စာရင်း

ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ကျမ်းစာကျမ်းပိုဒ် လက်ရွေးစင် (၁၃) ခု

ယုံကြည်မှုအကြောင်း သမ္မာကျမ်းချက်များ

ဤသို့ ကပ်ဘေးများ၊တိုက်ခိုက်မှုများ များပြားတဲ့ ဆိုးသွမ်းသည့်ခေတ်တွင် လူတို့သည် ဘဝအတွက်၊ပိုမိုများပြားသော အကျိုးကျေးဇူးများအတွက် ခါးတီးစွာ ပြေးလွှားနေရသည်၊ယင်းတို့ဖြစ်၍ ရှင်သန်နေရသည်မှာ ဖိနှိပ်ချုပ်ချယ်ခြင်း၊နာကျင်ခြင်း တွေကို ခံစားရပါသည်။သို့ဖြစ်ကာ များစွာသော ယုံကြည်သူတွေတောင်မှ ၎င်းထဲသို့ကျရောက်ပြီး သခင့်အပေါ်ယုံကြည်ခြင်းများ ပျောက်ကွယ်လာကာ ကျမ်းစာဖတ်ခြင်း၊ဆုတောင်းခြင်း၊မိတ်သဟာယဖွဲ့ခြင်းတို့တောင် အချိန်မရှိလာတော့ကာ စိတ်နှလုံးသည် ဘုရားသခင်နှင့်ဝေးတစ်ထက်ဝေးလာသည်၊.....ဤသို့သော ဘေးအန္တရာယ်များသည့် နောက်ဆုံးကာလတွင် ဘုရားသခင်အပေါ်သစ္စာရှိခြင်းကိုစောင့်ထိန်းနိုင်ပြီး စာတန်၏စုံစမ်းခြင်း၊သွေးဆောင်ဖြားယောင်းခြင်းကို တိုက်ခိုက်နိုင်မည့် ယုံကြည်ခြင်းနှင့် ခွန်အားများကို ဘုရားသခင်ထံမှ မည်သို့ရယူနိုင်မည်နည်း။ကျွန်ုပ်တို့ အထူးတလည်ရွေးချယ်ထားသည့် ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ကျမ်းစာကျမ်းပိုဒ် (၁၃) ခုသည် မိတ်ဆွေအား သခင့်အပေါ်ထားရှိသောယုံကြည်မှုကို ပိုမိုတိုးပွားစေကာ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှင်သန်စေနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။” (ရှင်မာကုခရစ်ဝင် ၉:၂၃)

“ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ ကျ လော့ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ (ရှင်မဿဲခရစ်ဝင် ၂၁:၂၁)

“သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။ (ရှင်မဿဲခရစ်ဝင် ၁၇:၂၀)

“ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊ ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။ မိန်းမကလည်းမှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊ အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။ (ရှင်မဿဲခရစ်ဝင် ၁၅:၂၅-၂၈)

“ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။ (ဟေဗြဲ​ဩဝါဒစာ ၁၁:၁)

“ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။” (ဟေဗြဲ​ဩဝါဒစာ ၁၁:၆)

“ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။” (ရှင်ယောဟန်​‌ဩဝါဒစာ​ပဌမစောင် ၅:၄)

“တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်း ပန်ကြလျှင်၊” (ရှင်လုကာခရစ်ဝင် ၁၇:၅)

“မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍၊” (ကောရိန္သု​ဩဝါသစာ​ဒုတိယစောင် ၅:၇)

“အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။” (ရှင်ယာကုပ် သြဝါဒစာ ၁:၂-၄)

“အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊” (ရှင်ပေတရု​ဩဝါဒစာ​ပဌမစောင် ၁:၆)

“သင်တို့သည် ဘုရားသခင်ကို ထောက်လျက်ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။” (ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၁:၂၁)

“သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။” (ရှင်ယာကုပ်​‌ဩဝါဒစာ ၁:၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။

မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသား၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာခဲ့သည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း ၎င်းတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ထိုသို့ပြုခဲ့ကြသည် မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အမှုအရာများစွာကို ရရှိခဲ့ကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ် အမြဲမဟုတ်ပေ။ ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို မခံစားခဲ့ရဘဲ ရှိချင်ရှိနိုင်သည်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအား ရေပေးကမ်းစေခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ယောဘသည် သူ၏ယုံကြည်ခြင်းကြောင့် ယေဟောဝါ၏ ကောင်းကြီးပေးခြင်းခံခဲ့ရသော်လည်း၊ သူသည် ကပ်ဆိုက်မှုကိုလည်း ခံစားခဲ့ရသည်။ သင့်အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် သင်တို့သည် ဤသိမ်းပိုက်ခြင်းအလုပ်ကို ရရှိနိုင်လိမ့်မည်မဟုတ်၊ ယနေ့ သင်တို့မျက်မှောက်၌ ပြသသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သာ၍ပင်မမြင်နိုင်ပေ။ သင်တို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်သလို ရရှိနိုင်စွမ်း သာ၍ပင် မရှိနိုင်ပေ။ ဤကပ်ဆိုက်မှုများ၊ ဤဘေးဒုက္ခများနှင့် တရားစီရင်ခြင်းအားလုံး— ဤအရာများ သင့်အပေါ်သို့ မကျရောက်ခဲ့လျှင် ယနေ့ ယေဟောဝါ၏ လုပ်ဆောင်မှုများကို သင် မြင်နိုင်လိမ့်မည်လော။ ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံနေရခြင်းက ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းကြောင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သိမည် မဟုတ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားဘိ၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။

“စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ အခိုက်အတန့်တစ်ခုကိုမျှ လုံးဝ လက်မလွှတ်ဘဲနှင့် ငါတို့အတွက် အချိန်တိုင်း သင်ယူဖို့ သင်ခန်းစာများဖြင့်၊ သူ၏ရှေ့မှောက်သို့ ဆိတ်ငြိမ်လျက် ရောက်ရှိကြရမည် ဖြစ်သည်။ ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌‌‌‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။

ငါတို့သည် ငါတို့အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်ကို ပိုင်ဆိုင်၏။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ သိသိသာသာ ယုံကြည်ခြင်း ကင်းမဲ့ကြပေသည်- ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်အမှန် ချိုမြိန်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများ နှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။

“အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သင့်အတွက် အကြံပြုထားသည့်အရာ-

အမှာစကား ချန်ခဲ့မည်