စာရင်း

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု အဘယ်ကြောင့်ဆိုသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲသြဝါဒစာ ၉:၂၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်ဆယ်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးလာခဲ့ပြီး ကျေးဇူးတော်ခေတ်ဖြင့် အစပြုခြင်းနောက်တွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည်၊ ယင်းသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ၎င်းတို့၏ ပုန်ကန်မှုအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို လုံးဝ သန့်စင်စေမည့် အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက် လုပ်ဆောင်လေသည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အမှုကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အမှု၏ အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင် ဆောင်ရွက်ရန် နှစ်ကြိမ်သာ လူ့ဇာတိခံယူခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အမှု၏ အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို ၎င်းတို့၏အသက်တာများအား အသက်ရှင်နေထိုင်ရာတွင် လမ်းပြရန်ဖြစ်စဉ်တွင်၊ အခြားနှစ်ဆင့်မှာ ကယ်တင်ခြင်းအမှု ပါရှိသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံခြင်းအားဖြင့်သာ ဘုရားသခင်သည် လူသားနှင့်အတူ အသက်ရှင်နိုင်သည်၊ ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ပြီး၊ ပုံမှန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းဖြင့်သာ သူသည် လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ၎င်းတို့လိုအပ်သည့် လက်တွေ့ကျသော နည်းလမ်းဖြင့် ထောက်ပံ့ပေးနိုင်သည်။ လူသားက ဘုရားသခင်၏ ပြည့်ဝသည့် ကယ်တင်ခြင်းကို ရရှိသည်မှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမှတစ်ဆင့်ဖြစ်ပြီး၊ သူ၏ဆုတောင်းခြင်းများ အဖြေပေးခြင်းဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက် ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိခန္ဓာရှိသည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံလာနိုင်သည့်အရာ အားလုံးမှာ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကိုယ်သာဖြစ်ပြီး ဤနည်းဖြင့်သာလျှင် လူသားသည် လမ်းခရီးများအားလုံးနှင့် သမ္မာတရားအားလုံးကို သဘောပေါက်နိုင်ကာ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ အပြစ်များကို သန့်စင်ဖယ်ရှားရန်နှင့် လူသားကို အပြည့်အဝ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိ၌ ဘုရားသခင်၏အမှု အလုံးစုံသည် အဆုံးတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အရေးပါမှုသည် ပြည့်စုံ သွားလိမ့်မည်။ ထိုအချိန်မှစ၍ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုသည် အဆုံးတစ်ခုသို့ လုံးဝ ရောက်လာပြီးဖြစ်လိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနောက်တွင်၊ သူသည် သူ၏အမှုအတွက် တတိယအကြိမ် လူ့ဇာတိခံလာလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှု အလုံးစုံသည် အဆုံးတစ်ခုသို့ ရောက်လာပြီး ဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံယူခြင်းသည် သူ၏ ရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူသားမျိုးနွယ်သည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း အားလုံး ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့၊ မည်သည့်အမှုကိုမျှ ဆောင်ရွက်ရန် လူ့ဇာတိသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ယေရှုသည် သူ၏အမှုကို လုပ်ဆောင်နေခဲ့သည့်အချိန်တွင်၊ သူနှင့်ပတ်သက်သည့် လူ၏ အသိပညာသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ လူသားက သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် အမြဲ ယုံကြည်ခဲ့ပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော စေတနာရှိသော အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့က ၎င်းတို့၏ ယုံကြည်ခြင်း ခွန်အားအပေါ် သူ့ဝတ်ရုံ၏ အစွန်းကို ထိတွေ့ခြင်းမှ အနာရောဂါငြိမ်းခဲ့ကြသည်။ မျက်စိကန်းသူ မြင်နိုင်ခဲ့ပြီး သေသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် မိမိကိုယ်ကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သည့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ရှာဖွေမတွေ့ရှိနိုင်ခဲ့သကဲ့သို့၊ ယင်းကို မည်သို့ စွန့်ပစ်ရမည်ကိုလည်း မသိခဲ့ပေ။ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ပထမ လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ပေ၊ သူသည် ဘုရားသခင် ဇာတိပကတိ၌ လုပ်ဆောင်နိုင်ရန် လိုအပ်ခဲ့သည့် အလုပ်၏ ပထမအဆင့်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးဆုံးစေရန် အလို့ငှာ၊ ဘုရားသခင်သည် ဇာတိပကတိသို့ နောက်တစ်ကြိမ် ပြန်ကြွလာခဲ့ပြီး၊ ဇာတိပကတိ၏ သာမန်သဘောနှင့် စစ်မှန်သောသဘော အားလုံးကို အသက်ရှင်နေထိုင်သွားသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံး၀ ပုံမှန် ရိုးရိုးဇာတိပကတိထဲတွင် ထင်ရှားပြသစေခြင်း ဖြစ်သည်၊ ဤနည်းအားဖြင့် သူမလုပ်ဆောင်ရသေးသည့် ဇာတိပကတိထဲမှ အလုပ်ကို အဆုံးသတ်သွား၏။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် အနှစ်သာရအားဖြင့် ပထမအကြိမ်နှင့် တူသော်လည်း၊ ပထမအကြိမ်ထက် သာ၍ပင် စစ်မှန်သည်၊ သာ၍ပင် ပုံမှန်ဖြစ်သည်။ အကျိုးဆက်အနေနှင့်၊ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ ခံစားရသော ဆင်းရဲဒုက္ခသည် ပထမအကြိမ်ထက် ပို၍ ကြီးမားသည်၊ သို့သော် ဤဆင်းရဲဒုက္ခသည် လူ့ဇာတိ၌ လုပ်ဆောင်သော သူ့အမှုတော်၏ ရလဒ်သာဖြစ်ပြီး၊ ၎င်းသည် ဖောက်ပြန်ပျက်စီးနေသော လူသားများ၏ ဆင်းရဲဒုက္ခနှင့် ကွဲပြားခြားနားသည်။ ၎င်းသည်လည်း သူ့ဇာတိပကတိ၏ သာမန်သဘောနှင့် စစ်မှန်မှုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူ၏ အမှုတော်ကို သူသည် လုံး၀သာမန်ဖြစ်ကာ စစ်မှန်သော ဇာတိပကတိ၌ ထမ်းဆောင်သည့်အတွက်၊ ဇာတိပကတိသည် အကြီးအကျယ် ခက်ခဲမှုကို ခံရပ်ရပေမည်။ သူ၏ဇာတိပကတိမှာ လက်တွေ့ကျပြီး သာမန်ဖြစ်လေလေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်ရာတွင် သူ ဆင်းရဲဒုက္ခခံစားရလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏အလုပ်ကို လုံးဝသဘာဝလွန် မဟုတ်သော၊ အလွန်သာမန်ဖြစ်သော ဇာတိပကတိ၌ ဖော်ပြသည်။ သူ၏ ဇာတိပကတိသည် သာမန်ဖြစ်ပြီး လူသားအား ကယ်တင်ခြင်း အလုပ်ကိုလည်း တာ၀န်ယူရမည် ဖြစ်သဖြင့်၊ သူသည် သဘာဝလွန် ဇာတိပကတိက ခံရမည့် ဆင်းရဲဒုက္ခထက် ပို၍ ကြီးမားသော အတိုင်းအတာကို ခံစားခဲ့ရသည်၊ ဤဆင်းရဲဒုက္ခ အားလုံးသည် သူ့ဇာတိပကတိ၏ စစ်မှန်မှုနှင့် သာမန်သဘောမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူတို့၏ အမှုတော်များကို ထမ်းဆောင်နေစဉ်အတွင်း ဇာတိပကတိ နှစ်ခု ကြုံတွေ့ခဲ့ရသည့် ဆင်းရဲဒုက္ခမှ လူ့ဇာတိခံယူသော ဇာတိပကတိ၏ အနှစ်သာရကို တွေ့မြင်နိုင်သည်။ ဇာတိပကတိသည် သာမန်ဖြစ်လေလေ၊ အလုပ်ကို ဆောင်ရွက်ချိန်တွင် သူသည် ကြံ့ကြံ့ခံရမည့် အခက်အခဲ ကြီးမားလေလေ ဖြစ်သည်၊ အလုပ်ကို လုပ်ဆောင်သည့် ဇာတိပကတိသည် စစ်မှန်လေလေ၊ လူများ၏ အယူအဆများ ပြင်းထန်လာလေလေ ဖြစ်ပြီး၊ သူ့အပေါ် ဘေးအန္တရာယ်များ ကျရောက်လာနိုင်လေလေ ဖြစ်သည်။ သို့သော်ငြားလည်း ဇာတိပကတိသည် စစ်မှန်လေလေ၊ ဇာတိပကတိသည် လိုအပ်ရာများနှင့် သာမန် သက်ရှိ လူသားတစ်ယောက်၏ အသိစိတ်အပြည့်အစုံတို့ကို ပိုင်ဆိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်ကို ဇာတိပကတိထဲ၌ သူသည် ဆောင်ရွက်နိုင်စွမ်း ရှိလေလေဖြစ်သည်။ ကားတိုင်ပေါ်တွင် သံမှို ရိုက်နှက်ခြင်း ခံခဲ့ရသည်မှာ ယေရှု၏ ဇာတိပကတိပင် ဖြစ်ပြီး၊ အပြစ်ဖြေရာယဇ်အနေနှင့် ပေးအပ်ခဲ့သော သူ၏ ဇာတိပကတိ ဖြစ်သည်၊ သူစာတန်ကို အနိုင်ယူပြီး လူသားကို လက်ဝါးကပ်တိုင်မှ အပြည့်အ၀ ကယ်တင်ခဲ့ခြင်းမှာလည်း သာမန်လူ့သဘာဝရှိသော ဇာတိပကတိ အားဖြင့်ပင် ဖြစ်သည်။ ထို့အပြင် ဒုတိယအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် သိမ်းပိုက်သော အလုပ်ကို ထမ်းဆောင်ပြီး စာတန်ကို အနိုင်ယူခြင်းမှာလည်း ပြီးပြည့်စုံသော ဇာတိပကတိ အနေနှင့်ပင် ဖြစ်သည်။ လုံး၀ သာမန်ဖြစ်ပြီး စစ်မှန်သော ဇာတိပကတိသာလျှင် သိမ်းပိုက်ခြင်း အလုပ်တစ်ခုလုံးကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး အစွမ်းထက်သော သက်သေခံချက်ပေးနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ သဘာဝလွန်သော အံ့သြဖွယ်ရာများနှင့် ထုတ်ဖော်ခြင်းများမှတစ်ဆင့် မဟုတ်ဘဲ၊ ဇာတိပကတိထဲရှိ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် သာမန်သဘောမှတစ်ဆင့်သာ လူသားအား သိမ်းပိုက်ခြင်းကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်မှာ စကားပြောရန်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားကို သိမ်းပိုက်ပြီး စုံလင်စေရန် ဖြစ်သည်၊ တစ်နည်းဆိုရလျှင်၊ ဇာတိပကတိထဲတွင် ပြီးပြည့်မြောက်သော ဝိညာဉ်တော်၏ အလုပ်၊ ဇာတိပကတိ၏ တာဝန်မှာ စကားပြောရန်ဖြစ်ပြီး ဤနည်းအားဖြင့် လူသားကို လုံး၀သိမ်းပိုက်၊ ဖွင့်ပြကာ စုံလင်စေပြီး ပယ်ရှင်းရန်ပင် ဖြစ်သည်။ ထို့ကြောင့် သိမ်းပိုက်ခြင်း အလုပ်အားဖြင့် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်သည် အပြည့်အဝ ပြီးမြောက် အောင်မြင်မည် ဖြစ်သည်။ ကနဦး ရွေးနှုတ်ခြင်း အလုပ်သည် လူ့ဇာတိခံယူခြင်း အလုပ်၏ အစအဦးပိုင်းမျှသာ ဖြစ်သည်၊ သိမ်းပိုက်ခြင်း အလုပ်ကို လုပ်ဆောင်သည့် ဇာတိပကတိသည် လူ့ဇာတိခံယူခြင်း၏ အလုပ်တစ်ခုလုံးကို ပြီးပြည့်စုံစေ လိမ့်မည် ဖြစ်သည်။ လိင်သတ်မှတ်ချက်တွင်၊ တစ်ဦးသည် အမျိုးသားဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျိုးသမီး ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် လူသားများ၏ အယူအဆများကို ပပျောက်စေသည်၊ ဘုရားသခင်သည် အမျိုးသားရော၊ အမျိုးသမီးပါ နှစ်မျိုးစလုံးဖြစ်နိုင်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်သာရအားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ သူသည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူ့အတွက် လိင်သတ်မှတ်ချက် မရှိပေ။ အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို မလုပ်ဆောင်သည်မှာ အလုပ်သည် နှုတ်ကပတ်တော်များအားဖြင့် ရလဒ်များကို ရရှိရန်အတွက် ဖြစ်သည်။ ထို့အပြင်၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်မှာ ဤအကြိမ်တွင် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်ဘဲ၊ စကားပြောခြင်းအားဖြင့် လူသားကို သိမ်းပိုက်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော ဤလူ့ဇာတိမှ ပိုင်ဆိုင်ထားသော ပင်ကိုစွမ်းရည်မှာ နှုတ်ကပတ်တော်များကို ပြောဆိုပြီး လူသားကို သိမ်းပိုက်ရန်ပင် ဖြစ်သည်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်မဟုတ်ပေ။ သာမန် လူ့သဘာဝထဲရှိ သူ၏အလုပ်သည် အံ့သြဖွယ်ရာများကို ပြုလုပ်ရန် မဟုတ်၊ နာမကျန်းသူတို့ကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်လည်း မဟုတ်ဘဲ၊ စကားပြောရန် ဖြစ်သည်၊ ထို့ကြောင့် ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများအတွက် ပထမတစ်ကြိမ်ထက် ပို၍ သာမန်ဖြစ်သည်ဟု ထင်ရသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မုသားမဟုတ်မှန်း သိမြင်ကြသော်လည်း၊ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှု လူ့ဇာတိခံယူခြင်းနှင့် ကွဲပြားခြားနားပြီး၊ သူတို့ နှစ်ဦးစလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သော်လည်း၊ သူတို့သည် လုံး၀တူညီနေခြင်းကား မဟုတ်ပေ။ ယေရှုသည် ပုံမှန် လူ့သဘာဝ၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သော်လည်း၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများစွာသည် သူနှင့်အတူရှိနေခဲ့သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်တွင် လူသား၏မျက်လုံးများသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၊ နာမကျန်းသောသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်း၊ ပင်လယ်ပေါ်၌ လမ်းလျှောက်ခြင်း၊ ရက်လေးဆယ် အစာရှောင်ခြင်း အစရှိသည်တို့ကို မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။…သူသည် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်ကို မလုပ်ဆောင်ပေ၊ အကြောင်းမှာ သူ၏ ဇာတိပကတိသည် အနှစ်သာရအားဖြင့် ယေရှု၏ ဇာတိပကတိနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်ဘဲ၊ သူ၏ အမှုတော်မှာ နာမကျန်းသောသူများကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူသည် သူကိုယ်တိုင်၏ အလုပ်ကို မဖြိုဖျက်ပေ၊ သူကိုယ်တိုင်၏အလုပ်ကို မနှောင့်ယှက်ပေ။ သူသည် လူသားကို သူ၏ စစ်မှန်သော နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်သည့်အတွက်၊ လူသားကို အံ့သြဖွယ်ရာများနှင့် ချိုးနှိမ်ရန် မလိုအပ်တော့ပေ၊ ထို့ကြောင့် ဤအဆင့်သည် လူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” မှ

ယေရှု၏အလုပ်၌ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ပြီးပြည့်စုံခဲ့ခြင်းမရှိဟု ငါပြောရခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နှုတ်ကပတ်တော်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်မလာခဲ့သောကြောင့် ဖြစ်သည်။ ယေရှုပြုခဲ့သည့်အရာမှာ ဇာတိပကတိ၌ ဘုရားသခင်၏အလုပ်၏ တစ်ပိုင်းမျှသာ ဖြစ်သည်၊ သူသည် ရွေးနုတ်ခြင်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လူသားအား လုံး၀ ရယူပိုင်ဆိုင်ခြင်း အလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခြင်းဖြစ်သည်။ အလုပ်၏ ဤအဆင့်ကိုလည်း သာမန်ဇာတိပကတိ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လုံး၀ သာမန်ဖြစ်သော၊ လူ့သဘာဝမှာ စိုးစဉ်းမျှပင် ထူးကဲသာလွန်ခြင်း မရှိသော လူသားတစ်ဦးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခြားတစ်နည်းနှင့် ဆိုရလျှင်၊ ဘုရားသခင်သည် လူသား လုံး၀ ဖြစ်သွားသည်၊ သူ၏ကိုယ်ပိုင်လက္ခဏာသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်ပြီး၊ အလုပ်ကို လုပ်ဆောင်နေသည့် လုံး၀သက်ရှိလူသား၊ လုံး၀ ဇာတိပကတိ ဖြစ်သည်။ လူ့မျက်စိသည် ကောင်းကင် ဘာသာစကားကို ပြောဆိုနိုင်သော ပကတိ သာမန်လူပုဂ္ဂိုလ် တစ်ဦး၊ စည်းဝေးခန်းမကြီးများတွင် ဘာသာရေး၏ အတွင်းကျသော သမ္မာတရားကို ထုတ်ဖော်ပြရန် မဆိုထားနှင့် အံ့သြဖွယ် နိမိတ်လက္ခဏာများ ဘာမျှမပြသူ၊ အံ့ဖွယ်ရာများ ဘာမျှ မလုပ်ဆောင်သော၊ လုံး၀ ထူးကဲသာလွန်ခြင်း မရှိသော ဇာတိခန္ဓာကို မြင်သည်။ ဒုတိယ အကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် လူများအတွက် ပထမ အကြိမ်နှင့် လုံးဝ မတူကွဲပြား နေသကဲ့သို့ ထင်ရသည်၊ ကွဲပြားလွန်းလှသည့်အတွက် သူတို့နှစ်ခုတွင် တူသောအရာ ဘာမျှ မရှိဟု ထင်မှတ်ရပြီး၊ ပထမ အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဤတစ်ကြိမ်တွင် မမြင်တွေ့နိုင်ပေ။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသော်လည်း၊ ထိုအချက်က သူတို့၏ အရင်းအမြစ်သည် တူညီသောအရာ တစ်ခုတည်းမဟုတ်ကြောင်း သက်သေမပြပေ။ သူတို့၏ အရင်းအမြစ်သည် တစ်ခုတည်း ဟုတ်၊ မဟုတ် ဆိုသည်မှာ သူတို့၏ အပြင်ပိုင်းကိုယ်ထည်များအပေါ်၌ မူတည်ခြင်း မရှိဘဲ၊ ဇာတိပကတိများမှ လုပ်ဆောင်ခဲ့သည့် အလုပ်၏ သဘာဝအပေါ်တွင်သာ မူတည်သည်။ သူ့အလုပ်၏ အဆင့်သုံးဆင့် အတောအတွင်း၊ ဘုရားသခင်သည် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော အလုပ်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသည်၊ အလုပ်သစ်တစ်ခုကို အစပြုပေးသည်၊ လူ့ဇာတိခံယူခြင်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြည့်စုံစေသည်။ အမှန်တကယ်အားဖြင့် ဇာတိပကတိနှစ်ပါးသည် အရင်းအမြစ် တစ်ခုတည်းမှ လာသည် ဆိုခြင်းကို လူသားမျက်လုံးများဖြင့် မြင်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထိုသို့မြင်နိုင်ဖို့ဆိုသည်မှာ လူသားမျက်လုံးနှင့် လူသားစိတ်တို့၏ တတ်စွမ်းနိုင်သည်ထက် လွန်သည်ဆိုခြင်းကို ပြောရန်ပင် မလိုအပ်ပေ။ သို့သော် ၎င်းတို့၏ အနှစ်သာရ၌မူ ၎င်းတို့သည် အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ သူတို့၏ အလုပ်သည် ဝိညာဉ်တော်တစ်ပါးတည်းမှ အရင်းခံသောကြောင့် ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ပါးသည် တူညီသော အရင်းအမြစ်မှ ပေါ်ထွက်လာခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို သူတို့ မွေးဖွားခဲ့သည့် ခေတ်ကာလနှင့် နေရာဒေသများအားဖြင့် သို့မဟုတ် ထိုကဲ့သို့သော အခြားအကြောင်းရင်းများဖြင့် ဆုံးဖြတ်၍ မရဘဲ၊ သူတို့မှ ဖော်ပြသည့် ဘုရားသဘောသဘာဝ အလုပ်အားဖြင့်သာ ဆုံးဖြတ်၍ ရမည်ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် ယေရှုလုပ်ဆောင်ခဲ့သော အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းမရှိပေ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် လုပ်ရိုးလုပ်စဉ်များကို မလိုက်နာဘဲ၊ အကြိမ်တိုင်းတွင် ၎င်းသည် လမ်းကြောင်းအသစ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများ၏ စိတ်ထဲရှိသော ပထမ ဇာတိပကတိအပေါ် ထင်မြင်ချက်ကို နက်ရှိုင်းစေရန် သို့မဟုတ် ခိုင်ခံ့စေရန် မရည်ရွယ်ဘဲ၊ ဖြည့်စွက်ရန်နှင့် စုံလင်စေရန်၊ ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အသိပညာကို နက်ရှိုင်းစေရန်၊ လူတို့၏ နှလုံးသားများထဲ၌ တည်ရှိသော စည်းကမ်းများ အားလုံးကို ချိုးဖျက်ရန်နှင့် သူတို့၏ နှလုံးသားများထဲ၌ ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် မှားယွင်းသော ပုံရိပ်ကို သုတ်သင်ပယ်ရှင်းရန် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်၏အလုပ်၏ မည်သည့်သီးသန့်အဆင့် တစ်ဆင့်ကမျှ လူသားကို ကိုယ်တော်နှင့်ပတ်သက်သည့် စုံလင်သည့် အသိပညာကို မပေးနိုင်ဟု ပြော၍ရသည်၊ တစ်ဆင့်စီသည် အစိတ်အပိုင်း တစ်ခုကိုသာ ပေးပြီး၊ အလုံးစုံကို မပေးပေ။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ လူသား၏ နည်းပါးသော နားလည်နိုင်စွမ်းကြောင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏ အသိပညာမှာ မပြည့်မစုံဘဲ ရှိနေသည်။ လူ့ဘာသာ စကားကို အသုံးပြု၍ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြရန်မှာ မဖြစ်နိုင်ပေ၊ ထို့အပြင်၊ သူ့အလုပ်၏ အဆင့်တစ်ဆင့်တည်းက ဘုရားသခင်ကို အပြည့်အဝ အဘယ်သို့ ဖော်ပြနိုင်မည်နည်း။ သူ့သာမန် လူ့သဘာဝဖြင့် ကွယ်ဝှက်ထားသော ဇာတိပကတိဖြင့် သူအလုပ်လုပ်ပြီး သူ၏ ခန္ဓာကိုယ်ထည်အားဖြင့် မဟုတ်ဘဲ သူ၏ဘုရားသဘောသဘာဝ၏ ဖော်ပြမှုများအားဖြင့်သာ သူ့ကို သိကျွမ်းနိုင်သည်။ သူ၏ အမျိုးမျိုးသော အလုပ်အားဖြင့် လူသားက သူ့အားသိကျွမ်း လာနိုင်စေရန် ဘုရားသခင်သည် ဇာတိပကတိထဲသို့ ဆင်းကြွလာခြင်းဖြစ်ပြီး၊ သူ့အလုပ်၏ အဆင့်များသည် တစ်ဆင့်နှင့် တစ်ဆင့်လုံးဝ မတူပေ။ ဤနည်းလမ်းအားဖြင့်သာ လူသားသည် ရှုထောင့်တစ်ခုတည်းတွင်ပင် ပိတ်မိမနေဘဲ ဇာတိပကတိထဲရှိ ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် ပြည့်စုံသော အသိပညာကို ရရှိနိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” မှ

ယေရှု လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” ၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည်- ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် ရှိခဲ့ပြီး ဘုရားသခင်၏ ဝိညာဉ်တော်မှာ လူ့ဇာတနှင့် ရှိခဲ့ကာ ထိုလူ့ဇာတိထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိခဲ့ကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အမှု၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” ၏ သိုဝှက်ထားသော အနက်အဓိပ္ပာယ်ကို တိကျစွာ ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပေးခဲ့ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်းကာလတွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲထုတ်၍ မရခဲ့ဘဲ၊ နောက်ဆုံးသောခေတ်တွင် သူက သူ၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာကို သာ၍ပင် ရှင်းလင်းစေပြီး လူသားအား သူ့လမ်းခရီးများ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို ကြားခွင့်ပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် နားလည်လာရမည် ဖြစ်သည်။ ဇာတိပကတိကို သိရှိခြင်းမှာ အရေးကြီးဆုံး မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို မည်သို့နားလည်သည် ဆိုခြင်းက အရေးကြီးဆုံး ဖြစ်၏။ ဤသည်မှာ သင်ပေးရမည့် သက်သေခံချက် ဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာ ဖြစ်သည်။ ဤသည်မှာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အမှု- ထို့ပြင် ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ ဇာတိပကတိ၌ ဘုရားသခင်၏ အမှုအားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိပကတိ၌ ဘုရားသခင၏ဖြစ်ခြင်းခေတ်ကို အဆုံးသတ်စေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

နိုင်ငံတော်ခေတ်အတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကိုယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်များကို ပြောဆို၏။ ဤသည်မှာ၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း” ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို လုပ်ဆောင်ရန် နောက်ဆုံးသောကာလ၌ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ စစ်မှန်သော အရေးပါမှုကို ပြီးမြောက်စေဖို့ ကြွလာပြီးဖြစ်ပေသည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အချက်အလက်များ ပေါ်ထွန်းခြင်း ရှိခဲပေသည်။ ဤသည်မှာ နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွလာခြင်းဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်းအမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်မည့် အမှုဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်း ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ကြွလာရမည်ဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၌ ထင်ရှားစေရမည် ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်ဆောင်ပြီးမည့်အရာ၊ ဘုရားသခင်က ပြီးမြောက်စေမည့်အရာ၊ လူသား၏ နောက်ဆုံး ခရီးပန်းတိုင်၊ ကယ်တင်ခံရမည့်သူများ၊ ဖျက်ဆီးခံရမည့်သူများ၊ စသည်ဖြင့်- အဆုံးတွင် စွမ်းဆောင်ရရှိသင့်သည့် ဤအမှုအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်ကာ၊ အားလုံးသည် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေဖို့ အလို့ငှာ ဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် အခြေခံဥပဒေသများ၊ ဖျက်ဆီးခံရမည့်သူများ၊ ငြိမ်သက်ခြင်း ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ- ဤနှုတ်ကပတ်တော်များအားလုံး ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလအတောအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က အဓိကအားဖြင့် ပြီးမြောက်သည့် အမှု ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သား ထားသောသူများသည် မည်သည့်နေရာနှင့် သက်ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မခံရသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်လိမ့်မည်ဖြစ်ကြောင်း၊ ဣသရေလနိုင်ငံကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဲဂုတ္တုပြည်ကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်းတို့ကို သူသည် လူတို့အား နားလည်စေလေသည်- အနာဂတ်တွင်၊ ဤနှုတ်ကပတ်တော်များတစ်ခုစီတိုင်း ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ ခြေလှမ်းများသည် အရှိန်မြင့်လာနေ၏။ ခေတ်တိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်၊ နောက်ဆုံးသောကာလ အတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ရမည် ဆိုသည်နှင့်၊ ဆောင်ရွက်ရမည့် သူ၏အမှုတော်တို့ကို လူသားထံ ထုတ်ဖော်ပြရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ဤနှုတ်ကပတ်တော်များ အားလုံးသည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေရန်အလို့ငှာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် အခန်း)

ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရာ၌ တစ်ပါးတည်းသောသားတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် “သား” ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားတော်သည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်နိုင်သည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ ယုံကြည်ထားကြသည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် ယောက်ျားများမှာ မိန်းမများအပေါ်တွင် အုပ်စိုးရသော အာဏာရှိသည်ဟု မှတ်ယူကြ၍ပင် ဖြစ်သည်။ ယောက်ျားများမှလွဲ၍ မည်သည့်အမျိုးသမီးမျှ အုပ်စိုးခြင်း အခွင့်အာဏာကို မခံယူထိုက်ဟူ၍ သူတို့ထင်မြင်ယူဆထားကြသည်။ ထိုမျှသာမက ယောက်ျားသည် မိန်းမတို့၏ ဦးခေါင်းဖြစ်ပြီး မိန်းမများသည် ယောက်ျားများကို နာခံရမည်ဖြစ်ကာ သူတို့ထက် သာလွန်နေ၍မရဟူ၍ပင် သူတို့ပြောကြသည်။ အတိတ်ကာလများက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို ရည်ညွှန်းပြောခဲ့ခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါဖန်ဆင်းခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါချမှတ်ထားသော စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်” ဟုပြောခဲ့သည်။ ထိုကဲ့သို့ သူပြောဆိုခဲ့သည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် သာမန်အသက်တာဖြင့် အသက်ရှင်နိုင်ရန်ဖြစ်ပြီး ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ အသက်တာများသည် ဖွဲ့စည်းတည်ဆောက်မှု ရှိနေရန်နှင့် သူတို့၏ သင့်လျော်ကောင်းမွန်သည့် စနစ်ကျနမှုမှ မကျဆင်းသွားရန်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ မည်သို့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ သင့်လျော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ပေးခဲ့သည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာဖြစ်ပြီး ဘုရားသခင်ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းခဲ့သည့် လူသတ္တဝါများကိုသာ ရည်ညွှန်းထားခြင်းဖြစ်သည်၊ လူသားမျိုးနွယ်တို့အနေဖြင့် ပုံမှန်အသက်တာများကို ရှင်သန်နေထိုင်နိုင်ရန်အလို့ငှာ ယောက်ျားမိန်းမတို့အတွက် စည်းမျဉ်းများကို ဘုရားသခင်ထူထောင်ပေးခဲ့ခြင်းဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူခံယူသည့် ဇာတိခန္ဓာများလည်း အမျိုးသားနှင့် အမျိုးသမီးဟူ၍ ကွဲပြားသည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝတို့ကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် လူသားမျိုးနွယ်ကို ရှေးဦးစွာ သူဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့်အညီပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်သည် သူ၏နှစ်ကြိမ်လူ့ဇာတိခံယူသည့်အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ဖောက်ပြန်ဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်အနေဖြင့် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီးသော အာဒံနှင့် ဧဝတို့ကို ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်များကိုယူ၍ ယင်းတို့ကို ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုအပေါ်၌ အသုံးချမည်ဆိုလျှင် ယေရှုသည်လည်း သူလုပ်ထိုက်သည့်အတိုင်း သူ၏ဇနီးမယားကို ချစ်ခဲ့ရလိမ့်မည် မဟုတ်လော။ ဤနည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပါဦးမည်လော။ ထိုကဲ့သို့ဖြစ်သည်ဆိုလျှင်လည်း သူ့အနေဖြင့် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်၍ ရနိုင်ပါဦးမည်လော။ အကယ်၍သာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် အမျိုးသမီးဖြစ်နေသည်မှာ မှားယွင်းသည်ဆိုလျှင် ဘုရားသခင်က လူမိန်းမကို ဖန်ဆင်းခဲ့ခြင်းမှာ အကြီးမားဆုံးသော မဟာအမှားကြီး ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ လူသားတို့အနေဖြင့် ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူခြင်းမှာ မှားယွင်းသည်ဟု ယုံကြည်နေဆဲဖြစ်လျှင် ထိမ်းမြားစုံဖက်ခြင်းကို မပြုခဲ့ဘဲ သူ၏ဇနီးမယားကို ချစ်၍မရနိုင်ခဲ့သော ယေရှုသည်လည်း ယခုလက်ရှိ လူ့ဇာတိခံယူခြင်းကဲ့သို့ပင် မှားယွင်းနေမည် မဟုတ်လော။ သင့်အနေဖြင့် ဧဝအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ လက်ရှိအချိန်တွင်ရှိသည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တရားကို တိုင်းထွာသည့်အတွက် ကျေးဇူးတော်ကာလတွင် လူ့ဇာတိခံယူခဲ့သည့် သခင်ယေရှုကို အာဒံအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ သင်သည် ဝေဖန်မည်ပင်ဖြစ်သည်။ ယင်းတို့မှာ တစ်ခုတည်းဖြစ်ပြီး တူညီကြသည် မဟုတ်လော။ သင့်အနေဖြင့် သခင်ယေရှုအား မြွေ၏လှည့်ဖြားမှုကို မခံရသည့် လူယောက်ျားကို အကြောင်းပြု၍ တိုင်းတာသည်ဆိုလျှင် သင့်အနေဖြင့် ယနေ့ကာလ လူ့ဇာတိကိုခံယူခြင်း၏ အမှန်တရားကိုမြွေ၏လှည့်ဖြားမှုကို ခံခဲ့ရသည့် လူမိန်းမကို အကြောင်းပြု၍ တိုင်းတာဆုံးဖြတ်ရမည်မဟုတ်။ ထိုသို့လုပ်ဆောင်လျှင် ထိုအရာသည် တရားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ထိုနည်းလမ်းဖြင့် တိုင်းတာခြင်းက သင်၌ ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း သက်သေပြသည်။ ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့်အညီ နှစ်ကြိမ်တိုင် သူလူ့ဇာတိခံယူခဲ့ခြင်းဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ လူယောက်ျားဖြစ်ခြင်းနှစ်ခုတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် လုံးဝခြားနားသည့် သဘာဝဗီဇနှစ်ခုရှိသည့် အမျိုးသားများဖြစ်ကြသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းဖြစ်သော်လည်း အမျိုးသားများအားလုံး၏ ဦးခေါင်းမဟုတ်သည်ကို သက်သေပြခြင်းမျိုး မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ သူသည် ယုဒလူမျိုးအားလုံးတို့၏ (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်) ရှင်ဘုရင်မဟုတ်လော။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခံသတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများအားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် ဖြစ်မည်မဟုတ်လော။ ယေရှုသည် ဖောက်ပြန်ဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင်ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်သနည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းနေလိမ့်မည် မဟုတ်လော။ ယေဟောဝါသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံ၏ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏အထဲသို့ ပေါင်းစပ်နိုင်ခဲ့ပါမည်လော။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် လိင်အမျိုးအစားကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့်တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံခဲ့ရသည့်သူဖြစ်သောကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ “မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်းနာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း၊ သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ” ဟု သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။ ယခင်က သင်သည် နားမလည်ဘဲ ရှိနေခဲ့သည်၊ ယခုတွင်မူ သင်သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို ပြစ်မှားနိုင်မည်လော၊ အထူးသဖြင့် ဘုရားသခင် ခံယူသော ဇာတိခန္ဓာကို ပြစ်မှားနိုင်မည်လော။ အကယ်၍ သင်သည် ဤအချက်ကို မရှင်းလင်းပါက၊ သင်၏လျှာကို ထိန်းချုပ်လျှင် သာ၍ကောင်းပေမည်၊ သို့မဟုတ်ပါက သင်၏မိုက်မဲမှုနှင့် မသိနားမလည်မှုသည် ထုတ်ဖော်ခြင်းခံရကာ သင်၏ ရုပ်ဆိုးအကျည်းတန်မှုသည်လည်း ဖော်ထုတ်ခြင်းခံရလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။ သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများအားလုံးတို့သည် သင့်အနေဖြင့် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ လုံလောက်မှုမရှိဟု ငါပြောသည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်စွာ လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် သေးနုပ်သော အသိပညာတို့သည် ယေရှုက သူ၏အမှုတွင် အသုံးပြုရန်အတွက်မူ တစ်စက္ကန့်စာခန့်မျှပင် လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တစ်ခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်းမပြုလျှင် အကောင်းဆုံးဖြစ်မည်။ သင့်အနေဖြင့် သင့်စိတ်ကြိုက် မာနထောင်လွှားနိုင်သည်၊ သို့သော် သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင်ရှိသည့် အရာထက်ပင် နည်းနေသေးသည်။ သင်၌ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့ ရှိသည်ဆိုရုံနှင့် သင်သည် လွန်လွန်ကဲကဲ လက်ဟန်ခြေဟန်ပြပြီး၊ ကြီးကျယ်သည့် စကားများကို ပြောဆိုခွင့်ရှိသည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါမြွက်ဆိုထားသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏လုပ်ဆောင်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာတို့ကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။ ယနေ့ ငါလူ့ဇာတိခံယူခဲ့ကြောင်းကို သင်တွေ့မြင်သည်၊ ထိုအရာတစ်ခုတည်းကြောင့်ပင် သင်၌ အယူအဆများစွာ ရှိနေသည်၊ ယင်းမှထွက်လာသည့် အယူအဆများမှာ အဆုံးမရှိပေ။ ငါ၏ လူ့ဇာတိခံယူခြင်းကြောင့်သာ မဟုတ်လျှင် သင့်အနေဖြင့် သာမန်ထက် လွန်ကဲသော အရည်အချင်းများ ရှိနေစေကာမူ၊ သင်၌ အယူအဆများစွာ ရှိနေမည်မဟုတ်ပေ၊ ထိုအရာများမှ သင်၏အယူအဆများ ထွက်ပေါ်လာသည် မဟုတ်လော။ အကယ်၍ ယေရှုသည် ထိုပထမအကြိမ်တွင် လူ့ဇာတိမခံယူခဲ့လျှင် သင့်အနေဖြင့် လူ့ဇာတိခံယူခြင်းကို သိပင်သိနိုင်မည်လော။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ဝေဖန်ရန်အတွက် ကြိုးစားနေသည့် ရိုင်းစိုင်းသောစိတ်များ သင်၌ရှိနေခြင်းမှာ ထိုပထမအကြိမ် လူ့ဇာတိခံယူခြင်းက သင့်ကို အသိပညာများ ပေးခဲ့သောကြောင့် မဟုတ်လော။ အဘယ်ကြောင့်နှင့် သင်သည် နာခံမှုရှိသော နောက်လိုက်ဖြစ်ရမည့်အစား၊ ထိုအရာများကို လေ့လာဖို့ရန်အတွက် ကြိုးစားနေရသနည်း။ သင့်အနေဖြင့် ဤရေစီးကြောင်းထဲသို့ ဝင်ရောက်လာပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့တော်သို့ လာသောအခါတွင်၊ သူ့ကိုသုတေသနပြုဖို့ရန် သူသည်သင့်ကို အခွင့်ပေးမည်လော။ သင့်အနေဖြင့် သင့်မိသားစု၏ရာဇဝင်ကို သုတေသနပြုနိုင်သည်၊ သို့သော်လည်း သင့်အနေဖြင့် ဘုရားသခင်၏ “မိသားစုရာဇဝင်” ကို သုတေသနပြုရန် ကြိုးစားမည်ဆိုလျှင်၊ ယနေ့ကာလ၏ ဘုရားသခင်သည် ထိုကဲ့သို့သော လေ့လာမှုကိုပြုရန် သင့်ကို ခွင့်ပြုမည်လော။ သင်သည် မျက်ကန်းနေသည် မဟုတ်လော။ သင်သည် မိမိကိုယ်မိမိ အထင်အမြင်သေးခံရအောင် လုပ်ဆောင်နေသည် မဟုတ်လော။

အကယ်၍ ယေရှု၏အမှုသည် ဤနောက်ဆုံးသောကာလ၏ အမှုအဆင့်က ဖြည့်စွက်မပေးဘဲ လုပ်ဆောင်ပြီးစီးခဲ့သည်ဆိုလျှင်၊ လူသားများသည် ယေရှုသာလျှင် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်တွင် သားတော်တစ်ပါးတည်းရှိသဖြင့်၊ ၎င်းနောက်မှ အခြားအမည်နာမတစ်ခုနှင့် ကြွလာသည့် မည်သူမဆိုသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် မဖြစ်နိုင်ဟူသည့် အယူအဆကို ထာဝရဖက်တွယ်ထားကြလိမ့်မည်။ လူသားများတွင် ရှိနေသည့် အယူအဆတစ်ခုမှာ အပြစ်ဖြေရာယဇ်အဖြစ် အစေခံသောသူ၊ သို့မဟုတ် ဘုရားသခင်၏ကိုယ်စား တန်ခိုးကို ရရှိထားသောသူနှင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ်သည် ဟူ၍ပင်ဖြစ်သည်။ ကြွလာသောသူသည် လူယောက်ျားဖြစ်နေသရွေ့ ထိုသူအား ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်နှင့် ဘုရားသခင်ကို ကိုယ်စားပြုသူအဖြစ် မှတ်ယူရမည်ဟု ယုံကြည်ကြသော လူအချို့ရှိသည်။ ယေရှုသည် ယေဟောဝါ၏ သားတော်ဖြစ်ပြီး တစ်ပါးတည်းသော သားတော်ဖြစ်သည်ဟူ၍ ပြောကြသော လူအချို့ပင်ရှိသည်။ ထိုသို့သောအယူအဆများမှာ လွန်ကဲလှသည် မဟုတ်ပေလော။ အကယ်၍သာ ဤလုပ်ဆောင်မှုအဆင့်သည် နောက်ဆုံးသောခေတ်တွင်မှ ဆောင်ရွက်၍ မပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်၍ လူသားမျိုးနွယ် တစ်ရပ်လုံးသည် အမှောင်ထုအရိပ်အောက်တွင် ဖုံးကွယ်ထားခြင်းခံနေရမည် ဖြစ်သည်။ ဤကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ယောက်ျားသည် မိန်းမထက် မြင့်မြတ်သည်ဟု မိမိကိုယ်မိမိ တွေးထင်လိမ့်မည်ဖြစ်ပြီး၊ မိန်းမတို့သည်လည်း မည်သည့်အခါမျှ ခေါင်းဖော်ဝံ့လိမ့်မည် မဟုတ်ချေ၊ ထိုသို့ဆိုလျှင် မိန်းမတစ်ယောက်တစ်လေမျှ ကယ်တင်ခြင်း ခံရလိမ့်မည်လည်း မဟုတ်ပေ။ ဘုရားသခင်သည် ယောက်ျားတစ်ဦးဖြစ်သည်၊ ထို့ပြင် ဘုရားသခင်သည် မိန်းမများကို အစဉ် မနှစ်သက်ဘဲ သူတို့အား ကယ်တင်ခြင်းကို ပေးသနားမည်မဟုတ်ဟု လူတို့က အမြဲယုံကြည်ကြသည်။ ဤသို့သာဆိုလျှင် ယေဟောဝါဖန်ဆင်းခဲ့ပြီး ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရသည့် လူမိန်းမများအနေဖြင့် ကယ်တင်ခံရမည့် အခွင့်အရေးကို ဘယ်သောအခါမျှ မရရှိနိုင်မည်မှာ မှန်နေလိမ့်မည်မဟုတ်လော။ ထို့နောက် ယေဟောဝါအနေဖြင့် လူမိန်းမကိုဖန်ဆင်းခဲ့ခြင်း၊ ဧဝကို ဖန်ဆင်းခဲ့ခြင်းသည် အဓိပ္ပာယ်မရှိ ဖြစ်သွားလိမ့်မည် မဟုတ်လော။ ပြီးလျှင် လူမိန်းမသည် ထာဝရကာလတိုင် ပျက်စီးသွားမည် မဟုတ်လော။ ထိုအကြောင်းကြောင့် နောက်ဆုံးသောကာလရှိ အမှု၏အဆင့်ကို လူမိန်းမကိုသာ မဟုတ်ဘဲ လူသားမျိုးနွယ် အားလုံးကို ကယ်တင်နိုင်ရန်အတွက် လုပ်ဆောင်ရမည်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူခဲ့မည်ဆိုပါလျှင် ယင်းမှာ လူမိန်းမကို ကယ်တင်ရန်အလို့ငှာသာ ဖြစ်လိမ့်မည်ဟု တစ်ဦးဦးက တွေးထင်ပါလျှင် ထိုသူမှာ ဧကန်စင်စစ် မိုက်မဲသောသူပင် ဖြစ်လိမ့်မည်။

ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုကို ကျေးဇူးတော်ခေတ်အမှု၏ အုတ်မြစ်ပေါ်တွင် အခြေခံလုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ အမှု၏ ဤအဆင့်နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် ကားတိုင်ပေါ်၌ အသေခံခြင်းသည် ယခုအဆင့်တွင် အဘယ်ကြောင့် ပြန်လည်၍ မဖြစ်လာသနည်း။ ငါသည် လူသား၏အပြစ်များကို သယ်ဆောင်ခြင်းမပြုဘဲ၊ ထိုအစား လူသားကို တိုက်ရိုက်တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် ငါကြွလာသည်မှာ အဘယ်ကြောင့်နည်း။ အကယ်၍ လူသားများကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်ဖြစ်သည့် ငါ၏အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်းအားဖြင့် မဟုတ်ဘဲ ငါ၏ယခုကြွလာခြင်းတို့သည် ကားတိုင်ပေါ်တွင် အသေခံခြင်းကို ခြေရာခံမလိုက်လျှင် ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်းဖြစ်သောကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ ငါသည် တိုက်ရိုက်ကြွလာခြင်းဖြစ်သည်။ ဤအဆင့်၏အမှုကို ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံးလျားလျားတည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤအမှုမျိုးကသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်နိုင်ခြင်းဖြစ်သည်။ ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်အပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများကိုလည်း မတူညီသော မျိုးရိုးများသို့ ခွဲခန့်ပေးသည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ လူသားတို့အပေါ် ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကိုလည်း လုပ်ဆောင်နိုင်ပြီးလျှင်၊ လူသားများအပေါ် ကျိန်ဆဲသောအမှုကိုလည်း ပြုနိုင်သည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့တန်ခိုးပင် မဟုတ်သလော။ သူသည် လူသားအတွက် ဥပဒေသများကို ပြဋ္ဌာန်းခြင်းနှင့် လူသားအတွက် ပညတ်တော်များ ထုတ်ပြန်ခြင်း နှစ်ခုစလုံးကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် သူသည် အစောပိုင်း ဣသရေလလူမျိုးများကို ကမ္ဘာကြီးပေါ်တွင် အသက်ရှင်နေထိုင်ရာ၌ ဦးဆောင်ပေးနိုင်ခဲ့ပြီး၊ သူ၏အုပ်စိုးမှုအောက်တွင် ဣသရေလလူမျိုးများကို ထိန်းသိမ်းထားပြီး ဗိမာန်တော်နှင့် ယဇ်ပလ္လင်များ တည်ဆောက်ဖို့ရန်အတွက် လမ်းပြပေးနိုင်ခဲ့သည်။ သူ၏အာဏာကြောင့် သူသည် ဣသရေလလူမျိုးများနှင့် ကမ္ဘာပေါ်တွင် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် နေထိုင်ခဲ့သည်။ ဣသရေလလူမျိုးများသည် သူ့ကို မပုန်ကန်ရဲခဲ့ပေ၊ ထိုသူအားလုံးတို့သည် ယေဟောဝါကို ကြောက်ရွံ့ပြီး သူ၏ပညတ်တော်များကို စောင့်ထိန်းခဲ့ကြသည်။ ထိုအရာမှာ သူ၏အာဏာနှင့် အနန္တတန်ခိုးကို အရင်းခံ၍ လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ ထို့နောက် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်တစ်ရပ်လုံးကို (ဣသရေလလူမျိုးများသာမဟုတ်) ရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေခဲ့ပြီး လူသားများကို အစဉ်အမြဲ ချစ်သောသူဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့်ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများ၏ အပြစ်များကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်းနှင့် ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ထွန်းလာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သူတို့၏ အပြစ်များအတွက် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသည် သနားခြင်း၊ ကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့် ပြည့်ဝခဲ့သည်။ ထို့ပြင် ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏နောက်သို့ လိုက်ခဲ့သောသူများသည်လည်း ထိုနည်းတူစွာ အရာရာ၌ သည်းခံနိုင်ပြီး ချစ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၌ စိတ်ရှည်ခြင်းရှိပြီး၊ ရိုက်နှက်ခြင်း၊ ကျိန်ဆဲခြင်း၊ သို့မဟုတ် ခဲနှင့်ပေါက်ခြင်း ခံရသည့်အခါတွင်ပင် သူတို့သည် ဘယ်သောအခါမျှ ပြန်လည်မတိုက်ခိုက်ခဲ့ပေ။ သို့သော် နောက်ဆုံးသောအဆင့်တွင် ဤကဲ့သို့ မဟုတ်နိုင်တော့ပေ။ ယေရှုနှင့် ယေဟောဝါသည် ဝိညာဉ်တော်တစ်ပါးတည်းနှင့် ဆိုင်သော်လည်း သူတို့နှစ်ဦး၏ အလုပ်သည် အလုံးစုံ မတူညီပေ။ ယေဟောဝါ၏အမှုမှာ ခေတ်ကာလကို အဆုံးမသတ်ပေးခဲ့ပေ၊ ထိုအစား ကမ္ဘာပေါ်တွင်ရှိသည့် လူသားမျိုးနွယ်၏ အသက်တာကို စတင်လမ်းဖွင့်ပေးလျက် ခေတ်ကာလကို လမ်းပြခဲ့သည်။ ယနေ့ကာလ၏ အမှုမှာမူ အကြီးအကျယ် ဖောက်ပြန်ပျက်စီးနေသည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတွင်ရှိနေသော သူများကို သိမ်းပိုက်ရန်အတွက်ဖြစ်ပြီး၊ တရုတ်ပြည်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများကိုသာမဟုတ်ဘဲ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်လမ်းပြဖို့ရန်အတွက်ပင်ဖြစ်သည်။ ဤအမှုကို တရုတ်တစ်နိုင်ငံထဲတွင်သာ လုပ်ဆောင်နေသည်ဟု သင့်အတွက် ထင်ကောင်းထင်ရပေမည်၊ သို့သော်လည်း အမှန်တကယ်တွင်မူ ထိုအမှုသည် တိုင်းတစ်ပါးသို့ စတင်ပျံ့နှံ့လျက် ရှိနေပြီးဖြစ်သည်။ တရုတ်နိုင်ငံပြင်ပမှ လူများသည် စစ်မှန်သော လမ်းခရီးကို အဘယ့်ကြောင့် အထပ်ထပ်အခါခါ ဖွေရှာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် အားထုတ်ဆောင်ရွက်နေပြီးသားဖြစ်ပြီး၊ ယနေ့ပြောသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးရှိ လူသားများအတွက် ရည်ညွှန်းထားသောကြောင့်ဖြစ်သည်။ ဤသို့အားဖြင့် အမှု၏တစ်ဝက်ကို လုပ်ဆောင်နေပြီဖြစ်သည်။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည့်အချိန်မှစပြီး လက်ရှိကာလအထိ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအမှုကြီးကို စတင်လှုပ်ရှားစေခဲ့ပြီ ဖြစ်သည်၊ ထို့ပြင် ခြားနားသော ခေတ်ကာလများအတွင်းနှင့် ကွဲပြားသော တိုင်းနိုင်ငံများအကြားတွင် ကွဲပြားခြားနားသော အမှုကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ခေတ်ကာလအသီးသီး၏ လူသားများသည် ဘုရားသခင်၏ ကွဲပြားခြားနားသော စိတ်သဘောထားတစ်ခုကို မြင်တွေ့ခဲ့ကြရပြီး၊ ယင်းကို သူလုပ်ဆောင်သော ကွဲပြားခြားနားသည့် အမှုမှတစ်ဆင့် အလိုအလျောက် ထုတ်ဖော်ထားခြင်းဖြစ်သည်။ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝနေသည့် ဘုရားသခင်ဖြစ်သည်။ သူသည် လူသားအတွက် အပြစ်ဖြေရာယဇ်ဖြစ်ပြီး လူသား၏ သိုးထိန်းလည်းဖြစ်သည်။ သို့သော်လည်း သူသည် လူသားများ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ သူသည် လူသားများ ကမ္ဘာကြီးပေါ်တွင် နှစ်ပေါင်းနှစ်ထောင် အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြပေးနိုင်ခဲ့ပြီး ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်ကိုလည်း အပြစ်မှ ရွေးနုတ်ပေးနိုင်ခဲ့သည်။ ယနေ့ သူသည် သူ့ကိုမသိသည့် လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ပြီး၊ အားလုံးက သူ့ကို အပြည့်အဝ ကျိုးနွံနာခံရန်အလို့ငှာ သူတို့ကို သူ၏ အုပ်စိုးခြင်းအောက်သို့ ပျပ်ဝပ်စေနိုင်သည်။ အဆုံးတွင် ဘုရားသခင်သည် လူတို့ကို သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာနှင့်ပြည့်သော ဘုရားသခင်သာ မဟုတ်သည်ကိုလည်းကောင်း၊ ဉာဏ်ပညာနှင့် အံသြဖွယ်ရာများပြည့်သော ဘုရားသခင်သာမဟုတ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသော ဘုရားသခင်သာ မဟုတ်သည်သာမက လူသားကို တရားစီရင်သော ဘုရားသခင်လည်းဖြစ်ကြောင်းကိုလည်းကောင်း ပြသရန်အတွက် စကြဝဠာတစ်ခုလုံးရှိ လူသားတို့အထဲတွင် ရှိနေသည့် မစင်ကြယ်သည့်အရာများနှင့် မဖြောင့်မတ်သည့်အရာအားလုံးတို့ကို မီးရှို့ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အကြားတွင်ရှိသည့် ဆိုးယုတ်သည့် သူများအတွက် သူသည် မီးရှို့ဖျက်ဆီးခြင်း၊ တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းပင်ဖြစ်ပြီး၊ စုံလင်စေခြင်း ခံရမည့်သူများအတွက်မူ သူသည် ဆင်းရဲဒုက္ခ၊ စစ်ဆေးပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ ဖြစ်သည်သာမက နှစ်သိမ့်ခြင်း၊ အစာအာဟာရ၊ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခြင်း၊ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းလည်းဖြစ်ပေသည်။ ထို့ပြင် သုတ်သင်ရှင်းလင်းခြင်းခံရသောသူများအတွက် သူသည် အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းဖြစ်သည်။ ငါ့ကိုပြောလော့၊ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည် မဟုတ်သလော။ သင်တွေးထင်သကဲ့သို့ ကားတိုင်ထက်တွင် အသေခံရုံသာ မဟုတ်ဘဲ သူသည် အမှုအားလုံးနှင့် မည်သည့်အမှုကိုမဆို တတ်စွမ်းနိုင်သည်။ သင်သည် ဘုရားသခင်ကို အထင်သေးလွန်းသည်တကား။ သူတတ်နိုင်သည့် အရာအားလုံးမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကားတိုင်ပေါ်တွင် သူ၏အသေခံခြင်းဖြင့် ရွေးနုတ်ခြင်းသာ ဖြစ်သည်ဟု သင်ယုံကြည်နေသလော။ ထိုသို့ပြီးလျှင် သင်သည် အသက်ပင်၏အသီးကိုစားပြီး အသက်ရေစီးရာမြစ်မှ ရေကိုသောက်သုံးရန် သူ့နောက်သို့ ကောင်းကင်ဘုံထိ လိုက်ဦးမည်လော။...ထိုမျှလောက် ရိုးရှင်းနိုင်သလော။ ငါ့ကို ပြောပြလော့၊ သင်သည် မည်သည့်အရာကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီနည်း။ ယေရှု၏အသက်တာ သင့်ထံတွင် ရှိနေပြီလော။ သင်သည် အမှန်ပင် သူ့အားဖြင့် ရွေးနုတ်ခြင်းခံခဲ့ရသည်၊ သို့သော် ကားတိုင်ပေါ်တွင် အသေခံခြင်းသည် ယေရှုကိုယ်တော်တိုင်၏ အမှုပင်ဖြစ်သည်။ သင်သည် လူသားတစ်ဦးအနေဖြင့် မည်သည့် တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးခဲ့ပြီနည်း။ သင်၌ အပြင်ပန်း ဘာသာတရား ကိုင်းရှိုင်းမှုသာရှိပြီး သူ၏လမ်းစဉ်ကို သင်နားမလည်ပေ။ ယင်းသည် သူ့ကို သင်ပေါ်လွင်စေသည့်နည်းပေလော။ အကယ်၍ သင်သည် ဘုရားသခင်၏အသက်ကို ရရှိမထားလျှင်၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား အလုံးစုံကို တွေ့မြင်မထားလျှင်၊ သင့်အနေဖြင့် အသက်ကိုပိုင်ဆိုင်သောသူတစ်ဦးဖြစ်သည်ဟု ပြောဆို၍ မရနိုင်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးဝကို ဖြတ်ကျော်သွားဖို့ရန် သင်ထိုက်တန်မည်မဟုတ်ပေ။

ဘုရားသခင်သည် ဝိညာဉ်တော်တစ်ပါးဖြစ်သည်သာမက သူသည် လူ့ဇာတိလည်း ခံယူနိုင်သည်။ ထို့အပြင် သူသည် ဘုန်းတော်၏ ခန္ဓာကိုယ်ပင်ဖြစ်သည်။ သင်တို့သည် ယေရှုကို မမြင်ဖူးကြသော်လည်း ဣသရေလလူမျိုးတို့သည်၊ ထိုခေတ်မှ ယုဒလူမျိုးတို့သည် သူ့ကို မျက်မြင်တွေ့ခဲ့ကြသည်။ အစအဦးတွင် သူသည် အသွေးအသား ခန္ဓာကိုယ် ရှိခဲ့သော်လည်း ကားတိုင်ထက်တွင် သူအသေခံပြီးသည့်နောက် သူသည် ဘုန်းတော်၏ ခန္ဓာကိုယ်ဖြစ်လာခဲ့သည်။ သူသည် အလုံးစုံကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ပြီး နေရာတိုင်းတွင် အမှုကို လုပ်ဆောင်နိုင်သည်။ သူသည် ယေဟောဝါ၊ သို့မဟုတ် ယေရှု၊ သို့မဟုတ် မေရှိယဖြစ်နိုင်ပြီး၊ နောက်ဆုံးတွင် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်လာနိုင်သည်။ သူသည် ဖြောင့်မတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်သည်၊ သူသည် ကျိန်ခြင်းနှင့် အမျက်ဒေါသလည်း ဖြစ်သည်၊ သို့သော်လည်း သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာလည်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် အမှုအားလုံးတို့သည် သူ့ကို ကိုယ်စားပြုရန် တတ်စွမ်းနိုင်သည်။ သူသည် မည်သို့သောဘုရားမျိုးဖြစ်သည်ဟု သင်ပြောသနည်း။ သင့်အနေဖြင့် မရှင်းပြနိုင်ပေ။ သင် အမှန်တကယ် မရှင်းပြနိုင်ပါက၊ ဘုရားသခင်နှင့် ပတ်သက်၍ ကောက်ချက်ချခြင်းများ မပြုသင့်ပေ။ ဘုရားသခင်သည် အဆင့်တစ်ခုတွင် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာဖြင့် ပြည့်ဝသော ဘုရားသခင် အစဉ်အမြဲဖြစ်သည်ဟု ကောက်ချက်မချနှင့်။ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာပြည့်ဝသည့် ဘုရားသခင်သာဖြစ်သည်ဟု သင်သည် သေချာပေါက် ပြောနိုင်သလော။ အကယ်၍ သူသည် သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာပြည့်ဝသည့် ဘုရားသခင်မျှသာ ဖြစ်သည်ဆိုလျှင်၊ နောက်ဆုံးသောကာလတွင် ခေတ်ကာလကို အဘယ်ကြောင့် သူအဆုံးသတ်လိမ့်မည်နည်း။ အဘယ်ကြောင့် ကပ်ဘေးအမြောက်အမြားကို ချပေးမည်နည်း။ လူတို့၏ အယူအဆများနှင့် အတွေးအခေါ်များအရ၊ လူသားမျိုးနွယ်ဝင် အယောက်စီတိုင်း ကယ်တင်ခြင်းခံရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် အဆုံးတိုင်အောင် သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာပြည့်ဝနေသင့်သည်။ သို့ရာတွင် နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် သူ့အား ရန်သူတစ်ယောက်အဖြစ် သဘောထားသည့် ဤဆိုးယုတ်သော လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ ငလျင်၊ ကပ်ရောဂါနှင့် အငတ်ဘေးတို့ကဲ့သို့သော ကြီးစွာသော ဘေးဒုက္ခများကို အဘယ့်ကြောင့် ကျရောက်စေသနည်း။ ထိုသို့သော ကပ်ဘေးများကို လူသားများအား အဘယ်ကြောင့် သူခံစားစေသနည်း။ သူသည် မည်သို့သောဘုရားမျိုးဖြစ်သည်နှင့်ပတ်သက်၍ သင်တို့အထဲတွင် မည်သူမျှ မပြောဝံ့၊ မည်သူမျှ မရှင်းပြနိုင်ကြပေ။ သူသည် ဝိညာဉ်တော်ဖြစ်သည်ဟု သင်သေချာပြောရဲသလော။ သူသည် ယေရှု၏ဇာတိခန္ဓာသာ ဖြစ်သည်ဟု သင်ပြောရဲသလော။ ထို့ပြင် သူသည် လူသားအတွက် ကားတိုင်ပေါ်တွင် ထာဝရ အသေခံပေးမည့် ဘုရားသခင်ဖြစ်သည်ဟု သင်ပြောရဲသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အမှာစကား ချန်ခဲ့မည်