စာရင်း

ကျွန်ုပ်တို့၏ဆုတောင်းခြင်းများ နားညောင်းခြင်းခံရရန် ဆုတောင်းခြင်း၏ ပြဿနာသုံးခုကို ဖြေရှင်းခြင်း

ညီအစ်ကိုမောင်နှမတို့

သခင်၌ ငြိမ်သက်ခြင်းရှိပါစေ။ ယနေ့ ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခြင်း၏ ခေါင်းစီးမှာ “ဆုတောင်းခြင်း၌ ကျွန်ုပ်တို့ ဖြေရှင်းရမည့် ပြဿနာသုံးခု” ဖြစ်ပါသည်။ ကျွန်ုပ်တို့ မိတ်သဟာယကို သခင် လမ်းညွှန်ပါစေ။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ပုံမှန်ဆက်နွယ်မှုကို တည်ထောင်ရန်အတွက် လမ်းကြောင်းဖြစ်သည်ကို ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် သိရှိကြပါသည်။ ကျွန်ုပ်တို့ ဆုတောင်းခြင်းများ နားညောင်းခြင်းခံရရန် နှင့် လက်ခံခြင်းခံရရန် အတွက် ကျွန်ုပ်တို့အားလုံး မျှော်လင့်သော်လည်း၊ ယနေ့အချိန်တွင် ညီအစ်ကိုမောင်နှမများစွာတို့သည် ၎င်းတို့၏ ဆုတောင်းခြင်းများ နားညောင်းမခံရသလို လက်ခံခြင်း မခံရသည့် အချက်ဖြင့် စိတ်ညစ်လျက်ရှိကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း မည်သို့ဆုတောင်းသင့်သနည်း၊ ပြီးလျှင် ကျွန်ုပ်တို့ ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်းဖို့ မည်သည့်ပြဿနာများကို ဖြေရှင်းရမည်နည်း။

၁။ ကျွန်ုပ်တို့ ဆုတောင်းသည့်အခါ လေလုံးထွားခြင်း၊ လက်တွေ့မကျခြင်း နှင့် လိမ်လည်လှည့်ဖြားခြင်း စသည့် တို့၏ ပြဿနာကို ဖြေရှင်းရပါမည်။

ကျွန်ုပ်တို့ နေ့စဉ်အသက်တာများတွင်၊ သခင့်ထံဆုတောင်းသည့်အခါ၊ မှားယွင်းသော၊ ချဲ့ကားသော၊ သို့မဟုတ် အနှစ်မဲ့သော အရာများကို မကြာခဏ ပြောဆိုကြသောကြောင့်၊ သခင်သည် သူ၏မျက်နှာတော်ကို ကွယ်ဝှက်ကာ၊ နားထောင်ခြင်းလည်း မရှိပါ။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် မိမိတို့ ဆုတောင်းချက်များတွင် “သခင်၊ လောကထဲ ရှိသမျှအရာအားလုံးက ညစ်ညမ်းပြီး ကျွန်တော်တို့က ဒီကမ္ဘာပေါ်မှာ ဧည့်သည်နဲ့ သူစိမ်းများသာ ဖြစ်တာကို သိပါတယ်။ ကျွန်တော် သခင့်ကို ချစ်ပြီး သခင့်ကိုကျေနပ်စေဖို့ ဆန္ဒရှိပါတယ်” ဟု မကြာခဏ ပြောကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ အသက်တာများတွင် ကျွန်ုပ်တို့သည် ကြွယ်ဝမှု၊ ဂုဏ်သတင်း နှင့် အဆင့်အတန်းတို့ကဲ့သို့ လောကီရေးရာများကို လက်လွှတ်နိုင်ခြင်း မရှိသေးသည့်အပြင်၊ ကျွန်ုပ်တို့သည် ၎င်းတို့အား တက်ကြွစွာဖြင့်ပင် လိုက်စားနေဆဲ ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် သခင့်ထံသို့ ဆုတောင်းပြီး “ဘုရားသခင်၊ ကျွန်တော်က သစ္စာရှိတဲ့ ဘဏ္ဍာထိန်းဖြစ်လိုတဲ့အပြင် ကိုယ်တော့်ကို ကျွန်တော့်ရဲ့ စိတ်နှလုံးခွန်အား အကြွင်းမဲ့နဲ့ အစေခံလိုပါတယ်” ဟု ပြောကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ အလုပ်တွင် မည်သို့ဖြေရှင်းရမည်ကို မသိသည့် အခက်အခဲများဖြင့် ကြုံဆုံရပါက၊ အခက်အခဲနှင့် ဆင်းရဲဒုက္ခများအကြောင်း ကျွန်ုပ်တို့ ညည်းတွား တတ်ကြပါသည်။ ကျွန်ုပ်တို့ ဆုတောင်းခြင်းများတွင် မကြာခဏဆိုသကဲ့သို့ “သခင်၊ ကျွန်တော် ကားတိုင်ကို ထမ်းပြီး၊ သခင့်နောက်ကို လိုက်လိုပါတယ်” ဟု ပြောကြသည်။ သို့သော်လည်း နာမကျန်းဖြစ်ခြင်း သို့မဟုတ် အကျဉ်းကျခြင်းတို့ကဲ့သို့ ကြီးမားသည့် စမ်းသပ်မှုများ ကျွန်ုပ်တို့ထံသို့ လာရောက်သည့်အချိန်တွင် ကျွန်ုပ်တို့နှလုံးသားများတွင် ညည်းတွားခြင်းများ ပေါ်ထွက်လာကာ၊ ကျွန်ုပ်တို့သည် မိမိတို့၏လုံခြုံမှုကို ကာကွယ်ပေးခြင်းမရှိသည့်အတွက် သခင့်ကို အပြစ်တင်ကြပါသည်။ ထိုသို့သော ဆုတောင်းခြင်းများသည် လက်တွေ့မကျပါ။ ၎င်းတို့သည် ကျွန်ုပ်တို့ နှလုံးသားများမှလာသော စကားများမဟုတ်သောကြောင့် သခင်သည် ၎င်းတို့ကို လက်မခံပါ။ သခင်ယေရှုက “ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၂၄) မိန့်တော်မူခဲ့ပါသည်။ ဤကျမ်းပိုဒ်မှနေပြီး သခင်က ကျွန်ုပ်တို့အား ရိုးသားသည့်သူများဖြစ်စေရန် နှင့် ကျွန်ုပ်တို့သည် သခင်နှင့် စကားပြောရာတွင် လက်တွေ့ကျပြီး၊ အလေးအနက်ထားရန်အတွက် တောင်းဆိုကြောင်းကို ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် လေလုံးကြီးစွာဖြင့်လည်းကောင်း၊ လက်တွေ့မကျသောအရာများကို လည်းကောင်း မပြောဆိုသင့်ပါ၊ သို့မဟုတ်ပါက ကျွန်ုပ်တို့သည် သခင့်ကို လှည့်စားခြင်းသာ ဖြစ်ပြီးလျှင်၊ ကိုယ်တော်က ကျွန်ုပ်တို့ကို ရွံရှာစက်ဆုပ်လာ စေအောင် လုပ်ဆောင်မိမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဆုတောင်းသည့်အခါ သခင့်ကို နှလုံးသားထဲမှ စကားပြောရန်၊ လက်တွေ့ကျကျ ပြောဆိုရန်တို့အတွက် လေ့ကျင့်ရမည် ဖြစ်ပြီး၊ မှားယွင်းပြီး သူတော်ကောင်းယောင်ဆောင်သော စကားများ ကို စွန့်ပယ်ရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ မည်မျှစကားပြောဆိုသည်ကိုလည်းကောင်း၊ မည်မျှ ကြားကောင်းသည်ကိုလည်း ဂရုမစိုက်သင့်ပါ။ ကျွန်ုပ်တို့သည် သခင့်အား ရိုးသားစွာဖြင့် ဆုတောင်းခြင်း ရှိမရှိကိုသာ ဂရုစိုက်သင့်ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် သခင့်အတွက် အလုပ်လုပ်သည်နှင့်အညီ ကျွန်ုပ်တို့၏ နှလုံးသားများ၌ လောကီရေးရာများနှင့် ကြွယ်ဝမှုများကို လိုက်စားလိုခြင်းလည်း ရှိနိုင်သောကြောင့် ကျွန်ုပ်တို့သည် သခင့်ကို ရိုးသားစွာ စကားပြောဆိုပြီးလျှင်၊ သခင်က ကျွန်ုပ်တို့အား လမ်းပြရန်နှင့် ကိုယ်တော့်အတွက် ကျွန်ုပ်တို့ ရိုးသားစွာဖြင့် အသုံးခံရန် ကူညီဖို့် တောင်းလျှောက်သင့်ပါသည်။ ကျွန်ုပ်တို့သည် အခက်အခဲများနှင့် ကြုံဆုံရပါက၊ သခင်နှင့် မှန်ကန်စွာ ဆက်ဆံပြောဆိုသင့်ပါသည်။ “ဘုရားသခင်၊ ကျွန်တော် အခုအချိန်မှာ အခက်အခဲများ ကြုံတွေ့နေရပါတယ်၊ ကျွန်တော်ဟာ အားနည်းနေပါတယ်၊ ကိုယ်တော့်ကို ချစ်မြတ်နိုးချင်ပေမဲ့လည်း အဲဒီဆန္ဒ အတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိပါ။ အဲ့ဒါကြောင့် ကိုယ်တော်က ကျွန်တော့် နှလုံးသားကို တို့ထိပြီး၊ ကျွန်တော့်ရဲ့ အခက်အခဲတွေက ကျွန်တော့်ကို အားနည်းအောင် လုပ်ခွင့်မပေးဖို့ တောင်းလျှောက်ပါတယ်” ဟု ဖြစ်ပါသည်။ ဤသို့ပြောပြီးနောက်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် နိုးကြားစွာပူးပေါင်းပြီးလျှင်၊ ဘုရားသခင်ကို ရိုးသားစွာဖြင့် မှီခိုရပါမည်။ သခင့်ကို ထိခိုက်စေသည့် အမှားများကို ကျွန်ုပ်တို့ ပြုလုပ်မိသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့သည် စမ်းသပ်ခြင်းများကြား ဘုရားသခင်ကို နားလည်မှုလွဲသည့်အခါတွင်၊ ပို၍ပင် ကျွန်ုပ်တို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးမှု၊ ကျွန်ုပ်တို့၏ စစ်မှန်သည့် အတွေးများ၊ ကျွန်ုပ်တို့၏ အခက်အခဲများ စသည်တို့ကိုလည်း သခင့်ကို ရိုးသားစွာရှင်းပြရပါမည်။ သခင့်ထံသို့ ကျွန်ုပ်တို့ ဆုတောင်းသည့် အချိန်တွင် ပြောသည့် အရာသည် ဟန်ဆောင်ခြင်းကင်းပြီး၊ သမ္မာတရားဖြစ်ရမည်။ အကြောင်းမှာ ထိုသို့ဖြစ်သည့်အခါတွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်လာမည် ဖြစ်ပြီးလျှင်၊ ဘုရားသခင်ကလည်း ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကို နားညောင်းမည် ဖြစ်သောကြောင့်ပင်တည်း။ ဤနည်းအားဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ သိကျွမ်းခြင်းသည် ပိုမိုနက်ရှိုင်းကြီးထွားလာပြီးလျှင်၊ အသက်တာ၌လည်း ကျွန်ုပ်တို့ ဆက်လက်ရင့်ကျက်လာမည် ဖြစ်ပါသည်။

၂။ လုပ်ရိုးလုပ်စဉ်များအရ လုပ်ဆောင်ခြင်း၊ အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်ခြင်း စသည့်ပြဿနာများအပြင်၊ ကျွန်ုပ်တို့ ဆုတောင်းသည့်အချိန်တွင် ဘုရားသခင် ရှေ့တော်မှောက်တွင် ငြိမ်သက်စွာ မနေသည့် ပြဿနာကိုလည်း ဖြေရှင်းရပါမည်။

ယနေ့ခေတ်တွင် ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမ အများစုသည် ဆုတောင်းသည့်အချိန်တွင် အပြင်ပန်း လုပ်ငန်းစဉ်များကိုသာ အာရုံစိုက်လေ့ရှိကြပြီးလျှင်၊ ဘုရားသခင် ရှေ့တော်မှောက်သို့ တိတ်ဆိတ်စွာ သွားရောက်ခြင်းဖြင့် ဆုမတောင်းကြပါ။ သင်သည် အလုပ်တွင် အလုပ်ရှုပ်နေပြီး၊ နံနက်ခင်းအချိန်တွင် အလုပ်နောက်ကျမည်ကို ကြောက်ရွံ့နေသည်ဟု စိတ်ကူးကြည့်ပါ၊ အချိန်ပိုမိုရစေရန် ကြိုးစားရာ၌ သင်သည် ဘုရားသခင်ကို မပီပြင်မသဲကွဲစွာဖြင့် စိတ်မပါလက်မပါ ဆုတောင်းပါလိမ့်မည်။ ထိုသို့သော ဆုတောင်းခြင်းများသည် ဖရိုဖရဲဖြစ်ကာ စိတ်မပါပဲနှင့် လှုပ်ရှားနေခြင်းမျှသာ ဖြစ်ပါသည်။ သို့မဟုတ် ကျွန်ုပ်တို့သည် အစည်းအဝေးတွင် ဆုတောင်းသည့်အခါနှင့် အခြားလူတစ်ယောက်က အချိန်အကြာကြီး ဆုတောင်းခြင်း သို့မဟုတ် များစွာဆုတောင်းနေခြင်းကို ကြားရသည့်အခါတို့တွင်၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင် ပြောစရာစကားများစွာ မရှိသော်လည်း အခြားသူများထက် နည်းပါးစွာ ဆုတောင်းပါက၊ အထင်သေးခံရမည်ကို ကြောက်သောကြောင့် မိမိတို့ ဆုတောင်းရမည့် အလှည့် ရောက်သည့် အချိန်တွင်၊ ထိုအခြားလူကို အတုခိုးကာ များစွာဆုတောင်းကြခြင်း၊ တစ်ခါတစ်ရံတွင် ထိုအခြားလူတစ်ယောက် ပြောသည့်စကားများကို လိုက်လံပြောဆိုခြင်းများကိုပင် ပြုကြပါသည်။ ထိုသို့သော ဆုတောင်းခြင်းများသည် အခြားသူများမြင်တွေ့စေရန် ဆုတောင်းခြင်းဖြစ်ပြီး၊ ဘုရားသခင် ရှေ့တော်မှောက်တွင် တိတ်ဆိတ်စွာ ဆိုသည့် ဆုတောင်းခြင်းများ မဟုတ်ပါ။ သခင်ယေရှုက ကျွန်ုပ်တို့အား “သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။(ရှင်မဿဲ ၆:၆) ဟု မိန့်တော်မူခဲ့ပါသည်။ သခင်၏ နှုတ်ကပတ်တော်တွင် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ရှေ့တော်မှောက်တွင် ဆုတောင်းသည့်အခါတွင် တည်ငြိမ်ပြီး ဆိတ်ငြိမ်သော နှလုံးသားတစ်ခု ရှိရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် အခြားမည်သူ၊ မည်သည့်အရာ၊ သို့မဟုတ် မည်သည့်အရေးကိစ္စမဆို၏ သြဇာလွှမ်းမိုးခြင်းကို မခံသင့်ပါ။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် နံနက်ခင်းအချိန်တွင် အလုပ်ကို အဆောတလျင်သွားရခြင်းမျိုး ရှိနိုင်သော်လည်း၊ ဘတ်စ်ကားစောင့်ရင်းဖြင့် မိမိတို့နှလုံးသားကို ဆိတ်ငြိမ်စွာထားနိုင်ပြီး၊ ဘုရားသခင် ရှေ့တော်မှောက်သို့ တိတ်ဆိတ်စွာ သွားရောက်နိုင် ပါသည်။ ကျွန်ုပ်တို့ သည် ဘတ်စ်ကားစီးသည့်အချိန် သို့မဟုတ် ရုံးခန်းတွင် ထိုင်သည့်အချိန်များတွင် မိမိတို့ နှလုံးသားတွင်လည်း ဤအတိုင်းဆောင်ရွက်နိုင်ပါသည်။ ထိုသို့ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား မည်သည့် ပညတ်တရားကို လိုက်နာရန်မျှ တောင်းဆိုမထားပါ။ ကျွန်ုပ်တို့သည် သခင်နှင့် ရင်းနှီးမှုရှိပြီး၊ ကိုယ်တော့်ထံမှ ထွက်ခွာခြင်းမရှိသည့် ရလဒ်ကို ရရှိရန်သာ လိုအပ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် အစည်းအဝေးများတွင် ဆုတောင်းသည့် အခါတွင် အခြားသူများက အထင်ကြီးအားကျလာစေရန် မကြိုးစားသင့်သကဲ့သို့၊ မိမိအား အခြားလူများက မည်သို့ရှုမြင်မည်ကိုဂရုမစိုက်သင့်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင် ရှေ့တော်မှောက်သို့ တိတ်ဆိတ်စွာ သွားရောက်ကာ၊ ကိုယ်တော့်ထံသို့ ကျွန်ုပ်တို့၏ နှလုံးသားများကို ဖွင့်ပေးပြီးလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားမှုကို လက်ခံရပါမည်။ ကျွန်ုပ်တို့ ဤအရာကိုပြုပါက၊ ကျွန်ုပ်တို့သည် အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်ခြင်း မဟုတ်တော့ပဲနှင့်၊ ဘုရားသခင်ကလည်း ကျွန်ုပ်တို့ကို ကြားမည် ဖြစ်ပါသည်။

၃။ ကျွန်ုပ်တို့သည် လွန်ကဲသောဆန္ဒများရှိခြင်းနှင့် ကျွန်ုပ်တို့ ဆုတောင်းသည့်အချိန်တွင် မိမိတို့အတွက်သာ အမြဲတမ်း ရှာဖွေခြင်း ပြဿနာများကို ဖြေရှင်းရပါမည်။

ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ထံတွင် လွန်ကဲသော တောင်းဆိုမှုများ ပြု၍မရသည်ကို သိရှိကြသော်လည်း၊ ကျွန်ုပ်တို့သည် ကောင်းကြီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်များကိုသာ တွေးတောကြံဆနေသောကြောင့်၊ ၎င်းကို သတိမမူမိပဲနှင့် ဘုရားသခင်ကို မကြာခဏ တောင်းဆိုမှုများပြုခြင်း နှင့် ဆန္ဒမျိုးစုံတို့ကို ဖြည့်ဆည်းရန် လွန်ကဲသောတောင်းဆိုမှုများ ပြုလုပ်ခြင်းတို့ကို ပြုပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့ ကလေးကို ပိုမိုကောင်းမွန်သည့် ကျောင်းသို့ပို့ရန်၊ ကျွန်ုပ်တို့က “ဘုရားသခင်၊ ကျွန်တော့် ကလေးရဲ့ စာမေးပွဲက ရက်အနည်းငယ်အတွင်း ဖြေဆိုရပါတော့မယ်။ ကျွန်တော့် ကလေးကို ကိုယ်တော့်ထံ ယုံကြည်စွာ အပ်နှံပါတယ်။ သူ့အနေနဲ့ စာမေးပွဲမှာ ရလဒ်ကောင်းတွေ ရရှိဖို့နဲ့ အနာဂတ်မှာ အောင်မြင်နိုင်စေဖို့ အတွက် ကိုယ်တော် သူကို ကျွမ်းကျင်ထက်မြက်ခြင်းနဲ့ ဉာဏ်ပညာတို့ကို ပေးဖို့ ကျွန်တော် တောင်းလျှောက်ပါတယ်။” ဟု ဆုတောင်းကောင်းဆုတောင်းနိုင်ပါသည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများက “ဘုရားသခင်၊ ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းကို ကိုယ်တော့်ထံယုံကြည်စွာအပ်နှံပါတယ်၊ ကိုယ်တောရဲ့ ကာကွယ်မှု စောင့်ရှောက်မှုတို့အတွက် ကျွန်တော် တောင်းလျှောက် ပါတယ်။ ကျွန်တော်ရဲ့ ရုပ်ဝထ္တုဆိုင်ရာ ကင်းမဲ့မှုက လွတ်မြောက်ခွင့်ကိုလည်း ပေးမဲ့ ကျွန်တော် စီးပွားရေးလုပ်ငန်း အောင်မြင်မှုအတွက် ကောင်းကြီးပေးဖို့နဲ့ တစ်ပါးအမျိုးသားတို့ကို ကိုယ်တော်ပြုနိုင်သည့် အံ့ဖွယ်အမှုများကိုပြဖို့အတွက် ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်” ဟု ဆုတောင်းကောင်း ဆုတောင်းနိုင်ပါသည်။ အသင်းတော်တွင် အလုပ်လုပ်ပြီး၊ အသုံးခံသူများကမူ “သခင်၊ အခု ကျွန်တော်က ကိုယ်တော့်အတွက် အစေခံပြီး၊ အသုံးခံပါတယ်။ ကိုယ်တော်က ကျွန်တော့်မိသားစုကို အောင်မြင်တဲ့ စီးပွားရေးတစ်ခုနဲ့ ကောင်းကြီးပေးဖို့ တောင်းလျှောက်လိုပါတယ်။ အဲဒါမှသာ သူတို့တွေ အစားအစာ ဒါမှမဟုတ် အဝတ်အထည်တွေ မချို့တဲ့မှာ ဖြစ်ပါတယ်”ဟု ဆုတောင်းကောင်းဆုတောင်းနိုင်ပါသည်။ ဤကဲ့သို့သော ဆုတောင်းခြင်းများအားလုံးသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်လွန်ကဲသောဆန္ဒများ ပါဝင်ပါသည်။ ၎င်းတို့အားလုံးက ဘုရားသခင်ကို ကျွန်ုပ်တို့ ဆန္ဒများအတိုင်း ဤအရာ သို့မဟုတ် ထိုအရာကို လုပ်ဆောင်ပါရန် တောင်းဆိုကြ သည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းခံသတ္တဝါများဖြစ်ကြပြီးလျှင် ဖန်ဆင်းရှင်း ရှေ့တော်မှောက်တွင် အသိစိတ် ရှိသင့်ပါသည်။ ကျွန်ုပ်တို့တွင် ဘုရားသခင်ကို ကြောက်သည့် နှလုံးသား ရှိသင့်ပြီးလျှင် ကျွန်ုပ်တို့ ဆန္ဒများအတိုင်း လုပ်ဆောင်ရန် ဘုရားသခင်ကို မတောင်းဆိုသင့်ပါ။ ပြီးနောက် သခင်ယေရှုကလည်း ကျွန်ုပ်တို့အား “ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၆:၃၁-၃၃)ဟု မိန့်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် မည်သည့်အရာကို စားမည်ဟု လည်းကောင်း၊ မည်သို့ ဝတ်စားဆင်ယင်မည်ကိုလည်းကောင်း စသည်တို့နှင့် ပတ်သက်ပြီး အတွေးတစ်ခုမျှ မရှိသင့်ကြောင်း သခင်ယေရှုက ကျွန်ုပ်တို့ကို သွန်သင်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤအရာများကို သခင့်ထံမှ မရှာဖွေသင့်ပါ။ အကြောင်းမှာ သခင်သည် ကျွန်ုပ်တို့လိုအပ်သမျှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာများအားလုံးကို ပြင်ဆင်ပေးပြီး စီစဉ်ပေးမည် ဖြစ်သောကြောင့်ပင်တည်း။ သခင်က ကျွန်ုပ်ထံမှ ဤအရာကို လိုအပ်ပါသည်။ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။” ဤအချက်က ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတို့အတွက် ပထမဦးစွာ ဆုတောင်းသင့်ကြောင်းဖြစ်ပါသည်။ အကြောင်းမှာ ဘုရားသခင်သည် ဤကဲ့သို့ ဆုတောင်းခြင်းမျိုးကို လက်ခံသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် နောက်ဆုံးသောကာလ၌ ကျွန်ုပ်တို့ ရှင်သန်သည်ကို သိရှိပြီးလျှင်၊ ပရောဖက်ပြုခြင်းများက ကိုယ်တော် ပြန်ကြွလာမည့်အကြောင်း ပြောဆိုသည်ကို သိရှိသည်ဟု ဆင်ခြင်ကြည့်လိုက်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးသို့ မကြာမီတည်မည့် ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆုတောင်းသင့်ပါသည်။ အကြောင်းမှာ ဤကျမ်းပိုဒ်တွင် ဆိုထားသည့်အတိုင်း “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။(ရှင်မဿဲခရစ်ဝင် ၆:၁၀) ဟု ဖြစ်သော ကြောင့်ပင်တည်း။ ကျွန်ုပ်တို့သည် ပညာရှိသည့် သတို့သမီးများဖြစ်ရန် ဘုရားသခင်၏ လမ်းပြခြင်းအတွက် နှင့် ကိုယ်တော်၏ ပြန်ကြွလာမည့် သတင်းကို ကြားသိရချိန်တွင် သခင့်ကို ကြိုဆိုနိုင်ရန်တို့အတွက် ဆုတောင်းသင့်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် နှင့် သန့်စင်ခြင်းအတွက် လည်း ဆုတောင်းရပါမည်။ သမ္မာတရားနှင့် အသက်တာကို ရရှိရန် အတွက် ဤကဲ့သို့သော ဆုတောင်းခြင်းများအားလုံးကို သခင်က နားညောင်းမည်သာဖြစ်ပါသည်။

နောက်ဆုံးတွင် ကျွန်ုပ် ဧဝံဂေလိတရားတော် ဝဘ်ဆိုက်တစ်ခုတွင် ဖတ်ရှုခဲ့ရသည့် ကျမ်းပိုဒ်နှစ်ပိုဒ်ကို အယောက်စီတိုင်းနှင့် ဝေငှလိုပါသည်- “စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သူ၏ အလိုတော်ကို သင် သဘောပေါက်သည့်အတိုင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို ဆက်သွယ်ခြင်း၊ ဘုရားသခင်နှင့် အထူးသဖြင့် ရင်းနှီးသည်ဟု ခံစားခြင်း၊ သူသည် သင်၏ ရှေ့တွင် ရှိနေသည်ဟု ခံစားရခြင်းနှင့် သူ့ကို ပြောစရာတစ်ခုခု ရှိသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သည်ဟု ခံစားရကာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို သင် ခံစားရသည်။ သင်သည် အထူးသဖြင့် လှုံ့ဆော်မှုကို ခံစားရပြီး သင်ပြောသည့်အရာကို နားထောင်ခြင်းက သင်၏ညီအစ်ကို မောင်နှမများကို အားရကျေနပ်မှု ပေးသည်။ သင်၏ စကားများသည် ၎င်းတို့ ကိုယ်တိုင်၏စကားများ ကိုယ်စားပြောသည့်အလား၊ သင်ပြောသည့် စကားများက ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ရှိသည့် စကားများ၊ ၎င်းတို့ပြောချင်သည့် စကားများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဤသည်မှာ စစ်မှန်သည့် ဆုတောင်းခြင်း ဖြစ်သည်။ စစ်မှန်သော ဆုတောင်းခြင်းကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်းလိမ့်မည်ဖြစ်ပြီး အားရကျေနပ်ခြင်းကို သိလိမ့်မည်။ ဘုရားကို ချစ်ဖို့စွမ်းအား မြင့်မားလာနိုင်ပြီး ဘဝတွင် ဘုရားသခင်ကို ချစ်ခြင်းထက် သာ၍ တန်ဖိုးရှိသည့်အရာ သို့မဟုတ် အရေးပါသည့်အရာ မရှိဟု သင် ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်၏ဆုတောင်းခြင်းများ ထိရောက်သည်ကို သက်သေပြပေသည်။” “ဆုတောင်းသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်သည့် နှလုံးသားတစ်ခုနှင့် ရိုးသားသည့် နှလုံးသားတစ်ခု ရှိရမည်။ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယပြုနေပြီး ဆုတောင်းနေခြင်း ဖြစ်သည်- ကြားကောင်းသည့် စကားလုံးများကို သုံးပြီး ဘုရားသခင်ကို နားပူနားဆာလုပ်ရန် သင် မကြိုးစားရပေ။ ဆုတောင်းခြင်းသည် ဘုရားသခင်က ယခုပင် ပြီးမြောက်ရန် ဆန္ဒရှိသည့်အရာအပေါ် ဗဟိုပြုသင့်၏။ သင်ဆုတောင်းသည့်အခါ ပိုမိုကြီးမားသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သင့်အားပေးဖို့၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ပြုသည့် သန္နိဋ္ဌာန်အပါအဝင်၊ သင်၏အခြေအနေမှန်နှင့် ဒုက္ခများကို သူ၏မျက်မှောက်သို့ ယူဆောင်ခဲ့လော့။ ဆုတောင်းခြင်းသည် လုပ်ထုံးလုပ်နည်းများကို လိုက်လျှောက်ခြင်း မဟုတ်။ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားတစ်ခုဖြင့် ရှာဖွေခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်ဖို့အလို့ငှာ၊ သင့်ကို သူထားသည့် ပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် စက်ဆုပ်ရွံရှာဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့၊ ထိုသို့ဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု သင့်ကို ရှိခွင့်ပေးပြီး ဘုရားသခင်ကို ချစ်သည့်သူတစ်ဦး အမှန်တကယ်ဖြစ်လာဖို့ အလို့ငှာ သင်၏ စိတ်နှလုံးကို ကွယ်ကာပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လော့။(ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍)

သခင့်ကို ကျေးဇူးတင်ရှိပါသည်။ ဆုတောင်းခြင်းများသည် ဘုရားသခင်နှင့် ဆက်သွယ်စကားပြောဆိုရာတွင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ ပေါင်းကူးတံတား ဖြစ်ပြီးလျှင်၊ ကျွန်ုပ်တို့က သခင့်ထံသို့ ရိုးသားပြီး ဟန်မဆောင်သည့် နှလုံးသားတစ်ခုဖြင့် ဆုတောင်းနေကာ၊ ဘုရားသခင်၏ အလိုတော်ကို ဆုတောင်းနေသမျှ ကာလပတ်လုံး၊ သခင်သည် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကို လက်ခံပြီး နားညောင်းမည် ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်အနေဖြင့် သင်တို့အားလုံးနှင့် ဤအရာကို မိတ်သဟာယဖွဲ့နိုင်သည့်အတွက် သခင့်ကို ကျေးဇူးတင်ရှိပါသည်။ အာမင်။

အမှာစကား ချန်ခဲ့မည်