စာရင်း

လူအချို့က၊ ကားတိုင်ထက်တွင် သခင်ယေရှုက၊ “အမှုပြီးပြီ” ဟု ဆိုသည့်အခါ၊ ယင်းက ဘုရားသခင်၏ ကယ်တင်ခြင်းအမှု စုံလင်ခဲ့ပြီဖြစ်သည်ကို မပြခဲ့လောဟု ဆိုကြ သည်။ ထို့ကြောင့်၊ နောက်ဆုံးသောကာလတွင် သူပြန်ကြွလာ သည့်အခါ ဘုရားသခင်၏ အိမ်တော်ဖြင့် အစပြုသည့် တရား စီရင်ခြင်းအမှုကို ဘုရားသခင်က အဘယ်ကြောင့် လုပ်ဆောင်ဖို့ လိုအပ်ပါသနည်း။

ဆီလျော်သော သမ္မာကျမ်းချက်များ-

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)

“ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲသြဝါဒစာ ၉:၂၈)

“မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။” (ဗျာဒိတ်ကျမ်း ၁၄:၆-၇)

“အမှုပြီးပြီ။ ငါသည် အာလပဖြစ်၏။ ဩမေဃ လည်း ဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။” (ဗျာဒိတ်ကျမ်း ၂၁:၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့ အမြင်အရ၊ ဘုရားသခင်၏ ကားစင်တင်ခံရခြင်းသည် သူ၏ လူ့ဇာတိခံယူခြင်းအမှုကို အဆုံးသတ်နှင့်ပြီးဖြစ်သည်၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နှင့်ပြီးဖြစ်ကာ၊ မရဏနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် သူ့ကို အခွင့်ပေးနှင့်ပြီးဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုသည် အပြည့်အဝ ပြီးမြောက်ပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ အမှန်တွင် ဘုရားသခင်၏ ရှုထောင့်မှ၊ သူ့အမှု၏ အနည်းငယ်သော အစိတ်အပိုင်းသာ ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ သူလုပ်ဆောင်ခဲ့ပြီးသမျှအားလုံးမှာ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ဖြစ်ခဲ့သည်။ လူသား၏ ဆိုးယုတ်သော မျက်နှာကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်း မရှိသေးပေ။ ယင်းမှာ ဘုရားသခင်က၊ “ငါ၏ လူ့ဇာတိခံ ခန္ဓာသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း၊ ယင်းမှာ ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစသားဖြစ်ကာ ကားတိုင်တွင် ငါ့အတွက် သံမှိုရိုက်နှက် ခံခဲ့ရသော်လည်း၊ သူသည် ငါ၏ အမှုကို ပြည့်စုံစေ့စပ်စွာ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်း၏ အစိတ်အပိုင်းတစ်ခုကိုသာ လုပ်ဆောင်ခဲ့သည်။” ဟု ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအချီကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်တွင်းမှ ကယ်တင်ခဲ့သော လူအားလုံးကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်ခဲ့သည်၊ ယင်းမှာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အန္တရာယ်ကို ရဲဝံ့စွာရင်ဆိုင်ဖို့ နောက်တစ်ဖန် ပြင်ဆင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်ဆယ်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးလာခဲ့ပြီး ကျေးဇူးတော်ခေတ်ဖြင့် အစပြုခြင်းနောက်တွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည်၊ ယင်းသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ၎င်းတို့၏ ပုန်ကန်မှုအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို လုံးဝ သန့်စင်စေမည့် အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက် လုပ်ဆောင်လေသည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အမှုကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ယေရှုကြွလာခဲ့ချိန်တွင်၊ သူသည်လည်း ဘုရားသခင့်အမှု၏ တစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်ခဲ့ပြီး၊ နှုတ်ကပတ်တော် အချို့ကို ပြောဆိုခဲ့သည်- သို့သော် သူ ပြီးမြောက်ခဲ့သည့် အဓိကအမှုမှာ အဘယ်နည်း။ သူ အဓိက ပြီးမြောက်ခဲ့သည့်အရာမှာ ကားစင်တင်ခံရခြင်း အမှု ဖြစ်သည်။ သူသည် ကားစင်တင်ခံရခြင်းအမှုကို ပြည့်စုံစေရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန် အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန် ဖြစ်လာခဲ့ပြီး၊ အပြစ်ဖြေရာယဇ်အဖြစ် သူအစေခံခဲ့သည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အပြစ်အားလုံးအတွက် ဖြစ်သည်။ ဤသည်မှာ သူ ပြီးမြောက်ခဲ့သည့် အဓိကအမှုဖြစ်သည်။ နောက်ဆုံးတွင် သူသည် နောက်မှလာကြသူများကို လမ်းပြရန် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုကြွလာခဲ့ချိန်တွင်၊ အဓိကအားဖြင့် ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန် ဖြစ်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သည့် ဧဝံဂေလိတရားကို လူသားထံ ယူဆောင်လာခဲ့သည့်အပြင်၊ ကောင်းကင် နိုင်ငံတော်သို့ သွားရာလမ်းကြောင်းကိုလည်း ပေါက်ဖွားစေခဲ့သည်။ အကျိုးဆက်အနေဖြင့် နောက်မှရောက်လာကြသူများ အားလုံးက၊ “ကားတိုင်လမ်းကို ငါတို့ လျှောက်သင့်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်ကြ၏။” ဟုပြောခဲ့ကြသည်။ မှန်ပေ၏၊ အစတွင် ယေရှုသည်လည်း လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် အခြားသော အမှုကို လုပ်ဆောင်ခဲ့ပြီး နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့သည်။ သို့သော် သူ၏ အမှုတော်မှာ ကားစင်တင်ခံရခြင်း ဖြစ်ဆဲဖြစ်ပြီး၊ လမ်းခရီးအကြောင်း ဟောပြောခြင်းဖြင့် သူ ကုန်လွန်ခဲ့သည့် သုံးနှစ်ခွဲသည် နောက်ပိုင်းတွင်ရောက်လာမည့် ကားစင်တင်ခံရခြင်းအတွက် ပြင်ဆင်ခြင်း ဖြစ်ခဲ့သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ်အချို့သည်လည်း ကားစင်တင်ခံရခြင်းအတွက် ဖြစ်သည်။ သူ အသက်ရှင်နေထိုင်ခဲ့သည့် ပုံမှန်လူတစ်ဦး၏ အသက်တာနှင့် ကမ္ဘာမြေ၌ သူ အသက်ရှင်ခဲ့သည့် သုံးဆယ့် သုံးနှစ်ခွဲကာလသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေခြင်းအတွက် ဖြစ်သည်။ ယင်းတို့သည် ဤအမှုကို လက်ခံ ဆောင်ရွက်ရန် သူ့ကို ခွန်အားပေးဖို့ ဖြစ်ခဲ့ပြီး၊ ယင်း၏ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ကားစင်တင်ခံရခြင်း အမှုကို သူ့ထံ အပ်နှံခဲ့သည်။ ယနေ့တွင် လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့်အမှုကို ပြီးမြောက်စေလိမ့်မည်နည်း။ ယနေ့တွင် ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း” နှင့်ဆိုင်သည့် အမှုကို ပြည့်စုံစေရန်၊ လူကို စုံလင်စေဖို့နှင့် နှုတ်ကပတ်တော်ဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် နှုတ်ကပတ်တော်၏ စစ်ဆေးမှုကို လူသားအား လက်ခံစေဖို့ နှုတ်ကပတ်တော်ကို အသုံးပြုရန် လူ့ဇာတိခံလာပြီးဖြစ်ပေသည်။ သူ၏နှုတ်ကပတ်တော်များဖြင့်၊ သူသည် သင့်ကို ထောက်ပံ့မှု ရရှိစေပြီး အသက်ကို ရရှိစေသည်။ သူ၏ နှုတ်ကပတ်တော်များဖြင့် သင်သည် သူ၏အမှုနှင့် လုပ်ဆောင်ချက်များကို မြင်ရသည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် စစ်ဆေးရန် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ထိုသို့ဖြင့် အခက်အခဲကို သင် ခံစားရပါက၊ ယင်းသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် အချက်အလက်များဖြင့် အမှုမပြုဘဲ နှုတ်ကပတ်တော်များဖြင့် အမှုပြုသည်။ သူ၏ နှုတ်ကပတ်တော်သည် သင့်အပေါ် ရောက်လာပြီးနောက်တွင်သာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အမှုပြုနိုင်ပြီး၊ သင့်အား နာကျင်မှု ခံစားစေနိုင်သည် သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို လက်တွေ့အရှိတရားထဲသို့ ခေါ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို စုံလင်စေနိုင်စွမ်းရှိသည်။ ထို့ကြောင့်၊ ဤအရာကို အနည်းဆုံး သင်နားလည်ရမည်- နောက်ဆုံးသောကာလ အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုသည် အဓိကအားဖြင့် လူတိုင်းကို စုံလင်စေဖို့နှင့် လူသားကို လမ်းပြဖို့ သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုခြင်း ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးသည် နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အုပ်စိုးမှုမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကိုစွန့်လွှတ်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏‌ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။ အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

အမှာစကား ချန်ခဲ့မည်