စာရင်း

ဒုက္ခဝေဒနာများထဲတွင် ဘုရားသခင်ကို မျှော်ကြည့်ရန် သင့်ကို ကူညီဖို့ ဆင်းရဲဒုက္ခများနှင့် ပတ်သက်သည့် ကျမ်းချက်များ

ဒုက္ခဝေဒနာများထဲတွင် ဘုရားသခင်ကို မျှော်ကြည့်ရန် သင့်ကို ကူညီဖို့ ဆင်းရဲဒုက္ခများနှင့် ပတ်သက်သည့် ကျမ်းချက်မျာ

ကျွန်ုပ်တို့ အသက်တာများတွင်၊ မကြာခဏ ဒုက္ခဝေဒနာနှင့် အခက်အခဲများကို ကြုံကြရသည်။ ထို့ကြောင့် ဤအရာများက ကျွန်ုပ်တို့ ခရစ်ယာန်များအပေါ် ကျရောက်ရန် အဘယ်ကြောင့် ဘုရားသခင်က ခွင့်ပြုပါသနည်း။ ဒုက္ခဝေဒနာကို ကျွန်ုပ်တို့ မည်သို့ တွေ့ကြုံသင့်ပါသနည်း။ အောက်ပါ ဆင်းရဲဒုက္ခနှင့် ပတ်သက်သည့် ကျမ်းချက်များနှင့် ဆက်စပ်အကြောင်းအရာတို့က အခက်အခဲထဲတွင် သင်၏ ယုံကြည်ခြင်းကို ခွန်အားပေးလိမ့်မည်ဖြစ်ပြီး ခက်ခဲသော အချိန်များကို ဖြတ်သန်းဖို့ရန် ဘုရားသခင်အပေါ် မှီခိုဖို့ သင်ယူရန် သင့်ကို ကူညီပါလိမ့်မည်။

ရောမ​ဩဝါဒစာ ၈:၂၈

ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။

ဆာလံကျမ်း ၄၆:၁

ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။"

ဆာလံကျမ်း ၃၄:၁၇

ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃

သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။

ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၅:၁၀

ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။

ကောရိန္သု ဩဝါသစာ ဒုတိယစောင် ၄:၁၆၊ ၁၈

ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏။...ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

ကောရိန္သု ဩဝါသစာ ဒုတိယစောင်း ၁:၄-၅

ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။

ရှင်မဿဲခရစ်ဝင် ၅:၁၀-၁၁

ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။"

ဆာလံကျမ်း ၃၄:၆-၇

ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ် လွှတ်တတ်ကြ၏။

ဆာလံကျမ်း ၃၇:၃၉-၄၀

ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့ လက်မှ နှုတ်ယူကယ်တင်တော်မူမည်။

နာဟုံ အနာဂတ္တိကျမ်း ၁:၇

ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ ကို သိမှတ်တော်မူ၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

"ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

“စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။

“စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ အလိုတော်မှာ အလွန်မြင့်မားပြီး လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။

“နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။

“စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

သင်နှစ်သက်နိုင်သည့် အရာများ-

အမှာစကား ချန်ခဲ့မည်