စာရင်း

ခရစ်ယာန်များ အနေနှင့် ဆင်းရဲဒုက္ခကို မည်သို့ ရင်ဆိုင်ရမည်နည်း။ ဤလက်တွေ့လုပ်ဆောင်ရမည့် အခြေခံသဘောတရား ၃ချက်ကို သင် နားလည်သဘောပေါက်ထားသင့်သည်။

ကျွန်ုပ်တို့၏ ဘဝတွင် ချောမွေ့စွာ ရွက်လွှင့်ခြင်း မရှိကြပါ။ အချို့သော ဆင်းရဲဒုက္ခများနှင့် ကျေနပ်ဖွယ် မရှိသော အရာများနှင့် ကြုံတွေ့ရမည်မှာ သေချာသည်။ ဥပမာ- တချို့ ညီအစ်ကို မောင်နှမများသည် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း၌ ကျရှုံးမှုကို ကြုံတွေ့ရသည်။ တချို့သည် အလုပ်အကိုင် ရှာဖွေရာတွင် ဆုတ်ဆိုင်းမှုများ ထပ်ခါထပ်ခါ ကြုံတွေ့ရသည်။ တချို့သည် ဖျားနာခြင်း ဝေဒနာ အတွက် ဘုရားသခင်ထံ ဆုတောင်းသော်လည်း ပြန်လည် ကောင်းမွန်လာခြင်း မရှိပေ၊ အချို့မှာမူ သဘာဝ ဘေးအန္တရာယ် နှင့် လူလုပ်သည့် အန္တရာယ်များ သို့မဟုတ် မလုံခြုံသော အရာများ အစရှိသည်တို့ကို ကြုံတွေ့နေရသည်။ ဤ ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရ သောအခါ အများစုအချိန်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကို နားမလည် ကြပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို စွန့်ခွာသွားပြီဟု လွဲမှားစွာ ယူဆကြပြီး ဘုရားသခင့်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံး၍ အထင်မှားမှုနှင့် အပြစ်တင်ခြင်း၌ အသက်ရှင်နေကြသည်။ သို့ဆိုလျှင် ဤစမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများ နောက်ကွယ်ရှိ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများ ကျရောက်လာသော အခါ သက်သေရပ်တည် နိုင်ရန်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တို့ မည်သို့ ကြုံတွေ့ရမည်နည်း။ ဤ မေခွန်းသည် ကျွန်ုပ်တို့ ခရစ်ယာန်များ အတွက် အရေးကြီးသည် သာမက ကျွန်ုပ်တို့ အယောက်စီတိုင်း နားလည်သင့်သော အရာလည်း ဖြစ်သည်။ ဆက်လက်၍ ဆွေးနွေး ဖလှယ်ကြမည်။ ယင်းမှတစ်ဆင့် မတူကွဲပြားသော အကျိုးကျေးဇူးများ ရရှိလိမ့်မည်ကို ကျွန်ုပ် ယုံကြည်ပါသည်။

၁. စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့အတွက် ဘုရားသခင် စေ့စပ်စွာ စီစဉ်ပေးထားသော အရာ ဖြစ်သည်ကို သိမှတ်လော့။ ယင်းတွင် ဘုရားသခင်၏ ချစ်ခြင်း၊ အလိုတော်နှင့် သတ်မှတ်ချက်များ ပါရှိသည်။

ယေဟောဝါ ဘုရား မိန့်တော်မူသည်မှာ- “တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၉)။ ဘုရားသခင် မိန့်တော်မူသည်မှာ- “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။” (စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်)

ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်မှာ- စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့၏ အယူအဆများနှင့် ကိုက်ညီခြင်း မရှိသကဲ့သို့၊ ယင်းသည် ကျွန်ုပ်တို့အား ထိခိုက်နာကျင်မှုကို ယူဆောင်လာ ပေးသော်လည်း နောက်ကွယ်တွင် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားကို သန့်စင်၊ ပြောင်းလဲ စေရန် ယင်းကို ကျွန်ုပ်တို့ အတွက် စေ့စပ်စွာ စီစဉ်ပေးထားခြင်းဖြစ်သည်။ စာတန်၏ ဖျက်ဆီးခြင်းခံရပြီးနောက် ကျွန်ုပ်တို့တွင် မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်းနှင့် လှည့်ဖြားခြင်း စသော ဆိုးယုတ်သည့် စိတ်သဘောထားများနှင့် ပြည့်နှက်နေခဲ့သည်။ ဤ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှု အောက်တွင် ကျွန်ုပ်တို့သည် မကြာခဏ အပြစ်ပြုမိကြပြီး ဘုရားသခင်ကို ပုန်ကန်၊ ခုခံသော အရာများ ပြုလုပ်ကြသည်။ ဥပမာ- ဘုရားသခင်က ကျွန်ုပ်တို့အား ရိုးသား ဖြောင့်မတ်သောသူ ဖြစ်ဖို့ တောင်းဆိုသည်။ သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့ မကြာခဏ လိမ်လည်လှည့်ဖြားကြသည်။ ဘုရားသခင်က ရန်သူကို ခွင့်လွှတ်ဖို့၊ သည်းခံဖို့နှင့် ချစ်ဖို့ တောင်းဆိုသည်။ သို့သော် ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို ထိခိုက်လာသောအခါ ကျွန်ုပ်တို့သည် နှုတ်နှင့် ပြောဆိုခြင်း မရှိသော်လည်း စိတ်ထဲတွင် သူတစ်ပါးကို မကျေမနပ်ဖြစ်ပြီး အငြင်းအခုံ ပြုနိုင်သည်။ ထိုထက်မက လူကိုလည်း မုန်းတီးနိုင်သည်။ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိ ရှိသမျှ နှင့် ချစ်ဖို့ ဘုရားသခင်က တောင်းဆို သော်လည်း ကျွန်ုပ်တို့သည် ဟိုဟိုဒီဒီ ပြေးလွှားခြင်း၊ အသုံတော် ခံခြင်း၊ အမှုတော်ဆောင်ခြင်းနှင့် တရားဟောခြင်းတွင် မစင်ကြယ်မှု များဖြင့် စွန်းထင်းနေသည်။ ယင်းသည် ညီအစ်ကို မောင်နှမ များ၏ ထောက်ခံမှု၊ အထင်ကြီးမှုကို ရရှိဖို့ နှင့် ကောင်းကင်နိုင်ငံတော် သို့ ဝင်ရောက် နိုင်ဖို့ စသော ရည်ရွယ်ချက်တို့ဖြင့် ကျွန်ုပ်တို့၏ လုပ်အားကို စိုက်ထုတ်ခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင် ကြသည့်အခါ နှုတ်ကပတ်တော်ကို လက်တွေ့ မလုပ်ဆောင်နိုင်သည် သာမက ခရစ်ယာန် တစ်ယောက်၏ ပုံသဏ္ဌာန်ကိုပင် အသက်မရှင် နိုင်ပေ။ သို့ဆိုလျှင် ယင်းသည် ဘုရားသခင်၏ အလိုတော် နှင့် မည်သို့ ကိုက်ညီ နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပြောင်းလဲဖို့ နှင့် သန့်စင်ဖို့ အလို့ငှာ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ကျွန်ုပ်တို့ထံ ရောက်ရှိစေပြီး ကျွန်ုပ်တို့၏ အကျင့်ပျက်မှုကို ရှုထောင့် အမျိုးမျိုးမှ ထုတ်ဖော် ပြသသည်။ သို့မှသာ ကျွန်ုပ်တို့သည် ဤ စမ်းသပ်မှု နှင့် ဆင်းရဲဒုက္ခများ အကြား၌ သမ္မာတရားကို ရှာဖွေနိုင်မည်။ ဤသို့ နှုတ်ကပတ်တော် ဖတ်ရှုပြီး နှိုင်းယှဉ်ခြင်းဖြင့် ယုံကြည်ခြင်း၌ မိမိတို့၏ မှားယွင်းသော အမြင်များနှင့် စွန်းထင်းမှုများကို ပြန်လည် ဆင်ခြင်သုံးသပ်နိုင်မည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အညီ ပြုမူနေထိုင် နိုင်ပြီး ဘုရားသခင်အား အမှန်တကယ် နာခံသောသူ၊ ကိုးကွယ်သောသူ တစ်ဦး ဖြစ်လာနိုင်လျှင် အဆုံး၌ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရပေမည်။ အကယ်၍ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ နှင့် စမ်းသပ်မှုများ မရှိဘဲ၊ သက်သောင့်သက်သာ ဖြစ်သည့် ပတ်ဝန်းကျင်၌သာ ဘုရားသခင်ကို ယုံကြည်ပါက ကျွန်ုပ်တို့၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားများ ဖယ်ရှားခြင်း ခံရနိုင်မည် မဟုတ်ပါ။ သင်၏ ယုံကြည်ခြင်းတွင် သန့်စင်ခြင်းမခံရလျှင် အဆုံး၌ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောသူ ဖြစ်မလာနိုင်ဘဲ ဘုရားသခင်၏ ကောင်းချီးနှင့် ကတိတော်ကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများသည် ကျွန်ုပ်တို့အား ဘုရားသခင်ပေးသော အသက်တာ ကြွယ်ဝမှုဖြစ်သည်ကို ယင်းမှတစ်ဆင့် တွေ့မြင်နိုင်သည်။

ဤသည်မှာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် ထားသော မောရှေ၏ အဖြစ် အပျက်ကဲ့သို့၊ မောရှေသည် ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ မနှုတ်ဆောင်မီ တောထဲ၌ အနှစ် လေးဆယ်ပတ်လုံး ဆင်းရဲဒုက္ခများကို ကြုံတွေ့ရန် ဘုရားသခင် စီစဉ်ခဲ့သည်။ ဤကဲ့သို့သော ဘုရားသခင်၏ အမှုတော်များသည် ကျွန်ုပ်တို့၏ အယူအဆများ နှင့် လုံးဝ မကိုက်ညီပါ။ အဘယ်ကြောင့်ဆိုသော် မောရှေသည် ငယ်စဉ်ကတည်းက အဲဂုတ္တုနန်းတော်တွင် ကြီးပြင်းလာခဲ့သည်၊ သူသည် အဲဂုတ္တု လူတို့၏ ဗဟုသုတများ၊ တရားမျှတမှုနှင့် အမျိုးသားရေး စိတ်ဓာတ်တို့ကို လေ့လာ သင်ယူခဲ့ပြီး မိမိ၏ လူမျိုးကို ကာကွယ်ပေးနိုင်ခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်သည် ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ ထွက်ခွာဖို့ ဦးဆောင် လမ်းပြရန် မောရှေကို အဘယ်ကြောင့် တိုက်ရိုက် မသုံးခဲ့သနည်း။ ထို့ပြင် တောကန္တရတွင် နေထိုင်ရခြင်းသည် အမှန်ပင် ခက်ခဲ၏။ မြက်ခင်းများ၊ သဲများနှင့် သိုးအုပ်များ သာလျှင် သူ၏ အပေါင်းပါများ ဖြစ်သည်။ နှစ် လေးဆယ် ပတ်လုံး မောရှေသည် ဆင်းရဲဒုက္ခများစွာ ဧကန်ပင် ခံစားရမည် ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤသို့ ပြုရသည်ကို ကျွန်ုပ်တို့ မသိသော်လည်း ယင်း၏ နောက်ကွယ်တွင် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိနေသည်။ မောရှေ၏ စိတ်သဘောထားသည် သဘာဝ အားဖြင့် ပွင့်လင်းပြီး တရားမျှတမှု ရှိသော်လည်း သူသည် ဇာတိပကတိနှင့် စပ်ဆိုင်ပေသည်။ အဲဂုတ္တု လူများသည် ဣသရေလ လူမျိုးများကို ရိုက်နှက် ညှဉ်းဆဲ နေသည်ကို မြင်သောအခါ သူသည် အဲဂုတ္တု စစ်သားကို ကျောက်ခဲဖြင့် ပေါက်သတ်ခဲ့သည်။ ထို့ကြောင့် မောရှေ၏ ဇာတိကပတိ ဖြစ်မှု၊ သူ၏ သဘာဝကျမှုနှင့် သူရသတ္တိရှိသော အပြုအမူတို့သည် ဘုရားသခင့် အလိုတော်နှင့် ကိုက်ညီမှု မရှိပါ။ မောရှေသည် ဤဖောက်ပြန် ပျက်စီးသော စိတ်သဘောထားနှင့်အတူ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ခံယူပါက သူသည် သဘာဝကျမှု၊ သွေးသားဇာတိနှင့် ပြုမူပြောဆို လိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်နိုင်မည် မဟုတ်ပါ။ ထိုထက်မက သူသည် အမှုတော်ကို အလွယ်တကူ ကြားဝင် နှောင့်ယှက်နိုင်ပြီး ဘုရားသခင်၏ အလိုတော် အကောင်အထည်ဖော်ခြင်းကို တားဆီးလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် မောရှေအား တောထဲ၌ အနှစ်လေးဆယ် ပတ်လုံး လှည့်လည် သွားလာရန် နှင့် ယင်းမှတစ်ဆင့် သူ၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် ကြိုတင် စီစဉ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် တောထဲ၌ အခက်အခဲများ ကြုံတွေ့ရ သောအခါ မောရှေသည် အရာရာတိုင်းတွင် ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ဆုတောင်း တတ်လာသည်။ သူသည် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အပြုအမူကို မျက်မြင်ခဲ့ရ၍ ဘုရားသခင့် တန်ခိုးတော်နှင့် အုပ်စိုးမှုကိုလည်း အမှန်တကယ် ခံစားခဲ့ရသည်။ ဘုရားသခင်ကို အားကိုးလျှင် မကျော်ဖြတ်နိုင်သော အခက်အခဲ မရှိ ဟူသည်ကို သူ နားလည် သဘောပေါက်လာခဲ့သည်။ ယင်းက သူ့အား ဘုရားသခင် အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် နာခံခြင်းကို ဖြစ်ပေါ်စေသည်။ နောက်ဆုံးတွင် ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ဖို့ မောရှေကို ဘုရားသခင် ခေါ်သောအခါ သူသည် ငြင်းဆန်မှု မရှိသလို၊ ပုဂ္ဂိုလ်ရေး ရွေးချယ်မှုလည်း မရှိခဲ့ပါ။ ထိုအစား သူသည် လက်ခံပြီး နာခံခဲ့သည်။ သူသည် ဘုရားသခင် ပေးအပ်သော ယုံကြည်ခြင်းနှင့် ခွန်အားကို အမှီပြု၍ ဣသရေလ အမျိုးသားတို့အား အဲဂုတ္တုပြည်မှ အောင်မြင်စွာ နုတ်ဆောင်နိုင်ခဲ့ပြီး ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်နှင့် သာသနာကို ပြီးမြောက်ခဲ့သည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အရာရာတိုင်း၏ နောက်ကွယ်တွင် ဖုံးကွယ်နေပြီး ဆင်းရဲဒုက္ခများနှင့် စမ်းသပ်ခြင်းသည် ဘုရားသခင်၏ အစစ်မှန်ဆုံး မေတ္တာနှင့် အကောင်းဆုံး ကောင်းချီးဖြစ်သည်ကို ယင်းမှတစ်ဆင့် တွေ့မြင်နိုင်သည်။ ကျွန်ုပ်တို့သည် ဘဝ၌ အခက်အခဲများကို အရှိအတိုင်း လက်ခံပြီး ဘုရားသခင် စီစဥ်ပေးသော ပတ်ဝန်းကျင်တွင် သမ္မာတရားနှင့် အလိုတော်ကို ရှာဖွေရမည်၊ ထို့နောက် မိမိတို့၌ ရှိသော ဖောက်ပြန် ပျက်စီးမှုကို သိနားလည်၍ ဘုရားနှုတ်ကပတ်တော် အတိုင်း လက်တွေ့လုပ်ဆောင်ခြင်း အားဖြင့် အပြစ်၏ ချုပ်နှောင်မှုမှ လွတ်မြောက်နိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် နာခံသောသူ ဖြစ်လိမ့်မည်။

၂. အခက်အခဲနှင့် စမ်းသပ်မှုကြားတွင် ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်း၍ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဦးဆောင်ခြင်းအတွက် ဆုတောင်းသင့်သည်။ ပြီးလျှင် နှုတ်ကပတ်တော် ဖတ်ရှုခြင်းအား အလေးထား၍ အပြုသဘောဆောင်သော ရှုထောင့်မှ ဝင်ရောက်ပါ။

အခက်အခဲများနှင့် စမ်းသပ်မှုများကို ကြုံတွေ့သော အခါ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ကြိမ်ဖန်များစွာ ဆုတောင်း သော်လည်း ကျွန်ုပ်တို့၏ သဘောအတိုင်း ဘုရားသခင် မလုပ်ဆောင်လျှင် အပျက်သဘော ဆောင်လာသည်။ ယင်းမှာ ဘုရားသခင်က ကျွန်ုပ်တို့အား စွန့်ခွာသွားပြီဟု ထင်ရင်း ဘုရားအပေါ် အထင်လွဲမှားပြီး အပြစ်တင်လာသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် စာတန်၏ စုံးစမ်းမှုထဲသို့ အလွယ်တကူ ကျရောက်သွားနိုင်သည်။ ဘုရားသခင် ပြောသည်မှာ- “စစ်ဆေးမှုများ အတွင်းတွင်၊ သင်သည် အပြုသဘောဆောင်သော ရှုထောင့်တစ်ခုမှ ဝင်ရောက်ရမည်ဖြစ်ပြီး၊ သင်ယူသင့်သော သင်ခန်းစာများကို သင်ယူရမည်။ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ ထိုနှုတ်ကပတ်တော်များနှင့် ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေကို တိုင်းတာသင့်သည်၊ သင်၏အားနည်းချက်များကို ရှာဖွေတွေ့ရှိသင့်ပြီး၊ သင်ယူစရာ သင်ခန်းစာများစွာ သင်၌ ရှိသေးသည်ကို ရှာတွေ့သင့်ပေသည်။ စစ်ဆေးမှုများကို သင် ကြုံရသည်နှင့်အမျှ ရိုးသားစစ်မှန်စွာ သင် ကြိုးစားလေလေ၊ သင့်ကိုယ်သင် ပြည့်စုံမှုမရှိသည်ကို ရှာတွေ့လေလေ ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းများကို သင်တွေ့ကြုံနေရချိန်တွင် သင်ကြုံရသည့် ပြဿနာများစွာ ရှိ၏။ ၎င်းတို့ကို သင် ရှင်းလင်းစွာ မမြင်နိုင်ပေ၊ သင် ညည်းညူသည်၊ သင်ကိုယ်တိုင်၏ ဇာတိပကတိကို သင်ထုတ်ဖော်ပြသည်- ဤနည်းဖြင့်သာ သင်၏အတွင်းတွင် များပြားလွန်းသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်ကို သင် ရှာတွေ့နိုင်ပေသည်။” (သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်)

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့အား လမ်းကြောင်းကို ညွှန်ပြပေးသည်။ စမ်းသပ်မှုများအကြားတွင် ကျွန်ုပ်တို့သည် အပျက်သဘောဆောင်ခြင်းနှင့် မတုန်မလှုပ် မဖြစ်သင့်ပေ။ ထိုအစား အပြုသဘောဆောင်သော ရှုထောင့်မှ ဝင်ရောက်ရန်နှင့် သင်၏ စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စေရန် အာရုံစိုက်သင့်သည်။ မိမိတို့၏ အမှန်တကယ်ဖြစ်သော အခက်အခဲများ၊ အားနည်းချက်များ နှင့် မပြည့်စုံမှုများအတွက် ဘုရားသခင်ထံ ဆုတောင်းပါ။ ထို့အပြင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး နှုတ်ကပတ်တော် ပို၍ ဖတ်ရှုရမည်။ နှုတ်ကပတ်တော်မှ တစ်ဆင့် မိမိကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်သင့်ပြီး မိမိတို့၏ ပုန်ကန်သည့် အခြေအနေကို သိနားလည်ရမည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်သည် ထိုပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ထံ လာခွင့်ပြုခြင်း၏ နောက်ကွယ်တွင် ရှိသော သူ၏အလိုတော်ကို နားလည်ဖို့ရန် နှင့် ဘုရားသခင်အား ကျေနပ် စေရန် မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ်တို့အား ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြ ပေးမည်။ တစ်ချိန်တည်းမှာပင် စမ်းသပ်မှုများ အကြား၌ ကျွန်ုပ်တို့သည် အားနည်းချက်များ၊ ချို့ယွင်းချက်များ နှင့် ဘုရားသခင်အား ကျေနပ်မှု မပေးနိုင်သည့် နေရာများစွာ ရှိကြောင်း ကျွန်ုပ်တို့ တွေ့မြင်လိမ့်မည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် စမ်းသပ်မှုများအကြား၌ သမ္မာတရားများ ပိုမို နားလည် နိုင်ဖို့နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲမှု ရရှိနိုင်ဖို့အလို့ငှာ သမ္မာတရားကို ပို၍ ကောင်းမွန်စွာ လိုက်စားလာနိုင်မည်။

မကြာသေးမီအချိန်က ကျွန်ုပ်၏ ကိုယ်ပိုင် စီပွားရေး ကျရှုံးပြီး အမြတ်မရသည်မက အရင်းပင် ဆုံးရှုံးခဲ့ရသည်။ ဤရုတ်တရက်ဖြစ်သော ရိုက်ခတ်မှု ကို ရင်ဆိုင်ရလျှင် ကျွန်ုပ်သည် လုံးဝ လက်မခံ နိုင်ခဲ့ပါ။​ ထို့အတွက် ကျွန်ုပ်၏ စိတ်ထဲတွင် နားလည်မှု လွဲမှားခြင်းနှင့် ဘုရားသခင်အပေါ် အပြစ်တင်ခြင်းတို့ဖြင့် ပြည့်နေခဲ့သည်။ ကျွန်ုပ်သည် ဧဝံဂေလိ တရားဟောခြင်းနှင့် ညီအစ်ကို မောင်နှများကို ကူညီခြင်း၌ စိတ်အားထက်သန် ခဲ့သည်။ အဘယ်ကြောင့် ကျွန်ုပ်ကို ဘုရားသခင် ကောင်းချီး မပေးခဲ့သနည်း။ ထိုအကြောင်းကို ပို၍ စဉ်းစားလေလေ စိတ်ထဲတွင် ဆန့်ကျင်မှုနှင့် မသက်မသာဖြစ်လာပြီး ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဖတ်ခြင်း တွင် အာရုံမစိုက်တော့ပါ။ ထို့အပြင် ဧဝံဂေလိ ဟောခြင်း၌ လည်း မလှုပ်မယှက် ဖြစ်လာပြီး အပျက်သဘော ဆောင်လာခဲ့သည်။ စိတ်ဖိစီးမှု နှင့်အတူ နာကျင်မှု ခံစားလာခဲ့သည်။ အဆုံးတွင် ကျွန်ုပ်၏စိတ် ဝိညာဉ်ထဲ မှောင်မိုက်မှုကို ခံစားလာပြီး ဘုရားသခင်နှင့် မထိတွေ့နိုင်တော့သည့် အထိ ဖြစ်လာခဲ့သည်။ ထိုနောက်တွင်မှ ဘုရားသခင်ရှေ့တွင် မြန်မြန်လာရောက်ပြီး ကျွန်ုပ် ဆုတောင်းခဲ့သည်- “ဘုရားသခင်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကိုယ်တော့်အလိုတော်ကို ကျွန်ုပ် နားမလည်ဘူး။ စိတ်ထဲမှာ နားလည်မှုလွဲခြင်းနှင့် ညည်းညူခြင်း အပြည့်ရှိနေပြီး၊ နာကျင်မှုလည်း ခံစားရတယ်။ ဘုရားသခင်၊ ကျွန်ုပ်ကို နာခံနိုင်ဖို့နှင့် သင်ခန်းစာရဖို့ ဦးဆောင်လမ်းပြ ပေးတော်မူပါ။”

စိတ်ရင်းမှန်ဖြင့် ဘုရားသခင်ထံ ဆုတောင်းပြီးနောက်၊ နှုတ်ကပတ်တော်မှ တစ်ဆင့် ကျွန်ုပ်၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားကို နားလည်ဖို့ ဘုရားသခင် လမ်းညွှန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင့် အလိုတော်ကိုလည်း နားလည်မှု ရခဲ့သည်။ ဘုရားသခင် ပြောသည်မှာ- “တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။” (ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂))

ယုံကြည်ခြင်း၌ ကျွန်ုပ်တို့၏ အစွန်းအထင်းနှင့် မကောင်းသော ရည်ရွယ်ချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်က ဖော်ထုတ်ပြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း မရှိ၊ ထို့အပြင် ယုံကြည်ခြင်း၌ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံရန်နှင့် ချစ်ရန် မဟုတ်ဘဲ၊ ဘုရားသခင် ထံမှ ကောင်းချီးမင်္ဂလာများ နှင့် သက်သောင့်သက်သာ ဖြစ်သော ဘဝကို ရရှိဖို့၊ ဘုရားသခင်၏ ကာကွယ်ခြင်းနှင့် စောင့်ရှောက်ခြင်းကို ရရှိဖို့သာ ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို မဖြည်းဆည်းပေးပါက ကျွန်ုပ်တို့သည် ဘုရားသခင်အား ညည်းညူမည်၊ ဘုရားသခင်ကို နားလည်မှု လွဲမှားမည်၊ အပျက်သဘောဆောင်ပြီး အလုပ်၌ ပေါ့ဆလာမည်၊ ပြီးလျှင် ဘုရားသခင်အဖို့ အသုံးတော် မခံလို တော့ပါ။ ဤသို့သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် မည်သို့ ကိုက်ညီနိုင်မည်နည်း။ ကျွန်ုပ် ဘဝသည် သာယာချမ်းမြေ့ပြီး စီးပွားရေး အဆင်ပြေသော အခါ ကျွန်ုပ်သည် ယုံကြည်ခြင်း အပြည့်ရှိပြီး အသုံးတော်ခံခြင်းနှင့် ဧဝံဂေလိ ဟောခြင်း၌ စိတ်အားထက်သန် နေခဲ့သည်။ မည်မျှ နာကျင် ပင်ပန်း နေပါစေ ညည်းညူနေခြင်းလည်း မရှိပါ။ သို့သော် ကျွန်ုပ်၏ စီးပွားရေး ရှုံးနိမ့်ပြီး၊ ဘဝတွင် အခက်ခဲနှင့် ရင်ဆိုင်လာသော အခါ သခင့်အတွက် စိတ်အားထက်သန်စွာ အသုံးတော်ခံခဲ့သည့် စွမ်းအင် ဆုံးရှုံးခဲ့ပြီး ဘုရားအပေါ် နားလည်မှု လွဲခြင်း၊ အပြစ်တင်ခြင်း နှင့် ပြည့်နှက် နေခဲ့သည်။ လက်တွေ့အရှိတရားနှင့် ဘုရားသခင့် နှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်းက ကျွန်ုပ်သည် ဘုရားသခင်အား ငြိမ်းသက်ခြင်းနှင့် ကျေးဇူးတော် အတွက်သာ ယုံကြည်ခြင်း ဖြစ်ကြောင်း၊ ကောင်းချီးများ ရှိလျှင် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပြီး ကောင်းချီးမရှိလျှင် အပြစ်တင်၊ အထင်မြင်လွဲကြောင်း၊​ ဘုရားသခင်ကို ယုံကြည်လျက် ဝတ်ပြုကိုးကွယ်ခြင်း မရှိဘဲ ဘုရားသခင်နှင့် အမြဲပင် အပေးအယူ လုပ်နေကြောင်းကို ကျွန်ုပ်အား တွေ့မြင်စေသည်။ ဤသို့သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။​ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်ပြီး၊ ကျွန်ုပ်သည် ဖန်ဆင်းခံ သတ္တဝါ မျှသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဝတ်ပြု ကိုးကွယ်ခြင်းသည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် မြေကြီး၏ နိယာမ ဖြစ်သည်။ ယင်းသည် ကလေး တစ်ယောက်က မိဘကို လုပ်ကျွေးသည့် နည်းတူဖြစ်ပြီး အခြေအနေနှင့် လုပ်ခ အကြောင်း မပြောဆိုသင့်ပါ။ ယင်းမှာ ဖန်ဆင်းခံ တစ်ဦးတွင် ရှိသင့်သော အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်သည်။ သို့သော် ကျွန်ုပ်သည် စက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး သေးငယ်သော အဖိုးအခဖြင့် ကြီးမားသော ကောင်းချီးကို လဲလှယ်ချင်နေသည်။ ယင်းသည် ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ခုခံခြင်း မဟုတ်ပါလော။ ဤအချက်ကို ကျွန်ုပ်သဘောပေါက် လာသောအခါ ဘုရားသခင်က ကောင်းချီးမင်္ဂလာ အတွက် ကျွန်ုပ်၏ ယုံကြည်ခြင်းကို ထုတ်ဖော်ပြရန် နှင့် ကျွန်ုပ်၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားကို သန့်စင်ရန် ဤ ပတ်ဝန်းကျင်ကို ဖန်တီးပေးကြောင်း နားလည်မှု ရခဲ့သည်။ ထို့နောက် ကျွန်ုပ်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဆုံးဖြတ်ချက် ချခဲ့သည်- ကျွန်ုပ်၏ လုပ်ငန်းသည် မည်မျှ ဖြစ်နေပါစေ၊ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ အရာအားလုံး ဘုရားသခင်၏ လက်တော်၌ ရှိသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို နာခံဖို့ ဆန္ဒရှိပြီး ဘုရားအပေါ် ယုံကြည်မှုလည်း မပျောက်ဆုံးတော့ပါ။ ဤသို့ ဆုတောင်းပြီးနောက် စိတ်ထဲတွင် သက်သောင့်သက်သာ ဖြစ်လာပြီး ကျွန်ုပ်၏ အခြေအနေသည် ပြန်လည် ကောင်းမွန် လာသည်။

ယင်းကို တွေ့ကြုံပြီးနောက်၊ စမ်းသပ်မှုများ နှင့် အခက်အခဲများ ကြုံရသော အခါ သမ္မာတရားနှင့် ဘုရားသခင့် အလိုတော်ကို ရှာဖွေခြင်း၊ အပြုသဘောဆောင်သော ရှုထောင့်မှ ဝင်ရောက်ခြင်း စသည်တို့သည် အလွန် အရေးကြီး သည်ကို ကျွန်ုပ် နက်နက်ရှိုင်းရှိုင်း သဘောပေါက်မိသည်။ စမ်းသပ်မှုနှင့် အခက်အခဲများ ကြုံတွေ့လေ၊ ဘုရားသခင်ကို ပို၍ ဆုတောင်း အားကိုးရမည်ဖြစ်ပြီး နှုတ်ကပတ်တော်ကို ပို၍ ဖတ်ရှု ရမည်။ နှုတ်ကပတ်တော် ထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ပေးမှုနှင့် လမ်းညွှန်မှု ကို ရှာဖွေရမည်။ မိမိ၏ ဖောက်ပြန်ပျက်စီးမှု နှင့် အားနည်းချက်ကို သိနားလည်အောင် ပြန်လည် ဆင်ခြင်သုံးသပ်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာဖွေရမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် လမ်းကြောင်းကို တွေ့ရှိလိမ့်မည် ဖြစ်သည်။

၃. စမ်းသပ်မှုများ အကြား၌ ယုံကြည်ခြင်းခိုင်ခံ့ စေဖို့ သမ္မာတရားကို ရှာဖွေရမည်။ ကောင်းချီး ရရှိသည် ဖြစ်စေ၊ ဆင်းရဲဒုက္ခ ခံရသည် ဖြစ်စေ ဘုရားသခင်ကို ညည်းညူခြင်းနှင့် သစ္စာဖောက်ခြင်းထက် မိမိကိုယ်ကို ကျိန်ဆိုခြင်းကို သာ၍ လိုလားပြီး ဘုရားသခင်၏ အချုပ်အခြာ အာဏာကို နာခံနိုင်ရမည်။ ဤနည်းဖြင့် သင်သည် သက်သေရပ်တည် နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်မည်။

အခက်အခဲများနှင့် စမ်းသပ်မှုများကို ကျွန်ုပ်တို့ ကြုံတွေ့ရချိန်တွင် ကျွန်ုပ်တို့သည် ဘုရားသခင် အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် နာခံခြင်း ရှိမရှိ သိသာထင်ရှားသည်။ စမ်းသပ်မှုများကို မကြုံတွေ့ရချိန်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ရန်၊ ကျေနပ်စေရန် နှင့် ဘုရားသခင် အကြောင်း သက်သေခံရန် ဆန္ဒရှိသော်လည်း ဆင်းရဲဒုက္ခများ ဖြစ်ပေါ်လာသော အခါ ကျွန်ုပ်တို့သည် ဇာတိ၏ အကျိုးအမြတ်ကို အလွန် ချစ်သောကြောင့် နှင့် ဘုရားသခင်၏ အလိုတော်ကို နားမလည် သောကြောင့် ဘုရားသခင်အား ညည်းညူရန် လွယ်ကူပြီး ဘုရားသခင်ကို စွန့်ပစ်သည် အထိ ဘုရားအပေါ် ယုံကြည်မှု နှင့် သက်သေများ ဆုံးရှုံးသွား နိုင်သည်။ သို့ဆိုလျှင် သက်သေရပ်တည်နိုင်ရန်နှင့် ဘုရားသခင်အား ကျေနပ် ရောင့်ရဲစေရန် ကျွန်ုပ်တို့ မည်သို့ လက်တွေ့ လုပ်ဆောင် သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့ အတွက် လမ်းကြောင်းတစ်ခုပေးသည်။

ဘုရားသခင် ပြောသည်မှာ- “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။” (စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)

ယင်းမှ ကျွန်ုပ်တို့ မြင်တွေ့ နိုင်သည်မှာ- အခက်အခဲများ နှင့် စမ်းသပ်မှုများ ကြုံတွေ့သည့်အခါ ကျွန်ုပ်တို့တွင် ဒုက္ခခံလိုသော စိတ်ဆုံးဖြတ်ချက်၊ ဘုရားသခင်နှင့် သမ္မာတရားကို ရှာဖွေလိုသော စိတ် နှင့် ဘုရားသခင် အပေါ် ခိုင်မာသော ယုံကြည်ချက်တို့ ရှိရမည်။ ကောင်းချီး ရရှိသည် ဖြစ်စေ၊ ဆင်းရဲဒုက္ခ ခံရသည် ဖြစ်စေ ဘုရားသခင်ကို ညည်းညူခြင်း၊ သစ္စာဖောက်ခြင်းထက် မိမိကိုယ်ကို ကျိန်ဆိုခြင်းကို သာ၍ လိုလားပြီး ဘုရားသခင်၏ အချုပ်အခြာ အာဏာကို နာခံနိုင်ရမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် သက်သေရပ်တည် နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်မည်။ ယောဘသည် ပစ္စည်းဥစ္စာ လုယက်ခံရခြင်း၊ သားသမီးများ ဘေးအန္တရာယ် ကြုံတွေ့ရခြင်းနှင့် မိမိ တစ်ကိုယ်လုံး၌ အနာစိမ်းပေါက်ခြင်း စမ်းသပ်မှုများ ကြုံတွေ့ရသော အခါ သူ၏ ဇာတိပကတိသည် ကြီးမားသော ဝေဒနာ ခံစားနေရသော်လည်း သူသည် နှုတ်ဖြင့် ပြစ်မှားခြင်း မရှိ၊ ဘုရားအပေါ် ညည်းညူခြင်းလည်း မရှိဘဲ၊ ထိုအစား ဘုရား၏ အချုပ်အခြာ အာဏာကို ယုံကြည်၍ အလိုတော်ကို ရှာဖွေနိုင်သည်။ သူ၏ အရာအားလုံးသည် မိမိ၏ ကြိုးစား အားထုတ်မှုမှ မဟုတ်ဘဲ ဘုရားသခင်က အပ်နှင်း ပေးထားကြောင်း စိတ်ထဲမှ ယုံကြည်လက်ခံသည်။ ထို့အတွက်ကြောင့် ယောဘသည် စမ်းသပ်မှုများ အကြား၌ “ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္တု ၁:၂၁) ဟူသော အသိဉာဏ် ရှိသော စကားကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယောဘတွင် ဘုရားသခင်ကို ရှာဖွေလိုသော စိတ် ထက်သန်ခဲ့သည်။ ကောင်းချီး ပေးခံရသည်ဖြစ်စေ၊ ဒုက္ခ ခံရသည် ဖြစ်စေ သူသည် ဘုရား၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းသည်။ ဘုရားသခင့် နှလုံးသားကို နာကျင်စေသော စကားလုံးကို ပြောဆိုခြင်းထက် သူ၏ မွေးဖွားခြင်းနေ့ရက်ကို ကျိန်ဆဲရန် ပို၍ လိုလားခဲ့သည်။ အကြောင်းမှာ ဘုရားသခင် မည်သို့ပင် ပြုနေပါစေ၊ ဖန်ဆင်းခံ တစ်ဦးအနေနှင့် ကိုယ်ပိုင် ရွေးချယ်မှု မရှိသင့်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို နာခံသင့်ကြောင်း သူ၏စိတ်ထဲတွင် ခိုင်ခိုင်မာမာ ယုံကြည်ထားသောကြောင့် ဖြစ်သည်။ အဆုံး၌ ယောဘသည် စမ်းသပ်မှုအကြား၌ ဘုရားသခင်အတွက် သက်သေ ရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် စမ်းသပ်မှု အတောအတွင်း မြှင့်တင်ခံရပြီး ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်း ပို၍ ဖြူစင်လာသည်။ ဘုရားသခင်သည်လည်း မိုးသက်မုန်တိုင်းထဲတွင် ယောဘကို ကိုယ်ထင်ပြ၍ သူ့အား နှစ်ဆသော ကောင်းချီးကို နှင်းအပ်ခဲ့သည်။ ထို့ကြောင့် စမ်းသပ်မှုများ ကြုံတွေ့ရသော အခါ ကျွန်ုပ်တို့သည် ယောဘကို အတုယူသင့်ပြီး ကောင်းချီး ရသည်ဖြစ်စေ၊ ဒုက္ခ ခံရသည် ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို နာခံရမည် ဖြစ်ကာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း၌လည်း သက်သေရပ်တည်နိုင်ဖို့ ယုံကြည်ခြင်းကို အမှီပြုသင့်သည်။

ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်သည် အနန္တတန်ခိုး နှင့် ဉာဏ်ပညာ ရှိသောကြောင့် ကျွန်ုပ်တို့၏အသက်တာ၌ မပြည့်စုံမှုများ၊ လိုအပ်ချက်များ နှင့် ကျွန်ုပ်တို့၏ အသက်တာကြီးထွားခြင်း အတွက် အကျိုးပြုသည့် ပတ်ဝန်းကျင်များ စသည့် အရာအားလုံးကို သူသာလျှင် သိနိုင်သည်။ ယနေ့ ကျွန်ုပ်တို့၏ ဘဝ၌ အခက်အခဲများ၊ ဆုတ်ဆိုင်းမှုများ နှင့် ကျရှုံးမှုများ စသော မနှစ်မြို့ဖွယ် အရာများ ကြုံတွေ့ရခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင် စွန့်ခွာသွားခြင်း မဟုတ်ဘဲ၊ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုသာလျှင် ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်ကို ကျွန်ုပ်တို့အား ကြုံတွေ့ စေခြင်းသည် ကျွန်ုပ်တို့ အထဲ၌ ရှိသော ဆိုးယုတ်သည့် စိတ်သဘောထားကို သန့်စင်၊ ပြောင်းလဲ စေရန် ဖြစ်ပြီး ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့နှင့် သမ္မာတရားကို ပိုမို နားလည် စေဖို့လည်း ဖြစ်သည်။ စမ်းသပ်မှုက ကျွန်ုပ်တို့ နှင့် ဘုရားသခင်အကြား ဆက်ဆံရေးကို ပိုမို နှီးကပ်စေပြီး မိမိတို့၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားအပေါ် စစ်မှန်သော နားလည်မှု တစ်ခု ရရှိရန် အထောက်အကူလည်း ဖြစ်စေသည်။ ၎င်းကို ကြုံတွေ့ပြီးနောက် အခက်အခဲနှင့် စမ်းသပ်မှုများသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အကောင်းဆုံးသော ကောင်းချီးဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက် လာမည်။

အခက်အခဲနှင့် စမ်းသပ်မှုများ နောက်ကွယ်မှ ဖုံးကွယ်ထားသော ကောင်းချီးမင်္ဂလာကို သင် ယခု နားလည်ပြီလော။

အမှာစကား ချန်ခဲ့မည်