စာရင်း

ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။" (ရှင်ယောဟန်ခရစ်ဝင် ၁: ၁-၂)

"နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍။" (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)

"ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။" (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

"ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။" (ရှင်ယောဟန်ခရစ်ဝင် ၆:၆၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

သမ္မာတရားသည် လူ့လောကကြီးမှ လာသော်ငြားလည်း၊ လူတို့ အကြားထဲမှ သမ္မာတရားသည် ခရစ်တော်မှ လက်ဆင့်ကမ်း ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ မူလအစပြုသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင် ကိုယ်တိုင်မှ မူလအစပြုခြင်းဖြစ်ပြီး၊ လူမှ ရယူနိုင်ခြင်း မရှိပေ။

"အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်" မှ

"အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍..."။ ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း၏ အလုပ်)သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင်လုပ်မည့် အလုပ်ဖြစ်သည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့လာပြီး သူ၏ နှုတ်ကပတ်တော်ကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။

"အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်" မှ

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချီးမွမ်းအံ့သြဖွယ် ကောင်းသောအရာကို အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်အတွက် သူချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပိုမိုကောင်းမွန်စွာ ထမြောက်အောင်မြင်စေရန်အလို့ငှာ ထိုသို့သောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူ၏ အနှစ်သာရနှင့် လူသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အလုပ်အားလုံးကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော် တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် လူက ဘုရားသခင် တည်ရှိကြောင်းကို ယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ယုံသည်၊ ဘုရားသခင်၏ နှလုံးသားထဲရှိ လူအပေါ်ထားသောမေတ္တာနှင့် လူကို ကယ်တင်လိုသည့် ဆန္ဒကိုလည်း ယုံသည်။ "နှုတ်ကပတ်တော်"ဟူသည့် စကားလုံးသည် ရိုးရိုး သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လူဇာတိကိုခံယူပြီး စကြဝဠာ တစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏နှလုံးသား၊ လူ၏ အယူအဆ၊ စိတ်သဘောထား အဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ထိုသို့ အလုပ်လုပ်ပြီး သူသာလျှင် လူကို စကားပြော၍ ကယ်တင်သည်။ ထိုအချိန်မှစ၍ လူသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ သူတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာ၌ အသက်ရှင်ကြသည်၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ကျိန်ခြင်းများ၊ ကောင်းချီးမင်္ဂလာများ အတွင်း၌ အသက်ရှင်ကြသည်။ ထိုအပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ကြသည်။ ဤနှုတ်ကပတ်တော်များနှင့် အလုပ်သည် လူ၏ ကယ်တင်ခြင်းအကျိုးအတွက်၊ ဘုရားသခင်၏အလို ထမြောက်အောင်မြင်စေဖို့အတွက်၊ ဖန်ဆင်းခြင်းအဟောင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အတွက် ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့တွင် လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် အိုဟောင်းသော လောကတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည် ဖြစ်သည်။

"နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်" မှ

ယနေ့ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံသည်မှာ အဓိကအားဖြင့် "လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း"၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်၊ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်နှင့် နှုတ်ကပတ်တော်၏ ဆုံးမမှုနှင့် စစ်ဆေးမှုကို လူလက်ခံအောင် ပြုလုပ်ရန်ဖြစ်သည်။ သူပြောသည့် နှုတ်ကပတ်တော်များဖြင့် သူ့ထံမှ ထောက်ပံ့မှုနှင့် အသက်ကို သင့်အား ရစေခဲ့သည်။ သူ၏ နှုတ်ကပတ်တော်များအားဖြင့် သင်သည် သူ၏အလုပ်နှင့် သူ၏လုပ်ရပ်ကို မြင်တွေ့သည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် သန့်စင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သင်အခက်အခဲနှင့် ကြုံလျှင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် အချက်အလက်များကို အသုံးပြုပြီး အလုပ်မလုပ်ပါ၊ သူ၏ နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး အလုပ်လုပ်သည်။ သူ၏ နှုတ်ကပတ်တော် သင့်အပေါ်၌တည်မှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အထဲ၌ အလုပ်လုပ်နိုင်သည်၊ ဝေဒနာ သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် သင့်အား လက်တွေ့အရှိသဘောထဲသို့ ခေါ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာလျှင် သင့်ကို စုံလင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်သည့် အလုပ်သည် မူအားဖြင့် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်သည်၊ လူကို လမ်းပြဖို့ ဖြစ်သည်ဟူသည့် အချက်ကိုတော့ အနည်းဆုံး သင်နားလည်ရမည်။ ဘုရားသခင်လုပ်သမျှ အလုပ် အားလုံးသည် နှုတ်ကပတ်တော်အားဖြင့် လုပ်သော အလုပ်များဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပါ။… ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိ ခံသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူမည်သူနည်း ဆိုသည်ကို သူ၏ နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ တစ်ခြားအလုပ်ကို မလုပ်၊ နှုတ်ကပတ်တော်များသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များ အသုံးပြုဖို့ မလိုပါ၊ သူပြောသည့် နှုတ်ကပတ်တော်များက လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောကသို့လာသည်မှာ အဓိကအားဖြင့် ထိုသို့လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်အတွင်း သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကွယ်ဝှက် ထားကြောင်းကို သူ့နှုတ်ကပတ်တော်များအားဖြင့် လူသားအား သိခွင့်ပေးဖို့၊ သူနှင့်ပတ်သက်သော အကြောင်းအရာ အလုံးစုံကို သူ့နှုတ်ကပတ်တော်အားဖြင့် လူသားအား သိခွင့်ပေးဖို့အတွက်ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အလုံးစုံသည် သူ့စကားများထဲတွင်ရှိပြီး သူ့ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။… ဘုရားသခင် ကိုယ်တိုင်ဖြစ်သော လူဇာတိကိုခံထားသည့် ဘုရားသခင်အစစ်သည် ယနေ့ခေတ်တွင် နှုတ်ကပတ်တော် ပြောဆိုခြင်းကိုသာ လုပ်သည်၊ ထိုသို့သော အရာများကို မလုပ်ပေ။ ထိုအချက်သည် အမှန်တရား ဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန်အတွက်၊ သင့်ကို ကျွေးမွေးရန်၊ ရေလောင်းပေးရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အလုပ်လုပ်ရန်အတွက်လည်း သူသည် နှုတ်ကပတ်တော်များကို အသုံးပြုသည့်အပြင်၊ သူ၏ လက်တွေ့အရှိသဘောကို သင်သိစေဖို့ရန် အတွက် အချက်အလက်များအစား နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင် အလုပ်၏ ဤရှုထောင့်ကို သင်နားလည်နိုင်စွမ်းရှိလျှင် မလှုပ်မယှက်နှင့် ဘာကိုမှ စမလုပ်ဘဲနေဖို့ သင့်အတွက် ခက်ပေလိမ့်မည်။

"အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်" မှ

ကျွန်ုပ်တို့အား ကယ်တင်သည့် အလုပ်သစ်ကို လုပ်ဆောင်နေသူသည် လူများအကြား၌ ပုန်းနေသော ထိုသာမန်လူပင် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အတွက် ဘာကိုမျှ မရှင်းပြပါ၊ သူဘာကြောင့် ကျွန်ုပ်တို့ထံ လာကြောင်းကိုလည်း မပြောပြပါ။ သူ၏ အစီအစဉ်အတိုင်း လုပ်လိုသည့် အလုပ်ကိုသာ တစ်ဆင့်ခြင်း လုပ်နေသည်။ သူပြောသော စကားများ ပိုများလာသည်၊ သူ၏ပြောဆိုမှုများ ပိုများလာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ သတိရစေခြင်း၊ သတိပေးခြင်းမှအစ အပြစ်တင်ခြင်း၊ ဆုံးမခြင်းတို့အပါအဝင်၊ သိမ်မွေ့၍ ဂရုဏာပါသော လေသံမှအစ ခက်ထန်၍ ဘုန်းတန်ခိုးရှိသော စကားများ အပါအဝင် အားလုံးသည် လူ၏အထဲ၌ ဂရုဏာတရားနှင့် အကြောက်တရားကို ဖြစ်စေသည်။ သူပြောသမျှအားလုံးသည် အလွန်ထိသည်၊ ကျွန်ုပ်တို့ အထဲရှိ နက်ရှိုင်းသော နေရာ၌ ဖွက်ထားသော လျှို့ဝှက်ချက်များ အထိကို ရောက်သည်၊ သူ့စကားများသည် ကျွန်ုပ်၏ နှလုံးသားနှင့် ဝိညာဉ်တို့ကို စူးသည့်အပြင် ကျွန်ုပ်တို့ကို အရှက်ရစေသည်၊ အရှက်ကွဲစေသည်။…

ကျွန်ုပ်တို့ မသိဘဲ၊ မထင်ရှားသော ထိုသူသည် ကျွန်ုပ်တို့ကို ဘုရားသခင်၏ လုပ်ငန်းထဲသို့ တစ်လှမ်းပြီး တစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင် ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်တာကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ကျွန်ုပ်တို့ သင်ယူသိရှိကြသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဂရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု အကြောင်းကိုလည်း သက်သေခံကြသည်၊ လူကို ကယ်တင်လိုသော ဘုရားသခင်၏ တက်ကြွသည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ စကားများအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သဘာဝဗီဇကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် ဗီဇကို သိလာကြသည်၊ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ့စကားများက ကျွန်ုပ်တို့ကို သေစေပြီး အသစ်တဖန် ပြန်မွေးဖွားစေသည်။ သူ့စကားများက ကျွန်ုပ်တို့ကို သက်သာမှုလည်း ပေးသည်၊ ကျိုးပဲ့ပြီး အပြစ်ရှိကြောင်း ခံစားရစေသလို၊ သူ့အပေါ် ကြွေးတင်သည့် ခံစားချက်ကိုလည်း ဖြစ်စေသည်။ သူ့စကားများက ကျွန်ုပ်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အလွန်နာကျင်မှုကိုလည်း ပေးသည်။ တခါတရံတွင် ကျွန်ုပ်တို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်သည်။ တခါတရံတွင် ကျွန်ုပ်တို့သည် သူတန်ဖိုးအထားဆုံးသူများ ကဲ့သို့ ဖြစ်ပြီး သူ၏ ချစ်ခြင်းမေတ္တာနှင့် ခင်တွယ်မှု၌ ပျော်မွေ့ကြသည်။ တခါတရံတွင်မူ ကျွန်ုပ်တို့သည် သူ့မျက်စိရှေ့တွင် သူ့ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားသည့် သူ့ရန်သူများကဲ့သို့ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သူကယ်တင်တာကို ခံရသည့် လူသားများ ဖြစ်သည်၊ သူ၏ မျက်စိထဲ၌ ကျွန်ုပ်တို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရော ညပါ သူရှာဖွေဖို့ စဉ်းစားနေသည့် ပျောက်သော သိုးများ ဖြစ်ကြသည်။ သူသည် ကျွန်ုပ်တို့ အပေါ်၌ ဂရုဏာထားသည်၊ ကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာသည်၊ ကျွန်ုပ်တို့ကို မြှင့်တင်ပေးသည်၊ နှစ်သိမ့်သည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ စည်းကမ်းကျပ်မတ်သည်၊ ထို့အပြင် ကျွန်ုပ်တို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရော ညပါ ကျွန်ုပ်တို့ အတွက် စိုးရိမ်သည်၊ နေ့ရော ညပါ ကျွန်ုပ်တို့ကို ကာကွယ်၊ စောင့်ရှောက်သည်၊ ဘယ်တော့မှ ကျွန်ုပ်တို့ အနားမှ မခွာပေ၊ ကျွန်ုပ်တို့ကို အပြည့်အဝ စောင့်ရှောက်သည်၊ ကျွန်ုပ်တို့အတွက် ဘာကိုပဲ ပေးဆပ်ရ၊ ပေးဆပ်ရ ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုလူ၏ စကားများအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ထာဝရဖြစ်တည်မှု၌ မွေ့လျော်ကြသည်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြသည်။…

ဘုရားသခင်သည် ဆက်လက် စကားပြောလျက်နေသည်၊ သူသည် ကျွန်ုပ်တို့အား ဘာလုပ်ရမလဲဆိုတာကို တိုက်တွန်းဖို့နှင့် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ့စကားများ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်။ သူ့စကားများသည် ကျွန်ုပ်တို့ လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုတာ ဘာလဲဆိုတာကို ကျွန်ုပ်တို့အား နားလည်ခွင့်ပေးသည်။ သူ့စကားများက ကျွန်ုပ်တို့ကို စတင်ဆွဲဆောင်လာသည်။ ကျွန်ုပ်တို့သည်လည်း သူ၏ စကားပြောဟန်နှင့် လေသံတို့အပေါ် စတင် အာရုံစိုက်လာပြီး ကျွန်ုပ်တို့၏ မသိစိတ်ကလည်း ပြောင်မြောက်သောသူဖြစ်သည့် ထိုသူ၏ နှလုံးသားထဲက အသံကို စတင်စိတ်ဝင်စားလာသည်။ သူသည် ကျွန်ုပ်တို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ကျွန်ုပ်တို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ကျွန်ုပ်တို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ကျွန်ုပ်တို့၏ ပန်းတိုင်နှင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကို ခံသည်၊ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှု ကင်းမဲ့ခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သောသူ ဖြစ်ခြင်း၊ ထိုသို့သော အချက်များကို ပိုင်ဆိုင်ခြင်းသည် သာမန်လူတစ်ယောက်ထက်ပိုသော အရာများ ဖြစ်သည်၊ အကျင့်ပျက်သောသူ တစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း (သို့) ရရှိနိုင်စွမ်း မရှိသော အရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း သူ့မှာ ရှိပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦး တစ်ယောက်၌မျှ မရှိသည့် မေတ္တာ ဖြစ်သည်။ သူက လွဲလို့ မည်သူမျှ ကျွန်ုပ်တို့၏ အတွေးများကို မသိနိုင်ပါ (သို့) ကျွန်ုပ်တို့၏ သဘာဝနှင့် ဗီဇကို နားမလည်နိုင်ပါ (သို့) လူသားတို့၏ ပုန်ကန်မှုနှင့် အကျင့်ပျက်မှုကို တရားစီရင်နိုင်ခြင်း မရှိပါ (သို့) ကောင်းကင်နိုင်ငံမှ ဘုရားသခင်၏ ကိုယ်စား ကျွန်ုပ်တို့ကို စကားပြောပြီး ကျွန်ုပ်တို့၏ အကြား၌ ယခုလို အလုပ် မလုပ်နိုင်ပါ။ သူကလွဲလို့ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်နိုင်စွမ်း မရှိပါ။ ထာဝရတည်ရှိသော ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် ဘုရားသခင်၌ ရှိသည့် အရာ၊ အားလုံးကို သူ့မှာ တွေ့ရသည်။ သူကလွဲလို့ မည်သူကမျှ ကျွန်ုပ်တို့အား လမ်းခရီးကို မပြနိုင်၊ ကျွန်ုပ်တို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူကလွဲလို့ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့် အရာများကို ကျွန်ုပ်တို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ။ သူကလွဲလို့ မည်သူကမျှ ကျွန်ုပ်တို့အား စာတန်၏ ချည်နှောင်မှုနှင့် ကျွန်ုပ်တို့၏ အကျင့်ပျက်တတ်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်၊ ဘုရားသခင်၏ နှလုံးသားထဲက အသံ၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ထွက် စကားများကို ဖော်ပြသည်။ သူသည် ခေတ်သစ် တစ်ခေတ်ကို အစပြုခဲ့သည်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကို ယူဆောင်လာသည်၊ ကျွန်ုပ်တို့ထံ မျှော်လင့်ခြင်းကို သယ်ဆောင်လာသည်၊ မရေမရာ ရှင်သန်နေသော ကျွန်ုပ်တို့၏ ဘဝကို အဆုံးသတ်ပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ မြင်နိုင်ခွင့်ပေးသည်။ သူသည် ကျွန်ုပ်တို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ကျွန်ုပ်တို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ကျွန်ုပ်တို့၏ စိတ်များသည် သတိရှိလာသည်၊ ကျွန်ုပ်တို့၏ ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ သာမန်ဖြစ်သော၊ မထင်ရှားသော၊ ကျွန်ုပ်တို့ အကြား၌ နေသော ထိုသူသည် ကျွန်ုပ်တို့ ငြင်းပယ်သည်ကို အချိန်အကြာကြီး ခံရသူဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရော ညပါ ကျွန်ုပ်တို့ တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူသည် သခင်ယေရှုဖြစ်သည်။ သူသည် အမှန်တကယ်ပင် သခင်ယေရှုဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အား နောက်တဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ကျွန်ုပ်တို့၏ နှလုံးသားများ ဦးတည်ချက်မရှိ လျှောက်သွားမနေအောင် တားပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း သူ့ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သည်၊ သူနှင့် မျက်နှာချင်းဆိုင် တွေ့နေသည်၊ သူ့အသွင်သဏ္ဍန်ကို ကျွန်ုပ်တို့ မြင်တွေ့ပြီးဖြစ်သည်၊ ကျွန်ုပ်တို့၏ ရှေ့၌ ရှိသော လမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။

"ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း" မှ

ငါ၏နှုတ်ကပတ်တော်များသည် အစဉ်မပြောင်းလဲသော သမ္မာတရားဖြစ်သည်။ ငါသည် လူသားအတွက် အသက်ကို ထောက်မပေးသူဖြစ်ပြီး၊ လူသားတို့အတွက် တစ်ခုတည်းသော လမ်းညွှန်မှု ဖြစ်သည်။ ငါ့နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့သည် လူသားတို့ အသိအမှတ်ပြု လက်ခံမှုရှိ၊ မရှိဖြင့် သတ်မှတ်ထားခြင်းမဟုတ်ပဲ ထိုနှုတ်ကပတ်တော်တို့၏ အနက်၊ အခြေအမြစ်အားဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ့နှုတ်ကပတ်တော်များကို လက်မခံလျှင်လည်း၊ ငါ့နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားအား အကူအညီပေးခြင်းတို့ကို မည်သူမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ ငါ့ကိုဆန့်ကျင်သော၊ ငြင်းဆန်သော သို့မဟုတ် ငါ့နှုတ်ကပတ်များကို လုံးဝ အထင်သေးသော သူများနှင့် ရင်ဆိုင်ရသောအခါ ငါ၏ ရပ်တည်မှုသည် ဤသို့ဖြစ်သည်၊ ငါ့နှုတ်ကပတ်များသည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ ဖြစ်ကြောင်းကို အချိန်နှင့် အမှန်တရားတို့က သက်သေအဖြစ် ပြသပါလိမ့်မည်။ ငါပြောသည့် အရာတိုင်းသည် မှန်ကန်ပြီး၊ လူသားတို့အနေဖြင့် ယင်းကိုအသုံးပြုကာ မိမိကိုယ်ကို ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် လူသားတို့ လက်ခံသင့်သည့် အရာလည်း ဖြစ်ပါသည်။ ငါ့နောက်လိုက်သော သူအားလုံးကို ဤအချက်ကိုသိရှိ စေမည်ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးခြင်း မပြုနိုင်သူများ၊ ငါ၏နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို မရှာဖွေနိုင်သူများနှင့် ငါ၏နှုတ်ကပတ်တော်များအားဖြင့် ကယ်တင်ခြင်းကို လက်ခံမရရှိနိုင် သူများသည် ငါ့နှုတ်ကပတ်တော်များ၏ စီရင်ခြင်းကို ခံရမည်ဖြစ်ပြီး၊ ငါ့ကယ်တင်ခြင်းကို လက်လွှတ်ဆုံးရှုံးကာ ငါ၏ ကြိမ်တုတ်သည် သူတို့နှင့် ဘယ်တော့မှ သွေဖည်သွားမည် မဟုတ်တော့ပေ။

"သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည်" မှ

နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ ဝိညာဥ်သည် ဇာတိပတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်—သမ္မာတရားအားလုံး၊ လမ်းခရီးနှင့် အသက်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီး ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာပေါ်သို့ ဧကန် အမှန်ပင် ရောက်ရှိလာပြီ ဖြစ်သည်။ ဆိုခြင်းကို ဤပုံမှန် လူ့သဘောသဘာဝမှ ရှာဖွေတွေ့ရှိခြင်းငှာ တတ် စွမ်းနိုင်ခြင်း ရှိ၊ မရှိသာ ဖြစ်သည်။ အပေါ်ယံသဘောအားဖြင့် ဤအရာသည် သန့်ရှင်းသော ဝိညာဥ်တော် အားဖြင့် ပဋိသန္ဓေစွဲယူခြင်းနှင့် ကွဲပြားခြားနားပုံ ပေါက်သော်လည်း သန့်ရှင်းသော ဝိညာဥ် တော်သည် ဇာတိပကတိတွင် အကောင်အထည် ပေါ်လာပြီး ဖြစ်ကြောင်းအပြင် နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီး ဖြစ်ကြောင်းကို ဤအလုပ်တွင် သင်သည် သာ၍ ရှင်းလင်းစွာ တွေ့မြင်နိုင်ကာ သင်သည် “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏”ဟူသည့် စကားများ၏ စစ်မှန်သည့် အနက်အဓိပ္ပာယ်ကို နားလည်ခြင်းငှာ တတ်စွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် သင်သည် ယနေ့ နှုတ်ကပတ်တော်များမှာ ဘုရားသခင်ဖြစ်သည် ဆိုခြင်းကို နားလည်ရမည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်ကို သင်သည် ရှုမြင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်ခံနိုင်သည့် အကောင်းဆုံးသော သက်သေခံချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာအား ပိုင်ဆိုင်သည် ဆိုခြင်းကို ဤအရာက သက်သေပြသည်—သင်သည် ဘုရားသခင်အား ခွဲစိတ် လေ့လာ၍ သိကျွမ်းခြင်းငှာ တတ်စွမ်းနိုင်သည်သာ မကဘဲ၊ ယနေ့၌ သင်လျှောက်သော လမ်းခရီးမှာ အသက်၏ လမ်းခရီး၊ သမ္မာတရား၏ လမ်းခရီးဖြစ်သည်ကိုလည်း နားလည်သဘောပေါက်သည်။ ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏”၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည့် အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး ဘုရား သခင်၏ ဝိညာဥ်မှာ ဇာတိပကတိနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဥ်နှင့် အတူရှိကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏”၏ အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏”အား သာ၍ နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့ကာ၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏”ဟူသည့် နှုတ်ကပတ်တော်များကို သင်ခိုင်မာစွာ ယုံကြည် ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းချိန်တွင် ဘုရားသခင်၌ နှုတ်ကပတ်တော် များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲခြားထား၍ မရခဲ့ချေ၊ နောက်ဆုံးသော ခေတ်သည် သူ့နှုတ်ကပတ်တော်များ၏ အာဏာနှင့် တန်ခိုးကို သာ၍ပင် ရှင်းလင်းအောင် ပြုလုပ်ပြီး လူသားအား သူ့နှုတ်ကပတ်တော်များ အားလုံးကို မြင်တွေ့ရန်—သူ၏ နှုတ်ကပတ်တော်များ အားလုံးကို နာကြားရန်—ခွင့်ပြုပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ်ပင် ဖြစ်သည်။ သင်သည် ဤအရာများကို အူမ ချေးခါးမကျန် သိရှိလာရမည် ဖြစ်သည်။ ယင်းမှာ ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ် မဟုတ်ဘဲ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ်သာ ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရမည့် အရာ အဖြစ်ပြီး လူတိုင်း သိရမည့် အရာလည်း ဖြစ်သည်။ ဤသည်မှာ ဒုတိယ အကြိမ် လူ့ဇာတိခံယူခြင်း၏အလုပ်—ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ်—ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ ဇာတိပကတိထဲရှိ ဘုရား သခင်၏ အလုပ်အားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိပကတိထဲရှိ ဘုရားသခင် ဖြစ်ခြင်း၏ ခေတ်ကာလကို အဆုံးသတ်စေသည်။

"လက်တွေ့လုပ်ဆောင်ခြင်း (၄)" မှ

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်။ လူတိုင်း အလွယ်တကူ ရယူနိုင်သော အရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏ အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင် ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏ အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေ ဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားက အသက်ရရှိစေရန် ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင် ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက် ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏ အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့ နေထိုင်စဉ် ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့် သာမန် လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ၎င်းအပြင် မည်သည့် တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့် သတ္တဝါ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန် သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏ တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့ တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့် ဖြစ်၏။ လူသား၏ အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိ၍ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့် ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာ ပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အရ အသက်ရှင် နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။

ယခု သင်သည် အသက်ကိုရလိုသည့် ဆန္ဒရှိချင် ရှိလိမ့်မည်။ သို့မဟုတ် သင်သည် သမ္မာတရားကို ရလိုသည့် ဆန္ဒရှိချင် ရှိလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင့်တွင် ဘုရားသခင်ကို ရှာတွေ့လိုသည့် ဆန္ဒရှိသည်။ သင် အားထားနိုင်၍ သင့်ကို ထာဝရအသက် ပေးနိုင်သော ဘုရားသခင်ကို ရှာတွေ့လို့သည့်ဆန္ဒ ရှိသည်။ သင်သည် ထာဝရအသက်ကို ရလိုလျှင် ထာဝရအသက်၏ အရင်းအမြစ်ကို ပထမဦးစွာ နားလည်ရမည်ဖြစ်၍ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ပထမဦးစွာ သိရမည်ဖြစ်သည်။ ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း ငါပြောခဲ့ပြီးဖြစ်သည်။ သူ၏အသက်သည် ပြောင်းလဲနိုင်ခြင်း မရှိသဖြင့် ထာဝရဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သောကြောင့် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်၏ လမ်းခရီဖြစ်၏။ ထို့ကြောင့် ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်နှင့် ဤထာဝရအသက်၏ လမ်းခရီးရရှိပုံကို သင်ပထမဦးစွာ နားလည်ရမည် ဖြစ်သည်။ ယခု ဤကိစ္စနှစ်ရပ်အား သီးခြားစီ ဆွေးနွေးကြပါစို့။

ထာဝရအသက်လမ်းခရီးကို သင်အမှန်တကယ် ရရှိလိုကာ ပြင်းပြစွာရှာဖွေပါက ဤမေးခွန်းကို အရင်ဖြေဆိုပါ။ ယနေ့ ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ ဘုရားသခင် ကောင်းကင်တွင် နေသည်ဟု သင်ဖြေကောင်းဖြေလိမ့်မည်။ ဟုတ်ပေသည်၊ သူသည် သင့်အိမ်တွင် နေလိမ့်မည်မဟုတ်။ ဟုတ်ပါသလား။ ဘုရားသခင်သည် အရာခပ်သိမ်းအကြားတွင် နေသည်မှာ ထင်ရှား၏ဟု သင်ဆိုကောင်း ဆိုလိမ့်မည်။ သို့မဟုတ် ဘုရားသခင်သည် လူတိုင်း၏ နှလုံးသားတွင်နေ၏။ သို့မဟုတ် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ရှိသည်ဟု သင်ဆိုကောင်းဆိုလိမ့်မည်။ ဤသည်တို့ကို ငါမငြင်းဆိုပါ။ သို့သော် ဤကိစ္စကို ငါရှင်းပြရမည်။ ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နေသည်ဟုဆိုခြင်းမှာ လုံးဝ မှန်ကန်သည် မဟုတ်ပါ။ သို့သော် လုံးဝ မှားသည်လည်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူတို့ အကြားတွင် ယုံကြည်မှု စစ်မှန်သူများနှင့် ယုံကြည်မှု မှားယွင်းသောသူများ ရှိ၏။ ဘုရားသခင် သဘောကျသူများနှင့် သဘောမကျသူများ ရှိ၏။ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူစက်ဆုပ်ရွံရှာသူများ ရှိကာ သူ၏စုံလင်စေခြင်း ခံရသူများနှင့် သူ၏ဖယ်ရှားခြင်း ခံရသူများရှိ၏။ ထို့ကြောင့် ဘုရားသခင်သည် လူအနည်းငယ်၏ နှလုံးသားတွင်သာ နေသည်ဟု ငါဆို၍ ထိုသူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောကျသူများ၊ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူ၏စုံလင်စေခြင်းခံရသူများ ဖြစ်သည်ကို သံသယမရှိကြောင်း ငါဆို၏။ ထိုသူတို့သည် ဘုရားသခင်၏ လမ်းပြခြင်းခံရသူများ ဖြစ်ကြ၏။ ၎င်းတို့ကို ဘုရားသခင်က လမ်းပြသည်ဖြစ်၍ ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးအကြောင်းကို ကြား၍မြင်ပြီးသူများ ဖြစ်ကြ၏။ ဘုရားသခင်ကို မှားယွင်းစွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောမကျသူများ၊ ဘုရားသခင်က လွန်စွာမုန်းတီးသူများ၊ ဘုရားသခင်က ဖယ်ရှားသူများ၊ ထိုသူတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရမည်မှာ သေချာပြီး အသက်၏ လမ်းခရီးမရှိဘဲ နေရမည်မှာ သေချာ၍ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲနေရမည်မှာ သေချာ၏။ ၎င်းတို့၏ နှလုံးသားတွင် ဘုရားသခင် နေထိုင်သူများမှာမူ ထိုသို့မဟုတ်ဘဲ သူမည်သည့်နေရာတွင် ရှိကြောင်းကို သိ၏။ ထိုသူတို့သည် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးကို အပ်နှင်းခြင်း ခံရသူများဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏နောက်သို့ လိုက်သူများ ဖြစ်ကြ၏။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သင် ယခုသိပြီလား။ ဘုရားသခင်သည် လူသား၏ နှလုံးသားတွင် ရှိသကဲ့သို့ လူသား၏ ဘေးတွင်လည်း ရှိ၏။ သူသည် ဝိညာဉ်လောကတွင် ရှိသည်သာမက ခပ်သိမ်းသော အမှုအရာအထက် လူသားတည်ရှိသော ကမ္ဘာမြေကြီးပေါ်တွင်သာ၍ရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ရောက်ရှိခြင်းသည် ဘုရားသခင်၏ အမှုအဆင့်များကို အသစ်သော နယ်မြေပိုင်နက် အတွင်းသို့ ယူဆောင်သွားခဲ့ခြင်း ဖြစ်၏။ ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ ရရှိထား၍ သူသည် လူသား၏ နှလုံးသားတွင် အဓိကဖြစ်သည့်အပြင် လူသားတို့ အကြားတွင် ရှိနေ၏။ ဤနည်းဖြင့်သာ သူသည် လူသားမျိုးနွယ်အတွက် အသက်၏ လမ်းခရီးကို ယူဆောင်လာနိုင်၍ အသက်၏ လမ်းခရီးအတွင်း လူသားကို ခေါ်ဆောင်လာနိုင်၏။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိရန်နှင့် လူသားဖြစ်တည်နေရန် ဘုရားသခင်သည် မြေကြီးပေါ် ကြွလာခဲ့ပြီးဖြစ်၍ လူသားတို့အကြား နေထိုင်၏။ တစ်ချိန်တည်းတွင် လူသားတို့အကြား သူ၏ စီမံခန့်ခွဲမှုတွင် ထိုသူတို့ ပူးပေါင်း ဆောင်ရွက်စေရန် ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းကိုလည်း ပညတ်လေ၏။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် လူသား၏ နှလုံးသားထဲတွင်ရှိသည်ဟူသော အယူဝါဒကိုသာ သင်အသိအမှတ်ပြု၍ လူသားတို့အကြားတွင် ဘုရားသခင် တည်ရှိခြင်း၏ သမ္မာတရားကို အသိအမှတ်မပြုပါက သင်သည် မည်သည့်အခါမျှ အသက်ကိုရရှိလိမ့်မည် မဟုတ်ဘဲ သမ္မာတရား၏ လမ်းခရီးကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျှက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် စာများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများ နှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟု အကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့် စကားလုံးများကိုစွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာက ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။

ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့် ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား ၎င်း၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာ ဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိပကတိဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ မကြာမီ ထိုခရစ်တော် အတုအယောင် အားလုံးသည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင် ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။ ဤနည်းဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက သူသည် ကမ္ဘာမြေကြီးပေါ်သို့ လာခြင်းဖြင့် လူသားတို့ကို အသက်၏ လမ်းခရီးပေးကြောင်းကို သင်က ပထမဦးစွာ အသိအမှတ် ပြုရမည်ဖြစ်၍ နောက်ဆုံးသော ကာလတွင် သူသည် လူသားကို အသက်၏ လမ်းခရီးပေးရန် လာရောက်ကြောင်းကို သင်က အသိအမှတ် ပြုရမည်ဖြစ်သည်။ ဤသည်မှာ အတိတ်ကာလက မဟုတ်။ ယနေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်က ပေးသည့် အသက်၏ လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏ အတည်ပြုမှု မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ ရုပ်သေး အကျဉ်းသားပါ ဖြစ်သောကြောင့် ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ စာများဖြင့် ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရ သူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့ မြင်နိုင်မည်နည်း။ သင်သည်အတိတ်ကို စွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တက်နေသော လှိုင်းတံပိုးများနှင့် လိမ့်၍နေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏ မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှ မလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေရာနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့စဉ်းစားနိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ် အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုမင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့ အကြောင်းပြနိုင်မည်နည်း။ သင်တို့၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကိုကောင်းကင်သို့ မည်သို့ ခေါ်သွားနိုင်မည်နည်း။ သင်၏ လက်များထဲတွင် ကိုင်ထားသည့် အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် စာများသာဖြစ်၍ အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏လျှာကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်၍ သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းခရီးများမဆိုနှင့် လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် အသိဉာဏ် အမြော်အမြင်ရှိသော စကားလုံးများပင် မဟုတ်ပါ။ ဤကွာခြားချက်သည် သင့်ကိုပြန်လည် စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေဘူးလား။ အတွင်းတွင် ရှိသည့် နက်နဲသောအရာများကို သင့်ကို နားလည်ခွင့် မပေးပေဘူးလား။ ဘုရားသခင်ကိုတွေ့ရန် သင်ကိုယ်တိုင် ကောင်းကင်ဘုံသို့ သင့်ကိုယ်သင် လွတ်မြောက်စေနိုင်ပါသလား။ ဘုရားသခင် ကြွလာခြင်းမရှိဘဲ သင်သည် ဘုရားသခင်နှင့် မိသားစုအဖြစ် ပျော်ပါးရန် သင့်ကိုယ်သင် ကောင်းကင်ဘုံအတွင်း ခေါ်ဆောင်သွားနိုင်ပါသလား။ သင်စိတ်ကူး ယဉ်နေတုန်းပဲလား။ ဤသို့ဆိုပါက သင်၏ စိတ်ကူးယဉ်ခြင်းကို ရပ်စဲ၍ ယခုမည်သူ အမှုထမ်းနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသော ကာလတွင် လူသားကို ကယ်တင်သည့်အမှု ထမ်းဆောင်နေသူကို ကြည့်ရန် ငါအကြံပြု၏။ ဤသို့မပြုပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ဘဲ အသက်ကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပါ။

ခရစ်တော် ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော် ယူဆောင်လာသည့် အသက်၏ လမ်းခရီးကို လက်မခံ သူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ လွန်စွာမုန်းတီးမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသား ဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ကျော်လွှား၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ သင်သည် ကောင်းကြီးမင်္ဂလာ ရရှိရေးကိုသာ မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက် ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ အသစ်သောကာလသို့ ဝင်ရောက်မည့် သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရ မီးလောင်၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော် ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးခဲ့သူ ဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်း ဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကို ငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ခွင့်ပြုချက်ကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏ မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင် ဆန့်ကျင်သောသူမှာ လူသားတစ်ဦး မဟုတ်၊ သင် ငြင်းပယ်သောသူမှာ သေးငယ်သည့် အရာလေးတစ်ခု မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့၊ အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည် မွေးဖွားခွင့်နှင့် ဘုရားသခင်၏ မျက်နှာကို မြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-
က။ သစ်တုံးခြောက်တစ်ခု- "မကူညီနိုင်တော့သော" ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

သင်နှစ်သက်နိုင်သည့် အရာများ-

(ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ဇာတ်လမ်းတို- ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် - ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ

အမှာစကား ချန်ခဲ့မည်