စာရင်း

ပညာရှိသတို့သမီးတို့သည် သခင်၏အသံတော်ကိုကြားသိပြီး သခင့်ကိုကြိုဆိုနိုင်ခဲ့သည်။

သခင်ယေရှုကပြောသည် “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ထို့ကြောင့် တွေ့မြင်ရသည်မှာ နောက်ဆုံးကာလတွင် သခင်သည် သူ၏စကားတော်များကို မြွက်ဆိုခြင့်ဖြင့် လူတို့ထံ တံခါးခေါက်မည်ဖြစ်သည်၊ ပညာရှိသတို့သမီးတို့သည် ဘုရားသခင်၏အသံတော်ကို ကြားသိပြီး သခင့်ကို ကြိုဆိုနိုင်ကာ သိုးသူငယ်၏ခြေရာတော်ကို လိုက်မီနိုင်ကြမှာဖြစ်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့တော်မှောက်သို့ ချီဆောင်ခြင်းကိုရရှိကာ သိုးသူငယ်၏ ပွဲသဘင်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

ပညာရှိသတို့သမီးတို့သည် သခင်၏အသံတော်ကိုကြားသိပြီး သခင့်ကိုကြိုဆိုနိုင်ခဲ့သည်။

ရှင်မဿဲခရစ်ဝင် ၂၅:၁,၄,၆-၇,၁၀

ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။

ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။

သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။

ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။ 

ဗျာဒိတ်ကျမ်း ၃:၂၀

ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။

ဗျာဒိတ်ကျမ်း ၂:၁၁

ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။

ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇

ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။

ရှင်မဿဲခရစ်ဝင် ၇:၇-၈

တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။

ရှင်မဿဲခရစ်ဝင် ၅:၃

စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည်နှင့်အညီ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့်နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသောနေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ဆက်စပ်ညီညွတ်မှု မရှိနိုင်ပါ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင်နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်တို့၏ ကိုယ်ပိုင်အယူအဆများကို ရှောင်ခွာရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ကိုယ်ပိုင်အကန့်အသတ်ထဲတွင် ဘောင်ခတ်ထားရန်နှင့် သင်၏ကိုယ်ပိုင်အယူအဆများအတွင်း ကန့်သတ်ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေသင့်ပုံ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့လက်ခံသင့်ပုံ၊ ထို့ပြင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့နာခံသင့်ပုံတို့ကို မေးသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။ (ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး အဆင့်တစ်ခုစီတိုင်းနှင့်အတူ သာ၍အဆင့်မြင့်လာလေ့ရှိသည်။ မနက်ဖြန်နေ့၌ ဖော်ပြမည့် ဖွင့်ပြမှုသည် ယနေ့ဖော်ပြသော ဖွင့်ပြမှုထက် ပို၍အဆင့်မြင့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ပို၍အဆင့်မြင့်လာလေသည်။ ဘုရားသခင်သည် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် လူသားကို စုံလင်အောင်ပြုသည်။ အကယ်၍ လူသားက အမီမလိုက်နိုင်လျှင် အချိန်မရွေး နောက်ချန်ထားခြင်း ခံရနိုင်သည်။ လူသား၌ နာခံတတ်သော နှလုံးသားမရှိလျှင် အဆုံးတိုင်အောင် လိုက်နိုင်မည် မဟုတ်။ အတိတ်ခေတ်သည် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယနေ့ခေတ်သည် ခေတ်သစ်ဖြစ်၏။ ခေတ်သစ်၌ အမှုသစ်ကို ပြုရပေမည်။ အထူးသဖြင့် လူသားကို စုံလင်အောင်ပြုမည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် အမှုသစ်ကို သာ၍သာ၍လျင်မြန်စွာ လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ လူသားအနေဖြင့် နှလုံးသားထဲ၌ နာခံခြင်း မရှိလျှင် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ဖို့ ခက်မည်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်စည်းမျဉ်းစည်းကမ်းများကိုမျှ မလိုက်နာသကဲ့သို့၊ သူလုပ်ဆောင်သည့် အမှု၏ အဆင့်တိုင်းကိုလည်း မပြောင်းလဲသည့်အရာအဖြစ် မသတ်မှတ်ပေ။ စင်စစ်အားဖြင့် သူလုပ်သော အမှုသည် အမြဲအသစ်ဖြစ်နေလေ့ရှိပြီး၊ အမြဲအဆင့်မြင့်နေလေ့ရှိသည်။ အဆင့်တစ်ခုစီတိုင်းနှင့်အတူ သူလုပ်သောအမှုသည် ပို၍ပို၍လက်တွေ့ကျလာပြီး၊ လူသား၏ လိုအပ်ချက်များနှင့်လည်း ပို၍ပို၍ ကိုက်ညီလာလေ့ရှိသည်။ ထိုသို့သောအမှုမျိုးကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးမှသာ လူသားသည် သူ၏စိတ်သဘောထား၌ နောက်ဆုံးအသွင်သဏ္ဌာန်ပြောင်းလဲမှုကို ရရှိနိုင်သည်။ အသက်တာနှင့်ပတ်သက်သော လူသား၏အသိသည် ပိုပိုအဆင့်မြင့်လာသကဲ့သို့၊ ဘုရားသခင်၏ အမှုသည်လည်း ထိုနည်းတူစွာပင် ပိုပို၍ အဆင့်မြင့်လာသည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားကို စုံလင်အောင် ပြုလုပ်နိုင်ပြီး၊ ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သောသူ ဖြစ်လာနိုင်သည်။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အလုပ်လုပ်သည်မှာ တစ်ဖက်၌ လူသား၏အယူအဆများကို တန်ပြန်ရန်နှင့် ပြောင်းပြန်လှန်ရန်အတွက်ဖြစ်ပြီး၊ တစ်ဖက်၌မူ လူသားကို ပို၍အဆင့်မြင့်သော၊ ပို၍စစ်မှန်သော အခြေအနေသို့ရောက်အောင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ အဆင့်အမြင့်ဆုံးဘုံသို့ ဦးဆောင်သွားရန်အတွက်ဖြစ်သည်။ ထိုသို့အားဖြင့် အဆုံး၌ ဘုရားသခင်၏ အလိုတော်မှာ ပြည့်စုံနိုင်ရန်ဖြစ်သည်။ တမင်ဆန့်ကျင်လေ့ရှိပြီး မနာခံတတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် အလျင်အမြန် တစ်ဟုန်ထိုး တိုးတက်နေသည့် ဘုရားသခင့်အမှု၏ ဤအဆင့်၌ နောက်ကျကျန်နေခဲ့ကြလိမ့်မည်။ လိုလိုလားလား နာခံသူများနှင့် မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချမှုရှိသည့်သူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။ ဤသို့သောအမှုမျိုး၌ သင်တို့အားလုံးသည် မည်သို့နာခံသင့်ပုံနှင့် မိမိတို့၏အယူအဆများကို မည်သို့ဘေးဖယ်ထားသင့်ပုံတို့ကို သင်ယူသင့်သည်။ သင်သည် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းသင့်သည်။ အကယ်၍ သတိမထားလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပစ်ခါခါ ငြင်းပယ်ခြင်းကို ခံရသူ၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်သူ ဧကန်အမှန် ဖြစ်လာလိမ့်မည်။ (ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်)

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်းရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်းနှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အလုပ်ကို လက်ခံသော ဤလူအုပ်စုသည် ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံရသူများဖြစ်ပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောသူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏အသံကို တိုက်ရိုက်ကြားရပြီး ဘုရားသခင်ကိုယ်ထင်ရှားခြင်းကို မြင်ရကြသဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးတွင် သာမက လွန်လေပြီးသော ခေတ်အဆက်ဆက်၌ သင်တို့ကဲ့သို့ ဤလူအုပ်စုထက် ပို၍ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။ (ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ)

လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည် ‘သိုးသငယ်သွားလေရာရာ အရပ်သို့ နောက်တော်၌ လိုက်သောသူ’ ဖြစ်သင့်သည်။ ဤကဲ့သို့သော လူများသာလျှင် မှန်သော လမ်းကြောင်းကို ရှာဖွေသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများသာ ဖြစ်ကြသည်။ စကားလုံးများနှင့် အယူဝါဒများကို စုံမှိတ်ပြီး လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် ‘ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်’ နှင့် ‘ယေရှုသည် ခရစ်တော်ဖြစ်သည်’ ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။ (ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု)

ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ သီးသန့်ပိုင်သည့် ပစ္စည်းဥစ္စာအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားဘဲ၊ မည်သည့်ပုံစံ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်လူမျိုးမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို လုပ်နေသည်။ သင့်အနေဖြင့် ထိုပုံစံကို တစ်ခါမျှ စိတ်မကူးမိခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ထိုပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်သောသဘောထား ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ဘုရားသခင်အနေဖြင့် မိမိကိုယ်မိမိ ဖော်ထုတ်ပြသည့် အရပ်ဖြစ်သော တိုင်းနိုင်ငံနှင့် လူမျိုးတို့သည် တိုက်တိုက်ဆိုင်ဆိုင်ပင် လူအားလုံးတို့၏ ခွဲခြားဆက်ဆံမှု ခံနေရပြီး ကမ္ဘာပေါ်၌ ခေတ်နောက်အကျန်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်၌ သူ၏ဉာဏ်ပညာရှိသည်။ သူ၏ ကြီးမြတ်သောတန်ခိုး၊ သူ၏ သမ္မာတရားနှင့် သူ၏စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် သူနှင့် စိတ်တစ်ဝမ်းတည်းဖြစ်သည့် လူတစ်စုကို အမှန်ရရှိခဲ့သည်။ အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများ၊ အမျိုးမျိုးသော နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့် သူသိမ်းပိုက်ထားသော လူစုဖြစ်သည့် စုံလင်အောင် သူပြုလိုသော လူတစ်စုကို အမှန်ပင် သူရရှိခဲ့သည်။ မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါကကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန်အတွက် ကားတိုင်၌ အသေခံဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ ‘မဖြစ်နိုင်’ ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ ‘မဖြစ်နိုင်’ ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့သွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို ဘေးဖယ်ထားလော့။ တိတ်တိတ်နေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ ‘မဖြစ်နိုင်’ ဟူသည့် သင့်အမြင်များကို ဘေးဖယ်ထားလော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်ပေါ်ထွန်းသည့်နည်းဟန်နှင့် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ။ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်။ ယင်းအချက်မှာ သခင်ယေရှုသည် ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတိုက်ရှိ လူအားလုံး၏ ဘုရားဖြစ်သည်သာမက စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားဖြစ်သကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်။ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ ဤနှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်နိုင်မည်ဟု ငါမျှော်လင့်သည်။ ခေတ်သစ်တစ်ခေတ်ထဲသို့ သင်တို့ရှေ့တိုးလျက် လှမ်းသွားသည်နှင့် ဘုရားသခင်၏ခြေလှမ်းများနောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေကြသူများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဝင်ရောက်ကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ (ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

အမှာစကား ချန်ခဲ့မည်