ။ စိတ်လှုပ်ရှားစွာဖြင့် သူမ တိုးတိုးပြောသည်။ “ရှူး တိုးတိုး ရဲတွေ”။ ဤစကားကို ကြားပြီးနောက် စီယန်သည် ရုတ်တရက် စိတ်လှုပ်ရှားပြီး ဘုရားသခင်အား ဆုတောင်းပြီး အော်ခေါ်ရန် အလျင်အမြန်ပြုလုပ်သည်။ မည်သူမျှ တံခါးမဖွင့်သောကြောင့် ရဲများသည် ဖျက်ဝင်လာပြီး အော်ဟစ်သည်။ “မလှုပ်နဲ့။” စီယန်သည် ရဲ အချို့ကိုမှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဧည့်ခံအိမ်၏အပြင်ဘက်တွေ တစ်ခါ တွေ့ဖူးသောကြောင့်ဖြစ်သည်။ ပြီးလျှင် ရဲများသည် ဤအိမ်ကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ထို့နောက်တွင် ရဲအရာရှိဆယ်ယောက်ကျော်သည် တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြသည်။ အချို့မှာ စီယန်နှင့် အခြားညီအစ်ကိုမောင်နှမများအား စောင့်ကြည့်နေပြီး အချို့မှာ နာမည်နှင့်အိမ်လိပ်စာကဲ့သို့သော အတွင်းရေသတင်းအချက်အလက်များကို ရရှိရန် လူတိုင်းအား စစ်ဆေးမေးမြန်းသည်။ ကျန်သည့်ရဲများမှာ သူခိုးဓါးပြများကဲ့သို့ပင် အိမ်တွင်ရှိသည့် အရာတိုင်းအား ရှုတ်ပွသွားအောင်ပြုလုပ်ခဲ့သည်။ သူတို့သည် စီယန်ထံမှ ယွမ် ၄၀ဝ တန်သည့် နာရီတစ်လုံး၊ ယွမ် ၉၀ဝ တန်သည့် လက်စွပ်တစ်ကွင်းနှင့် ပိုက်ဆံ ၇၀ဝ၀ ယွမ်တို့ကိုယူဆောင်သွားကြသည်။ အသင်းတော်အတွက် စီယံ သိမ်းဆည်းထားသည့် ယွမ် ၁၃၀ ဝ၀ဝ စာရင်းပြထားသည့် ဘဏ်ငွေစုစာအုပ်တစ်အုပ်ကိုလည်းတွေ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စုစည်းထားသည့်စာအုပ်အိတ်ကြီးနှစ်အိတ်အပါအဝင် အခြားအသင်းတော်ပစ္စည်းများကိုလည်း သူတို့ တွေ့ခဲ့ကြသည်။ နေ့လည် ၁ နာရီခန့်တွင် စီယန်နှင့် အခြားညီအစ်ကိုမောင်နှမလေးယောက်တို့သည် လက်ထိတ်ခတ်ခံရပြီး ဒေသတွင်းပြစ်မှုဆိုင်ရာစုံစမ်းမေးမြန်းခြင်းဌာန၏ မြေအောက်ခန်းသို့ခေါ်ဆောင်သွားခံရပြီး ထိုနေရာတွင် လူခွဲ၍ အကျဉ်းချထားပြီး စစ်ဆေးမေးမြန်းခံရသည်။

ခြောက်ရက်တာ စစ်ဆေးမေးမြန်းခြင်းအား ဖြတ်သန်းရန်အတွက် ဘုရားသခင်အား အမှီပြုခြင်း

ရဲအရာရှိငါးယောက်သည် စီယန်အား စစ်ဆေးခန်းထဲသို့ခေါ်သွားကာ သူမအား သံထိုင်ခုံဖြင့် လက်ထိပ်ခတ်ထားလိုက်သည်။ ထို့နောက်တွင် ဆိုးဝါးသော ရဲသည် သူမဆီသို့ရုတ်တရက်ရောက်လာပြီး ပြောသည်။ “ငါ မင်းကိုပြောပြမယ်။ မူးယစ်ဆေးဝါးရောင်းသူတွေကို စစ်ဆေးတဲ့နေရာမှာ ငါ အထူးပြုထားတာ။ ငါသူတို့ကို ကိုင်တွယ်ပြီးတာနဲ့ လူတိုင်းက ဖြောင့်ချက်ပေးတယ်။ မင်း ဘာမှကွယ်ဝှက်မထားတာ ကောင်းမယ် မဟုတ်ရင် မင်း ဘာဆက်ဖြစ်မလဲသိသွားလိမ့်မယ်။ အခုဆိုရင် ရှီကျင်ပိုင်က ဥပဒေအသစ်တစ်ခုတင်သွင်းထားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူဘယ်သူမဆို အဖမ်းခံရတဲ့အခါ သုံးနှစ်ကနေ ခုနစ်နှစ်အထိ ထောင်ချခံရမယ်။ မင်းဖြောင့်ချက်မပေးရင် အခုမင်း ဆိုးဆိုးဝါးဝါး ဒုက္ခခံရရုံတင်မကဘဲ ထောင်ထဲလည်း ထည့်ခံရမယ်။” ဤအရာကိုကြားရသည့်အခါ စီယန်သည် အနည်းငယ်ကြောက်ရွံ့သွားပြီး ထောင်ထဲတွင်အချိန်ကုန်ဆုံးရန် စီရင်ခံရမည်ကို ကြောက်လာခဲ့သည်။ ထို့ကြောင့် သူမသည် အချိန်ပြည့်အော်ခေါ်ပြီး သူမအား ယုဒကဲ့သို့ဖြစ်ပြီး ဘုရားသခင်အား သစ္စာဖောက်ခြင်းမှ ရှောင်ကြဉ်စေရန်အတွက် ဘုရားသခင်ကို တောင်းဆိုခဲ့သည်။ ထို့နောက်တွင် သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စဉ်းစားမိသည်- “သင်တို့သည်အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။ဟူသော နှုတ်ကပတ်တော်များကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤနှုတ်ကပတ်တော်များကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုနှုတ်ကပတ်တော်များ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။” ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ပြမှုသည် စီယန်အား သူမ အဖမ်းခံရပြီး ထောင်ကျသည်မှာ ဘုရားသခင်အပေါ် သူမ၏ ယုံကြည်မှုကြောင့်ဖြစ်သည်ကို နားလည်စေခဲ့သည်။ သူမသည် သူမ၏ ဖြောင့်မတ်ခြင်းကြောင့် ဖိနှိပ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် ဒုက္ခခံစားရခြင်းသည် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် စီယန်သည် ကိုယ့်ဖာသာ စိတ်ပိုင်းဖြတ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ သူမသည် ပြစ်ဒဏ်ဘယ်နှစ်နှစ်ပင်ကျခံရပါစေ ယုဒကဲ့သို့ ဘုရားသခင်အား သစ္စာဖောက်မည့်အစား အသေပဲခံမည်။ ထို့နောက်တွင် စီယန်ကပြောသည်။ “ဘုရားသခင်ယုံကြည်သူ ကျွန်မတို့တွေက ဘယ်တော့မှ ဥပဒေနဲ့မညီတာ တစ်ခုမှ မလုပ်ဘူး။ ကျွန်မတို့က သမ္မာတရားကိုသာ လိ်ုက်လျှောက်ပြီး အသက်တာရဲ့မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်တာ။ ကျွန်မ ဘာမှပြောစရာမရှိဘူး။” ဤအရာကိုကြားသည့်အခါ ဆိုးဝါးသည့် ရဲသည် အလွန်ပင် စိတ်တိုပြီး သူမ၏ခေါင်းအား စတင်ထိုးနှက်သည်။ သူမ၏ နဖူးတွင် ချက်ချင်းပင် မြင်မကောင်းသည့် အဖုများ နှစ်ခု၊ သုံးခု ထွက်လာသည်။ ထိုညတွင် သူတို့သည် စီယန်အား ည ၁၀ နာရီထိုးပြီးသည်အထိ စစ်ဆေးမေးမြန်းခဲ့ကြသည်။ သို့သော်လည်း သူတို့လိုချင်သည့်အရာတစ်ခုမျှ မရရှိခဲ့ပေ။

နောက်နေ့တွင် စီယန်အား စစ်ဆေးသည့်အခါတွင် သူမသည် ဘာမှပြောခြင်းမရှိသေးပေ။ ထို့နောက်တွင် ဆိုးဝါးသည့်ရဲသည် ခက်ထန်ကြမ်းတမ်းစွာဖြင့်ပြောသည်။ “မင်းကို အမှန်အတိုင်းပြောရရင် ဒီ 'နွေဦးမိုးကြိုး စစ်ဆင်ရေး'က အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူ မင်းတို့တွေကို ဖမ်းဖို့ စလုပ်ခဲ့တာပဲ။ ဒီလွန်ခဲ့တဲ့ သုံးလေးရက်မှာ မင်းတို့အုပ်စုကိုတင် ငါတို့ဖမ်းမိတာမဟုတ်ဘူး။ ဒီတစ်ခါရှာတာမှာ ငါတို့ ယုံကြည်သူတစ်ရာကျော်ဖမ်းမိပြီးတော့ အားလုံးနီးပါးက အရေးကြီးတဲ့ခေါင်းဆောင်တွေ၊ ခရစ်ယာန်တရားဟောဆရာတွေပဲ။ မင်းကလည်း အသင်းတော်မှာ အရေးပါတဲ့သူပဲဆိုတာ ငါသိတယ်။ မင်းအကြောင်းကို ငါတို့ အကုန်သိတယ်။ မင်း အမြန်ဆုံး ဖြောင့်ချက်ပေးတာ ကောင်းလိမ့်မယ်နော်။” ဤအရာအားလုံးကို ကြားပြီးနောက် စီယန်သည် ပျောပျောင်းသွားရုံမကဘဲ တရုတ်ကွန်မြူနစ်ပါတီမှ မှန်ကန်သည့် သဘောတရားများအား ဆန့်ကျင်ပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် ဆိုးယုတ်သည့် အတွင်းသဘောကို ပိုပြီတော့တောင် မြင်ခဲ့ရသည်။ ဤအချိန်တွင် သူမသည် အဖမ်းခံခဲ့ရသည့် အခြားညီအစ်ကိုမောင်နှမများအတွက် သူမ၏ စိတ်နှလုံးတွင် အစဉ်သဖြင့်ဆုတောင်းပြီး သူတို့အား စာတန်၏ထောင်ခြောက်ထဲသို့ကျဆင်းပြီး ယုဒကဲ့သို့ ဖြစ်သွားခြင်းမှ ကာကွယ်ရန်အတွက် ဘုရားသခင်အား တောင်းပန်ခဲ့သည်။” ထို့နေ့ စစ်ဆေးမေးမြန်းခြင်းသည်လည်း ရဲများအတွက် အဖြေမရရှိခဲ့ပေ။

တတိယနေ့ နေ့လည် ၂ နာရီကျော်တွင် ရဲများသည် စီယံအား မြို့တစ်မြို့ရှိ ဟိုတယ်တစ်ခုသို့ခေါ်သွားသည်။ ဟိုတယ်အား လက်နက်များကိုင်ဆောင်ထားသည့်ရဲ တော်တော်များများက စောင့်ကြပ်နေကြသည်။ မြူနီစပါယ်အုပ်ချုပ်ရေးနှင့် ဥပဒေကော်မတီအဖွဲ့များမှ ခေါင်းဆောင်များလည်း ရောက်ရှိနေသောကြောင့်ဖြစ်သည်။ ရဲများသည် စီယန်အား ပူလောင်နေသည့် ပိုက်တစ်ချောင်းတွင် လက်ထိပ်ခတ်ထားပြီး သူမ၏လက်များကို ထိုအပေါ်တွင်ထားလျှက် အောက်တွင်အဓမ္မထိုင်ခိုင်းထားသည်။ နာရီပေါင်းကြာရှည်စွာထိုင်ရသောကြောင့် သူမ၏ ခါးသည် အလွန်ပင်နာကျင်လာပြီး သူမသည် မောပန်းလာသော်လည်း အိပ်၍မရနိုင်ပေ။ စီယန်သည် မထိန်းနိုင်တော့ဘဲ အနည်းငယ် အားလျော့လာခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏စိတ်နှလုံးတွင် ဘုရားသခင်အား ဆုတောင်းခဲ့သည်။ “ဘုရားသခင် ဒီ ဆိုးယုတ်တဲ့ရဲတွေက ကျွန်မကို ဘာကြောင့်ဒီကို ခေါ်လာသလဲဆိုတာကို မသိပါ။ သူတို့ကျွန်မကို ဘယ်လိုနှိပ်စက်မယ်ဆိုတာကိုလည်း ကျွန်မ မသိပါဘူး။ စိတ်နာကျင်မှုဝေဒနာနဲ့ ကျွန်မရဲ့ ကိုယ်ခန္ဓာကနာကျင်မှုဟာ ခံယူဖို့ ခက်ခဲပါတယ်။ ဘုရားသခင် ဒီအခြေအနေကို ဖြတ်သန်းဖို့ ကျွန်မကို ဦးဆောင်တော်မူပါ။” ဆုတောင်းပြီးနောက်တွင် စီယန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စဉ်းစားမိသည်- “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။” သူမ၏ အကြပ်အတည်းသည် သူမအတွက် စမ်းသပ်မှုတစ်ခုဖြစ်သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော် ညွှန်ပြမှုက စီယန်အား နားလည်စေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီသည် သူမအား အဆိုးမြင်၍ အားပျော့လာပြီး ဘုရားသခင်အား သစ္စာဖောက်စေရန်အတွက် ဤနည်းများကိုအသုံးပြုလိုပြီး ဘုရားသခင်က သူ့အပေါ်သူမ၏ ယုံကြည်မှုကို စမ်းသပ်ပြီး ဘုရားသခင်သည် ဉာဏ်ပညာရှိပြီး အနန္တတန်ခိုးရှိသည်ကို မြင်စေရန်အတွက် သူမကိုဖမ်းဆီးခြင်းကို အသုံးပြုသည်။ ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီသည် သူမအား မည်သို့နှိပ်စက်မည်ကို သူမ မသိသော်လည်း ဆိုးယုတ်သောရဲများသည်လည်း ဘုရားသခင်၏လက်တော်တို့ဖြင့်ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု သူမ ယုံကြည်သည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲဖြင့် သူတို့သည် သူမကို အန္တရာယ်မပြုနိုင်ပါ။ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အချုပ်အချအာဏာအပေါ်တွင် သူမ ယုံကြည်မှုရှိသင့်သည်။ စိတ်ထဲတွင် ဤသို့တွေးမိပြီး စီယန်သည် သူမ၏နာကျင်မှုသည် အလွန်ပင်လျော့ကျသွားသည်ကို သတိပြုမိခဲ့သည်။ သူမ အမှန်တကယ် မသိလိုက်ခင်တွင် အရုဏ်ဦးအချိန်ရောက်ရှိနေပြီဖြစ်သည်။

စတုတ္ထနေ့တွင် ဆိုးဝါးသည်ရဲတို့သည် သူမအားဆက်လက်ပြီး စစ်ဆေးမေးမြန်းကြသည်။ သို့သော် သူမသည် ဖြေရန် ငြင်းဆန်နေဆဲဖြစ်သည်။ မည်သည့်ရလဒ်မျှ မရရှိသောကြောင့် ဆိုးဝါးသည့်ရဲတစ်ယောက်သည် သူမအား တဖန်ရိုက်နှက်ပြန်သည်။ သူသည် သူမ၏မျက်နှာအား အားဖြင့် ရိုက်လိုက်သောကြောင့် သူမသည် မူးဝေသွားပြီး သူမ၏မျက်နှာသည် ပြင်းထန်စွာ နာကျင်ကိုက်ခဲ ခဲ့သည်။ နောက်ပိုင်းတွင် ဆိုးယုတ်သော ရဲသည် သူမ၏ခေါင်းအား ခပ်ပြင်းပြင်း သုံးလေးကြိမ်ထိုးလိုက်ပြီး သူမအား စကားပြောရန် ပြောဆိုသည်။ သူမ ငြင်းဆန်သည်ကို မြင်ရသောအခါ သူသည် နောက်တဖန် သူမ၏ခေါင်း သုံးလေးကြိမ်ထိုးခဲ့ပြီး သူမကို စစ်ဆေးမေးမြန်းသည်။ ဤကဲ့သို့ဖြင့် တစ်နာရီနီးပါးခန့် ကြာခဲ့သည်။ သို့သော်လည်း စီယန်သည် ဘာမှပြောခြင်း မရှိသေးပေ။ သူမ၏ ခေါင်းသည် အလွန်ပင်ကိုက်ခဲနေသည်။ သူမ၏ မျက်နှာသည် ရောင်ကိုင်းနေပြီး သူမ၏ခေါင်းတွင် မြင်မကောင်းသည့် အဖုများထွက်ပေါ်နေသည်။ နာကျင်မှုကို ကြိုးစားရုန်းကန်လျှက် သူမ ခံနိုင်ရည်ရှိရမည်ဟု ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။ သူမသည် ဒုက္ခခံနိုင်ရန်အတွက် စိတ်စွမ်းအားကိုပေးဖို့ ဘုရားသခင်ထံသို့လည်း အစဉ်သဖြင့် ဆုတောင်းခဲ့သည်။ ထို့နောက်တွင် ဆိုးယုတ်သည့်ရဲတို့သည် စီယန်အား ညီအစ်ကိုမောင်နှမ လေးဆယ် သို့မဟုတ် ငါးဆယ်ပါရှိသည့် ဓါတ်ပုံများပါသည့် ကြီးမားသည့်စာရွက်တစ်ခုကိုပြပြီး သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများဟုတ်မဟုတ်နှင့် အသင်းတော်တွင် သူတို့သည် မည်သည့်ရာထူးရှိသည်ကို ခွဲခြားသတ်မှတ်ပြရန် သူမအား ပြောသည်။ စီယန်သည် ခိုင်မာစွာဖြင့်ပြောလိုက်သည်။ “ကျွန်မ သူတို့ကို မသိဘူး။” အခန်းထဲတွင်ရှိသည့် ဆိုးယုတ်သည့်ရဲများသည် သူမက ဖြောင့်ချက်ပေးရန် ငြင်းနေသေးသည်ကို တွေ့ရသည့်အခါ သူတို့သည် ပို၍ပင် အလွန်အမင်းစိတ်တိုကြသည်။ ဆိုးယုတ်သည့်ရဲများထဲမှ တစ်ယောက်သည် စီယန်အား စိတ်ဆိုးစွာဖြင့် အော်ပြောသည်။ “ငါက ဘာမှမဟုတ်တဲ့ကောင်လို့ မင်းက ထင်တာလား။ ငါက အခုလောလောဆယ်သာ မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာ။ ငါ သနားတာကို လာစမ်းနဲ့။ ရွံစရာကောင်းတဲ့မိန်းမ။ မင်း ငါ့ကို ငါ့အကြီးအကဲရှေ့မှာ မျက်နှာပျက်အောင်လုပ်တယ်။ မင်းဘာမှမပြောဘူးဆိုရင် မင်းအပေါ်ငါ ကြမ်းရင် အဆိုးမဆိုနဲ့။” ဤစကားလုံးများဖြင့် သူသည် စီယန်၏ ယောင်နေသည့်မျက်နာကို ကြမ်းတမ်းစွာဖြင့် ရိုက်နှက်သည်။ ပြီးနောက်တွင် သူမ၏ မျက်နာနှင့် ခေါင်းအား အားဖြင့် ထိုးနှက်သည်။ စီယန်သည် အလွန်ပင်နာကျင်သော်လည်း ဘုရားသခင်၏ ကာကွယ်မှုအောက်တွင် သူမသည် မည်သည့်အရာမျှ မပြောခဲ့ပေ။

နောက်ပိုင်းတွင် စစ်ဆေးမေးမြန်းသည့်အဖွဲ့၏ခေါင်းဆောင်သည် သူ၏ လက်ထဲတွင် စစ်ဆေးမေးမြန်းမှုမှတ်တမ်း အထပ်လိုက်ဖြင့်ရောက်လာပြီး ပြောသည်။ “အခုသုံးလေးရက်မှာ မင်းက ဘာမှမပြောပေမဲ့ အခြားလူတွေအားလုံးက ဖြောင့်ချက်ပေးပြီးသွားပြီ။ အခု ငါတို့ မင်းအကြောင်းကို အကုန်သိသွားပြီ။ မင်း ဘာမှမပြောရင်တောင် ငါတို့မင်းကို ဖိနှိပ်နိုင်သေးတယ်။ ဒါပေမဲ့ မင်း ငါတို့နဲ့ လက်တွဲပူးပေါင်းပြီး ဖြောင့်ချက်ပေးမယ်ဆိုရင် ငါတို့တာဝန်ကို အဆုံးသတ်လို့ရပြီးတော့ သူတို့က မင်းကို ရိုက်နှက်မှာမဟုတ်တော့ဘူးလို့လည်း ငါ မင်းကို ကတိပေးနိုင်တယ်။ ဘယ်လိုသဘောရလဲ။ “ဤအရာကို ကြားပြီးနောက် စီယန်သည် ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။ သို့သော် ရဲများသည် သူမနှင့် သူမ၏ အခြားညီအစ်ကိုမောင်နှမများကြားတွင် စည်းလုံးမှုမရှိဖြစ်ပြီး သူတို့အား ရောင်းစားစေရန်အတွက် ဤလှည့်ကွက်ကိုအသုံးပြုဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်းကို သူမ ချက်ချင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် သူမသည် သူမ၏စိတ်နှလုံးတွင် ဘုရားသခင်အား အလျင်အမြန်ဆုတောင်းလိုက်သည်။ “ဘုရားသခင် ရဲတွေဟာ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ရောင်းစားအောင်လုပ်ဖို့အတွက် ဒီ လှည့်ကွက်ကို အသုံးပြုခြင်းဖြစ်ကြောင်းကို ကျွန်မ သိပါတယ်။ ကျွန်မဟာ စာတန်ရဲ့ထောင်ချောက်ထဲကို မကျရောက်စေဖို့၊ ညီအစ်ကိုမောင်နှမတွေကို ဒါမှမဟုတ် အသင်းတော်ရဲ့ အကျိုးကို ရောင်းမစားစေဖို့အတွက် ကိုယ်တော် ကျွန်မကို ကာကွယ်ပြီး စာတန်ရဲ့ အကြံအစည်ကို ထိုးဖောက်မြင်စေပါ။” ထို့နောက်တွင် သူမသည် ခေါင်းဆောင်ကို လျစ်လျူရှုလိုက်သည်။ ထိုအချိန်တွင် ပြစ်မှုဆိုင်ရာစစ်ဆေးမေးမြန်းခြင်းတပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်လည်း ရောက်ရှိလာကာ စီယန်အား ကြမ်းတမ်းစွာဖြင့် တစ်ချက် ရိုက်လိုက်ပြီး ပြောသည်။ “မင်းတို့ ဘုရားသခင်ယုံကြည်သူတွေက အရူးဂိုဏ်းတစ်ခုပဲ။ ဘုရားသခင်ရှိလား။ ဘယ်မှာလဲ။ ကောင်းကင်ဘုံမှာလား။ မင်း ကောင်းကင်ဘုံကို သွားနိုင်လား။ ဘုရားသခင်ကို ယုံကြည်တာကို ရပ်စမ်း။ တရုတ်ကွန်မြူနစ်ပါတီကို ယုံကြည်လိုက်။” ဤအဓိပ္ပါယ်မရှိသည့်အရာကြောင့် စီယန်သည် စက်ဆုပ်ရွံရှာသွားသည်။ ထို့ကြောင့် သူမသည် မခံနိုင်ဖြစ်လျှက်ဖြင့် ပြောလိုက်သည်။ “ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်တယ်။ ကျွန်မတို့က သူ့ကို ယုံကြည်ပြီး ကိုးကွယ်ရမယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက ဘုရားသခင်ကို ကျွန်မတို့ယုံကြည်တာကို ပိတ်ဆို့ပြီး ဖိလည်း ဖိနှိပ်တယ်။ ဒါ ဘုရားသခင်ရဲ့ ရန်သူ လုပ်တာပဲ။” ဤသို့ကြားပြီး သူသည် ဆိုးရွားစွာဖြင့် ရီလိုက်ပြီး ပြောသည်။ “ငါတို့က မင်းတို့ကို ယုံကြည်ခွင့်မပေးဘူး။ အဲဒီတော့ ဘာဖြစ်လဲ။ ငါတို့က မင်းတို့ကို နှိပ်ကွပ်တယ်။ အဲဒီတော့ ဘာဖြစ်လဲ။” နောက်ပိုင်းတွင် စီယန်သည် သူတို့နှင့် လုံးဝစကားမပြောရန် ဆုံးဖြတ်ခဲ့ပြီး သူတို့အား မည်သည့်အရာကိုမျှပြောရန် ငြင်းဆန်ခဲ့သည်။

ငါးရက်မြောက်နေ့တွင် ဆိုးယုတ်သည့် ရဲများသည် စီယန်ကို ဆက်လက်၍ ရိုက်နှက်ခဲ့ကြသည်။ နာကျင်ရသည့်အခါတွင် သူမသည် ဘုရားသခင်အား အစဉ်သဖြင့်ဆုတောင်းပြီး အမှီပြုသောကြောင့် သူမသည် ဘာမှမပြောခဲ့ပေ။ ခြောက်ရက်မြောက်နေ့တွင် နေ့လည်တစ်နာရီထိုးပြီးနောက် ဆိုးယုတ်သည့်ရဲများသည် ပြစ်မှုဆိုင်ရာစုံစမ်းမေးမြန်းခြင်းဌာန၏ ရုံးများသို့ သူမအား ကားဖြင့်ခေါ်သွားခဲ့သည်။ ဆိုးယုတ်သည့် ရဲတစ်ယောက်သည် သူမအား မျက်စိမှေး၍ကြည့်လိုက်ပြီး ပြောသည်။ “ဒီမှာ ဖြောင့်ချက်မပေးတဲ့သူ ဘယ်သူမှမှရှိဘူး။ ဒီနေ့ညမင်း ဖြောင့်ချက်ပေးမှာမဟုတ်သေးဘူးလို့ ငါမယုံကြည်ဘူး။” ဤသို့ကြားရပြီးနောက်တွင် စီယန်သည် စိုးရိမ်ပူပန်လာခဲ့သောကြောင့် သူမသည် တိတ်ဆိတ်စွာဖြင့် ဆုတောင်းလိုက်သည်။ “ဘုရားသခင် သူတို့ကျွန်မကို ရက်စက်စွာ နှိပ်စက်မယ့် ပုံပေါ်ပါတယ်။ ရက်စက်တဲ့နှိပ်စက်မှုမှာ ကျွန်မ အသက်ရှင်မလား မရှင်ဘူးလားဆိုတာ ကျွန်မ မသိပါဘူး။ ကိုယ်တော်ကိုသာ ကျွန်မ မှီခိုနိုင်ပါတယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ကိုယ်တော်ကို မထားခဲ့စေဖို့အတွက် ထိန်းသိမ်းပေးတော်မူပါ။ မမှောင်ခင်အချိန်တွင် သူတို့သည် ပြတင်းပေါက်များအား အနက်ရောင်အဝတ်ဖြင့်ဖုံးအုပ်လိုက်ပြီး အခန်းထဲတွင် စီယန်နှင့် ဆိုးယုတ်သည့် ရဲနှစ်ယောက်သာ ကျန်ရစ်သည်။ ဤသည်ကို မြင်ရပြီးနောက် စီယန်သည် သူတို့သည် သူမအား မည်သို့ပြုလုပ်မည်ကို မသိသောကြောင့် မနေနိုင်ဘဲ ကြောက်ရွံလာခဲ့သည်။ ထို့နောက်တွင် သူတို့သည် စီယန်အား နှိပ်စက်သည့်ထိုင်ခုံတွင် ထိုင်ရန် အမိန့်ပေးလိုက်ပြီး သူမ၏လက်ကို ထိုင်ခုံနောက်တွင် ချည်နှောင်ထားလိုက်သည်။ ပါးစပ်တွင် စီးကရပ်တစ်လိပ်ဖြင့် ဆိုးယုတ်သည့် ရဲတစ်ယောက်သည် လျှပ်စစ်တုတ်တံတစ်ခုကိုယူပြီး သူမ၏လက်နှင့်ခေါင်းတို့ကို ထိုးသည်။ စီယံသည် မနေနိုင်တော့ဘဲ နာကျင်စွာဖြင့် ငိုသည်။ သို့သော် စီယန်က ငိုလေလေ၊ သူသည် သူမ၏ ဦးခေါင်းနှင့်လက်တို့အား ထိုးလေလေဖြစ်သည်။ သူသည် သူမအား ရယ်ပင်ရယ်လိုက်ပြီး ပြောသည်။ “မင်းတို့ ဘုရားသခင်ယုံကြည်သူတွေ၊ ငါတို့က မင်းတို့ကို သေတဲ့အထိတောင် ရိုက်လို့ရတယ်။ အစိုးရက ငါတို့ကို လုပ်ပိုင်ခွင့်ပေးထားတယ်။” ထိုအချိန်တွင် စီယန်သည် ပါးစပ်တွင် ခြောက်သွေ့နေပြီး ခက်ခဲစွာ အသက်ရှူနေရသည်။ ပြီးလျှင် သူမသည် သေလုနီးနီးဖြစ်နေသကဲ့သို့ ခံစားရသည်။ သူမသည် မည်မျှကြာကြာတောင့်ခံနိုင်မည်ကို သူမ မသိသော်လည်း သူမ၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ဆုတောင်းခြင်းသာ သူမ တတ်နိုင်ခဲ့သည်။ “ဘုရားသခင် ကျွန်မ အလွန်ပင်ပျော့ညံ့ပြီး သေတော့မလို ခံစားရပါတယ်။ ကိုယ်တော် ကျွန်မကို ကာကွယ်ပြီး ကယ်တင်တော်မူပါ။” ဆုတောင်းပြီးနောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူမ၏စိတ်တွင် ပေါ်လာခဲ့သည်။ “သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။” ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် စီယန်အား ယုံကြည်မှုကို ပေးခဲ့သည်။ သူမ တွေးလိုက်သည်။ “ဟုတ်တယ်။ ငါ့အသက်နဲ့သေခြင်းက ဘုရားသခင်ရဲ့လက်တော်မှာရှိတယ်။ ဘုရားသခင်က ငါ့ကို သေခွင့်မပြုရင် ငါအသက်ပဲရှူနိုင်တော့တယ်ဆိုရင်တောင် သေမှာမဟုတ်ဘူး။” စီယန်သည် ဘုရားသခင်အား နီးကပ်စွာဖြင့် အမှီပြုခဲ့ပြီး သူမ၏ စိတ်နှလုံးတွင် ဘုရားသခင်အား အစဉ်သဖြင့် အကူအညီတောင်းဆိုခဲ့သည်။ ပြီးလျှင် ဘုရားသခင်က သူမအား တလျှောက်လုံးအဖော်ပြုလျှက်ရှိသည်ဟု သူမခံစားခဲ့ရသည်။ သူမ၏ ကိုယ်ခန္ဓာသည်နာကျင်ရသော်လည်း ဘုရားသခင်သည် သူမ၏ ကျောက်စိုင်အဖြစ်ရှိသဖြင့် သူမသည် စိုးရိမ်ပူပန်ခြင်းမရှိတော့ပေ။ အံ့သြဖွယ်ကောင်းစွာဖြင့် စီယန်သည် သူမ၏ဦးခေါင်းနှင့်လက်တို့တွင် လျှပ်စစ်တုတ်တံ၏ တဖျစ်ဖျစ်မြည်သံတို့ကိုကြားရသော်လည်း နာကျင်မှုကို မခံစားရပေ။ ဘုရားသခင်၏ ကြီးမြတ်သည့် တန်ခိုးကို မြင်ပြီး သူမသည် ဘုရားသခင်အပေါ် အလွန်ပင်ကျေးဇူးတင်လျှက်ရှိသည်။ ဘုရားသခင်သည် သူမ၏ ဆုတောင်းချက်တို့ကို နားထောင်ခဲ့သည်၊ ဘုရားသခင်သည် သူမအား ဂရုစိုက်ပြီး အချိန်ပြည့်စောင့်ရှောက်လျှက်ရှိသည်၊ ပြီးလျှင် ဘုရားသခင်သည် သူမ၏ အားနည်းမှုအား သနားကြင်နာပြီး စာတန်၏ ရက်စက်သော နှိပ်စက်မှုကို ကျော်လွှားနိုင်ရန် သူမအား ဦးဆောင်ပေးသည်တို့ကို သူမ သိခဲ့သည်။ ထိုညတွင် ဆိုးယုတ်သည့်ရဲများသည် သူမအား ည ၇ နာရီမှစပြီး မနက် ၁ နာရီထိုးသည်အထိ တလျှောက်လုံး စစ်ဆေးမေးမြန်းခဲ့သည်။ စီယန်၏ လက်များနှင့်ခါးနောက်ဘက်တို့တွင် အညိုအမဲစွဲလာခဲ့သည်။ သူမသည် ခေါင်းကိုက်နာကျင်ပြီး မူးဝေနေသည်။ ပြီးလျှင် သူမ၏ ဦးခေါင်းသည် ထုံထိုင်းနေခဲ့သည်။ နောက်ပိုင်းတွင် စီယန်သည် ဘာမှပြောဆိုခြင်းမရှိသေးဘဲ ဆိုးယုတ်သည့်ရဲတို့သည်လည်း မောပန်းလာပြီး သူမကို နှိပ်စက်ခြင်းကို ရပ်တန့်ခဲ့သည်။ သူတို့၏ စုံစမ်းမေးမြန်းခြင်းသည် အကြောင်းမထူးသောကြောင့် သူမအား အကျဉ်းစခန်းသို့ ပို့ရန် သူတို့ ဆုံးဖြတ်ခဲ့ကြသည်။

ခုနှစ်ရက်မြောက်နေ့တွင် သူတို့သည် စီယန်အား အကျဉ်းစခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုနေရာသို့ သူတို့ရောက်ရှိပြီးသည့်နောက်တွင် စီယန်အား အပြင်တွင်စောင့်ခိုင်းထားပြီး သူတို့သည် သူမအား လုပ်ရိုးလုပ်စဉ်အတိုင်းပြုလုပ်သည်။ အဖွဲ့ခေါင်းဆောင်သည် စခန်းတွင်အလုပ်လုပ်သည့် ရဲတစ်ယောက်အား ပြောသည်။ “ငါတို့မင်းတို့ဆီကို အကျဉ်းသားတစ်ယောက်လာပို့တာ။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ယုံကြည်သူပဲ။ ငါတို့ သူ့ကို ခြောက်ရက်အထိ စစ်ပြီးပြီ။ ဒါပေမဲ့ ဘာမှမပြောဘူး။ရဲသည် စီယန်အား စိုက်ကြည့်ပြီး ပြောသည်။မင်းအခု ငါတို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ဒီတံခါးကို မင်းဖြတ်သွားဖို့မလိုသလို နောက်ထပ်လည်း နာကျင်မှုတွေ ထပ်ခံစားရမှာမဟုတ်ဘူး။ မင်း ချက်ချင်းပဲ အိမ်ပြန်လို့ရတယ်။” ဤသည်မှာ ဆိုးယုတ်သည့်ရဲက သူမအား အသင်းတော်အားရောင်းစားပြီး ဘုရားသခင်အား သစ္စာဖောက်ရန်အတွက် သုံးသည့် လှည့်ကွက်တစ်ခုဖြစ်သည်ကို စီယန် ရှင်းလင်းစွာသိသည်။ သူမသည် သူ့အား တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောပေ။ ထို့နောက်တွင် အကျဉ်းစခန်းထဲသို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။

နှစ်ဆယ့်သုံးရက်ကြာပြီးနောက်တွင် လွတ်လာခဲ့ပြီး ဤအတွေ့အကြုံနှင့်ပတ်သက်၍သူမ၏ ခံစားချက်များအား ဖွင့်ချခြင်း

စီယန်သည် အကျဉ်းစခန်းတွင် ခက်ခဲလှသည့် နှစ်ဆယ့်သုံးရက်ကိုဖြတ်သန်းပြီးနောက်တွင် သူမ၏ မိသားစုသည် သူမအား အာမခံဖြင့်လွတ်မြောက်စေရန် ယွမ်တစ်ထောင်ကျော်အထိ ပေးခဲ့သည်။ သို့သော်လည်း တရုတ်ကွန်မြူနစ်ပါတီရဲများသည် သူမ အာမခံဖြင့် လွတ်နေစဉ်တွင် သူမအား စောင့်ကြည့်နေဆဲဖြစ်သည်။ သူတို့သည် သူမအား အိမ်မှ အဝေးသို့မသွားရန် တားမြစ်ပြီး သူမသည် ဘုရားသခင်အား ယုံကြည်နေသေးခြင်းရှိမရှိသိရန်အတွက် သူမအား ပုံမှန် ဆက်သွယ်ခေါ်ဆိုခဲ့သည်။ စီယန်အဖမ်းခံရသည့်အချိန်တွင် သူတို့သိမ်းယူခဲ့သည့်အရာများအားလုံး၌ ယွမ် ၁၃၀ ဝ၀ဝ ပါရှိသည့် ငွေစုစာအုပ်(သူတို့ ငွေထုတ်၍ မရခဲ့ပါ။)ကိုသာ နောက်ပိုင်းတွင် သူမအား ပြန်လည်ပေးအပ်ခဲ့သည်။ အခြားပစ္စည်းများအား လုံးဝ ပြန်မပေးအပ်ခဲ့ပေ။

စီယန်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကို တွေ့မြင်ခဲ့သည်- “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။...ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” ဤနှုတ်ကပတ်တော်တို့မှ စီယန်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အတွင်းသဘောကို ပို၍ အမှန်တကယ်သိမြင်လာသည်။ ၎င်း၏ အာဏာရှင်စနစ်ကိုထိန်းသိမ်းပြီး တရုတ်နိုင်ငံအား ဘုရားမဲ့နေရာတစ်ခုဖြစ်အောင်ပြုလုပ်ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ခုခံကာကွယ်မှုကင်းမဲ့သည့် ခရစ်ယာန်များအား သွေးရူးသွေးတန်း၊ ကြမ်းတမ်းစွာ နှိပ်ကွက်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အကြောင်း ကောလဟလများအား ဖြန့်ရန်နှင့် ဘုရားသခင်၏ အမှုတော်အား ရှုတ်ချရန်အတွက် ၎င်းသည် အစွမ်းကုန်ကြိုးစားသည်။ ထို့အပြင် သာမန်ပြည်သူများအား သူတို့သိသည့် ခရစ်ယာန်များ၏ လှုပ်ရှားမှုများအား သတင်းပို့ရန်အတွက် လှည့်စားပြီး သွေးထိုးလှုံဆော်သည်။ ခရစ်ယာန်များကို စောင့်ကြည့်ပြီး ဖမ်းဆီးရန်အတွက် ရနိုင်သမျှ နည်းလမ်းများအား အသုံးချသည်။ တရုတ်ကွန်မြူနစ်ပါတီအရာရှိများသည် ကောက်ကျစ်ပြီး အကြင်နာကင်းမဲ့သည်။ လူအား အညစ်အကြေးကဲ့သို့ ဆက်ဆံပြီး သူတို့၏ လူ့သဘာဝနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့သည် လုံးဝ ပျောက်ဆုံးနေသည်။ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် နတ်ဆိုးများဖြစ်ပြီး ဘုရားသခင်၏ ရန်သူများဖြစ်သည်။ သူတို့သည် ဘုရားသခင်အား မကိုးကွယ်သလို အခြားလူများအားလည်း ဘုရားသခင်အား ကိုးကွယ်ရန် ခွင့်မပြုပေ။ စီယန်သည် ဤအရာကို ကိုယ်တိုင် မမြင်တွေ့ရလျှင် သို့မဟုတ် ကြုံတွေ့ခြင်းမရှိလျှင် ရဲများသည် ဘုရားသခင်ကို ယုံကြည်သူများအား ဤသို့ဆက်ဆံသည်ကို ယုံကြည်ဦးမည်မဟုတ်ပေ။ ယခုကဲ့သို့ ၎င်းတို့အား အမှန်တကယ်ပင် မုန်းတီးဖို့မှာ ပို၍ မဖြစ်နိုင်ပေ။ ယခုအခါတွင် မမေ့နိုင်သည့် အတွေ့အကြုံကို ကြုံတွေ့ပြီးနောက် စီယန်သည် ဘုရားသခင်အားဆန့်ကျင့်သည့်၊ ဘုရားသခင်နှင့် ရန်သူဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သည့် အတွင်းသဘောကို သေသေချာချာမြင်တွေ့ခဲ့ရသည်။ တစ်ချိန်တည်းတွင် သူမအပေါ် ဘုရားသခင်၏ ချစ်ခြင်းကိုလည်း သူမ မြင်တွေ့ခဲ့ရသည်။ သူမသည် စိတ်ဆင်းရဲနေရပြီး အားလျော့နေသည့်အချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူမအား ဦးဆောင်ပေးခဲ့သည်။ သူမ လျှပ်စစ်ဓါတ်လိုက်ခံရပြီး အလွန်ပင်နာကျင်ရသည့်အချိန်တွင် ဘုရားသခင်သည ်သူမအား နာကျင်မှုကို မခံစားရစေရန် ကာကွယ်ပေးထားသည်။ ထိုအချိန်တွင် သူမသည် ဘုရားသခင်က သူမ၏ဘေးတွင် အချိန်ပြည့်ရှိနေသည်၊ ဘုရားသခင်သည် တန်ခိုးတော်အနန္တရှိပြီး နေရာတိုင်းတွင်ရှိသည်၊ ပြီးလျှင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး ဉာဏ်ပညာရှိသည်ဟု အမှန်တကယ်ပင် တွေ့ကြုံခံစားခဲ့ရသည်။ သူမသည် ဘုရားသခင်နောက်အား အဆုံးထိလိုက်သွားရန် ပို၍ပင် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

သင့်အတွက် အကြံပြုထားသည့်အရာ-

အမှာစကား ချန်ခဲ့မည်