စာရင်း

သခင်နှင့် ကျွန်ုပ် ပြန်လည်ပေါင်းစည်းသည်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။...ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒီအနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျမ်းပိုဒ်က အရင်က ကျွန်မရဲ့ ယုံကြည်ခြင်းကို ပြန်တွေးမိစေတယ်။ ဘာသာရေးအယူအဆတွေနဲ့ သမ္မာကျမ်းစာ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖက်တွယ်ခဲ့တော့၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းအပေါ် တံခါး ပိတ်ထားလုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မအနေနဲ့ သူ့ရဲ့ အသံတော်ကို ကြားပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ကံကောင်းနိုင်လောက်အောင် ဘုရားသခင်က အံ့ဖွယ်နည်းလမ်းတွေ သုံးခဲ့တယ်။

ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းက တစ်မနက်မှာ၊ ကျွန်မ အစောကြီး နိုးလာခဲ့ပြီ ကျွန်မရဲ့ ခေါင်းအုံးနားက ကျမ်းစာကို ဖွင့်လိုက်တယ်။ ဖာရိရှဲတွေကို သခင်ယေရှု ပြစ်တင်ကြိမ်းမောင်းနေတာကို ဖတ်ခဲ့ရတယ်။ “ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓါးပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၂၁:၁၂-၁၃) အဲဒီတုန်းက ကျွန်မ နည်းနည်း ဝမ်းနည်းမိတယ်။ လက်ရှိ အသင်းတော်ရဲ့ အခြေအနေက ပညတ်တော်ခေတ် အဆုံးက ဗိမာန်တော်ရဲ့ အခြေအနေနဲ့ ဘာမှမကွာသလို ခံစားခဲ့ရတယ်။ အသင်းတော်ထဲက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ယုံကြည်သူတွေ အချင်းချင်းချစ်ရမယ်လို့ အမြဲပြောကြပေမဲ့ သူတို့ကိုယ်တိုင်က မနာလိုဝန်တိုတဲ့ အငြင်းအခုံတွေထဲ အမြဲပါပြီး အလှူငွေတွေနဲ့ပတ်သက်လို့ အငြင်းပွားနေခဲ့ကြတယ်လေ။ ယုံကြည်သူတွေကို သူတို့အတွက် ဆုတောင်းပေးဖို့ လာဘ်ထိုးခွင့်တောင်ပေးခဲ့ကြသလို၊ တစ်ခါတလေ ရသလောက်အပေါ် အခြေခံပြီး ဘယ်လောက် ဆုတောင်းပေးရမယ်ဆိုတာကို ဆုံးဖြတ်ကြတယ်။ အသင်းသား အများစုက အပျက်သဘောဆောင်ခဲ့ကြပြီး တစ်နေ့ပြီးတစ်နေ့ စုဝေးပွဲမှာ ပေါ်လာတဲ့လူတွေ ပိုနည်းလာခဲ့တယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သူတို့ရဲ့ တရားဒေသနာတွေထဲမှာ စိတ်မနှစ်ထားခဲ့ကြသလို၊ သခင့်ရဲ့ သိုးစုကို ထိန်းကျောင်းရမယ့်နည်းလမ်းကို သူတို့ မရှာဖွေခဲ့ကြဘူး၊ ဒါပေမဲ့ ယုံကြည်သူတွေရဲ့ မင်္ဂလာပွဲတွေကို ဦးစီးရတာကို သူတို့ လုံးဝ မငြီးငွေ့ခဲ့ကြဘူး။ ကျွန်မရဲ့ အရင်အသင်းတော်က သင်းအုပ်ဆရာလည်း အဲဒီအတိုင်းပါပဲ။ ဘုရားကျောင်းဆိုတာ ဝတ်ပြုကိုးကွယ်တဲ့နေရာ ဖြစ်သင့်ပေမဲ့၊ မင်္ဂလာဆောင်တဲ့နေရာတစ်ခု ဖြစ်လာခဲ့တယ်လေ။ “သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင့်ရဲ့ လမ်းကနေ သွေဖည်ကြပြီ။ အသင်းတော်က လောကီဆန်တဲ့ ခံစားချက် လုံးဝ ရှိနေပြီ” လို့ မစဉ်စားဘဲ မနေနိုင်ခဲ့ဘူး။ အဲဒါက ဗိမာန်တော် ခြောက်ကပ်ခဲ့ပြီး သူခိုးတွေရဲ့ အသိုက်အမြုံဖြစ်လာခဲ့တဲ့ ပညတ်တော်ခေတ် အဆုံးကလိုအတိုင်းပါပဲ။ သခင်က သူပြန်ကြွလာတဲ့အခါ ဒီအသင်းတော်မျိုးမှာ ပေါ်ထွန်းပါ့မလား။

ဒါကို တွေးနေတုန်းမှာပဲ ကျွန်မရဲ့ ဖုန်းအချက်ပေးသံ ရုတ်တရက်မြည်ခဲ့ပြီး၊ ကျွန်မ ပိတ်လိုက်တဲ့အချိန်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဆီက ကြည့်ဖို့ အကြံပြုတဲ့ ယူကျုဗီဒီယိုတစ်ခုကို ကျွန်မ သတိထားလိုက်မိတယ်။ ကျွန်မ တကယ်ကို ဇဝေဇဝါဖြစ်သွားတယ်။ အဲဒီအသင်းတော်ရဲ့ ချန်နယ်လ်ကို ကျွန်မ လုံးဝ စာရင်းမသွင်းဖူးဘူးလေ၊ ဒီတော့ အဲဒီသတိပေးချက်ကို ကျွန်မ ဘယ်လိုရတာလဲ။ အဲဒီနောက် အရင်တစ်လတုန်းက အဲဒီကို တရားနာဖို့ ကျွန်မကို မိတ်ဆွေတစ်ယောက်က ခေါ်သွားခဲ့တာ သတိရသွားတယ်၊ ပြီးတော့ ကျွန်မ ကြားခဲ့ရတဲ့အရာက တကယ်ကို သစ်လွင်ပြီး ဉာဏ်အလင်းပေးခဲ့တယ်။ အဲဒီကနေ ကျွန်မ တကယ်ကို တစ်ခုခု ရခဲ့တယ်။ အဲဒါကို ဆက်‌လေ့လာချင်ခဲ့ပေမဲ့၊ သူတို့က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးပြီ၊ နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းနဲ့ သမ္မာတရားများစွာကို ဖော်ပြတဲ့ အမှုတော်ကို သူ လုပ်ဆောင်နေခဲ့ပြီး၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်က အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေနဲ့ ပြည့်နေတယ်လို့ သက်သေခံခဲ့ကြတယ်။ စုဝေးပွဲတွေမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လူအားလုံးက ဖတ်ပြီး မိတ်သဟာယပြုကြတယ်လို့ ပြောတယ်။ အဲဒါကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော် အားလုံးက ကျမ်းစာထဲမှာရှိပြီး၊ ကျမ်းစာရဲ့အပြင်မှာ သူ့ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော် မရှိဘူးလို့ ကျွန်မတို့ကို အမြဲတမ်း ပြောခဲ့ကြတာလေ။ သူတို့က ဘယ်လိုဖြစ်ပြီး နှုတ်ကပတ်တော်သစ်တွေကို သခင် မိန့်မြွက်ခဲ့ပြီးပြီလို့ ပြောနိုင်ရတာလဲ။ ဘာပဲဖြစ်ဖြစ်၊ ယုံကြည်သူ မျိုးဆက်တွေက သူတို့ရဲ့ ယုံကြည်ခြင်းကို ကျမ်းစာပေါ် အခြေပြုထားကြတယ်၊ ဒါကြောင့် သခင့်ကို ယုံကြည်တာက ကျမ်းစာကို ယုံကြည်တာပဲ။ တခြားတစ်ခုခုက ဘယ်လိုလုပ်ပြီး သခင့်ကို ယုံကြည်ခြင်း ဖြစ်နိုင်မှာလဲ။ အဲဒီအသင်းတော်မှာ နောက်ထပ် တရားဒေသနာတွေ နားထောင်ဖို့ ကျွန်မမိတ်ဆွေက ပြောတဲ့အခါတိုင်း ကျွန်မ ငြင်းခဲ့တယ်။ ဒါကြောင့်၊ ကျွန်မ ဖုန်းပေါ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ လင့်ခ်ကို မြင်တဲ့အခါမှာ ကျွန်မ မဖွင့်ခဲ့ဘူး။

ဒါပေမဲ့၊ အံ့ဩစရာကောင်းတာက၊ အဲဒီနောက်မှာ ရက်အတော်များများ အဲဒီအသင်းတော် ချန်နယ်လ်ပေါ်က ရုပ်ရှင်တွေနဲ့ဓမ္မသီချင်းတွေအတွက် ယူကျုရဲ့ အကြံပြုချက်တွေကို ကျွန်မ ဆက်ရနေခဲ့တယ်။ ကျွန်မ တွေးမိတာက၊ “ဒီချန်နယ်လ်ကို ငါ စာရင်းမသွင်းပေမဲ့ ဒီသတိပေးချက်တွေကို ဆက်ရနေတယ်။ သခင်က ငါ့ကို လမ်းပြနေတာများ ဖြစ်နိုင်မလား။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ချန်နယ်လ်ကို ကြည့်တာက သခင့်ရဲ့ အလိုတော်များလား” လို့ပေါ့။ ဒါကို တွေးနေတုန်းမှာ ကျွန်မ သခင့်ဆီ ဆုတောင်းခဲ့တယ်- “အို သခင်။ ဒီဗီဒီယိုတွေက ကျွန်မ ဖုန်းပေါ် ဘာလို့ ဆက်ပေါ်နေတာပါလဲ။ သူတို့တွေက ကိုယ်တော် ပြန်ကြွလာနှင့်ပြီးပြီလို့ သက်သေခံကြတယ်။ တကယ်မှန်ပါသလား ကိုယ်တော် ဒီဗီဒီယိုတွေကို ကျွန်မ ကြည့်သင့်ပါသလား။ သခင် ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” ပေါ့။ ကျွန်မ ဆုတောင်းပြီးတဲ့နောက်၊ သခင်ယေရှုဆီက စကားတွေ ကျွန်မ စိတ်ထဲ ရောက်လာခဲ့တယ်- “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၃) သခင့်ရဲ့ ကြွလာခြင်းက ကြီးမားတဲ့ ကိစ္စပဲ၊ ဒါကြောင့်၊ အဲဒီအကြောင်းကို ကျွန်မ ကြားရတဲ့အခါမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က အမှန်ကို ပြန်ကြွလာတဲ့ သခင်ယေရှု ဟုတ်မဟုတ်ဆိုတာ သိရဖို့ နှိမ့်ချခြင်းနဲ့ ရှာဖွေသင့်တယ်၊ လေ့လာဆန်းစစ်ပြီး ဂရုတစိုက် တွေးသင့်တယ်လို့ ကျွန်မ တွေးမိခဲ့တယ်။ အဲဒါကို ကျွန်မ မရှာဖွေ၊ မလေ့လာမဆန်းစစ်ဘဲနဲ့ သခင် တကယ် ပြန်ကြွလာခဲ့ပြီးပြီဆိုရင်၊ သူ့ရဲ့ ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်မရဲ့ အခွင့်အရေးကို ကျွန်မ ဆုံးရှုံးနေမိမှာမဟုတ်လား။ ဒီအတွေးနဲ့၊ အသင်းတော်ရဲ့ ဗီဒီယိုတချို့ကို ကျွန်မ ကြည့်သင့်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ဝဘ်ဆိုက်ကို ကျွန်မ စစ်ကြည့်တဲ့အခါ၊ ရုပ်ရှင်တွေ၊ ဓမ္မသီချင်း ဗီဒီယိုတွေ၊ အထူးသံစုံတေးတွေအပြင်၊ အတွေ့အကြုံတွေ၊ သက်သေခံချက်တွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေအပါအဝင် တော်တော်စုံတဲ့ အကြောင်းအရာတွေရှိတာကို ကျွန်မ မြင်ခဲ့ရတယ်။ “ချစ်သခင် ကျွန်ုပ်ကို စောင့်ပါ” ဆိုတဲ့ ဓမ္မသီချင်း ဗီဒီယိုတွေထဲက တစ်ခုက၊ ကျွန်မကို အရမ်းတို့ထိတဲ့ သီချင်းစာသားတွေ ပါတယ်။ အဲဒါတွေက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ရှိတဲ့ အသင်းတော်ကို နေရာတိုင်းမှာ ရှာရင်းနဲ့ ခြောက်ကပ်တဲ့ အသင်းတော်ထဲမှာ ကျွန်မ ရှိခဲ့တဲ့ အချိန်အားလုံးကို တွေးမိစေခဲ့တယ်။ ဝဘ်ဆိုက်ကို လေ့လာလေလေ၊ အဲဒီကနေ အာဟာရ ပိုရလေလေဖြစ်ခဲ့တယ်။ အသင်းတော်ကို ကျွန်မ နားလည်ပြီး လေ့လာစစ်ဆေးချင်ခဲ့တယ်၊ ဒါနဲ့ သူတို့ ဝဘ်ဆိုက်ပေါ်က နောက်ထပ် ရုပ်ရှင်တွေကို ကျွန်မ ရှာခဲ့တယ်။

တစ်နေ့မှာ အများအားဖြင့် ဘုရားသခင်နဲ့ ကျမ်းစာကြားက ဆက်နွှယ်မှုနဲ့ ပတ်သက်တဲ့ ဧဝံဂေလိရုပ်ရှင်တစ်ခုကို ကျွန်မ ကြည့်ခဲ့တယ်။ အဲဒီရုပ်ရှင်မှာ ကျွန်မ လုံးဝ မေလို့မရမယ့်ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခု ပါတယ်- “သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။...လူအများစုက သူတို့ မည်သည့် အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်သင့်သည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း နားမလည်ကြဘဲ၊ သမ္မာကျမ်းစာ၏ အခန်းကြီးများကို အဓိပ္ပာယ်ဖွင့်ပေးရန် သဲလွန်စများကို မမြင်မကန်း ရှာသည်မှ လွဲပြီး မည်သည့်အရာမျှ မလုပ်ကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ ဦးတည်ရာလမ်းကြောင်းကို မည်သည့်အခါကမျှ မလိုက်ခဲ့ကြပေ၊ ကာလတစ်လျှောက်လုံး၌ ထိုသူတို့သည် သမ္မာကျမ်းစာကို အသည်းအသန် လေ့လာစူးစမ်းမှု မှလွဲပြီး မည်သည့်အရာမျှ မပြုခဲ့ပေ၊ ထို့အပြင်၊ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ သာ၍သစ်သော လုပ်ဆောင်ချက်ကို မည်သူမျှ မည်သည့်အခါကမျှ ရှာမတွေ့ခဲ့ပေ၊ မည်သူမျှ သမ္မာကျမ်းစာမှ မသွေဖည်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာမှ သွေဖည်ဝံ့ခြင်းလည်း မရှိခဲ့ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒီအပိုင်းကို ကျွန်မ ကြည့်ပြီးတဲ့နောက်မှာ၊ “အဲဒါက အတိအကျကို ကျမ်းစာအပေါ် ငါရဲ့ သဘောထားပဲ။ ကျမ်းစာက သခင့်ကို ကိုယ်စားပြုတယ်၊ သူ့ကို ယုံကြည်တာဟာ ကျမ်းစာကို ယုံကြည်တာဖြစ်ပြီး၊ ဒီနှစ်ခုကို ခွဲခြားလို့မရဘူး ဒါပေမဲ့ ကျွန်မ နားမလည်တာက ဒီလိုပါ- ကျမ်းစာက သခင့်ရဲ့ သက်သေခံချက်ဖြစ်ပြီး ကျွန်မတို့ ယုံကြည်ခြင်း အခြေခံအုတ်မြစ်ဖြစ်တယ်။ ခရစ်ယာန်တွေအနေနဲ့၊ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကို ကျမ်းစာအပေါ် အနှစ်နှစ်ထောင်ကြာ အခြေခံခဲ့တယ်၊ ဒါကြောင့် ဒါက သခင့်ရဲ့ အလိုတော်နဲ့ မကိုက်ညီဘူးဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား ဘယ်လိုဖြစ်တာပါလိမ့်။” ဆိုပြီး တွေးမိတယ်။

မေးခွန်းတွေရဲ့ အဖြေကို ရဖို့ စိတ်ထက်သန်စွာနဲ့ ရုပ်ရှင်ကို ကျွန်မ ဆက်ကြည့်နေမိတယ်။ ဧဝံဂေလိ ဝေမျှတဲ့ သရုပ်ဆောင်က နောက်ထပ် ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ဖတ်ပြတယ်- “၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အနန္တတန်ခိုးရှင် ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ သူတို့ မိတ်သဟာယ ဆက်လုပ်တယ်။ ယုံကြည်ခြင်းရှိတဲ့လူတွေက သခင့်ကို ယုံကြည်တာဟာ ကျမ်းစာကို ယုံကြည်တာဖြစ်တယ်၊ ဒါမှမဟုတ်ရင် သခင့်ကို ယုံကြည်တာမဟုတ်ဘူးလို့ ထင်ကြပေမဲ့ ဒီအမြင်က မှားတယ်လို့ သူတို့ ပြောကြတယ်။ “သခင်ယေရှုက တရားဟောပြီး အမှုပြုနေတဲ့အချိန်တုန်းက၊ သူ့ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို လက်ခံဖို့ သူ့နောက်လိုက်တွေက ကျမ်းစာကို စွန့်ခွာခဲ့ကြရတယ်၊ ဒါကြောင့် အဲဒါဆိုရင် သူတို့က သခင့်ကို အမှန်တကယ် ယုံကြည်သူတွေ မဟုတ်ခဲ့ဘူးလို့ ပြောလို့ရမလား။ ဂျူးဘာသာဝင် ဖာရိရှဲတွေအားလုံးက ကျမ်းစာကို ဖက်တွယ်ကြတယ်၊ ဒါပေမဲ့ သမ္မာတရားကို ဖော်ပြခဲ့ပြီး ရွေးနှုတ်ခြင် အမှုကို လုပ်ဆောင်ခဲ့တဲ့ သခင်ယေရှုကို သူတို့ ကားစင်တင် သတ်ခဲ့ကြတယ်။ အဲဒီမှာ ပြဿနာက ဘာလဲ။ ကျမ်းစာကို ဖက်တွယ်တာဟာ လူတစ်ယောက်က သခင့်ကို သိတယ်လို့ ဆိုလိုတာလား။ အဲဒါက သခင့် လမ်းကို သူတို့ လိုက်နာတယ်၊ သူ့ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံတယ်လို့ ဆိုလိုသလား။ ဘုရားသခင်ဟာ ဖန်ဆင်းခြင်းရဲ့ အရှင်၊ အရာခပ်သိမ်းအတွက် အသက် အရင်းအမြစ်ဖြစ်တယ်၊ ဒါပေမဲ့ ကျမ်းစာက ဘုရားရဲ့ အတိတ်က အမှုတော်နဲ့ နှုတ်ကပတ်တော်တွေရဲ့ မှတ်တမ်းတစ်ခုပဲဖြစ်တယ်။ အဲဒါက ဘယ်လိုဖြစ်ပြီး ဘုရားသခင်နဲ့ အစားထိုးနိုင်မှာလဲ။ သခင့်ကို ယုံကြည်သူတွေက ကျမ်းစာကို မျက်စိစုံမှိတ် ယုံကြည်ပြီး ကိုးကွယ်ကြသလို ဘုရားနဲ့ တန်းတူလို သဘောထားကြတယ်။ သခင်နဲ့ သူ့ရဲ့ အမှုတော်ကို ကျမ်းစာနဲ့တောင် အစားထိုးကြတယ်။ အဲဒါက သခင့်ကို တန်ဖိုးလျှော့ချပြီး ပြစ်မှားစော်ကားနေတာ မဟုတ်ဘူးလား။ သခင့်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော် မပါဘဲ ကျမ်းစာကို ဖက်တွယ်သူတစ်ယောက်က တကယ်ပဲ ယုံကြည်သူ၊ သခင့်နောက်လိုက်သူ တစ်ယောက်ဖြစ်မလား ဖာရိရှဲတွေကို သခင်ယေရှုပြောတာက ဒီလိုပါ- ‘ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) တဲ့။ သူက၊ ‘ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) လို့လည်း ပြောခဲ့တယ်။ သခင်ယေရှုက ဘုရားသခင်နဲ့ ကျမ်းစာကြား ဆက်နွှယ်မှုနဲ့ ပတ်သက်ပြီး အရမ်းရှင်းလင်းပြတ်သားခဲ့တယ်။ ကျမ်းစာက ဘုရားသခင်ကို သက်သေခံရုံလောက်ပဲ- သခင့်ကို ကိုယ်စားမပြုသလို၊ သူ့ရဲ့ ကယ်တင်ခြင်းအမှုတော်ကိုလည်း အစားမထိုးနိုင်ဘူး။ ကျမ်းစာတစ်ခုတည်းကိုပဲ ကိုင်စွဲတာက ထာဝရအသက် မယူဆောင်ပေးနိုင်ပါဘူး။ ခရစ်တော်ကပဲ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ဖြစ်တယ်။ အသက်ကိုရဖို့၊ သခင့်ကို ကျွန်မတို့ ရှာဖွေရမယ်” လို့လည်း သူတို့ပြောတယ်။

ရုပ်ရှင်ပြီးသွားတော့ ကျွန်မ အရမ်းတို့ထိခံခဲ့ရတယ်။ ပြောသွားတဲ့ အရာအားလုံးက မှန်ကန်ပြီး သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကိုက်ညီတယ်လို့ ခံစားရတယ်။ ကျမ်းစာက သခင့်ကို တကယ်ကို ကိုယ်စားမပြုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကိုယ်တော်က ကျွန်မတို့ကို အသက်ထောက်ပံ့ပေးတဲ့ သူပါ၊ ကျမ်းစာမဟုတ်ပါဘူး။ ကျမ်းစာကို ယုံကြည်တာက သခင့်ကို ယုံကြည်ပြီး သခင့်နောက်လိုက်တာနဲ့ မတူပါဘူး။ ဒါပေမဲ့ ကျမ်းစာက ကိုယ်တော့်ကို ကိုယ်စားပြုတယ်လို့ ကျွန်မ အမြဲ ယုံကြည်ခဲ့တယ်။ ကျွန်မက ကျမ်းစာကို သခင်ထက် ပိုမြင့်မားတဲ့အရာအဖြစ် မှတ်ယူနေခဲ့တာ မဟုတ်လား။ ဒါကို ကျွန်မ ပိုတွေးလေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ သမ္မာတရားရှိတယ်၊ ဒါတွေက ကျွန်မ မရှင်းမလင်းဖြစ်နေတာကို ဖြေရှင်းပေးနိုင်တယ်လို့ ကျွန်မ ခံစားရလေပဲ။ သခင့်ကို ကြိုဆိုဖို့ ကျွန်မရဲ့ အခွင့်အရေးကို လွတ်မသွားရအောင် လေးလေးနက်နက် ရှာဖွေပြီး လေ့လာဆန်းစစ်ရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ အဲဒီနောက် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကျွန်မ မိတ်ဆွေနဲ့ ပြန်သွားဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ဘုရားကျောင်းကို ရောက်တော့ ညီအစ်ကို မောင်နှမတွေအားလုံးက နွေးနွေးထွေးထွေး လက်ခံခဲ့ကြပြီး၊ တကယ်ကို စိတ်ရှည်ရှည်နဲ့ ကျွန်မတို့ကို မိတ်သဟာယပြုပေးခဲ့ကြတယ်။ ကျွန်မက၊ “ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ အားလုံးက ကျမ်းစာထဲမှာရှိတယ်၊ ဒါကြောင့် ကျမ်းစာပြင်က ဘယ်အရာမဆိုမှာ ကိုယ်တော်ရဲ့ အမှုတော် ဒါမှမဟုတ် နှုတ်ကပတ်တော်တွေ မပါနိုင်ဘူးလို့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ကျွန်မတို့ကို စုဝေးပွဲတွေမှာ အမြဲပြောကြတယ်။ ဒါပေမဲ့ ရှင်တို့က သခင်ယေရှုဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီးပြီဖြစ်သလို၊ နောက်ဆုံးသောကာလမှာ အမှုတော်သစ် ပြုလုပ်နေပြီး နှုတ်ကပတ်တော်သစ်တွေ ဖော်ပြနေတယ်လို့ သက်သေခံကြတယ်။ ဘယ်လိုဖြစ်တာလဲ။” လို့ပြောပြီး ကျွန်မ မရှင်းမလင်းဖြစ်နေတာကို ပြောပြခဲ့တယ်။

ပြန်ဖြေတဲ့အနေနဲ့ အစ်မ ကျောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျမ်းပိုဒ်နည်းနည်း ဖတ်ပြခဲ့တယ်- “လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်ခြင်းနှင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းသည် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း အမှန်တွင်၊ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။” “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။” “ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။...ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။” “သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။...ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။...မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ အစ်မ ကျောက်က သူ့ရဲ့ မိတ်သဟာယကို ဆက်တယ်။ သူက၊ “ကျမ်းစာနဲ့ အကျွမ်းဝင်သူတိုင်းက ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကျမ်းတွေဟာ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်တွေထဲက ဘုရားအမှုတော် အဆင့်နှစ်ဆင့်ရဲ့ မှတ်တမ်းတစ်ခုပဲဖြစ်တယ်ဆိုတာ သိကြပါတယ်။ အဲဒါတွေက ဘုရားအမှုတော်ကို သက်သေခံချက်တစ်ခု ဖြစ်တယ်။ ဘုရားသခင်က အမှုတော် အဆင့်တစ်ခုကို ပြီးမြောက်တဲ့အခါတိုင်းမှာ၊ ဒီအမှုတော်ကို တွေ့ကြုံရတဲ့ လူတွေက သူ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို မှတ်တမ်းတင်ခဲ့ပြီး၊ အဲဒီနောက် ဒီမှတ်တမ်းတွေကို နောက်ပိုင်းမှာ ကျမ်းစာထဲ ပြုစုခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီခေတ်နှစ်ခုလုံးထဲက ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာ အပြည့်အဝ မှတ်တမ်းမတင်ထားခဲ့ပါဘူး။ ကျမ်းစာထဲက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက အမြည်းသဘောလောက်ပဲရှိသေးတယ်။ ရှင်ယောဟန် ခရစ်ဝင်ထဲမှာ ပြောထားသလိုပါပဲ- ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။(ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) ကျမ်းစာထဲမှာ အပြည့်အဝ မှတ်တမ်းမတင်ခဲ့တဲ့ ပညတ်တော်ခေတ်ထဲက ပရောဖက်တချို့ရဲ့ ပရောဖက်ပြုချက်တွေ ရှိခဲ့တယ်။ ဒါကို လူတိုင်းသိတယ်။ ဒီတော့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားနှုတ်ကပတ်တော်တွေအားလုံး ကျမ်းစာထဲမှာရှိပြီး၊ ကိုယ်တော်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော် တစ်ခုမှ ကျမ်းစာပြင်ပမှာမရှိဘူးလို့ ပြောတဲ့အခါ၊ သူတို့က အမှန်တရားနဲ့ ဆန့်ကျင်နေတာမဟုတ်ဘူးလား သူတို့က လိမ်ညာပြီး လှည့်စားနေကြတာ မဟုတ်လား။ ဘုရားသခင်က ဖန်ဆင်းခြင်းရဲ့ အရှင်ဖြစ်တယ်။ သူက အရမ်းကြီးမြတ်ပြီး ကြွယ်ဝတယ်၊ ဘယ်လိုဖြစ်ပြီး ကျမ်းစာဖြစ်တဲ့ စာအုပ်တစ်အုပ်က သူ့ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ခြုံငုံနိုင်မှာလဲ။” အဲဒီနောက် သူက ဗျာဒိတ်ကျမ်းကို ဖတ်ပြတယ်- “ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။(ဗျာဒိတ်ကျမ်း ၅:၁)ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။(ဗျာဒိတ်ကျမ်း ၅:၅) သူက၊ “ဒီစာအုပ်ရဲ့ အတွင်းနဲ့ အပြင်မှာ ရေးသားချက်တွေရှိတယ်၊ တံဆိပ်ခုနှစ်ခုနဲ့ အဲဒါကို ခတ်ထားပြီး၊ နောက်ဆုံးသောကာလရဲ့ ပြန်ကြွလာတဲ့ သခင်ကပဲ စာအုပ်ကို ဖွင့်ပြီး တံဆိပ်ခုနှစ်ခုကို ဖြေပေးနိုင်မယ်လို့ ဒီမှာ ပြောတယ်။ ဒါက စာအုပ်ထဲမှာ ရေးထားတဲ့အရာကို ကျွန်မတို့ မြင်နိုင်ဖို့ တစ်ခုတည်းသော လမ်းပဲ။ ဒါကို ဗျာဒိတ်ကျမ်းထဲမှာလည်း အကြိမ်များစွာ ပရောဖက်ပြုထားတယ်- ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂-၃) ဒီကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေက သခင်ဟာ သူ ပြန်ကြွလာတဲ့အခါ ပိုများတဲ့ နှုတ်ကပတ်တော်တွေကို မိန့်မြွက်မယ်လို့ သက်သေပြတယ်။ ဒီတော့ ပြန်ကြွလာတဲ့ သခင့်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာ တကယ် ကြိုတင်မှတ်ထားနိုင်ပါ့မလား။ သမ္မာကျမ်းစာထဲက ဘုရားနှုတ်ကပတ်တော်တွေက နောက်ဆုံးသောကာလမှာ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တွေကို ပြောတဲ့အရာတွေကို ဝင်ရောက်အစားထိုးနိုင်ပါ့မလား။ အဲဒါတွေက သိုးသငယ်ဖွင့်တဲ့ စာစောင်ကို အစားထိုးနိုင်ပါ့မလား။ နောက်ဆုံးသော ကာလထဲက ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ကို အစားထိုးနိုင်မှာလား။” လို့ မိတ်သဟာယပြုပေးတယ်။ ဒါကို ကြားတော့၊ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားမိတယ်၊ “ဒီကျမ်းချက်တွေကို ငါ အတော်လေး ဖတ်ပြီးပြီပဲ။ ဘာလို့ ဒီမေးခွန်းတွေ ငါ့မှာ တစ်ခါမှ ပေါ်မလာရတာလဲ။” ပေါ့။ အဲဒီနောက် အစ်မက မိတ်သဟာယကို ဆက်လုပ်တယ်- “ကျမ်းစာက ဘုရားသခင်ရဲ့ အတိတ်က အမှုတော် မှတ်တမ်းတစ်ခုဖြစ်တယ်။ ဓမ္မဟောင်းကျမ်းကို လုပ်ပြီးတဲ့နောက် နှစ်များစွာအကြာမှာ၊ သခင်ယေရှု ကြွလာခဲ့ပြီး ကျေးဇူးတော်ခေတ်အတွက် ရွေးနှုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့တယ်။ ဒီတော့ သူ့ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက အလိုလို ကျမ်းစာထဲမှာ သူတို့ဘာသာ ထည့်သွင်းခဲ့ကြတာလား။ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို စုစည်းပြီး ကျမ်းစာထဲကို ထည့်သွင်းခဲ့ရမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ ကြွလာပြီးပြီဖြစ်သလို လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြပြီးပြီဖြစ်တယ်။ ဒီသမ္မာတရားတွေက ကျမ်းစာထဲကို အလိုလို သူတို့ဘာသာ ထည့်သွင်းခဲ့နိုင်ပါ့မလား။ ဒီတော့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေအားလုံးကို ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပြီး၊ ကျမ်းစာပြင်ပမှာ ဘာမှမရှိနိုင်ဘူးလို့ အခိုင်အမာဆိုတာက၊ မှားယွင်းပြီး အဓိပ္ပါယ်မရှိတဲ့ အမြင်ဖြစ်သလို လုံးဝ လူ့အယူအဆနဲ့ စိတ်ကူးတွေရဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။”

အစ်မ ကျောက်ရဲ့ မိတ်သဟာယကို ကြားလိုက်ရတာက တကယ်ကို ကျွန်မအတွက် ဉာဏ်အလင်းပေးခဲ့တယ်။ သူမိတ်သဟာယပြုခဲ့တဲ့ အရာတိုင်းက အချက်အလက်တွေနဲ့ ကိုက်တယ်လို့ ခံစားခဲ့ရတယ်။ ကျမ်းစာဟာ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်တွေဖြစ်တဲ့ ဘုရားအမှုတော် အဆင့်နှစ်ဆင့်ရဲ့ မှတ်တမ်းတစ်ခုပဲ။ အဲဒါက သူ့အမှုတော်ကို သက်သေခံချက်တစ်ခုဖြစ်ပေမဲ့၊ သခင့်ကို ဒါမှမဟုတ် နောက်ဆုံးသော ကာလထဲက သူ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ကိုယ်စားမပြုနိုင်ပါဘူး။ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ကျမ်းစာထဲမှာ အပြည့်အဝတောင် မှတ်တမ်းမတင်ထားဘူး၊ ဒါကြောင့် ဘယ်လိုဖြစ်ပြီး နောက်ဆုံးသော ကာလထဲက ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာ ကြိုတင် မှတ်တမ်းတင်ထားနိုင်မှာလဲ။ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ကျမ်းစာထဲမှာ ရှိတဲ့အရာနဲ့ ကန့်သတ်ရင်း၊ ကျမ်းစာပြင်ပမှာ ဘုရားသခင်ဆီက လာတာ ဘာမှမရှိဘူးလို့ ယုံကြည်ရင်း နဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ စကားတွေကို ကျွန်မ လိုက်နာခဲ့တယ်။ ကျွန်မက မျက်လုံးကျယ်ကျယ်ဖွင့်ထားလျက်နဲ့ အဓိပ္ပါယ်မရှိတာကို ပြောနေတာပဲ မဟုတ်လား။ သခင့်ကို ကျွန်မက ဘောင်ခတ်ပြီး ပြစ်မှားစော်ကားနေတာ မဟုတ်ဘူးလား။ ဒီအတွေးမှာ ကျွန်မ နောင်တတွေနဲ့ပြည့်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဘာလို့ စောစော မဖတ်ခဲ့မိတာလဲ။ အယူအဆတွေနဲ့ စိတ်ကူးတွေကို အခြေခံပြီး ဘုရားသခင်ရဲ့ အမှုတော်ကို ဘောင်ခတ်ရင်းနဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေနောက်ကို ကျွန်မ တကယ်ကို မျက်စိစုံမှိတ် မလိုက်ခဲ့သင့်ဘူး။ ဒီအမြင်တွေက အရမ်းအန္တရာယ်များတယ်။

အဲဒီနောက် အစ်မကျောက်က ဆွေးနွေးဖို့အတွက် နောက်တစ်ချက် တင်ပြခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို လက်ခံခြင်းမရှိဘဲ ကျမ်းစာကို ထိန်းသိမ်းတာက၊ လူတွေ ကောင်းကင်နိုင်ငံတော်ထဲကို မဝင်ရောက်စေနိုင်သလို ထာဝရအသက်မရနိုင်ဘူးလို့ဆိုလိုတာ ဘာကြောင့်လဲ။ သူက၊ “ကျမ်းစာက ဘုရားအမှုတော် အဆင့်နှစ်ဆင့်ရဲ့ မှတ်တမ်းတစ်ခုပဲ ဖြစ်တယ်။ အဲဒါက နောက်ဆုံးသော ကာလထဲက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ လူသားမျိုးနွယ်ကို သန့်စင်ခြင်း အမှုတော်ကို အစားမထိုးနိုင်ပါဘူး။ ပညတ်တော်ခေတ်မှာ၊ ဘုရားသခင်ရဲ့ အဓိက အမှုတော်က လူတွေကို ကမ္ဘာမြေပေါ် လမ်းပြဖို့ ပညတ်တရားနဲ့ ပညတ်ချက်တွေကို ကြေငြာဖို့ ပါ။ ကျေးဇူးတော်ခေတ်မှာ၊ သခင်ယေရှုကရွေးနှုတ်ခြင်းအမှုကိုပဲ လုပ်ဆောင်ခဲ့တယ်။ သူဟာ လူသားမျိုးနွယ်ကို စာတန်ရဲ့ အုပ်စိုးမှုကနေ ရွေးနှုတ်ဖို့၊ ကျွန်မတို့ကို အပြစ်ကနေ ကယ်တင်ပြီး ဘုရားသခင်ဆီ ဆုတောင်းဖို့ အရည်အချင်းပြည့်မီစေဖို့ ကားစင်တင်သတ်ခံခဲ့ရတယ်။ ဒါမှ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားလုံးကို ကျွန်မတို့ မွေ့လျော်နိုင်မှာလေ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝနဲ့ ကျွန်မတို့အပြစ်ရဲ့ အရင်းအမြစ်က ဖြေရှင်းမခံခဲ့ရဘူး။ ဒါက ကျွန်မတို့ စဉ်ဆက်မပြတ် လိမ်လည်၊ အပြစ်ပြုပြီး၊ ဘုရားသခင်ကို ပုန်ကန်၊ ဆန့်ကျင်ရသေးတဲ့ အကြောင်းရင်းပဲ၊ ပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ဝင်ဖို့ ကျွန်မတို့ မထိုက်တန်ဘူး။ အဲဒါကြောင့် သခင်ယေရှုက နောက်ဆုံးသော ကာလမှာ သူ ပြန်ကြွလာပြီး လူသားကို တရားစီရင်ဖို့နဲ့ အပြည့်အဝ ကယ်တင်ဖို့ သမ္မာတရားတွေ ဖော်ပြမယ်လို့ ပရောဖက်ပြုခဲ့တာပါ။ ရှင်ယောဟန် ခရစ်ဝင်ထဲမှာ ပြောထားပါတယ်- ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒီလိုလည်း ပြောထားတယ်- ‘ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) နောက်ဆုံးသော ကာလမှာ သမ္မာတရား ဖော်ပြဖို့နဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ ကြွလာတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က နှုတ်ကပတ်တော် သန်းပေါင်းများစွာ ဖော်ပြပြီးပြီဖြစ်သလို အဲဒီနှုတ်ကပတ်တော်က အားလုံးကို ရှင်းပြထားတယ်။ ကျမ်းစာရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြတယ်၊ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ပရောဖက်ပြုချက်တချို့ ပါတယ်။ တချို့က လူသားမျိုးနွယ်ရဲ့ ခရီးပန်းတိုင်ကို ဆွေးနွေးပေးပြီး တခြားအရာတွေက ဘုရားသခင်ကို လူသားမျိုးနွယ်ရဲ့ ဆန့်ကျင်ခြင်း အရင်းအမြစ်ကို စိတ်ဖြာဆွေးနွေးပေးတယ်။ လူတွေ ပြည့်ဝတဲ့ ကယ်တင်ခြင်းရရှိဖို့ လိုအပ်တဲ့ သမ္မာတရားတွေကို ဘုရားသခင်က အရမ်းကိုရှင်းလင်းစွာ ထုတ်ဖော်ပြပါတယ်။ အဲဒီမှာ လူကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုတော် အဆင့်သုံးဆင့်ရဲ့ အတွင်းပိုင်းဇာတ်ကြောင်း၊ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုတော်နဲ့ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်း နက်နဲမှုတွေ ပါဝင်ပါတယ်။ စာတန်က လူသားမျိုးနွယ်ကို ဘယ်လိုဖောက်ပြန်ပျက်စီးစေတယ်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ဘယ်လို အမှုပြုတယ်၊ စာတန်ကြောင့် လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးခြင်းရဲ့ အနှစ်သာရနဲ့ သမ္မာတရား၊ စစ်မှန်တဲ့ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနဲ့ ဘုရားသခင် အတွက် ချစ်ခြင်းမေတ္တာတွေက ဘာတွေဖြစ်တယ်၊ အဓိပ္ပါယ်ရှိတဲ့ ဘဝကို အသက်ရှင်နေထိုင်နည်းနဲ့ နောက်ထပ်အကြောင်းအရာတွေကို ဘုရားသခင် ထုတ်ဖော်ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေဟာ နောက်ဆုံးသော ကာလမှာ သူ ကျွန်မတို့ကို ပေးတဲ့ ထာဝရအသက်လမ်း ဖြစ်တယ်။ ကျွန်မတို့က နောက်ဆုံးသော ကာလထဲက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်မခံဘဲ ကျမ်းစာကိုပဲ ဖက်တွယ်မယ်ဆိုရင်၊ သမ္မာတရားကို လုံးဝ ရရှိမှာမဟုတ်သလို၊ အပြစ်ကို ဖယ်ရှားမှာမဟုတ်ဘူး၊ အပြည့်အဝ ကယ်တင်ခံရမှာမဟုတ်သလို၊ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ကြရမှာ မဟုတ်ပါဘူး” လို့ ပြောတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ညီအစ်ကို မောင်နှမတွေဆီက မိတ်သဟာယက နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတယ်ဆိုတာကို ကျွန်မ မြင်အောင် ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပါတယ်၊ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပါတယ်၊ ပြီးတော့ ကျွန်မတို့ကို နောက်ဆုံးသော ကာလမှာ ဘုရားသခင် ပေးတဲ့ ထာဝရအသက်လမ်း ဖြစ်ပါတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို နားထောင်ပြီး ဘာသာရေး အယူအဆတွေကို ကျွန်မကိုင်စွဲခဲ့လို့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ကျမ်းစာမှာပဲ ကန့်သတ်ထားတယ်လို့ ကျွန်မထင်ခဲ့တာ။ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံဖို့၊ ရှာဖွေဖို့ ကျွန်မ ငြင်းခဲ့တယ်။ ဘုရားသခင်ရဲ့ လက်ရှိ နှုတ်ကပတ်တော်တွေရဲ့ အာဟာရကို မရနိုင်ခဲ့သလို အမှောင်ထဲ ကျဆင်းခဲ့တယ်။ ယူကျုကနေ ကျွန်မဆီကို အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ဗီဒီယိုတွေကို အကြံပြုစေပြီး ဘုရားအသံတော်ကို ကြားရဖို့အတွက် ကောင်းမြတ်တဲ့ အခွင့်အလမ်းကို ပေးတဲ့ ဘုရားသခင်ရဲ့ ကရုဏာနဲ့ ကယ်တင်ခြင်းမရှိရင် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေနောက် ကျွန်မ လိုက်နေမိဦးမှာဖြစ်သလို နောက်ဆုံးသောကာလထဲက ဘုရားသခင်ရဲ့ အမှုတော်ကို ရှာဖွေခဲ့မှာ၊ လေ့လာဆန်းစစ်မိခဲ့မှာ မဟုတ်ပါဘူး။ အဲဒီလိုဖြစ်ခဲ့ရင်၊ ကျမ်းစာကို အနှစ်တစ်ရာကြာ ကျွန်မ ဖတ်နိုင်ပေမဲ့ သခင့်ရဲ့ ပြန်ကြွလာခြင်းကို လုံးဝ ကြိုဆိုခဲ့မိမှာ မဟုတ်ဘူး။ နောက်ဆုံးသောကာလထဲက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မ ရနိုင်တာဟာ လုံးဝကို ကိုယ်တော်ရဲ့ လမ်းပြမှုကြောင့်ပါပဲ။ ဒါက ဘုရားသခင်ရဲ့ အံ့ဖွယ် ကယ်တင်ခြင်းပါပဲ။

အမှာစကား ချန်ခဲ့မည်