စာရင်း

ဘုရားသခင်၏အသံတော်ကို မည်သို့ခွဲခြားရမည်နည်း။

ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃

သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။

ဗျာဒိတ်ကျမ်း ၅:၄-၅

ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။ (ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏)

အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။

ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များက အပြင်ပန်းအားဖြင့် ရိုးရှင်းသည်ဖြစ်စေ လေးနက်သည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ခက်ခဲနက်နဲသည်ဖြစ်စေ အသက်တာထဲ ဝင်ရောကစဉ်တွင်၊ လူသားတို့အတွက် မရှိမဖြစ်သော သမ္မာတရားအားလုံးပင် ဖြစ်ပါသည်။ ၎င်းတို့သည် ဝိညာဉ်နှင့် ခန္ဓာနှစ်ခုလုံး သူ့အား ရှင်သန်စေမည့် သက်စမ်းရေ၏ ရေသောက်မြစ် ဖြစ်ကြသည်။ လူသား အသက်ရှင်သန်နေရန် လိုအပ်ချကသည့်အရာ၊ သူ၏နေ့စဉ် ဘဝကို ဖြတ်သန်းခြင်းအတွက် တရားသေ လက်ခံထားသော ဝါဒနှင့် ဘာသာအယူဝါဒ၊ ကယ်တင်ခြင်းရရှိရန် သူဖြတ်သန်းရမည့် လမ်း၊ ပန်းတိုင်နှင့် ဦးတည်ရာ၊ ဘုရားသခင်ရှေ့မှောက်၌ ဖန်ဆင်းထားသောသူ ဖြစ်သည်နှင့်အညီ သူပိုင်ဆိုင်ထားသင့်သည့် သမ္မာတရားအားလုံးနှင့် ဘုရားသခင်ကို လူသားတို့ မည်ကဲ့သို့ နာခံရမည် မည်ကဲ့သို့ ကိုးကွယ်ရမည်နှင့် ပတ်သက်သည့် သမ္မာတရားအားလုံးကို နှုတ်ကပတ်တော်များသည် ထောက်ပံ့ပေးသည်။ နှုတ်ကပတ်တော်များသည် လူသား၏ ရှင်သန်မှုကို သေချာစေသည့် အာမခံချက်များ ဖြစ်ပါသည်။ ၎င်းတို့သည် လူသားတို့၏ နေ့စဉ်အစာ ဖြစ်ပါသည်။ လူသားတို့ ကြံ့ခိုင်စေရန်နှင့် မတ်မတ်ရပ်စေနိုင်သည့် ခိုင်မာသော အထောက်အကူလည်း ဖြစ်ပါသည်။ နှုတ်ကပတ်တော်တို့သည် ဖန်ဆင်းခံလူသား ကျင့်ကြံနေထိုင်သည်နှင့်အမျှ သာမန် လူ့သဘာဝနှင့်ဆိုင်သော သမ္မာတရား၏ လက်တွေ့အရှိတရားဖြင့် ကြွယ်ဝလျက်ရှိသည်။ လူသားတို့သည် ဖောက်ပြန်ပျက်စီးခြင်းမှ ကင်းလွတ်ပြီး စာတန်၏ညွှတ်ကွင်းမှ ရှောင်တိမ်းနိုင်သည့် သမ္မာတရားဖြင့် ကြွယ်ဝသည်။ ဖန်ဆင်းရှင်မှ အဖန်ဆင်းခံ လူသားမျိုးနွယ်ထံ ပေးသည့် မမောမပန်းနိုင်သော အဆုံးအမ၊ တိုက်တွန်းခြင်း၊ အားပေးတိုက်တွန်းခြင်းနှင့် ဖြေသိမ့်မှုတို့ဖြင့် ပြည့်ဝနေသည်။ နှုတ်ကပတ်တော်တို့သည် အပြုသဘောဆောင်သည့် အရာအားလုံးကို လူသားတို့ နားလည်ရာဖို့ လမ်းညွှန်ပေးသော၊ ဉာဏ်အလင်းပြသော မီးပြတိုက် ဖြစ်ပါသည်။ ဖြောင့်မတ်ပြီး ကောင်းမွန်သော အရာများကို လူသားများ အသက်ရှင်နေထိုင်ပြီး ယင်းတို့ကို ပိုင်ဆိုင်ရာတွင် သေချာစေသည့် အာမခံဖြစ်ပါသည်။ လူပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများ အားလုံးတို့ကို တိုင်းတာသော စံသတ်မှတ်ချက် ဖြစ်သည်။ ထို့ပြင် လူသားတို့အား ကယ်တင်ခြင်းနှင့် အလင်းလမ်းသို့ လမ်းညွှန်ပေးသည့် လမ်းကြောင်းပြညွှန်မှတ်လည်း ဖြစ်ပါသည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံ၌သာ လူသည် သမ္မာတရားနှင့် အသက်တို့ဖြင့် ထောက်ပံ့ခံရသည်၊ ဤနေရာတွင်သာ ပုံမှန်လူသားသဘာဝက မည်သည့်အရာဖြစ်သည်၊ အဓိပ္ပါယ်ရှိသော အသက်တာက မည်သည့်အရာဖြစ်သည်၊ စစ်မှန်သော အဖန်ဆင်းခံ သတ္တဝါက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်ကို စစ်မှန်သော နာခံမှုက မည်သည့်အရာဖြစ်သည်တို့ကို သူ နားလည်လာသည်၊ ဤနေရာတွင်သာ ဘုရားသခင်ကို မည်သို့ အလေးဂရုပြုသင့်သည်၊ ဖန်ဆင်းခံလူသားတစ်ဦး၏ တာဝန် ဝတ္တရားများကို မည်သို့ ကျေပြွန်အောင် လုပ်ဆောင်ရမည်၊ လူသားစစ်စစ်တစ်ဦးနှင့် သဏ္ဍာန်တူခြင်းကို ပိုင်ဆိုင်ဖို့ မည်သို့ နေရမည်စသည်တို့ကို သူနားလည်လာသည်၊ ဤနေရာတွင်သာ စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ကိုးကွယ်မှုဆိုရာတွင် မည်သည်ကို ဆိုလိုကြောင်း သူနားလည် လာသည်၊ ဤနေရာတွင်သာ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးတို့၏ အုပ်စိုးသူသည် မည်သူမည်ဝါဖြစ်ကြောင်း သူနားလည်လာသည်၊ ဤနေရာတွင်သာ ဖန်ဆင်းရာအားလုံးတို့၏ အရှင်သခင်က ဖန်ဆင်းခြင်းအတွက် မည်သည့်နည်းလမ်းများဖြင့် အုပ်ချုပ်သည်၊ ခေါင်းဆောင်သည်၊ ထောက်ပံ့ပေးသည်ကို သူနားလည်လာသည်၊ ဤနေရာတွင်သာ ဖန်ဆင်းရာအားလုံးတို့၏ အရှင်သခင် တည်ရှိပုံ၊ ပေါ်လာပုံ၊ အလုပ်လုပ်ပုံ နည်းလမ်းကို နားလည် သဘောပေါက်လာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် တွေ့ကြုံခြင်းမှ ကင်းကွာလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့်ပတ်သက်၍ စစ်မှန်သော အသိပညာ သို့မဟုတ် ထိုးသွင်းသိမြင်မှု မရှိပေ။ ယင်းကဲ့သို့သော လူမျိုးသည် ရှင်နေသော အလောင်းကောင်၊ အခွံချည်းသက်သက် ဖြစ်ပြီး၊ ဖန်ဆင်းရှင်နှင့် ပတ်သက်သည့် အသိပညာ အလုံးစုံမှာ မည်သို့ပင်ဖြစ်စေ သူနှင့်မဆိုင်ပါ။ (ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏)

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းအားဖြင့်၊ ဘုရားသခင်ကိုသိရန် ပြုလုပ်ရမည်။ လူအချို့က- ‘လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ’ ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း၊ ထို့ပြင် လူသားမျိုးနွယ်အား သူ၏ ကယ်တင်ရန်နည်းလမ်း တို့ကို သင်မြင်နိုင်သည်။... ဤသည်မှာ ဘုရားသခင်သည် လူသားကို အသုံးပြု၍ နှုတ်ကပတ်တော်ကို ရေးချစေခြင်းနှင့် တခြားစီဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်က ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။ ယင်းကို ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နှုတ်ကပတ်တော်များနှင့် သူ၏အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ယင်းတို့ကို လှိုက်လှိုက်လှဲလှဲရှိသော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ အတွင်းစိတ်ထဲက ထွက်ပေါ်လာ၍ သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏အတွေးများ၊ လူသားမျိုးနွယ်အပေါ် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏မျှော်မှန်းချက်များကို ဖော်ပြနေခြင်းကြောင့် ဖြစ်သည်။... ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများရှိပြီး လူသား၏ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ရှိသည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်သည် အတော်ပင် ခက်ထန်သည်ဟု သင်ခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်၌ သြဇာအာဏာ သိပ်မရှိဟု သင်ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ဤအရာကို ရှေ့နောက်စကားအဆက်အစပ်ကိုချန်၍ လိုရာဆွဲတွေးခြင်းမပြုဘဲ ယင်းကို ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် နူးညံ့သိမ်မွေ့ပြီး ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောသဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် တင်းကျပ်သော ရှုထောင့်မှ စကားပြောသဖြင့် လူတို့သည် စော်ကားတိုက်ခိုက်မှုကို သည်းခံမည်မဟုတ်သည့် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြသည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်သို့လာရန် မထိုက်တန်ပေ။ လူတို့သည် ယခုအခါ ဘုရားသခင်၏ရှေ့မှောက်သို့ လာနိုင်သည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းနှင့် သူ့အမှု၏ အဓိပ္ပာယ်မှနေ၍ သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် ဘုရားသခင်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း မရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်သည်။ (လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း)

ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများကို သင်ကြားရနိုင်သည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များအားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာဖြစ်ကာ၊ လူသားများ သိရှိလာရန်အလို့ငှာ လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြမှုလည်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ စိတ်မပြင်းပြသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်မပြင်းပြသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကိုမြင်ရဖို့ စိတ်ပြင်းမပြသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့်နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကိုလမ်းပြမည့်သူဖြစ်သည်။ ယင်းကဲ့သို့သော သာမညဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသောနက်နဲမှုများကို စွဲကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များကို သင့်အနေနှင့် သိနားလည်ဖို့ ခက်ခဲနိုင်သော်လည်း သူလုပ်ဆောင်သည့် အမှုအားလုံး၏ ပန်းတိုင်မှာ သူသည် လူသားယုံကြည်သကဲ့သို့ သာမညဇာတိခန္ဓာ မဟုတ်သည်ကို မြင်ရဖို့အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်က နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်တို့ထံ ပြသနေသည့် စောင်မမှုကိုလည်းကောင်း ကိုယ်စားပြုနေ၍ ဖြစ်သည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပစ်နေကြသည်ဟု ထင်ရသည့် သူပြောဆိုသော နှုတ်ကပတ်တော်များကို မကြားနိုင်သော်လည်း၊ သို့မဟုတ် မီးလျှံကဲ့သို့ တောက်ပနေသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ သူ၏သံလှံတံဖြင့် ဆုံးမပဲ့ပြင်မှုကို သင်သည် မခံစားရနိုင်သော်လည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အမျက်ဒေါသကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် ကရုဏာပြကြောင်းကို သင်သိနိုင်သည်၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ ပူပန်မှုနှင့် စောင်မမှုကိုလည်း သင်နားလည်သဘောပေါက်နိုင်သည်။ (ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား)

သူသည် လူသားအနှစ်သာရကို ကောင်းမွန်စွာ သတိပြုမိပြီး၊ လူအမျိုးအစားအားလုံးထံသို့ သက်ဆိုင်ရာ အလေ့အကျင့် အမျိုးအစားအားလုံးကို သူဖော်ပြနိုင်သည်။ သူသည် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကိုဖော်ပြရာတွင် ပို၍တော်လေသည်။ သူသည် လောကီနှင့်ဆိုင်သော လူများအကြားတွင် နေထိုင်ခြင်းမရှိပေ၊ သို့ရာတွင် သူသည် သေမျိုးများ၏သဘာဝနှင့် လောကီနှင့်ဆိုင်သော လူများ၏ ဖောက်ပြန်မှုအားလုံးကို သတိပြုမိသည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ သူသည် လောကနှင့် ဆက်ဆံမှုမရှိသော်လည်း ကမ္ဘာကြီးနှင့်ဆက်ဆံသည့် စည်းမျဉ်းများကို သူသိသည်၊ အကြောင်းမှာ သူသည် လူသား၏သဘာဝကို အပြည့်အဝ နားလည်သောကြောင့်ဖြစ်သည်။ သူသည် လူသားမျက်လုံးဖြင့် မမြင်နိုင်သော၊ လူသားနားဖြင့် မကြားနိုင်သော၊ ယနေ့နှင့် အတိတ်နှစ်ခုစလုံးမှ ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိသည်။ ထိုအထဲတွင် ဘဝဒဿနိက မဟုတ်သော အသိဉာဏ်နှင့် လူတို့နားလည်ရန် ခက်ခဲသော အံ့ဖွယ်ရာတို့ပါဝင်သည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး၊ လူတို့ကိုသိအောင်ပြုပြီး လူတို့ထံမှလည်း ဖုံးကွယ်ထားလေသည်။ သူဖော်ပြသည့်အရာသည် သာမန်မဟုတ်သောသူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ သူသည် ကမ္ဘာပတ်ခရီး မထွက်သော်လည်း အရာအားလုံးကိုသိသည်။ သူသည် အသိတရား၊ သို့မဟုတ် ထိုးထွင်းအသိဉာဏ်မရှိသော ‘လူမျောက်ဝံများ’ ကိုဆက်သွယ်သော်လည်း အသိတရားထက်မြင့်သော စကားလုံးများနှင့် ကြီးမြတ်သော လူသားများအထက်မှ စကားလုံးများကို ဖော်ပြသည်။ သူသည် လူ့သဘာဝမရှိသော၊ လူသား၏ အစဉ်အလာများနှင့် အသက်တာများကို နားမလည်သော၊ အကင်းမပါးဘဲ ထုံအသော လူအုပ်စုတစ်စုအကြားတွင် နေထိုင်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝဖြင့် နေထိုင်အောင်စေခိုင်းနိုင်ပြီး တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အခြေကျပြီး နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး အသွေးအသားရှိသည့် မည်သည့်လူသားမဆို၏ ဖြစ်ခြင်းထက် မြင့်မားလေသည်။ သူ့အတွက်ဆိုလျှင် သူလုပ်ရန်လိုသော အလုပ်ကိုလုပ်ရန် ရှုပ်ထွေးသော၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန်နှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်မှု၏ အနှစ်သာရကို နှံ့စပ်စွာဖော်ပြရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေးအသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေ။ သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူသားကို လောကနှင့်ဆက်စပ်ရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများပေးအပ်ခြင်း မပြုပေ။ လူသားတို့ကို အသက်ဖြင့် ထောက်ပံ့စဉ်တွင် လူ့အသိုင်းအဝိုင်း၊ သို့မဟုတ် လူသား၏မိသားစုကို စုံစမ်းရန် သူမလိုအပ်ပေ။ လူသားကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာနှင့်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူသား၏မနာခံမှုနှင့် လူသားမျိုးနွယ်၏ စက်ဆုပ်ရွံရှာကောင်းသော ဖောက်ပြန်မှုကို ကြာမြင့်စွာ သိရှိထားပြီးနောက်တွင် လူသား၏မဖြောင့်မတ်မှုကို ဖော်ထုတ်ရန်ဖြစ်သည်။ သူပြုသော အမှုအားလုံးသည် လူသားထံသို့ သူ၏စိတ်သဘောထားကို ပြသရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန်အတွက် ဖြစ်သည်။ သူသာလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်ပြီး၊ ယင်းသည် အသွေးအသားနှင့် လူသားက စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ (ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်)

သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးချယ်ရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။ ဘုရားသခင်အား ယုံကြည်သည့်လမ်းကြောင်းကို သတိဖြင့်လျှောက်လှမ်းရန် သင်တို့ကို ငါအကြံပြု၏။ အလွယ်တကူ ကောက်ချက်ချခြင်း မပြုနှင့်။ ထို့အပြင် ဘုရားသခင်အပေါ် သင်တို့ယုံကြည်ခြင်းအရာတွင် သာမန်ကာလျှံကာဖြစ်ခြင်းနှင့် ပူပန်ကြောင့်ကြမဲ့ခြင်းတို့ မဖြစ်စေနှင့်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အနည်းဆုံးအနေဖြင့် စိတ်နှလုံးနှိမ့်ချ၍ ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်ကြောင်း သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားဖူးသော်လည်း ၎င်းတို့အတွက် သေးသိမ်သဖြင့် လက်မခံသောသူတို့သည် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားဖူးသော်လည်း သတိမပြုဘဲ အလွယ်တကူကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် ဝင့်ဝါခြင်းဖြင့် ဒုက္ခ ခံစားနေကြ၏။ ယေရှုကိုယုံကြည်သူ မည်သူမျှ တစ်ပါးသူအား ကျိန်ဆဲခြင်း၊ ရှုတ်ချခြင်းများပြုရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် ဆင်ခြင်တုံတရားရှိ၍ သမ္မာတရားကို လက်ခံသူများ ဖြစ်ရမည်။ သင်သည် သမ္မာတရားလမ်းအကြောင်းကို ကြားခဲ့ပြီး အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက် ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏ခံယူချက်များနှင့် သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင်ယူဆကောင်းယူဆနိုင်သည်။ ထို့နောက် သင်သည် ဤ ၁၀,၀၀၀ မြောက်သောစကားလုံးကို ဆက်လက်ရှာဖွေရမည်။ သင်သည် နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးကျူးရန် ငါအကြံပြုသေး၏။ သင်၏နှလုံးသားတွင် ဘုရားသခင်ကို ထိုသို့အနည်းငယ် ရိုသေလေးမြတ်မှု ရှိလျှင်ပင် သင်သည် ပို၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေး၍ ကြိမ်ဖန်များစွာ ဆင်ခြင်ပါက ၎င်းတို့သည် သမ္မာတရား ဟုတ်မဟုတ်နှင့် ၎င်းတို့သည် အသက်ဟုတ်မဟုတ်ကို သင်နားလည်လိမ့်မည်။ အချို့သူများသည် ဝါကျတစ်ကြောင်း နှစ်ကြောင်းကိုသာ ဖတ်ပြီး ‘ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရစေခြင်းပင်ဖြစ်သည်’ ဟူ၍ဖြစ်စေ၊ ‘ဤသည်မှာ လူသားတို့အားလှည့်ဖြားရန် ရောက်လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏’ ဟူ၍ဖြစ်စေ ပြောဆိုလျက် ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချနိုင်သည်။ ထိုကဲ့သို့သောအရာများကို ပြောသူတို့သည် အသိဉာဏ်ကင်းမဲ့မှုဖြင့် မျက်ကန်းနေကြသည်တကား။ ဘုရားသခင်၏အမှုတော်နှင့် ဉာဏ်အမြော်အမြင်ကို သင်နားလည်သည်မှာ နည်းပါးလွန်း၏။ ထို့ကြောင့် အစမှပြန်စရန် သင့်ကိုငါအကြံပြု၏။ နောက်ဆုံးကာလတွင် ခရစ်တော်၏အယောင်ကိုဆောင်သောသူများ ပေါ်ထွက်လာခြင်းကြောင့် သင်တို့သည် ဘုရားသခင် ထုတ်ဖော်ပြောဆိုသော နှုတ်ကပတ်တော်များကို ဆင်ကန်းတောတိုး ရှုတ်ချခြင်း မပြုရ။ သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်း ပြုသူတစ်ဦး မဖြစ်ရ။ ဤသို့ဖြစ်ပါက လွန်စွာ သနားဖွယ်မကောင်းပေဘူးလော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်၊ ဘုရားသခင်၏ ထုတ်ဖော်ပြောဆိုချက် မဟုတ်ဟု သင်ယုံကြည်ဆဲဖြစ်ပါက သင်သည် အဆုံးတွင် အပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်ပြီး သင်သည် ကောင်းချီးမင်္ဂလာများ ကင်းမဲ့လိမ့်မည်။ ထိုသို့သော သိသာထင်ရှားလှစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မထိုက်တန်ပေ။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ တစ်ဖန်ပြန်ရောက်ရန် အခွင့်မသာသောသူတစ်ဦး ဖြစ်နေမည် မဟုတ်ပေသလော။ စဉ်းစားကြည့်စမ်းလော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မလုပ်နှင့်။ ထို့အပြင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအရာကို ကစားပွဲတစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများအတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ မိမိကိုယ်ကို ပြက်တီးပြက်ချော်မပြုနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်သလော။ (ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

အမှာစကား ချန်ခဲ့မည်