စာရင်း

ဤသည်မှာ ချီဆောင်ခြင်းအား ရယူသည့် နည်းလမ်းဖြစ်သည်

ပူလောင်သည့် နေ့လယ်အချိန်တစ်ခုတွင် ပုစဉ်းရင်ကွဲများသည် သစ်ပင်များကြားတွင် မရပ်မနား စူးရှစွာအော်မြည်နေလျှက်ရှိသည်။ အပူဒဏ်သင့်မှုကြောင့် လမ်းဘေးရှိသစ်ပင်များနှင့် ပန်းပွင့်များ၏အပေါ်ပိုင်းများသည် နွမ်းနယ်လျှက် အောက်သို့ ညှိုးကျလျှက်ရှိသည်။

လူနေထိုင်ရာ အိမ်ရာတစ်ခုတွင် ဝမ်နာသည် သူ့ကိုယ်သူ နှိုးကြားစေရန် အားတင်းလျှက် ဆက်ပြောသည်။ “သမ္မာကျမ်းစာမှာ ‘ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။’ (သက်သာလောနိတ် ဩဝါဒစာ ပဋ္ဌမစောင် ၄:၁၇) လို့ ပြောထားပါတယ်။ အသင်းတော်ထဲမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေနဲ့ ကမ္ဘာကြီးရဲ့ အခြေအနေအရ နောက်ဆုံးသောကာလ ရောက်ပြီဆိုတာကို ကျွန်မတို့ မြင်နိုင်ပါတယ်။ ငလျင်တွေက ကမ္ဘာတဝှမ်းမှာ ခဏခဏ ဖြစ်ပေါ်နေတယ်။ နိုင်ငံတကာအခြေအနေက ရှုပ်ထွေးနေတယ်။ စစ်ပွဲရဲ့ မီးတောက်တွေထဲမှာ လူတွေအများကြီး သေခဲ့ကြပြီး အိမ်တွေအများကြီး ဖျက်ဆီးခံရတယ်။ ကမ္ဘာမှာရှိတဲ့ ဒုက္ခသည်အရေအတွက်က ချက်ချင်း မြင့်တက်လာတယ်။ ငတ်မွတ်ခေါင်းပါးမှု၊ ပုလိပ်ရောဂါ၊ ရေကြီးတာတွေ၊ မိုးခေါင်တာတွေလည်း တဖြည်းဖြည်းချင်း ပျံ့နှံ့လာတယ်။ သခင်ပြန်ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တွေက အခြေခံအားဖြင့် ပြည့်စုံနေပြီ။ ဒါကြောင့် သခင်က ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ကို ခေါ်ဆောင်ဖို့အတွက် မကြာခင်မှာ ပြန်ကြွလာလောက်ပြီ။ အဲဒီအချိန်မှာ ကျွန်မတို့အားလုံးဟာ သခင့်ကို လေထဲမှာ တွေ့ကြရမှာပါ။ သခင့်ရဲ့ ကတိတော်အပေါ်မှာ ကျွန်မတို့ ယုံကြည်ခြင်း ရှိသင့်တယ်။”

သူမ၏စကားများကြောင့် လုပ်ဖော်ကိုင်ဖက်များသည် အချင်းချင်း အကူအညီမဲ့စွာဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက် အချို့မှာ သူတို့ခေါင်းကို ငုံ့ပြီး စိတ်မပါစွာဖြင့် သမ္မာကျမ်းစာကို လှန်လှောကြည့်ရှုကြသည်။ အချို့မှာ အနည်းငယ် ခေါင်းခါပြီး သက်ပြင်း အနည်းငယ်ချသည်။ အချို့မှာ အချင်းချင်း တီးတိုးစကားပင် ပြောကြသည်။

“နင်က အဲဒီလိုပြောပေမဲ့” အစ်မလီက စိတ်ခံစားချက်မဲ့စွာဖြင့်ပြောသည်။ “သခင်ပြန်ကြွလာတာကို ကြိုဆိုဖို့အတွက် ငါတို့ တော်တော်ကြာနေပြီဆိုတော့ အခု ညီအစ်ကိုမောင်နှမတွေအားလုံးက တက်ကြွမှုမရှိဖြစ်ပြီး အားလျော့လာတယ်။ ကပ်ဘေးဒုက္ခတွေကလည်း နေရာတိုင်းမှာ ပိုပိုဆိုးလာပြီး သွေးရောင်လွှမ်းတဲ့ လလေးခုက ပေါ်ပြီးနှင့်ပြီ။ ဒါပေမဲ့ ငါတို့က ဒီ သိပ်အရေးပါတဲ့အဆင့်မှာ ချီဆောင်ခြင်း မခံရသေးဘူး။ ငါတို့က အားလျော့ပြီး စိတ်မသက်မသာ မဖြစ်ဘဲ ဘယ်လိုနေနိုင်မှာလဲ။”

အစ်ကိုကျန်းက ခေါင်းညိတ်ပြီး ပြောဆိုနေသည့်အကြောင်းအရာကို ဝင်ပြောလိုက်သည်။ “ဟုတ်ပ။ ကျွန်တော် သဘောတူတယ်။ ကပ်ဘေးက လာနေပြီ။ ဒါပေမဲ့ ကျွန်တော်တို့က ချီဆောင်ခြင်းမခံရဘူး။ ဒါဆိုရင် ပြဿနာက ဘာလဲ။ ကဲ အစ်မဆောင်၊ အစ်မက တခြားနေရာတွေကိုလည်း သွားဖူးပြီး ကျုပ်တို့ လုပ်ဖော်ကိုင်ဖက်အစည်းအဝေးကို လာတာ ရှားတယ်။ ဒါနဲ့ ပတ်သက်ပြီး အစ်မ ဘာပြောမလဲ။”

ဆောင်ကျားရင်သည် လူတိုင်းအားကြည့်လိုက်ပြီး လေးနက်စွာဖြင့် ပြောသည်။ “သခင့်ရဲ့ ကျေးဇူးတော်ပဲ။ ကျွန်မလည်း ဒီလိုပဲ ရှုပ်ထွေးခဲ့ဖူးတယ်။ သခင်ယေရှုက တစ်ခါက ပြောခဲ့တယ်။ ‘ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၅) အခု သခင်ပြန်ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တွေက လက်တွေ့မှန်ကန်လာပြီ။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုမောင်နှမများစွာဟာ သခင်ပြန်ကြွလာပြီဆိုတာကို ဟောပြောနေကြတယ်။ သခင်ပြန်ကြွလာပြီဆိုတော့ ကျွန်မတို့က ဘာကြောင့် ချီဆောင်ခြင်း မခံရသေးတာလဲ။ ဒီသံသယနဲ့အတူ ကျွန်မ စိုးရိမ်သောကတွေနဲ့ လောင်မြိုက်ပြီး ဟိုဟိုဒီဒီ ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာ ဒါရဲ့ အကြောင်းရင်းကို သိခဲ့ရတယ်။ အမှန်တကယ်တော့ ‘ချီဆောင်ခံရခြင်း’ ဆိုတာ ကျွန်မတို့ထင်သလို လေထဲကို မတင်ခံရခြင်း မဟုတ်ပါဘူး။”

သူမ၏ အသံလျော့သွားသည်နှင့် တပြိုင်နက် ခြောက်ကပ်နေသော အခန်းတွင် အကြိတ်အနယ် ငြင်းခုံဆွေးနွေးပွဲ တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။ အခြားလူအားလုံးက စတင် စကားပြောလာကြသည်။

ဤသည်မှာ ချီဆောင်ခြင်းအား ရယူသည့် နည်းလမ်းဖြစ်သည်

ဝမ်နာသည် သူမ၏ အကြည့်တို့ကို ဆောင်ကျားရင်ဆီသို့ဦးတည်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။ “ကျားရင် သခင်ကို ယုံကြည်တဲ့ ငါတို့က သမ္မာကျမ်းစာနဲ့အညီ သွားသင့်တယ်။ သခင့်ကို တွေ့ဖို့အတွက် ငါတို့ဟာ လေထဲကို မတင်ခြင်းခံရမယ်ဆိုတာ သမ္မာကျမ်းစာမှာ အခြေပြုချက်ရှိတယ်။ မင်းက ချီဆောင်ခြင်းခံရတယ်ဆိုတာ လေထဲကို မတင်ခြင်းခံရတယ်လို့ မဆိုလိုဘူးလို့ ပြောတယ်ဆိုတော့ ဒီဟာက သမ္မာကျမ်းစာမှာ အခြေပြုချက်တစ်ခုခုရှိသလား။”

အားလုံးက သူတို့၏ အကြည့်တို့ကို ဆောင်ကျားရင်ဆီသို့ လှည့်လိုက်သည်။

သူမသည် သူတို့အားကြည့်ပြီး တစ်ချက်ပြုံးလျှက် ပြောသည်။ “ချီဆောင်ခြင်းခံရတယ်ဆိုတာ ကမ္ဘာကနေ ကောင်းကင်ဘုံကို ယူဆောင်ခံရခြင်းကို ဆိုလိုတယ်ဆိုတဲ့ အယူအဆက တကယ်ပဲ ဘုရားသခင်ရဲ့ အလိုတော်ဟုတ်သလား။ အခု ကျမ်းပိုဒ်နည်းနည်းလောက် လေ့လာရအောင်။ ဗျာဒိတ်ကျမ်း ၂၁:၂-၃ မှာ ပြောထားတယ်။ ‘သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။’ ဗျာဒိတ်ကျမ်း ၁၁:၁၅ မှာလည်း ပြောထားတယ်။ ‘သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။’ ‘သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည်...ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်’ ဆိုတဲ့ နှုတ်ကပတ်တော်ထဲမှာ ယေရုရှလင်မြို့သစ်က ‘ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်’ လို့ ပြောထားတာကြောင့် ဒါဟာ သေချာပေါက် ကမ္ဘာမှာဖြစ်လိမ့်မယ်ဆိုတာ ဒီ ကြိုတင်ဟောကြားချက်တွေကနေ ကျွန်မတို့ မြင်နိုင်ပါတယ်။ ‘ယေရုရှလင်မြို့သစ်’ ဆိုတာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဆိုလိုတယ်ဆိုတာ ကျွန်မတို့ အားလုံး သိကြပါတယ်။ ဆိုလိုတာကတော့ ဘုရားသခင်ဟာ သူ့ရဲ့ နိုင်ငံတော်ကို ကမ္ဘာပေါ်မှာ တည်ဆောက်မယ်ဆိုတာပါ။ ပရောဖက်ပြုချက်တွေထဲမှာပါတဲ့ ‘ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။’ ‘လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။’ ဆိုတာနဲ့ ‘လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။’ ဆိုတဲ့ နှုတ်ကပတ်တော်တွေကလည်း ကျွန်မတို့ဟာ နောက်ဆုံးမှာ ကမ္ဘာမြေပေါ်မှာ ရှင်သန်နေထိုင်မှာဖြစ်ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်က ကောင်းကင်ဘုံမှာထက် ကမ္ဘာပေါ်ကို ဆင်းသက်လာမယ်ဆိုတာ လုံလုံလောက်လောက် သက်သေပြနေပါတယ်။ ကျွန်မတို့ထင်သလိုမျိုး ချီဆောင်ခြင်းကို ရယူခြင်းက ကောင်းကင်ဘုံပေါ်ကို ခေါ်ဆောင်ခံရခြင်းကို ရည်ညွှန်းတယ်ဆိုရင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ကျွန်မတို့ရဲ့ ဆန္ဒတွေက အလဟဿဖြစ်မသွားဘူးလား။ ပြီးတော့ ဒီ ဗျာဒိတ်ကျမ်းရဲ့ ပရောဖက်ပြုချက်တွေက ဘယ်လို ဖြစ်လာမှာလဲ။”

သက်ဆိုင်သည့် အကြောင်းအရာ-

အစ်ကိုကျန်းက စဉ်းစားလျှက် ပြောသည်။ “‘သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည်...ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်’ ဆိုတာနဲ့ ‘ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏’ ဆိုတဲ့ ဒီ ကျမ်းစာတွေအားလုံးက ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာပေါ်ကို လာလိမ့်မယ်လို့ ညွှန်ပြနေတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သိပ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ကျွန်တော်တို့က ဘယ်လိုဖြစ်ပြီး ဒါတွေကနေ ဘာမှ နားမလည်ခဲ့ရတာလဲ။ ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်ကို တည်ထောင်ဖို့အတွက် ကမ္ဘာကို ကြွလာမယ်ဆိုတာ သိသာပါတယ်။ ဒါတောင်မှ ကျွန်တော်တို့က ကောင်းကင်ဘုံကို ချီဆောင်ခံရဖို့ ဆက်ပြီး ကြိုးစားအားထုတ်နေတယ်။ ဒါက သခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ဆန့်ကျင်နေတာပဲ။”

ဆောင်ကျားရင်က ဆက်ပြောသည်။ “မှန်တယ်။ ဘုရားသခင်က လူကို ဖန်ဆင်းခဲ့တာကြောင့် သူဟာ သူ့ရဲ့အမှုတော်ကို အမြဲတမ်း ကမ္ဘာပေါ်မှာ လုပ်ဆောင်တယ်။ အစကနေ အဆုံးအထိ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ကို ကောင်းကင်ဘုံမှာထက် ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ဖို့ ဖြစ်ပါတယ်။ လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အာဒံနဲ့ဧဝဟာ နဂိုမူလအားဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ ဧဒင်ဥယျာဉ်မှာနေထိုင်ခဲ့ကြတယ်ဆိုတာ သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ သူတို့ အပြစ်ကျူးလွန်ပြီးနောက်မှာ ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်ခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့က ကမ္ဘာပေါ်မှာ နေထိုင်ဆဲပဲ။ ဒီလိုဖြစ်တဲ့အတွက်ကြောင့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုတော်ကလည်း ကမ္ဘာပေါ်မှာ လုပ်ဆောင်တာပဲ ဖြစ်တာပေါ့။ ဥပမာ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ကမ္ဘာပေါ်မှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ ဘဝကို လမ်းညွှန်ဖို့အတွက် ဥပဒေတွေနဲ့ ပညတ်တော်တွေကို ထုတ်ခဲ့တယ်။ ကျေးဇူးတော်ခေတ် အချိန်ကာလမှာ သခင်ယေရှုက လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်စေခဲ့တယ်။ ကမ္ဘာပေါ်မှာ ကျွန်မတို့ကို သူ့ရဲ့အလိုတော်ကိုလုပ်ဆောင်စေပြီး သူ့ရဲ့သွန်သင်မှုတွေနောက်ကို လိုက်စေခဲ့တယ်။ ဒီအမှုတော်အားလုံးကို ကမ္ဘာပေါ်မှာ လုပ်ဆောင်ခဲ့တယ်။ နောက်ပြီး ကျန်ရှိတဲ့ လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ထားတဲ့ အံ့သြဖွယ်အနာဂတ်ပန်းတိုင်ဟာ ကမ္ဘာပေါ်မှာပဲ ဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ကျမ်းနဲ့ တခြားပရောဖက်ပြုချက်တွေမှာ ပြောထားတယ်။”

အစ်မယူသည် သူမ၏ လက်ထဲမှ ခွက်ကို အလျင်အမြန်ချလိုက်ပြီး စိတ်ခံစားချက်ဖြင့် ပြောသည်။ “တကယ်ပါပဲ။ အဲဒီအတိုင်းပါပဲ။ ကျွန်မတို့က လေးလံတဲ့ ခန္ဓာကိုယ်တွေနဲ့ သေမျိုးတွေဆိုတော့ လေထဲကို ဘယ်လို မတင်ခံရနိုင်မှာလဲဆိုပြီး ကျွန်မ အရင်တုန်းက တွေးနေမိတာ။ ဒီနေ့ ဒီလို မိတ်သဟာယတစ်ခု ပြီးတဲ့နောက်မှာ ကျွန်မ အတွင်းထဲမှာ ပိုပြီး ဉာဏ်အလင်းပွင့်သလိုခံစားရတယ်။”

ညီအစ်ကိုမောင်နှမတို့ပြောသည့်အရာသည် ဝမ်နာအား ဘဝင်မကျဖြစ်စေခဲ့သည်။ ဆောင်ကျားရင်၏ မိတ်သဟာယဖွဲ့ခြင်းအကြောင်းအား သူမ မစဉ်းစားဘဲ မနေနိုင်ခဲ့ပါ။

“ကျားရင်” ဝမ်နာက ပြောလိုက်သည်။ “နင်ပြောတဲ့အကြောင်းအရာတိုင်းက အကျိုးအကြောင်းသင့်ပါတယ်။ ဒါပေမဲ့ ဧနောက်နဲ့ ဧလိယက ကောင်းကင်ဘုံကို ချီဆောင်ခြင်းခံရတယ်ဆိုတာ သမ္မာကျမ်းစာမှာ တော်တော်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားတယ်။ ဒါကို ဘယ်လိုရှင်းမလဲ။”

ဝမ်နာကို မျက်နှာမူလျှက် ဆောင်ကျားရင်သည် ရိုးသားစွာဖြင့် ပြောသည်။ “ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တမန်တော်ဝတ္ထု ၈:၃၉-၄၀ မှာ ‘ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကို ဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန် မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။ ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှ ကဲသရိမြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။’ လို့ ဆိုထားတယ်။ ဖိလိပ္ပုဟာ သခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆောင်ယူခံရတယ်ဆိုတာ ဒီကျမ်းပိုဒ်တွေက အတိအကျ ဆိုထားတယ်။ ကျွန်မတို့ရဲ့ ယူဆချက်တွေအရ သူဟာ အတိအကျကို ကောင်းကင်ဘုံကို သခင်က ချီဆောင်ခြင်းကို ခံရခဲ့တယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ကျမ်းပိုဒ်မှာ ပြောထားသလိုပဲ ‘ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍’ ကမ္ဘာပေါ်မှာ သခင့်ရဲ့ အလိုတော်ကို လုပ်ဆောင်ရင်းနဲ့ မြို့တွေအားလုံးမှာ ဧဝံဂေလိတရားကို ဖြန့်ခဲ့တယ်။ ဒီအချက်ကနေ ကျွန်မတို့ မြင်နိုင်တာက ကျွန်မတို့ရဲ့ ယုံကြည်မှုဖြစ်တဲ့ ‘ချီဆောင်ခံရခြင်း’ ဆိုတာ နိမ့်တဲ့တစ်နေရာကနေ မြင့်တဲ့တစ်နေရာဆီကို ယူဆောင်ခံရခြင်းဖြစ်တယ် သို့မဟုတ် ကမ္ဘာကနေ ကောင်းကင်ဘုံကို ယူဆောင်ခံရခြင်းဖြစ်တယ်ဆိုတာတွေဟာ သမ္မာတရားမှာ အခြေပြုချက်မရှိတဲ့ ကျွန်မတို့ရဲ့ အယူအဆတွေပဲဖြစ်တယ်ဆိုတာပါပဲ။ သခင်ယေရှုက ‘ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။(ရှင်ယောဟန်ခရစ်ဝင် ၃:၁၃) ဆိုပြီး ပြောခဲ့ပါတယ်။ သခင်ယေရှုဟာ ကောင်းကင်နိုင်ငံတော်ဆီကို ဦးတည်တဲ့ တစ်ခုတည်းသော အပေါက်ဝဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ယုံကြည်မှုမှာ သခင့်ရဲ့နှုတ်ကပတ်တော်တွေကို စံသတ်မှတ်ချက်အနေနဲ့ အသုံးပြုရမယ်။ ကျွန်မတို့ရဲ့ နားလည်မှုအရ ဧနောက်နဲ့ ဧလိယဟာ ကောင်းကင်ဘုံကို ချီဆောင်ခံရတယ်ဆိုရင် သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို ကျွန်မတို့ ဘယ်လိုရှင်းပြမလဲ။ ဘယ်ဟာက မှန်တာလဲ။ ကျွန်မတို့ရဲ့ အယူအဆလား သခင့်ရဲ့ နှုတ်ကပတ်တော်လား။”

နှစ်ပေါင်းများစွာ ဝမ်နာ လိုက်လျှောက်ခဲ့သည့် ရည်ရွယ်ချက်သည် သူမ၏ နှလုံးသားတွင် စတင်ယိမ်းယိုင်လာခဲ့သည်။ သူမကိုယ်သူမ အဆက်မပြတ်မေးခဲ့သည်။ ငါ ဒီနှစ်တွေတလျှောက်လုံးမှာ ဆုပ်ကိုင်ထားတဲ့ ချီဆောင်ခြင်းကို ရယူခြင်းနဲ့ ပတ်သက်တဲ့ ငါ့ရဲ့အမြင်က တကယ်ကို မှားသလား။ အတွင်း၌ ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ပွားပြီးနောက်တွင် သူမသည် ဆောင်ကျားရင်အား မေးလိုက်သည်။ “ကျားရင် ချီဆောင်ခံရခြင်းအပေါ် ငါတို့ နှစ်ပေါင်းများစွာ နားလည်ထားတာက မှားတယ်ဆိုရင် တကယ့် စစ်မှန်တဲ့အဓိပ္ပါယ်ကဘာလဲဆိုတာ နင် ငါတို့ကို ပြောပြနိုင်မလား။”

ဆောင်ကျားရင်သည် သူမ၏ အိတ်ထဲမှ မှတ်စုစာအုပ်တစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ပြောသည်။ “ကျွန်မ ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်ဘူး။ ဒါပေမဲ့ တော်တော်ကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုထားတဲ့ စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ကူးယူခဲ့တယ်။ ရှင်တို့အတွက် ကျွန်မ ဖတ်ပြပေးမယ်နော်။ ‘“ဆောင်ယူခံရခြင်း” ဆိုသည်မှာ လူတို့ စိတ်ကူးမည်ကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခံရခြင်းကို မဆိုလိုပေ။ ယင်းမှာ ကြီးမားသော နားလည်မှုလွဲခြင်း တစ်ခု ဖြစ်သည်။ “ဆောင်ယူခံရခြင်း” ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်၊ ထို့နောက် ရွေးကောက်ခြင်းကို ရည်ညွှန်းပေသည်။ ယင်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူအားလုံးကို ရည်ညွှန်းသည်။ ဆောင်ယူခံရသူ အားလုံးမှာ သားဦးများ သို့မဟုတ် သားများ၏ အရိုက်အရာကို ရရှိပြီးသည့် လူများ သို့မဟုတ် ဘုရားသခင်၏ လူမျိုးများ ဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် သဟဇာတ မဖြစ်ဆုံးသောအရာ ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစုတစ်ခု ရှိကြမည့် သူများသည် ငါ၏ရှေ့တွင် ဆောင်ယူခြင်းကို ခံရပြီးဖြစ်သော သူအားလုံး ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ ငြင်းပယ်၍မရနိုင်ပေ။ ယင်းသည် စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း တစ်ခု ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူ မည်သူမဆိုသည် ငါ၏ ရှေ့တွင် ဆောင်ယူခြင်း ခံရကြမည်။(အခန်း ၁၀၄) ‘ချီဆောင်ခံရခြင်း’ ဆိုတာ ကျွန်မတို့ ထင်သလို သခင်ပြန်ကြွလာတဲ့အခါ ကျွန်မတို့ဟာ လေထဲကို တစ်ခါတည်း မတင်ခံရမယ်ဆိုတာမျိုး မဟုတ်ဘဲ ကျွန်မတို့ဟာ သိုးသူငယ်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်နိုင်မယ်၊ ဘုရားသခင်ရဲ့ အမှုတော်အသစ်ကိုလက်ခံပြီး သူ့ရဲ့ပုလ္လင်တော်ရှေ့ကို ပြန်လာနိုင်မယ်လို့ ဆိုလိုပါတယ်။ ဒါက ပညတ်တော်ခေတ် အဆုံးသတ်မှာလိုပါပဲ။ သခင်ယေရှုက အမှုတော်ဆောင်ရွက်ဖို့ ကြွလာတဲ့အခါမှာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ အသံတော်ကို သိမြင်ပြီး သူ့ရဲ့ကယ်တင်ခြင်းကို လက်ခံတဲ့သူတွေဟာ ချီဆောင်ခြင်းကို ခံရခဲ့တယ်။ သူတို့ ချီဆောင်ခြင်းခံရတာဟာ အဓိကက ဘုရားသခင်ရဲ့ အသံတော်ကို သူတို့ ကြားနိုင်ခဲ့တာကြောင့် ဖြစ်တယ်။ ဒီလိုပဲ သမ္မာကျမ်းစာက ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဒါကြောင့် အခု နောက်ဆုံးသောကာလမှာ သခင် ပြန်ကြွလာပြီး သူ့ရဲ့နှုတ်ကပတ်တော်တွေကို မိန့်မြွက်တဲ့အခါမှာ ကျွန်မတို့ဟာ ပညာသတိရှိတဲ့ သတို့သမီးတွေလိုပဲ သူ့ရဲ့ခြေလှမ်းတွေကို တက်ကြွစွာ ရှာဖွေနိုင်မယ်၊ သူ့ရဲ့ အသံတော်ကို သိမြင်နိုင်ပြီး သူပြန်ကြွလာတာကို လက်ခံနိုင်မယ်ဆိုရင် ကျွန်မတို့ဟာ သူ့ရဲ့ခြေလှမ်းတွေနောက်ကို လိုက်နိုင်မှာပဲ။ ဒါဆိုရင် ကျွန်မတို့ဟာ တကယ်ကို ချီဆောင်ခြင်းခံရတာပဲ။”

အစ်မလီက ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဒါဆိုရင် စစ်မှန်တဲ့ ချီဆောင်ခြင်းက သိုးသူငယ်ရဲ့ ခြေရာတွေနောက်ကိုလိုက်တာ၊ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို လက်ခံတာကို ရည်ညွှန်းတာပေါ့။ နောက်ဆုံးတော့ ငါ အခု နားလည်သွားပြီ။”

အစ်ကိုကျန်းက တွေးတောလျှက် ပြောသည်။ “ ဟုတ်တယ်။ ကျွန်တော် ဒီနေ့ တကယ်ကို အများကြီး ရလိုက်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ကူးထင်မြင်ချက်တွေအတိုင်းသွားရင် နှစ်ဘယ်လောက်ကြာအောင် စောင့်ပါစေ ကျွန်တော်တို့ ချီဆောင်ခံရမှာမဟုတ်ဘူး။ သခင်ယေရှုက ဟိုးရှေးတုန်းက ပြောခဲ့တယ်။ ‘သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၃) သခင်ပြန်ကြွလာတဲ့အခါမှာ သူဟာ နောက်ထပ် နှုတ်ကပတ်တော်တွေကို မိန့်မြွက်ပြီး သမ္မာတရားကို ဖော်ပြလိမ့်မယ်။ သူ့ရဲ့အသံကို ကြားခြင်း၊ ‘သတို့သား’ ရဲ့ အသံကို သိမြင်ပြီး သူရဲ့ အမှုတော်သစ်ကို လက်ခံဖို့တွေ အပေါ်မှာ ကျွန်တော်တို့ အာရုံစိုက်နိုင်သရွေ့ သူ့ပုလ္လင်တော်ရှေ့ကို ကျွန်တော်တို့ ခေါ်ဆောင်ခံရမယ်။ အခု နောက်ဆုံးတော့ ကျွန်တော်တို့မှာ ချီဆောင်ခြင်းကို ရယူဖို့ နည်းလမ်းတစ်ခုရှိပြီ။”

ဆောင်ကျားရင်နှင့် လုပ်ဖော်ကိုင်ဖက်အားလုံးတို့ ပြုံးလိုက်ကြသည်။

သက်ဆိုင်သည့် အကြောင်းအရာ-

အမှာစကား ချန်ခဲ့မည်