စာရင်း

ယနေ့တွင်၊ ကပ်ဘေးများသည် တိုး၍ ပြင်းထန်မှုနှင့် အကြိမ်ရေတို့ဖြင့် ဖြစ်ပွားနေသည်။ ဤနိမိတ်လက္ခဏာများက ကျမ်းစာထဲတွင် ကြိုတင်ဟောကိန်းထုတ်ထားသည့် နောက်ဆုံးသော ကာလ၏ ကြီးမားသည့် ကပ်ဘေးများက စတင်တော့မည်ဖြစ်သည်ကို ညွှန်ပြလေသည်။ ဤကပ်ဘေးများအလယ်တွင် ဘုရားသခင်၏ ကွယ်ကာမှုကို ကျွန်ုပ်တို့ မည်သို့ ရရှိနိုင်ပြီး ရှင်ကျန်နိုင်သနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။” (ဗျာဒိတ်ကျမ်း ၃:၁၀)

“ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏ နာမနှင့် ခမည်း တော်၏ နာမကိုနဖူး၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။ သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ်၏။ ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၁–၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။ ငါ့သားတို့။ သင်တို့သည် နာကျင်ခြင်းဝေဒနာ သို့မဟုတ် ကပ်ဘေးများ၏ အခက်အခဲများကို မခံစားကြရ။ သင်တို့ မကြာမီ အရွယ်ရောက်ပြီး ဖြစ်နိုင်သမျှမြန်မြန် ငါ၏ပုခုံးများ ပေါ်ရှိသည့် ဝန်ကို လက်ခံကြဖို့ ငါအလိုရှိ၏။ ငါ၏အလိုကို သင်တို့ အဘယ်ကြောင့် နားမလည်ကြသနည်း။ ရှေ့လျှောက် အလုပ်သည် ပို၍ပို၍ ပင်ပန်းလိမ့်မည်။ သင်တို့သည် ငါ့ကို တစ်ကိုယ်တည်း အလွန်ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ် စေလျက်၊ ငါ့ကို လက်မလည်နိုင်အောင် ထားရစ်ဖို့ အကြင်နာတရားမဲ့ ကြသလော။ ပို၍ ရှင်းရှင်း ငါပြောမည်- အသက်တာ ရင့်ကျက်သော သူများသည် ခိုလှုံရာထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး၊ နာကျင်ခြင်းဝေဒနာ သို့မဟုတ် အခက်အခဲကို ခံစား ရလိမ့်မည် မဟုတ်။ အသက်တာ မရင့်ကျက်သော သူများသည် နာကျင်ခြင်း ဝေဒနာနှင့် ဘေးအန္တရာယ်ကို ခံစားကြရလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များသည် အတော်အသင့် ရှင်းသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။

နောဧက သင်္ဘောကို တည်ဆောက်ခဲ့သည့် အချိန်ကာလကို ပြန်ကြည့်ပါက- လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့သည်၊ လူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမှ သွေဖည်ခဲ့ကြပြီးဖြစ်သည်၊ ဘုရားသခင်၏ စောင့်ရှောက်မှုကို မခံကြရတော့သကဲ့သို့၊ ဘုရားသခင်၏ ကတိများကိုလည်း ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အလင်းမရှိဘဲ အမှောင်ထဲတွင် အသက်ရှင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သဘာဝအားဖြင့် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာခဲ့ကြပြီး၊ အကျည်းတန်သော အကျင့်ပျက်ခြင်းထဲတွင် လုံးလုံးလျားလျား ပျော်မွေ့နေခဲ့ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကတိတော်ကို မရရှိနိုင်ကြတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာခဲ့ပြီးဖြစ်ကာ ဘုရားသခင်က ၎င်းတို့အပေါ် နှင်းအပ်ပေးထားသမျှကို ဖယ်ထားခဲ့ကြပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ မျက်နှာကို မျက်မြင်ကြုံတွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံကိုကြားရန် မထိုက်တန်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်သည်ထက် သွေဖည်ခဲ့ကြပြီး၊ ထိုသို့ဖြစ်ခဲ့သည်နှင့်အမျှ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝအားလုံးကို ကျော်လွန်၍ အကျင့်ပျက်ပြားလာခဲ့ကြပြီး တိုး၍တိုး၍ ဆိုးယုတ်လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သေခြင်းနှင့် နီးသည်ထက်နီးအောင် လျှောက်လှမ်းခဲ့ကြပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် အပြစ်ဒဏ်ပေးခြင်းအောက်တွင် လဲကျခဲ့ကြသည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အသံနှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ကြားချက်များအတိုင်း သင်္ဘောကို တည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါ မျိုးစုံကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် ကမ္ဘာကြီး အပေါ် သူ၏ ဖျက်ဆီးခြင်းကို ထုတ်လွှတ်ခဲ့သည်။ နောဧသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့် အတွက် နောဧနှင့် အခြား သူ၏မိသားစုဝင် ခုနစ်ဦးသာ ထိုပျက်စီးခြင်းမှ အသက်ရှင်ခဲ့သည်။

ယခု မျက်မှောက်ခေတ်ကို ကြည့်လော့- ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည့် နောဧ ကဲ့သို့သော ဖြောင့်မတ်သည့်လူများ မတည်ရှိလေပြီ။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် ကရုဏာ ကျေးဇူးပြုတော်မူဆဲဆဲဖြစ်ပြီး ဤနောက်ဆုံးသော ခေတ်အတွင်းတွင် ၎င်းတို့ကို ဖြေလွှတ်ပေးဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့သည် မနည်းပါးပေ- လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်

နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ကို ကြေညာလိုက်သည့်အခါ-သူတို့၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်၌- ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတသန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်ထဲ၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို တစ်လှည့်စီ ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင့်အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍ မရနိုင်ခြင်းကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်- ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို အမှန်တကယ်ထားခဲ့ပြီး မိမိတို့၏လက်ထဲမှာရှိသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူဧကန်အမှန်မျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ချပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသော်လည်း ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ချပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝမခဲယဉ်းပေ။ သူတောင်းဆိုသည့်အရာမှာ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်လျှင် ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း- အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်၊ စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အစေခံခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဆိုးယုတ်မှုကြောင့်နှင့်၊ ၎င်းတို့၏ မနာခံခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးအဆက်အနေဖြင့်၊ ဖယ်ရှားခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ဆိုးယုတ်သူများကို မဖျက်ဆီးဘဲ၊ ယင်းအစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက၊ လူသားတိုင်းသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့၊ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် ပြီးပြည့်စုံမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

အမှာစကား ချန်ခဲ့မည်