စာရင်း

သခင့်အပေါ် ကျွန်ုပ်တို့ ယုံကြည်ခြင်းရှိပြီး ဆက်လက်ဆုတောင်းခြင်း၊ကျမ်းစာကို ဆက်လက်ဖတ်ရှုခြင်း၊ အတူတကွ စုစည်းကြပါက၊ ကပ်ဘေးသည် ကျွန်ုပ်တို့အပေါ် ကျရောက်လိမ့်မည်မဟုတ်ဟု သင်းအုပ်ဆရာတို့က မကြာခဏပြောနေကြသည်။ သို့သော် ဤကပ်ဘေးများတွင် သေဆုံးကြရပြီးဖြစ်သည့် ဘာသာရေး သင်းအုပ်ဆရာများနှင့် ခရစ်ယာန်များအချို့ ရှိသည်။သူတို့အားလုံးတို့လည်း ကျမ်းစာကို ဖတ်ခဲ့ကြသည်၊ ဆုတောင်းခဲ့ကြပြီး သခင့်ကို အစေခံခဲ့ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် သူတို့ကို မကွယ်ကာခဲ့ပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃)

“ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။ ငါသည် အာလဖဖြစ်၏ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သော သူ ၊ မတရားသောမေထုန်၌မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်ထု ကိုကိုးကွယ်သောသူ၊ သစ္စာပျက် ခြင်းကို နှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။” (ဗျာဒိတ်ကျမ်း။ ၂၂:၁၂ -၁၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ချိန်ဟု ငါဆုံးဖြတ်ပြီး ဤသည်မှာ လူသားအပေါ် ငါစတင်လုပ်ကိုင်သည့် အဆင့် မဟုတ်။ ငါ၏မှတ်တမ်းစာအုပ်ထဲတွင် လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များအပြင် ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းများ၊ အရင်းခံ လက္ခဏာများနှင့် သူတို့၏နောက်ဆုံး လုပ်ဆောင်ချက်ကို တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် မည်သို့သောလူသားမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့ သည် ငါ ချမှတ်ပေးသည်အတိုင်း မိမိတို့ကဲ့သို့သော သူများနှင့် နေရမည်။ ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာ တို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူ တို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ် ပေးခံရသူ အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းအတွက်နှင့် ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးခံရခြင်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ပြီး လူသည် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နေသမျှကာလပတ်လုံး ဘုရားသခင်သည် အဖြောင့်မတ်ဆုံး ဖြစ်သည့်အတွက် လူတို့အပေါ်တွင် သမာသမတ်ကျမည်မှာ သေချာသည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်ပါက ဘုရားသခင်က သူ့အား ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူတိုင်းအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူအား ငါတောင်းဆိုသော သင့်လျော်သည့် သတ်မှတ်ချက်များရှိပြီး မည်သူမဆို လူတိုင်း ငါတောင်းဆိုသောအရာကို ပြီးမြောက်ရမည်၊ သင့်အရည်အချင်းများ မည်မျှကျယ်ပြန့်သည် သို့မဟုတ် မည်သို့အားနည်းသည်ကို ငါဂရုမစိုက်၊ သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိနှင့် ငါ့လမ်းတွင် သင်လျှောက်၏၊ မလျှောက်၏ကိုသာ ငါဂရုစိုက်သည်။ သင့်တွင် သမ္မာတရားမရှိဘဲ ငါ့နာမည်ကို အရှက်ရစေပြီး ငါ့နည်းလမ်းအတိုင်း မလုပ်ဆောင်၊ ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်နာသည် ဆိုရုံမျှသာ လုပ်ဆောင်ပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို လဲကျစေပြီး သင်ပြုသော မကောင်းမှုအတွက် သင့်ကို ပြစ်ဒဏ်ပေးမည်။ သို့ဆိုလျှင် သင်ဘာပြောမည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်မည်လော။ ယနေ့တွင်၊ ငါပြောခဲ့သော စကားများအတိုင်း သင်လိုက်နာပါက သင်သည် ငါအတည်ပြုသော လူမျိုးဖြစ်လိမ့်မည်။ ဘုရားသခင် နောက်သို့လိုက်စဉ် သင်သည် ဒုက္ခဆင်းရဲ အမြဲခံစားရသည်၊ သူ့နောက်သို့ အေးအတူပူအမျှ လိုက်ခဲ့ပြီးပြီ၊ သူနှင့် ဆိုးတူကောင်းဖက် အတူဝေမျှခဲ့ပြီဟု သင်ဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများအတိုင်း မနေထိုင်ခဲ့ပါ၊ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် ပြေးလွှား လုပ်ဆောင်ပြီး ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိကာ အဓိပ္ပာယ်ရှိသော အသက်တာကို ရှင်သန်ရန်ကိုမူ ဘယ်သောအခါမျှ သင်မစဉ်းစားခဲ့ဟု သင်ပြောသည်။ “အရာရာတွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ သူ့အတွက် ကျွန်ုပ်ဒုက္ခဆင်းရဲ ခံခဲ့ရသည်၊ သူ့အတွက် ကျွန်ုပ်ပြေးလွှားလုပ်ဆောင်သည်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့ထံ၌ ပေးအပ်ဆက်ကပ်ထားသည်၊ မည်သည့်အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း ကျွန်ုပ်ကြိုးစားလုပ်ဆောင်၏။ သူကျွန်ုပ်ကို အမှတ်ရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင်သည် ဖြောင့်မတ်သည် ဆိုသည်မှာ အမှန်ဖြစ်၏။ သို့သော် ဖြောင့်မတ်မှုတွင် မည်သည့်မစင်ကြယ်ခြင်းမျှ စွန်းထင်းမနေပါ၊ ယင်းတွင် လူသားတို့၏ အလိုဆန္ဒမပါ၊ ဇာတိပကတိ သို့မဟုတ် လူသားတို့၏ ကိစ္စအဝဝတို့ဖြင့် အမည်းစက်ထင်ခြင်း မရှိပါ။ သူ့အား ပုန်ကန်သူ၊ ဆန့်ကျင်သူနှင့် သူ၏လမ်းကို မလိုက်လျှောက်သောသူ အားလုံးတို့သည် အပြစ်ဒဏ်ပေးခြင်းကို ခံရကြမည်၊ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရ၊ မည်သူ့ကိုမျှ ချမ်းသာမပေး။ အချို့လူများက “ယနေ့ ကိုယ်တော့်အတွက် ကျွန်ုပ်လှုပ်ရှားရုန်းကန်ပါ၏။ အဆုံးသို့ရောက် သောအခါ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လော” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည် “သင်သည် ငါ့စကားများကို လိုက်နာပြီးပါပြီလော။” သင်ပြောသော ဖြောင့်မတ်မှုသည် ကိစ္စရပ်ပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသားအားလုံးအပေါ် သမာသမတ်ကျကာ အဆုံးတိုင်အောင် ငါ့နောက်လိုက်သူမှန်သမျှသည် ကယ်တင်ခြင်းကို ခံရပြီး ငါ့ကောင်းချီးများကို သေချာပေါက်ရမည်ဟုသာ သင်ထင်နေသည်။ ငါ့စကားများတွင် သိုဝှက်သောအဓိပ္ပာယ်ရှိသည် “နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိမည်”၊ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူတို့သည် ငါလုံးလုံးလျားလျား ရယူမည့်သူများဖြစ်ပေသည်။ သူတို့ကို ငါသိမ်းပိုက်ပြီးနောက် သူတို့သည် သမ္မာတရားကို ရှာဖွေပြီး စုံလင်အောင်ပြုခြင်း ခံကြရသူများဖြစ်သည်။ မည်သည့်အခြေအနေများကို သင်ရရှိပြီး ပြီနည်း။ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့လိုက်ခြင်းသာ သင်ရရှိပြီ၊ အခြားဘာရှိသေးသနည်း။ ငါ့စကားများကို လိုက်နာပြီး ပြီလော။ သင်သည် ငါ့တောင်းဆိုချက် ငါးချက်ထဲမှတစ်ချက်ကို လုပ်ဆောင်ပြီးဖြစ်သော်လည်း ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် ရည်ရွယ်ချက် မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကို တွေ့ရှိပြီးဖြစ်ပြီး သင့်ကိုယ်သင် ကံကောင်းပြီဟုထင်ကာ ယင်းလမ်းကို လိုက်လျှောက်ခဲ့သည်။ သင်ကဲ့သို့သော လူများအတွက် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ခုခုဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံရခြင်းတစ်ခုဖြစ်ပြီး မကောင်းမှုပြုလုပ်သူအားလုံးအတွက် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသောသူအားလုံးသည် နောက်ဆုံးအချိန်အထိ လိုက်လျှင်ပင် ပြစ်ဒဏ်ပေးခြင်းကို သေချာပေါက်ခံရပေမည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပင်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

ဘုရားသခင်အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများနောက်ကို လိုက်လျှောက်ကြသောသူများဖြစ်သည်။ သင်ယခင်က နားလည်ခဲ့သော အရာများသည် မည်သို့ပင် အံ့သြဖွယ်ကောင်းပြီး ဖြူစင်သည်ဖြစ်စေ ဘုရားသခင်က ၎င်းကို အလိုမရှိပါ၊ ထို့အပြင် အကယ်၍ သင်သည် ထိုသို့သောအရာများကို ဘေးသို့ မဖယ်ထားနိုင်ပါက ၎င်းတို့သည် အနာဂတ်၌ သင်၏ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသူ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံစားရသောသူများဖြစ်သည်။ အတိတ်ကာလများမှ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသော်လည်း၊ ယနေ့တိုင် ၎င်းတို့ လိုက်လျှောက် နိုင်ခဲ့ခြင်း မရှိပါ၊ ဤအရာသည် နောက်ဆုံးသောကာလရှိ လူများ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က သူတို့ကို မည်သည့်နေရာသို့ ဦးဆောင်သည်ဖြစ်စေ လိုက်လျှောက်နိုင်သည့်အတိုင်း ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသော အဆိုပါလူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံစားရသောသူများဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှပင် ဟိုဟိုသည်သည် အလုပ်များနေပါစေ၊ ထိုအရာတစ်ခုမျှ ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့ကို ချီးကျူးမည်မဟုတ်။ ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပ၌ ရှိကြပြီး၊ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်၏ချီးကျူးမှုကို မခံရကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များနှင့် ကင်းကွာသော အစေခံခြင်းသည် ဇာတိပကတိနှင့်၊ အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်စွမ်းမရှိ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအကြား၌သာ အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်နှင့် အံဝင်ခွင်ကျဖြစ်သောအရာ တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံသည်ဖြစ်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်ထင်ရာများနှင့် အယူအဆများအကြား၌သာ အစေခံကြခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြ၊ ဘုရားသခင်၏အလိုတော်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်၊ အယူအဆများနှင့်၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို ဘုရားသခင် အလိုမရှိ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သောအလုပ်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အယူအဆများအကြား၌ အသက်ရှင်ကြ၏။ ထိုသို့သောသူတို့၏ အစေခံခြင်းသည် ကာဆီးခြင်းနှင့် အနှောင့်အယှက်ဖြစ်စေပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၏။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို အစေခံနိုင်ခြင်းမရှိ၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို ဧကန်မုချ ဆန့်ကျင်ကြခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအလုပ်ကို ဆန့်ကျင် ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့်အကြောင်းမှာ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည်သာမက၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကသဏ္ဌာန်နှင့် မတူညီခြင်းကြောင့်ဖြစ်သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ကြခြင်းဖြစ်ပြီး ဘုရားသခင်ကို ဝေဖန်ကြခြင်းဖြစ်ကာ၊ ယင်းက သူတို့ကို ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းသို့ ဦးတည်သွားစေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို သိရန်မလွယ်ကူပါ၊ သို့သော်လည်း အကယ်၍ လူအများသည် ဘုရားသခင်၏အလုပ်ကို နာခံရန် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏အလုပ်ကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်အဖြစ်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလုပ်ကို ရည်ရွယ်ချက်ပါပါဖြင့် ဆန့်ကျင်ပုန်ကန်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပါ။ ထို့ကြောင့် လူအများသည် ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို လက်ခံရရှိနိုင်ခြင်း သို့မဟုတ် မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် မူတည်သည်၊ ၎င်းသည် ၎င်းတို့၏ ရှာဖွေလိုက်စားမှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ယခုအခါ မတူညီသော လူနှစ်မျိုးဖြစ်ကြပြီး သူတို့သည် မတူညီသော ခရီးပန်းတိုင်များနှင့် လူနှစ်မျိုးနှစ်စားဖြစ်ကြသည်။ သမ္မာတရား၏ အသိပညာကို ရှာဖွေပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတို့သည် ဘုရားသခင်ကယ်တင်မည့်သူများ ဖြစ်ကြသည်။ မှန်သောလမ်းကို မသိသောသူတို့သည် နတ်ဆိုးများနှင့် ရန်သူများဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများဖြစ်ပြီး ဖျက်ဆီးခြင်း ခံကြရလိမ့်မည်။ မရေရာသော ဘုရားသခင်၏ ဘာသာတရားကိုင်းရှိုင်းသော ယုံကြည်သူတို့ အားလုံးသည်ပင်လျှင် နတ်ဆိုးများဖြစ်သည် မဟုတ်လော။ ကောင်းသော အသိစိတ်တို့ကို ပိုင်ဆိုင်သော်လည်း မှန်သောလမ်းကို လက်မခံသူတို့သည် နတ်ဆိုးများဖြစ်ကြသည်။ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံသော အနှစ်သာရဖြစ်သည်။ မှန်သောလမ်းကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသူတို့သည် ဒုက္ခဆင်းရဲ အများအပြားကို ကြံ့ကြံ့ခံခဲ့သည့်တိုင် သူတို့သည် ဖျက်ဆီးခံရဆဲပင် ဖြစ်လိမ့်မည်။ လောကကို စွန့်ခွာခြင်းမပြုလိုသူ၊ မိမိတို့၏ မိဘများနှင့် ခွဲခွာခြင်းကို မခံစားနိုင်သူ၊ သူတို့၏ ကိုယ်ပိုင်အသွေးအသား ပျော်ပါးမှုများကို ဖယ်ရှားရန် မဆောင်ရွက်နိုင်သူအားလုံးသည် ဘုရားသခင်ကို မနာခံသူများဖြစ်ကြပြီး၊ သူတို့အားလုံးသည် ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သောသူမှန်သမျှသည် နတ်ဆိုးနှင့်ဆိုင်ကြပြီး ထို့ထက်ပို၍ ထိုသူတို့သည် ဖျက်ဆီးခြင်း ခံကြရလိမ့်မည်။ ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မကျင့်သူများ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝမယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံကြရမည်။ ကျန်ရစ်နိုင်သည့် လူမှန်သမျှသည် စစ်ဆေးခြင်း၏ ခါးသည်းမှုကို ခံခဲ့ကြရပြီး ခိုင်မာစွာ ရပ်တည်သောသူများဖြစ်သည်၊ ထိုသူသည် စမ်းသပ်ခြင်းများကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ်မပြုသူမှန်သမျှသည် ရန်သူဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်ကို အသိအမှတ်မပြုသော ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပမှ မည်သူမဆိုသည် အန္တိခရစ်ပင် ဖြစ်တော့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ငါ့ကိုချစ်၍ မိမိကိုယ်ကို ငြင်းပယ်သောသူတို့အပေါ် ငါ၏သနားကြင်နာမှုကို ထုတ်ဖော်ပြ၏။ ကောက်ကျစ်စဉ်းလဲ သူတို့အပေါ် ကျရောက်သည့်အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်နေသဘောထား၏ သက်သေအတိအကျဖြစ်ပြီး၊ သာ၍ပင် ငါ့အမျက်ဒေါသ၏ သက်သေခံချက်ဖြစ်သည်။ ဘေးဒုက္ခကျ ရောက်သည့်အခါ ငါ့ကိုဆန့်ကျင်သူအားလုံးအပေါ် ငတ်မွတ် ခေါင်းပါးမှု နှင့် ကပ်ဆိုးကျရောက်၍ ထိုသူတို့ ငိုကြွေးကြလိမ့်မည်။ ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သော်လည်း ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်သူများသည် မိမိတို့၏အပြစ်များ အတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည်မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာတစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ကျရောက်၍ စဉ်ဆက်မပြတ် ထိတ်လန့်ကြောက်ရွံ့ခြင်း၌ အသက်ရှင်လာရလိမ့်မည်။ ထို့အပြင် ငါ့တစ်ဦးတည်းအပေါ်၌သာလျှင် သာ၍ပင် သစ္စာစောင့်သိမှုကို ပြသလာခဲ့သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏ခွန်အားကို ချီးမွမ်းကြလိမ့်မည်။ ထိုသူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်း၌ အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသားတို့၏ ကောင်းမွန်သောလုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ဆိုးယုတ်သောလုပ်ဆောင်ချက်များကို စက်ဆုပ် သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင် ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်လာနေ ခဲ့သည်။ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းမရှိသောသတို့ကို ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်းမရှိခဲ့ပေ။ မြင်တွေ့ရလျှင် ငါ့အား သဘောတွေ့စေမည့်၊ ထိုသူတို့အပေါ် အပြစ် ဒဏ်ခတ်ဖို့အခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးတွင် စက်ဆုပ်ရွံရှာမှုနှင့်အတူ ငါသည်သူတို့ကို ချည်နှောင်ထား၏။ နောက်ဆုံးတွင် ငါ၏နေ့ရက်သည် ယနေ့ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက်စောင့်ဆိုင်းရန် မလိုတော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာ တစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ် သွားလိမ့်မည်ဖြစ်ပြီး၊ အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခုဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကို စီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင် ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တစ်ဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်မိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

နောက်သို့ပြန်သွားရန်

နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် လူသားအဖြစ် လူ့ဇာတိဖြစ်လာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲအများစုက သခင်ယေရှုသည် မိုးတိမ်များဖြှင့် ပြန်ကြွလာလိမ့်မည်ဟု ခံယူထားကြသည်။ ၎င်းတို့က ဤအရာကို “ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။” (ဗျာဒိတ် ၁:ရ) ဟူသည့် သမ္မာကျမ်းချက်များပေါ် အဓိက အခြေပြုထားသည်။ ထို့အပြင်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မိုးတိမ်များဖြင့် ကြွမလာသည့် မည်သည့် သခင်ယေရှုမဆို အယောင်ဆောင်ဖြစ်ပြီး ငြင်းပယ်ရမည်ဟုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်။ ထို့ကြောင့်၊ ဤအမြင်က သမ္မာကျမ်းစာနှင့် ကိုက်သည် မကိုက်သည်ကို ကျွန်ုပ်တို့ မသေချာကြပါ၊ ဤသို့သော သိနားလည်မှုမျိုးသည် မှန်ပါသလား၊ မမှန်ပါသလား။

အမှာစကား ချန်ခဲ့မည်