စာရင်း

စစ်မှန်သော ဆုတောင်းခြင်းဆိုတာ ဘယ်လိုမျိုးလဲ

စစ်မှန်သော ဆုတောင်းခြင်းဆိုတာ ဘယ်လိုမျိုးလဲ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ သင့်နှလုံးသားထဲက စကားတွေကို ဘုရားကို ပြောခြင်းကို ပြောတာပါ၊ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကိုသိ၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာလည်း အခြေပြုပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို ပြောတာ ဖြစ်တယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ အထူးသဖြင့် ဘုရားနဲ့ နီးကပ်နေသလို ခံစားရခြင်း၊ ဘုရားက သင့်ရှေ့မှာ ရှိနေသလို ခံစားရခြင်း၊ သင့်မှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေတယ်လို့ ခံစားရခြင်း၊ သင့်ရဲ့ နှလုံးသားထဲက အလင်းရောင် ဖြာထွက်နေသလို ခံစားရခြင်း၊ ဘုရားက ထူးထူးခြားခြား နှစ်လိုဖွယ် ကောင်းတယ်လို့ ခံစားရခြင်းကို ဆိုလိုတယ်။ သင်ဟာ အထူးသဖြင့် စိတ်ထဲမှာ နှိုးကြွခြင်းကို ခံစားရမယ်။ သင့်ရဲ့ စကားလုံးတွေကို ကြားပြီးနောက်မှာ သင့်ညီအစ်ကို မောင်နှမတွေဟာ အားရကျေနပ်မှုကို ခံစားရမယ်။ သင်ပြောတဲ့ စကားလုံးတွေက သူတို့ နှလုံးသားထဲမှာရှိတဲ့ စကားလုံး၊ သူတို့ပြောချင်နေတဲ့ စကားလုံးတွေ ဖြစ်နေတာကို ခံစားရပြီး သင်ပြောသမျှဟာ သူတို့ပြောချင်နေတဲ့ အရာကို ကိုယ်စား ပြုနေတယ်လို့ ခံစားရမယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဒါကို ဆိုလိုပါတယ်။ သင်ဟာ အမှန်တကယ် ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့နှလုံးသားမှာ ငြိမ်သက်ခြင်း၊ အားရကျေနပ်ခြင်းကို ခံစားရမယ်။ ဘုရားကို ချစ်နိုင်စွမ်း တိုးလာပြီး သင်ဟာ သင့်ဘဝတစ်ခုလုံးက ဘယ်အရာမှ ဘုရားကို ချစ်ခြင်းထက်ပိုပြီး ထိုက်တန်ခြင်း၊ အရေးပါခြင်း မရှိတာကို ခံစားရလိမ့်မယ်။ အဲဒီအရာတွေ အားလုံးက သင့်ရဲ့ဆုတောင်းခြင်း ထိရောက်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။

ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍” မှ

လူတွေဆီကနေ ဘုရား လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်က သူတို့ရဲ့ နှလုံးသားကို သူ့ဆီကို ဖွင့်ပြနိုင်ဖို့ ဖြစ်တယ်။ လူက သူရဲ့ စစ်မှန်တဲ့ နှလုံးသားကို ဘုရားကို ပေးပြီး သူ့နှလုံးသားထဲမှာ ရှိတဲ့ အရာတွေကို ဘုရားကိုပြောရင် ဘုရားဟာ သူ့ရဲ့ အသက်တာမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိတယ်။ ဘုရားဟာ လူ့ရဲ့ လှည့်ဖြားတတ်တဲ့ နှလုံးသားကို အလိုမရှိဘဲ သန့်စင်ပြီး ရိုးသားဖြောင့်မတ်တဲ့ နှလုံးသားကိုသာ အလိုရှိတယ်။ လူဟာ သူ့နှလုံးသားနဲ့ ဘုရားကို စစ်မှန်စွာ စကားမပြောဘူးဆိုရင် ဘုရားဟာ လူ့နှလုံးသားကို မတို့ထိဘူး သို့မဟုတ် သူ့အတွင်းမှာ အလုပ်မလုပ်ဘူး။ ဒါကြောင့် ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးဆုံးအချက်က သင့်ရဲ့ စစ်မှန်တဲ့ နှလုံးသားထဲက စကားလုံးတွေကို ဘုရားကို ပြောဖို့ ဖြစ်တယ်။ သင့်ရဲ့ အမှားတွေကို သို့မဟုတ် ပုန်ကန်တဲ့ စိတ်သဘောကို ဘုရားကိုပြောခြင်းနဲ့ ဘုရားကို လုံးဝဖွင့်ပြခြင်းတို့ ဖြစ်တယ်။ ဒီလိုမှသာ ဘုရားက သင့်ရဲ့ ဆုတောင်းချက်တွေကို စိတ်ဝင်စားမှာဖြစ်တယ်။ ဒီလိုမဟုတ်ရင် ဘုရားဟာ သူ့မျက်နှာကို သင့်ထံမှ ဖုံးကွယ်ထားမှာပါ။

“ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍” မှ

တစ်ခါတစ်ရံ ဘုရားသခင်ကို မျှော်ကြည့်ခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ “အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏” ဟူသော အတွေးရှိကြသောအခါ၊ ဘုရားသခင်က ၎င်းအကြောင်းကို သိသလော။ ဤအတွေးများ လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသောယုံကြည်ခြင်းကို ဘုရားသခင်ပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ သင်၏အသက်ကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် သင် ဖမ်းဆုပ်သောနောက်ဆုံး ကောက်ရိုးမျှင်အလား သူ့ကို သင် ယုံကြည်ပြီး၊ သူသည် သင့်ကို ကူညီမည်၊ သင်၏စိတ်နှလုံးသည် ရိုးဖြောင့်သည်ဟု မျှော်လင့်သောအခါ၌သာ ဖြစ်၏။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်းမှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် သင်၏အခက်အခဲများကို မြင်သောအခါ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။

“ယုံကြည်သူများသည် လောကကြီး၏မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

ဆုတောင်းခြင်းဆိုတာ လုပ်ရိုးလုပ်စဉ်အတိုင်း (သို့) လုပ်ထုံးလုပ်နည်းတွေ အတိုင်း လုပ်ခြင်း (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို အလွတ်ရွတ်ခြင်း မဟုတ်ဘူး။ ဆိုလိုတာကတော့ ဆုတောင်းခြင်းဟာ ကြက်တူရွေးလို အလွတ်မှတ်ထားတဲ့ စကားလုံးတွေကို ရွတ်တာ၊ သူများလုပ်တိုင်း လိုက်လုပ်တာ မဟုတ်ဘူး။ ဆုတောင်းတဲ့အခါမှာ ဘုရားတို့ထိတာကို ခံရဖို့အတွက် သင့်နှလုံးသားထဲက စကားလုံးတွေကို ဘုရားနဲ့ဝေမျှရင်း သင့်နှလုံးသားကို ဘုရားကို ပေးအပ်ရမယ်။ သင့်ရဲ့ ဆုတောင်းချက်တွေကို အကျိုးသက်ရောက်မှု ရှိစေချင်ရင် ဆုတောင်းချက်တွေဟာ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဖတ်ရှုခြင်း အပေါ်မှာ အခြေခံတဲ့ ဆုတောင်းချက်တွေ ဖြစ်ရမယ်။ ဘုရားရဲ့ စကားတွေနဲ့ ဆုတောင်းမှသာ သင်ဟာ အသိအမြင်ကြွယ်ဝမှုနဲ့ ဖွင့်ပြခြင်းကို ပိုလက်ခံနိုင်မှာ ဖြစ်တယ်။ ဘုရားချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို တောင့်တပြီး အဲဒီပြဋ္ဌာန်းချက်တွေအတိုင်း ပြည့်မှီအောင် အသက်ရှင်လိုတဲ့ နှလုံးသားက စစ်မှန်တဲ့ ဆုတောင်းချက်ကို ဖော်ပြတယ်။ ဘုရားမုန်းတီးတဲ့ အရာတွေကို သင်မုန်းတီးလာနိုင်လိမ့်မယ်။ အဲဒီလို မုန်းတီးနိုင်စွမ်းအပေါ်မှာ အခြေခံပြီး သင်ဟာ အသိပညာကို ရရှိလိမ့်မယ်။ ဘုရား ရှင်းပြတဲ့ သမ္မာတရား အကြောင်းကို သိလာလိမ့်မယ်၊ ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ယုံကြည်ခြင်း၊ အသိပညာနဲ့ ဆုတောင်းပြီးနောက်ပိုင်းမှာ လိုက်လျောက်ရမယ့် လမ်းရှိခြင်းတို့ကသာလျှင် စစ်မှန်စွာ ဆုတောင်းခြင်း ဖြစ်ပြီး ဒီလိုဆုတောင်းခြင်းကသာ ထိရောက်မှုရှိနိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့ ဆုတောင်းခြင်းကို ဘုရားရဲ့ နှုတ်ထွက်စကားများ၌ မွေ့လျော်ခြင်း၊ ဘုရားရဲ့ စကားတွေအားဖြင့် ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောခြင်း၊ နှလုံးသားက ဘုရားကို ရှာဖွေနိုင်ခြင်းနဲ့ ဘုရားရဲ့ ရှေ့မှာ ငြိမ်သက်ခြင်း ရှိခြင်းစတဲ့ အခြေခံ အုတ်မြစ်တွေ အပေါ်မှာ တည်ဆောက်ရမယ်။ ဒီလိုဆုတောင်းခြင်းမျိုးဟာ ဘုရားနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး ပြောဆိုတဲ့ အဆင့်ကို ရောက်ရှိနှင့်ပြီး ဖြစ်ပါတယ်။

“ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍” မှ

ညီအစ်ကို မောင်နှမတို့ဟာ နေ့စဉ်နေ့တိုင်း အမှန်တကယ် ဆုတောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါဟာ အယူဝါဒတွေ အပေါ်မှာ စွဲလန်းခြင်း မဟုတ်ဘူး၊ ကြိုးစားအားထုတ်ရမယ့် အရာတစ်ခု ဖြစ်တယ်။ အိပ်စက်ခြင်းနဲ့ ကျေနပ်နေတာတွေကို နည်းနည်းလျှော့ပြီး အရုဏ်ဦးအချိန်မှာ မနက်ပိုင်း ဆုတောင်းမှုပြုပြီး ဘုရားရဲ့ နှုတ်ထွက်စကားတွေကို မွေ့လျော်ဖို့ ဆန္ဒရှိသလား။ သင်ဟာ သန့်ရှင်းတဲ့ နှလုံးသားနဲ့ ဆုတောင်းပြီး ဘုရားရဲ့ နှုတ်ထွက်စကားတွေကို မှီဝဲသုံးဆောင်မယ်ဆိုရင် အဲဒီလို လုပ်ခြင်းအားဖြင့် သင်ဟာ ဘုရားရဲ့ လက်ခံခြင်းကို ပိုပြီးရရှိမှာပါ။ သင်ဟာ နေ့စဉ် သင့်နှလုံးသားကို ဘုရားထံ အပ်နှံခြင်းကို လက်တွေ့ကျင့်သုံးပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောရင် ဘုရားနဲ့ ပတ်သက်တဲ့ သင့်ရဲ့ အသိပညာဟာ သေချာပေါက် တိုးလာမှာဖြစ်ပြီး ဘုရားရဲ့ အလိုကို ပိုပြီးနားလည်နိုင်စွမ်း ရှိလာနိုင်မှာ ဖြစ်တယ်။ သင်က "အို ဘုရားသခင်၊ ကျွန်ုပ်တို့ရဲ့ အသက်တာမှာ ကိုယ်တော့်ရဲ့ ဘုန်းထင်ရှားနိုင်စေဖို့၊ ဒီလူစုဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ သက်သေခံချက်ကို ကိုယ်တော်နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်ရဲ့ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်ထံ ဆပ်ကပ်နိုင်စေဖို့အတွက်၊ ကျွန်ုပ်ဟာ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်လိုတဲ့ ဆန္ဒရှိပါတယ်။ ကျွန်ုပ်ဟာ ကိုယ်တော်ကို အမှန်တကယ်ချစ်ပြီး ကိုယ်တော် စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်ဖို့၊ ကိုယ်တော့်ကို ကျွန်ုပ်အရောက်လှမ်းဖို့ ကြိုးစားတဲ့ ပန်းတိုင်ဖြစ်စေနိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ အထဲမှာ အလုပ်လုပ်ဖို့ ကိုယ်တော်ကို အသနားခံ တောင်းလျှောက်ပါတယ်"လို့ ပြောသင့်တယ်။ အဲဒီလို မဖြစ်မနေ ဆုတောင်းဖို့ လိုတယ်လို့ သင့်စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ခံစားရရင် ဘုရားဟာ သေချာပေါက် သင့်ကို ပြီးပြည့်စုံစေမှာ ဖြစ်တယ်။ သင်ဟာ သင့်အတွက်ပဲ ဆုမတောင်းသင့်ဘူး၊ ဘုရားရဲ့အလို ပြည့်စုံအောင် လုပ်ဆောင်နိုင်ဖို့၊ ဘုရားကို ချစ်ဖို့အတွက်လည်း ဆုတောင်းသင့်တယ်။ အဲဒီလို ဆုတောင်းခြင်းကသာ အစစ်မှန်ဆုံး ဆုတောင်းခြင်း ဖြစ်တယ်။

“ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်နှင့် စစ်မှန်သော ဆက်ဆံမှုမှ ထွက်ပေါ်ရမည့် ရလဒ်အချို့ ရှိသည်- ပထမဦးစွာ၊ ဘုရားသခင်နှင့် ဆက်ဆံသောအချိန်တွင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားနှင့် ကျွန်ုပ်တို့ သဘာဝ၏ အနှစ်သာရတို့ကို သိလာကြ၍၊ ယင်းသို့အားဖြင့် ကျွန်ုပ်တို့ကိုယ်ကိုယ် သိရှိခြင်းရလဒ်ကို ရရှိကြသည်။ ဘုရားသခင်၏ မျက်မှောက်တော်၌၊ ကျွန်ုပ်တို့ လုပ်ဆောင်ထားသော အရာများသည် ဘုရားသခင်၏ အလိုတော်နှင့် အမှန်တကယ် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း၊ အသက်ရှင်ရန်အတွက် ကျွန်ုပ်တို့ မှီခိုထားသည်မှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း တွေ့မြင်ဖို့ရန် ယင်းအရာတို့အပေါ် မကြာခဏ ဆင်ခြင် သုံးသပ်သင့်ကြပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ အသက်ရှင်ထားသည်ဆိုလျှင်၊ ယင်းမှာ အသက်တာထဲသို့ ဝင်ရောက်ရန်အတွက် သက်သေခံချက် ဖြစ်သည်။ စာတန်၏ ဒဿနများဖြင့် ကျွန်ုပ်တို့ အသက်ရှင်ထားသည်ဆိုလျှင်၊ ယင်းမှာ ပြစ်မှားခြင်းတစ်ခုဟု မှတ်ယူရသည့် စာတန်၏သဘာဝ၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဒုတိယအနေဖြင့်၊ ဘုရားသခင်နှင့် ဆက်ဆံသောအချိန်တွင်၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် မှန်ကန်သော သိရှိခြင်းကို ရရှိသည်သာမက၊ ဘုရားသခင်နှင့် ဆက်ဆံခြင်း၏ ရလဒ်ဖြစ်သော ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းကိုလည်း ရရှိသည်။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်း ရရှိပြီးနောက်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို ကြည်ညိုရန်၊ နာခံရန်နှင့် ချစ်ရန် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာမည်ဖြစ်ကာ၊ ယင်းသည် နောက်ဆုံးတွင် ဘုရားသခင်ကို အစေခံရန် စိတ်ပိုင်းဖြတ်မှုကို ကျွန်ုပ်တို့ထံ ဖြစ်ပေါ်စေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို သိရှိခြင်းအားဖြင့် ရရှိသော ရလဒ်တစ်ခု ဖြစ်ပြီး၊ ဘုရားသခင်နှင့် ဆက်ဆံခြင်းအားဖြင့် ရရှိသော ရလဒ်တစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံခြင်း၌ ဤရလဒ်များကို ကျွန်ုပ်တို့ မရရှိလျှင်၊ ယင်းသည် ကျွန်ုပ်တို့အနေဖြင့် ဆုတောင်းချက်များ၌ မှန်ကန်သော လမ်းကြောင်းပေါ် မဝင်ရောက်သေးခြင်းကိုလည်းကောင်း၊ ဘုရားသခင်နှင့် အမှန်တကယ် ဆက်ဆံခြင်း မရှိသေးသည်ကိုလည်းကောင်း လုံလောက်စွာ သက်သေပြပေသည်။ လူအချို့က၊ “ကောင်းပြီ၊ ငါ နှစ်ပေါင်းများစွာ ဆုတောင်းခဲ့ပြီးပြီ၊ ဒီတော့ အဲဒါက ဆုတောင်းချက်တွေထဲမှာ ဘုရားသခင်နဲ့ ငါက ဆက်ဆံနေတယ်ဆိုတဲ့ အဓိပ္ပာယ်လား” ဟု ဆိုကြသည်။ ထိုသို့ဆိုလျှင် သင်သည် ဤအဖြစ်ကို ယခု ရလဒ်များနှင့်အညီ တိုင်းတာရမည်။ သင်သည် သင်၏ ဆုတောင်းချက်များတွင် မိမိကိုယ်ကိုယ် သိရှိခြင်း ရလဒ်ကို ရရှိခဲ့ပြီလော။ ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားတို့ကို ရှာဖွေခြင်းရလဒ်ကို သင် ရရှိပြီလော။ ဘုရားသခင်အား နာခံခြင်းရလဒ်ကို သင် ရရှိပြီလော။ ဘုရားသခင်အား ကြောက်ရွံ့ခြင်းရလဒ်ကို သင် ရရှိပြီလော။ ဘုရားသခင်အား ချစ်ခြင်းရလဒ်ကို သင် ရရှိပြီလော။ ဤရလဒ်များ၏ တစ်ခုတလေကိုမျှ သင် မရရှိသေးလျှင်၊ သင်၏ ဆုတောင်းခြင်းများမှာ အနှစ်မပါ ဗလာသက်သက်ဖြစ်၍၊ အဓိပ္ပါယ်မဲ့ကာ၊ သင်သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံမှု မရှိခြင်းသာဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၅) တွင်ပါဝင်သော “ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှု” မှ

အမှာစကား ချန်ခဲ့မည်