စာရင်း

လူသားမျိုးနွယ်သည် အဘယ့်ကြောင့် ဘုရားသခင်ကို ယုံကြည်သင့်သနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောက သို့ ကြွလာပြီ။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၆)

ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။” (ရှင်ယောဟန်ခရစ်ဝင် ၆:၃၅)

လူသားမျိုးနွယ်သည် အဘယ့်ကြောင့် ဘုရားသခင်ကို ယုံကြည်သင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်ပြီး၊ ရှိသမျှအားလုံးအပေါ် အုပ်စိုးကာ ရှိသမျှအားလုံးအတွက် ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ အဆင့်အတန်းဖြစ်ပြီး၊ သူ၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာ အားလုံးအတွက် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအားလုံးကို အုပ်ချုပ်သူ ဖြစ်၏။ ယင်းမှာ ဘုရားသခင် ပိုင်ဆိုင်သော ပင်ကိုလက္ခဏာဖြစ်ပြီး၊ သူသည် အရာခပ်သိမ်းတို့အလယ်တွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်ထဲတွင် ဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ- ဘုရားသခင်၏ သတ္တဝါများထဲမှ မည်သူကမျှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို တူအောင်တုရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အခွင့်အလမ်းမျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့ အလယ်တွင် ဤပင်ကိုလက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် ဖန်ဆင်းခြင်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ- ငါတို့၏ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်- တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာခပ်သိမ်းအလယ် နေထိုင်ကာ ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားဖြစ်လာခြင်း၊ အသွေးအသား ရှိသည့် သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာခြင်းနှင့် ၎င်းတို့နှင့်အတူ အကောင်းအဆိုးများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏၊ သို့သော် တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာ အားလုံး၏ ကံကြမ္မာနှင့် ယင်းတို့အားလုံး ရွေ့လျားသည့်ဦးတည်ရာကို ဆုံးဖြတ်ရင်း၊ ရှိသမျှအရာအားလုံးကို ကွပ်ကဲအုပ်ချုပ်လေသည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာကို လမ်းပြပြီး၊ လူသားမျိုးနွယ်၏ ဦးတည်ချက်ကို ထိန်းကျောင်းပေး၏။ ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို သက်ရှိသတ္တဝါအားလုံးက ဝတ်ပြု ကိုးကွယ်သင့်သည်၊ နာခံသင့်ပြီး သိရှိသင့်ပေသည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်အုပ်စု သို့မဟုတ် မည်သည့် အမျိုးအစားနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် သူ၏ အစီအစဉ်များကို လက်ခံခြင်းသည်သာ မည်သည့် လူမဆိုနှင့် မည်သည့် သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာ- လိုအပ်သော ရွေးချယ်စရာ- ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည့်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အသီးသီးကို ခွဲခြားထားပြီး ဘုရားသခင်၏ အလိုအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးထားလျက်၊ အရာခပ်သိမ်းကို အမိန့်ပေးကာ အဆင့်အတန်း သတ်မှတ်ခဲ့သည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံခြင်း မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦးမျှသာ ဖြစ်နေဆဲ ဖြစ်ပြီး၊ အရေးမပါသော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။

နောဧက သင်္ဘောကို တည်ဆောက်ခဲ့သည့် အချိန်ကာလကို ပြန်ကြည့်ပါက- လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့သည်၊ လူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမှ သွေဖည်ခဲ့ကြပြီးဖြစ်သည်၊ ဘုရားသခင်၏ စောင့်ရှောက်မှုကို မခံကြရတော့သကဲ့သို့၊ ဘုရားသခင်၏ ကတိများကိုလည်း ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အလင်းမရှိဘဲ အမှောင်ထဲတွင် အသက်ရှင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သဘာဝအားဖြင့် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာခဲ့ကြပြီး၊ အကျည်းတန်သော အကျင့်ပျက်ခြင်းထဲတွင် လုံးလုံးလျားလျား ပျော်မွေ့နေခဲ့ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကတိတော်ကို မရရှိနိုင်ကြတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာခဲ့ပြီးဖြစ်ကာ ဘုရားသခင်က ၎င်းတို့အပေါ် နှင်းအပ်ပေးထားသမျှကို ဖယ်ထားခဲ့ကြပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ မျက်နှာကို မျက်မြင်ကြုံတွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံကိုကြားရန် မထိုက်တန်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်သည်ထက် သွေဖည်ခဲ့ကြပြီး၊ ထိုသို့ဖြစ်ခဲ့သည်နှင့်အမျှ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝအားလုံးကို ကျော်လွန်၍ အကျင့်ပျက်ပြားလာခဲ့ကြပြီး တိုး၍တိုး၍ ဆိုးယုတ်လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သေခြင်းနှင့် နီးသည်ထက်နီးအောင် လျှောက်လှမ်းခဲ့ကြပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် အပြစ်ဒဏ်ပေးခြင်းအောက်တွင် လဲကျခဲ့ကြသည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အသံနှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ကြားချက်များအတိုင်း သင်္ဘောကို တည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါ မျိုးစုံကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် ကမ္ဘာကြီး အပေါ် သူ၏ ဖျက်ဆီးခြင်းကို ထုတ်လွှတ်ခဲ့သည်။ နောဧသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့် အတွက် နောဧနှင့် အခြား သူ၏မိသားစုဝင် ခုနစ်ဦးသာ ထိုပျက်စီးခြင်းမှ အသက်ရှင်ခဲ့သည်။

ယခု မျက်မှောက်ခေတ်ကို ကြည့်လော့- ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည့် နောဧ ကဲ့သို့သော ဖြောင့်မတ်သည့်လူများ မတည်ရှိလေပြီ။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် ကရုဏာ ကျေးဇူးပြုတော်မူဆဲဆဲဖြစ်ပြီး ဤနောက်ဆုံးသော ခေတ်အတွင်းတွင် ၎င်းတို့ကို ဖြေလွှတ်ပေးဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။ အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။ သင်သည် သမ္မတတစ်ဦး၊ သိပ္ပံပညာရှင်တစ်ဦး၊ သင်းအုပ်တစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦး ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် သင်၏ရာထူး မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ သင်၏ တာဝန်များတွင် သင်၏ အသိပညာနှင့် အရည်အချင်းအပေါ် သင် အားထားပါက၊ ဘုရားသခင်သည် သင်လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ လက်မခံသကဲ့သို့၊ သင်၏တာဝန်က ဖြောင့်မတ်သောအရာတစ်ခုဟု လက်မခံသောကြောင့် သို့မဟုတ် သင်သည် လူသားမျိုးနွယ်၏ အကျိုးအတွက် အလုပ်လုပ်နေသည်ဟု သူလက်မခံသောကြောင့်၊ သင်သည် အမြဲကျရှုံးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့လိမ့်မည် ဖြစ်သည်။ သင် လုပ်ဆောင်သည့် အရာတိုင်းသည် ဘုရားသခင်၏ လူသားတို့အပေါ် ကွယ်ကာမှုကို ပယ်ဖျက်ရန် နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ရန် လူသားမျိုးနွယ်၏ အသိပညာနှင့် အစွမ်းအစကို အသုံးပြုဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူ ဆိုလိမ့်မည်။ သင်သည် လူသားမျိုးနွယ်ကို အမှောင်ထုဆီသို့၊ သေခြင်းတရားဆီသို့၊ ပြီးလျှင် လူသားက ဘုရားသခင်နှင့် သူ၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးသွားသည့် အကန့်အသတ်မဲ့ တည်ရှိမှုတစ်ခု၏ အစဆီသို့ ဦးဆောင်နေသည်ဟု သူ ဆိုလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်လိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်ပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ကဲ့သို့သော မရေတွက်နိုင်သည့် ပြောင်းလဲမှုများသည် ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့သည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး၊ ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် လူသားတို့ပင်ဖြစ်သည်၊ ဤကဲ့သို့သော လူသားတို့ ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသောသူ ရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်း ပေလုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များအပေါ် တုံ့ပြန်မှုများ မရှိပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” မှ

ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...။ ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” မှ

အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်းလွဲပြီး သောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြ သော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ ကိုယ်ကို စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏ စိတ်ဝိညာဉ်များ အကြောင်း မသိသည့် လူစဉ်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင် ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် “အဖ” တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းမှာ တန်ဖိုးမဖြတ်နိုင်ပေ၊ ထို့ပြင် ၎င်းမှာ လူသား၏စိတ်နှလုံးနှင့် ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။ ဤသို့ အမြဲတစေစောင့်ကြည့်ခြင်းမှာ အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင်အတိအကျ သိသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” မှ

အမှာစကား ချန်ခဲ့မည်