စာရင်း

သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် နောက်ဆုံးသောကာလတွင် တရုတ်ပြည်၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအတွက် အခြေခံအကြောင်းရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ မိန့်တော်မူ၏။” (မာလခိ အနာဂတ္တိကျမ်း ၁:၁၁)

“လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။ အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇-၂၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်အုပ်ချုပ်သူများ၏ ခမ်းနားသော အစုအဝေး- ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်- သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို ကယ်တင်ရန် တတ်နိုင်သမျှ လုပ်ဆောင်သည့် အတွက်၊ သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

နေရာများစွာတွင်၊ ဘုရားသခင်သည် သိနိမ်ပြည်တွင် အောင်မြင်သူများ အုပ်စုတစ်စုကို သူရရှိနေလိမ့်မည်ဟု ပရောဖက်ပြုထားပြီးဖြစ်သည်။ အောင်မြင်သူများကို ရရှိမည်မှာ ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည့်အတွက်၊ သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ဘုရားသခင် ခြေချသည့်နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်ပြည် ဖြစ်သည်မှာ သေချာပေသည်။ ထိုနေရာတွင်၊ အဆင်းနီသောနဂါးကြီးအနေဖြင့် လုံးလုံးလျားလျား နှိမ်နင်းခံရကာ အရှက်ရစေဖို့၊ ဘုရားသခင်သည် ယင်း၏ သားစဉ်မြေးဆက်များကို ရယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် ဆင်းရဲဒုက္ခဖြင့် အလွန်အမင်း ဝန်လေးသည့် ဤလူများကို နိုးထစေမည်၊ ၎င်းတို့ အပြည့်အဝ နိုးထသည်အထိ နှိုးဆွမည်ဖြစ်ပြီး၊ မြူထဲမှ ၎င်းတို့ကို ထွက်လျှောက်စေကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေမည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အိပ်မက်မှ နိုးကြလိမ့်မည်၊ အဆင်းနီသော နဂါးကြီးအား အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို သတိပြုမိကြလိမ့်မည်၊ ၎င်းတို့၏ နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်လာနိုင်ကြလိမ့်မည်၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုမှ ထိုးထွက်နိုင်ကြလိမ့်မည်၊ ကမ္ဘာ၏ အရှေ့ပိုင်းတွင် ထရပ်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် အောင်မြင်မှု၏ သက်သေဖြစ်လာနိုင်ကြလိမ့်မည်။ ဤနည်းဖြင့်သာ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ ဤအကြောင်းရင်း တစ်ခုတည်းကြောင့်၊ ဘုရားသခင်သည် ဣသရေလမြေ၌ အဆုံးသတ်လာခဲ့သော အမှုကို အဆင်းနီသော နဂါးကြီး ခွေလျက် လဲလျောင်းရာ မြေသို့ ယူဆောင်ခဲ့ပြီး၊ ထွက်ခွာပြီးနောက် နှစ်နှစ်ထောင်နီးပါးအကြာတွင် ကျေးဇူးတော်ခေတ်၏ အမှုကို ဆက်လက် လုပ်ဆောင်ရန် လူ့ဇာတိ တစ်ဖန်ခံယူလာပြီးဖြစ်သည်။ လူသား၏ ပကတိ မျက်စိတွင်၊ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုသစ်ကို အစပျိုးနေပေသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်၊ သူသည် နှစ်ထောင်ပေါင်း အနည်းငယ် အဆက်ပြတ်သည့်ကာလတစ်ခု နောက်တွင်သာ၊ ပြီးလျှင် သူ့အမှု၏ တည်နေရာနှင့် အစီအစဉ်ထဲက ပြောင်းလဲမှု တစ်ခုဖြင့်သာ၊ ကျေးဇူးတော်ခေတ်၏ အမှုကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ပရောဖက်ပြုချက်များက ဆိုထားသည်။ အဘယ်ကြောင့် ထိုအရာကို ပရောဖက်ပြုထားသနည်း။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေခဲ့ပါက သူသည် ဣသရေလပြည်၌သာ အမှုပြုခဲ့ပေလိမ့်မည်။ ထို့အပြင် ဤအလုပ်ကို သူဖြန့်ကြက်လိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့သော ပရောဖက်ပြုချက်ကိုလည်း သူပြုခဲ့မည် မဟုတ်ချေ။ ထိုပရောဖက်ပြုချက်ကို သူပြုခဲ့သောကြောင့် သူသည် သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၊ တိုင်းနိုင်ငံအားလုံးနှင့် ကုန်းမြေအားလုံးအကြား ဧကန်အမှန် ချဲ့ထွင်လိမ့်မည် ဖြစ်သည်။ ထိုသို့သူပြောခဲ့သောကြောင့် ထိုအရာကို သူလုပ်ရပေလိမ့်မည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်၊ အကြောင်းမှာ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော သခင်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဣသရေလအမျိုးသားတို့အကြား၌ သူအလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ယုဒပြည်တစ်ဝှမ်းလုံး၌ သူအလုပ်လုပ်သည်ဖြစ်စေ သူလုပ်သော အလုပ်သည် စကြဝဠာ တစ်ခွင်လုံး၏ အလုပ်ဖြစ်ပြီး လူသားအားလုံး၏ အလုပ်ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံဖြစ်သော အဆင်းနီသည့် နဂါးကြီး၏ တိုင်းနိုင်ငံ၌ ယနေ့သူလုပ်သော အလုပ်သည် လူသားအားလုံး၏ အလုပ်ဖြစ်နေဆဲပင်ဖြစ်သည်။ ဣသရေလပြည်သည် မြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်စခန်း ဖြစ်နိုင်ခဲ့၏၊ တရုတ်နိုင်ငံ သည်လည်း တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားရှိ သူ၏အလုပ် အတွက် အခြေစိုက်စခန်း ဖြစ်နိုင်သည်။ “ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်” ဟူသော ပရောဖက်ပြုချက်ကို သူယခု ပြည့်စုံစေခဲ့ပြီ မဟုတ်လော။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြားရှိ သူ့အလုပ်၏ ပထမအဆင့်မှာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၌ သူလုပ်သော အလုပ်ဖြစ်သည့် ဤအလုပ်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏” မှ

ငါသည် ကောင်းကင်ဘုံအသစ်နှင့် မြေကြီးအသစ်အတွင်း ဝင်ရောက်သည့်အခါမှ၊ ငါ့ဘုန်းတော်၏ အခြားအစိတ်အပိုင်းကို ယူဆောင်ပြီး ယင်းကို ခါနာန်ပြည်တွင် ဦးစွာဖော်ပြသည်၊ ည၏ ပိန်းပိတ်အောင် မှောင်သော အမှောင်ထုအတွင်း နစ်မြုပ်နေသည့် တစ်ကမ္ဘာလုံး အလင်းသို့ရောက်ရှိခွင့် ရစေရန်အတွက် အလင်းရောင် အနည်းငယ်ကို တစ်ကမ္ဘာလုံး၌ ထွန်းလင်းသွားစေသည်။ ငါ၏ ဘုန်းတော်ကို တိုင်းနိုင်ငံတိုင်းတွင် တိုးပွားပြီး အသစ်ပေါ်ထွန်းစေလျက်၊ တစ်ကမ္ဘာလုံးရှိ လူသားများအား အလင်း၏စွမ်းအားမှ ခွန်အားရယူရန် လာရောက်စေသည်။ ငါသည် လူ့ကမ္ဘာကို ရှေးကာလက လာရောက်ခဲ့ပြီး ငါ၏ဘုန်းတော်ကို ဣသရေလပြည်မှ အရှေ့အရပ်သို့ ယူဆောင်လာခဲ့ကြောင်း လူသားမျိုးနွယ် တစ်ရပ်လုံးကို သိစေမည်။ အကြောင်းမူကား ငါ၏ ဘုန်းတော်သည် ကျေးဇူးတော်ခေတ်မှ ယနေ့တိုင် ယူဆောင် လာခဲ့သောနေရာဖြစ်သည့် အရှေ့အရပ်မှ ထွန်းလင်းသောကြောင့် ဖြစ်သည်။ ငါထွက်ခွာလာသည့်အရပ်သည် ဣသရေလပြည် ဖြစ်လင့်ကစား၊ ထိုနေရာမှ အရှေ့အရပ်သို့ ငါ ရောက်ရှိခဲ့ပေသည်။ အရှေ့အရပ်၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့်အခါမှသာ၊ ကမ္ဘာတစ်ဝန်းရှိ အမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည် ရှေးကာလက ဣသရေလပြည်မှ ထွက်သွား၍ အရှေ့အရပ်တွင် အသစ်တစ်ဖန် ပေါ်ထွန်းလာနေသည်ကို လူသားက တွေ့ရှိမည် ဖြစ်သည်။ ဣသရေလပြည်အတွင်းသို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက်၊ ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပေ၊ အကြောင်းမူကား ငါ၏အမှုသည် စကြဝဠာတစ်ခုလုံးကို ဦးဆောင်လမ်းပြခြင်း ဖြစ်သည့်အပြင်၊ အရှေ့အရပ်မှ အနောက်အရပ်သို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ငါသည် အရှေ့အရပ်၌ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့အရပ် သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့်၊ စကြဝဠာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ခါနာန်ပြည်တွင် ငါသည် မိန့်မြွက်ချက်များကို ဆက်လက် ထုတ်ပြန်လေသည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ ကမ္ဘာမြေပြင်တစ်ခုလုံး၌ အလင်းမရှိပေ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ဒုက္ခရောက်နေ၏။ ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထို့နောက် ဣသရေလလူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ယုဒပြည်တွင် ငါ၏ဘုန်းတော် မရှိစေတော့ရန် ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ပြီးဖြစ်ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။

စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရမည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်းဆိုင်လျက် ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက်၊ ဝမ်းမြောက် ပျော်ရွှင် နေကြသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေလော့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုစေလော့။ လူသားတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံစေလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်” မှ

အမှာစကား ချန်ခဲ့မည်