စာရင်း

သမ္မာတရားအတုအစစ်ခွဲခြားရန် စည်းမျဉ်း ( ၃ )ချက်

အမြန်လမ်းညွှန်
ဘုရားသခင်ဆီက လာသောအရာများသည် ကျွန်ုပ်တို့ကို ဆုံးဖြတ်ချက်ခိုင်မာစေပြီး ရဲဝံ့စေသည်- ကြောက်ရွံ့ခြင်းက စာတန်ဆီမှ လာသည်
ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏၊ ထို့ကြောင့် ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်းအားဖြင့်သာ မှန်သောလမ်းကို ကျွန်ုပ်တို့ ရရှိနိုင်သည်
မှားယွင်းသော လမ်းများမှ မှန်သောလမ်းအား ခွဲခြားရန်နည်းလမ်းကို လေ့လာရန်မှာ အဓိကသော့ချက်ဖြစ်သည်

ဝိညာဉ်ရေးရာ အမေးအဖြေမှ ညီအစ်ကို မောင်နှမများ မင်္ဂလာပါခင်ဗျာ။ ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက၊ “ခုချိန် ငါတို့က နောက်ဆုံးသော ကာလရဲ့ နှောင်းပိုင်းကို ရောက်နေပြီ။ ကပ်ဘေးမျိုးစုံက ပိုပြီး မကြာခဏဖြစ်ပျက်နေသလို ပိုပိုပြီး ဆိုးလာနေတယ်၊ ပြီးတော့ သခင်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက အခြေခံကျကျ ပြည့်စုံနှင့်ပြီးပြီ။ ဒါက သခင်ဟာ မကြာခင် ပြန်လာတော့မယ်ဆိုတာကို ပြတယ်။ ဒါပေမယ့် မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားတဲ့လမ်းတွေကလည်း ပိုပိုပြီး ပေါ်ထွက်နေတယ်၊ ဒါကြောင့် ငါတို့အနေနဲ့ စောင့်ကြည့်ပြီး ဆုတောင်းရမယ်၊ ပြီးတော့ သခင့်ရဲ့ လမ်းကိုစောင့်ထိန်းလိုက်နာရမယ်။ သခင် ပြန်လာပြီးပြီလို့ တစ်ယောက်ယောက်က ဟောရင် ငါတို့ လှည့်ဖြားခံရပြီး ဒီလိုနဲ့ သခင် စွန့်ပစ်တာခံရမှာစိုးလို့ နားထောင်ဖို့၊ ဖတ်ဖို့ ဒါမှမဟုတ် အဲဒါနဲ့ အဆက်အသွယ်လုပ်ဖို့ ငြင်းရမယ်” လို့ ကျွန်တော်တို့ကို ပြောခဲ့ကြတယ်။ ဒါပေမယ့် ညီအစ်ကို မောင်နှမများစွာက၊ “အလှည့်ဖြားခံရမှာ ကြောက်တဲ့အတွက် သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းစကားကို ငါတို့ နားမထောင်ရင်၊ မဖတ်ရင် ဒါမှမဟုတ် အဆက်အသွယ်မလုပ်ရင် ငါတို့က တံခါးကို ပိတ်နေတာ၊ သခင့်ကို ဝင်ခွင့်ပေးဖို့ ငြင်းနေတာ မဟုတ်လား။ ဒီလို ဆို့နှင်တာကို ကြောက်တဲ့အတွက် အစာစားဖို့ ငါတို့ လက်လျှော့ရင် သခင့်ရဲ့ ပြန်ကြွလာခြင်းကို ငါတို့ ကြိုဆိုနိုင်မှာလား” လို့ မရှင်းမလင်း ဖြစ်နေကြပါတယ်။ ဒီတော့ ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ်- လှည့်ဖြားခံရမှာကြောက်တဲ့အတွက် ကျွန်တော်တို့ တံခါးတွေကို ပိတ်ပြီး တစ်ယောက်တည်းစောင့်တာက မှန်ပါသလား။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ အယူအဆ ဘယ်လိုများပါလဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝေမျှပါ။

ရိုးသားစွာဖြင့်

ကွမ်းမင်း

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်

မင်္ဂလာပါ ညီအစ်ကို ကွမ်းမင်း။ ။

ခင်ဗျားရဲ့ အီးမေးလ်ကို ကျွန်တော် ရပါတယ်၊ ပြီးတော့ ခင်ဗျားမေးတဲ့ မေးခွန်းက သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်တော်တို့ ကြိုဆိုနိုင်၊ မကြိုဆိုနိုင် ဆိုတာနဲ့ တိုက်ရိုက် ဆက်နွယ်တာကြောင့် အရမ်းကို အရေးပါပါတယ်။ တကယ်တော့၊ အဲဒါက သခင့်ထဲက ညီအစ်ကို မောင်နှမများစွာရဲ့ ဖြစ်နေကျ ရှုတ်ထွေးမှုလည်း ဖြစ်တယ်။ အဲဒီအကြောင်းကို အခု မိတ်သဟာယပြုလိုက်ရအောင်။

မှားသောလမ်းမှ မှန်သောလမ်းကို ခွဲခြားဖို့ လေ့လာရန် သင့်ကို ကူညီမည့် အကြံပြုချက် ၃ ခု

ဘုရားသခင်ဆီက လာသောအရာများသည် ကျွန်ုပ်တို့ကို ဆုံးဖြတ်ချက်ခိုင်မာစေပြီး ရဲဝံ့စေသည်- ကြောက်ရွံ့ခြင်းက စာတန်ဆီမှ လာသည်

နောက်ဆုံးသော ကာလမှာ၊ သခင် တဖန် ကြွလာမှာဖြစ်ပြီး မိစ္ဆာဒိဋ္ဌိအယူမျိုးစုံနဲ့ မှားတဲ့လမ်းတွေ ထွက်ပေါ်လာမှာပါ။ ဒါတွေက အမှန်တရားတွေပါ။ သခင့်ရဲ့ ကြွရောက်ခြင်းကို ကြိုဆိုခြင်းရဲ့ဒီအရေးပါတဲ့ အဆင့်မှာ၊ လှည့်ဖြားခံရမှာကြောက်တဲ့အတွက် သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ဘယ်သတင်းစကားကိုမဆို နားထောင်ဖို့၊ ဖတ်ရှုဖို့ ဒါမှမဟုတ် အဆက်အသွယ်လုပ်ဖို့ ကျွန်တော်တို့ ငြင်းကြတယ်။ ဒီလိုနည်းနဲ့၊ မှားယွင်းတဲ့လမ်းတွေအားဖြင့် ငါတို့ အလှည့်ဖြားမခံရပေမယ့်၊ စစ်မှန်တဲ့ ဘုရားကို အလွယ်တကူ တံခါးပိတ်မိကြတယ်လေ။ အဲဒါက လုံခြုံတဲ့ပုံပေါ်ပေမယ့် တကယ်တော့ အဲဒီအထဲမှာ စာတန်ရဲ့ အကြံအစည်ရှိနေတယ်။ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ခြေရာတော်တွေကို တက်တက်ကြွကြွနဲ့ရှာဖွေပြီး သူ့ရှေ့မှောက်ကို ပြန်လာမှာကို စာတန်က ကြောက်တယ်လေ၊ ဒါကြောင့် သူက သူ့ရဲ့ အတွေးတွေကို ကျွန်တော်တို့ဆီ ပို့ဖို့ ဒါမှမဟုတ် ကျွန်တော်တို့ကို လှည့်ဖြားပြီး ဘောင်ခတ်ဖို့ မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မုသားတွေကို ဖြန့်ဖို့ အစွမ်းကုန် လုပ်ဆောင်ပါတယ်။ ရလဒ်အနေနဲ့၊ ကျွန်တော်တို့က မလှုပ်မယှက် ကာကွယ်တာကလွဲပြီး ဘာမှမလုပ်ကြဘူး၊ ဒါ့အပြင်၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို တစ်ယောက်ယောက် သက်သေခံတာကို ကျွန်တော်တို့ ကြားရင်တောင်၊ ရှာဖွေဖို့၊ လေ့လာဆန်းစစ်ဖို့ မဝံ့ရဲကြဘူး။ ဒါဆိုရင် ဒီလိုနည်းနဲ့ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်တော်တို့ ဘယ်လို ကြိုဆိုနိုင်ကြမှာလဲ။ သခင့်ရဲ့ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုရာမှာ၊ မိစ္ဆာဒိဋ္ဌိအယူနဲ့ မှားယွင်းတဲ့ အယူဝါဒတွေကို ဆန့်ကျင့်ကာကွယ်တာကို ကျွန်တော်တို့ရဲ့ အဓိက တာဝန်အဖြစ် ယူကြပြီး၊ မှန်တဲ့လမ်းကို ရှာဖွေတာနဲ့ လေ့လာဆန်းစစ်ခြင်း အရေးကြီးတာကို အလေးမထားရင် အဲဒါက ပြားစေ့မှာတော့ ဉာဏ်ရှိပြီး ကျပ်မှာကြ မိုက်မဲတဲ့အဖြစ်ပဲ မဟုတ်လား။ တကယ်တော့၊ မိစ္ဆာဒိဋ္ဌိအယူနဲ့ မှားယွင်းတဲ့ အယူဝါဒတွေကို ဘယ်လိုပဲ ကျွန်တော်တို့ သတိထားပါလေ့စေ၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်တော်တို့ မကြိုဆိုဘဲ ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့ကို မဆောင်ယူခံရရင်၊ ကျွန်တော်တို့ဟာ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပယ်ရှင်းတာနဲ့ စွန့်ပစ်တာကို ခံရမယ့် မိုက်မဲတဲ့ အပျိုကညာတွေဘဲ ဖြစ်ပါတယ်။ ဘုရားသခင်က အနန္တတန်ခိုးရှိတယ်ဆိုတာနဲ့ ကမ္ဘာလောကထဲက အရာရာတိုင်းဟာ သခင့်လက်တော်ထဲမှာ ရှိတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ ယေဟောဝါ ဘုရားသခင်က၊ “ထိုပြည်၌ကြားရသော သတင်းကြောင့် စိတ်မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။(ယေရမိအနာဂတ္တိကျမ်း ၅၁:၄၆) လို့ မိန့်တော်မူခဲ့တယ်။ တိမောသေဒုတိယစောင် ၁:၇ မှာလည်း၊ “အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။” လို့ ပြောပါတယ်။ ဒီကျမ်းချက်တွေကနေ ဘုရားသခင် ကျွန်တော်တို့ကို ပေးတဲ့အရာက ခွန်အားနဲ့ သတ္တိဖြစ်ပြီး ကြောက်ရွံ့ခြင်းရဲ့ အရင်းအမြစ်က စာတန်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်တယ်။ ကျွန်တော်တို့မှာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုရှိတယ်၊ ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ မျက်မှောက်တော်နဲ့ ဦးဆောင်မှုရှိပါတယ်။ ကျွန်တော်တို့ စိုးရိမ်စရာတစ်ခုခု လိုလို့လား ဒါမှမဟုတ် လှည့်ဖြားခံရဖို့ စိုးရိမ်စရာရှိလို့လား။ ဘုရားသခင်ရဲ့ သိုးတွေက ဘုရားရဲ့ အသံတော်ကို ကြားပါတယ်။ ဉာဏ်နဲ့ အစွမ်းအစ အမှန်တကယ်ရှိသူတွေဟာ မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားတဲ့လမ်းတွေအားဖြင့် လှည့်ဖြားခံရကြမှာ မဟုတ်ပါဘူး။ စိတ်ရှုတ်ထွေးပြီး ဉာဏ်မရှိတဲ့သူတွေပဲ မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားတဲ့လမ်းတွေအားဖြင့် လှည့်ဖြားခံရကြတာပါ။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်တော်တို့ ရှာဖွေပြီး လေ့လာဆန်းစစ်တဲ့အခါ၊ ဘုရားသခင်အပေါ် ကျွန်တော်တို့ စိတ်ရင်းအတိုင်း မှီခိုပြီး ကြည်ညိုသလို၊ သမ္မာတရားကို ရှာဖွေသရွေ့၊ ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့ လမ်းပြမှုကို ကျွန်တော်တို့ ရမှာဖြစ်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအရ မှန်သောလမ်းနဲ့ မှားသောလမ်းတွေကို သိမြင်နိုင်မယ်၊ ပြီးတော့ မှားသောလမ်းအားဖြင့် အလှည့်ဖြားခံရမှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ဧဝံဂေလိသတင်းကို နားမထောင်ဖို့၊ မဖတ်ရှုဖို့ ဒါမှမဟုတ် အဆက်အသွယ်မလုပ်ဖို့ ကျွန်တော်တို့ကို တောင်းဆိုကြတယ်။ သိသိသာသာဘဲ၊ အဲဒါက သခင့်အလိုတော်ကို လုံးဝ ဆန့်ကျင်နေတာပဲလေ။ မှန်တဲ့လမ်းကို လေ့လာဆန်းစစ်ရာကနေ ကျွန်တော်တို့ကို သူတို့ တားဆီးကြတယ်၊ ပြီးတော့ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်တော်တို့အတွက် အခွင့်အရေးကို ဖျက်ဆီးကြတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမယ်။

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏၊ ထို့ကြောင့် ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်းအားဖြင့်သာ မှန်သောလမ်းကို ကျွန်ုပ်တို့ ရရှိနိုင်သည်

သမ္မာကျမ်းစာက၊ “သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” (ရောမသြဝါဒစာ ၁၀:၁၇) ဒါကြောင့် မယုံကြည်ခင်မှာ လမ်းခရီးကို ကျွန်တာ်တို့ အရင် ကြားရပါမယ်။ လမ်းခရီးကို ကြားရာကနေတဆင့်ဘဲ၊ အဲဒါက လမ်းမှန်နဲ့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော် ဟုတ် မဟုတ် ကျွန်တော်တို့ ဝေဖန်ဆုံးဖြတ်နိုင်ပါတယ်။ သူ့ရဲ့အမှုတော်ကို သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ ဖာရိရှဲတွေက သူ့ကို အကြီးအကျယ် အသရေဖျက်ကြပြီး ရှုတ်ချခဲ့ကြတယ်၊ ပြီးတော့ သူ့ရဲ့အမှုတော်က လမ်းမှန်ဆိုတာကို ငြင်းပယ်ခဲ့ကြတယ်၊ ဒါ့အပြင်၊ ဂျူးလူမျိုးတွေကို မရှာဖွေဖို့ ဒါမှမဟုတ် မလေ့လာမဆန်းစစ်ဖို့ လှည့်ဖြားခဲ့ကြတယ်။ သူတို့ကို မခွဲခြားနိုင်တော့၊ ဂျူးလူမျိုးတွေက သူတို့စကားတွေကို ကျိုးကြောင်းမမြင်ဘဲ နားထောင်ခဲ့ကြတယ်၊ ဒီလိုနဲ့ သခင်ယေရှုရဲ့ ဟောပြောမှုကို ကြားဖို့ ငြင်းပယ်ခဲ့ကြပြီး သခင်ယေရှုကို လက်ဝါးကားတိုင်မှာ သံမှိုရိုက်ဖို့ သူတို့နောက်ကိုလိုက်ရာမှာ အကြီးမားဆုံးအပြစ်ကို ကျူးလွန်မိခဲ့ကြတယ်။ ဒါပေမယ့်၊ ပေတရု၊ မဿဲ၊ မာကု၊ ယောဟန် စသဖြင့် အချို့လူတွေက ဖာရိရှဲတွေရဲ့ ကောလဟလတွေကို မယုံခဲ့ကြသလို၊ သူတို့က လှည့်ဖြားခံရတဲ့အဖြစ် ကြောက်ရွံ့မှုကို သခင်ယေရှုရဲ့ ဧဝံဂေလိတရား ကြားနာခြင်းကနေ သူတို့ကို တားဆီးခွင့်မပြုခဲ့ကြဘူးလေ။ အဲဒီအစား၊ သူတို့က သခင်ယေရှုရဲ့ တရားဒေသနာတွေကို ရှာဖွေဖို့ တောင့်တတဲ့ စိတ်နှလုံးနဲ့ နားထောင်ခဲ့ကြပြီး၊ သခင်ယေရှုရဲ့ တရားဒေသနာတွေကို သူဟောတဲ့အချိန်တိုင်းမှာ နားထောင်ခဲ့ကြတယ်။ အဲဒါက ဘာကြောင့်လဲဆိုရင် သူတို့မှာ ရှာဖွေတတ်ပြီး တမ်းတတဲ့ စိတ်နှလုံးရှိသလို သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက သြဇာအာဏာရှိပြီး ဘုရားရဲ့ အသံတော်ဖြစ်တယ်ဆိုတာကို သူတို့ သတိထားမိခဲ့ကြပြီး နောက်ဆုံးမှာ သူဟာ မေရှိယဖြစ်တယ်ဆိုတာ သေချာသွားခဲ့ကြလို့ပဲဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ ကောင်းကြီးမင်္ဂလာတွေကို သူတို့ရခဲ့ကြတယ်။ ဒီအရာအားလုံးက သမ္မတရားကို ရှာဖွေတဲ့ စိတ်နှလုံးနဲ့ တရားဒေသနာတွေကို နားထောင်ဖို့ သူတို့ ထွက်သွားတာကြောင့် မဟုတ်ဘူးလား။

ဗျာဒိတ်ကျမ်းထဲမှာ အကြိမ်များစွာ ဖော်ပြထားပါတယ်- “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ” (ဗျာဒိတ် ၂-၃ ကို ကြည့်ပါ)။ သခင်ယေရှုကလည်း ပြောထားပါတယ်- “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) သခင်ယေရှုက နောက်ဆုံးသော ကာလမှာ သူပြန်ကြွလာတဲ့အခါ နောက်တစ်ဖန် စကားပြောဆိုမယ်လို့ ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ပြီးတော့ တစ်စုံတစ်ဦးရဲ့ ခေါ်ဆိုမှုကနေတဆင့် သူပြန်ကြွလာပြီလို့ ကျွန်တော်တို့ကို ပြောပါလိမ့်မယ်။ ဒါကြောင့်၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း ကိစ္စမှာ၊ ရှာဖွေတတ်တဲ့ စိတ်နှလုံး ကျွန်တော်တို့မှာ ရှိဖို့လိုပါတယ်။ သခင်ပြန်ကြွလာပြီလို့ တစ်ယောက်ယောက် ဟောတာကို ကျွန်တော်တို့ ကြားတဲ့အခါ၊ ဒါဟာ ကျွန်တော်တို့ရဲ့ တံခါးကို သခင် ခေါက်နေတာပါပဲ။ ကျွန်တော်တို့အနေနဲ့ ပညာရှိ အပျိုကညာတွေ ဖြစ်သင့်ပါတယ်၊ တက်တက်ကြွကြွရှာဖွေပြီး လေ့လာဆန်းစစ်သင့်ပါတယ်၊ ဘုရားရဲ့ အသံတော်ကို ကြားဖို့ အာရုံစိုက်သင့်ပါတယ်၊ ပြီးတော့ ဒီလမ်းမှာ သမ္မာတရားနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော် ရှိ၊ မရှိဆိုတာကို ကြည့်သင့်ပါတယ်။ ဒီလိုနည်းနဲ့မှပဲ၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်တော်တို့ ကြိုဆိုနိုင်ပါတယ်။

မှားယွင်းသော လမ်းများမှ မှန်သောလမ်းအား ခွဲခြားရန်နည်းလမ်းကို လေ့လာရန်မှာ အဓိကသော့ချက်ဖြစ်သည်

အခု ကျွန်တော်တို့အနေနဲ့ သခင့်ရဲ့ပြန်ကြွလာခြင်းကို ကြိုဆိုချင်ရင် မလှုပ်မယှက် ကာကွယ်နေမယ့်အစား တက်တက်ကြွကြွနဲ့ ရှာဖွေဖို့လိုတယ်ဆိုတာ သိကြပါပြီ။ ဖြည့်စွက်ချက်အနေနဲ့၊ အရေးပါဆုံးရှုထောင့်က၊ မှန်သောလမ်းနဲ့ မှားသောလမ်းတွေကို ခွဲခြားခြင်းအခြေခံသဘောတရားတွေကို ကျွန်တော်တို့ သဘောပေါက်ရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ ကျွန်တော်တို့ အလှည့်ဖြားမခံရမှာပါ။ ဒီတော့ အဲဒါတွေကြားမှာ ကျွန်တော်တို့ ဘယ်လိုခွဲခြားသင့်သလဲ။ နှုတ်ကပတ်တော် တစ်စိတ်တစ်ပိုင်းကို အရင်ဆုံး ကြည့်လိုက်ရအောင်၊ “စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ် မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်း ပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ စစ်မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏၊ အခြေခံအကျဆုံးသော အရာမှာ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိ မရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိ မရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်းခရီး၌ သမ္မာတရား ရှိ မရှိကို သင်ကြည့်ရမည်ဖြစ်သည်။ ဤသမ္မာတရားသည် သာမန်လူ့သဘာဝ၏ အသက်တာစိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အစအဦး၌ ဘုရားသခင်က လူသားကိုဖန်ဆင်းခဲ့ချိန်တွင် သူ့ထံမှတောင်းဆိုသော အရာကို ဆိုလိုသည်၊ အတိအကျ ပြောရသော် သာမန်လူ့သဘာဝနှင့် ဆိုင်သော အရာအားလုံးကို (လူသားအသိစိတ်၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာနှင့် လူသားဖြစ်ခြင်း၏ အခြေခံအသိပညာတို့ အပါအဝင်) ဆိုလိုသည်။ ယင်းမှာ ဤလမ်းခရီးက လူသားကို သာမန်လူ့သဘာဝ၏ အသက်တာ တစ်ခုထဲသို့ ပို့ဆောင်နိုင်ခြင်း ရှိမရှိ၊ ဟောပြောထားသော သမ္မာတရားကို သာမန်လူ့သဘာဝ၏ စစ်မှန်မှုအရ လိုအပ်မှုရှိမရှိ၊ ဤသမ္မာတရားက လက်တွေ့ကျပြီး စစ်မှန်မှုရှိမရှိနှင့် အချိန်အကိုက်ဆုံး ဖြစ်မဖြစ်တို့ကို ကြည့်ရမည်။ သမ္မာတရားရှိလျှင် ထိုသမ္မာတရားက လူသားကို သာမန်ဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံများထဲသို့ ပို့ဆောင်နိုင်၏။ ထို့ပြင် လူများသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး ၎င်းတို့၏ လူ့အသိစိတ်သည် ပို၍ပို၍ စုံလင်လာသည်၊ ဇာတိပကတိနှင့် ဝိညာဉ်အသက်တာ၌ ၎င်းတို့၏ဘဝသည် ပို၍ပို၍ စနစ်ကျလာပြီး၊ ၎င်းတို့၏ စိတ်ခံစားမှုများ ပို၍ပို၍ ပုံမှန်ဖြစ်လာလေသည်။ ဤအရာသည် ဒုတိယနိယာမဖြစ်၏။ လူများသည် ဘုရားသခင်ကို တိုးပွား၍ သိကျွမ်းခြင်း ရှိ မရှိ၊ ထိုကဲ့သို့သော အမှုနှင့် သမ္မာတရားတို့ကို တွေ့ကြုံခြင်းက ၎င်းတို့၏အထဲ၌ ဘုရားသခင်အပေါ် ချစ်သောမေတ္တာကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့ကို ဘုရားသခင်နှင့် တိုး၍ ရင်းနှီးလာစေရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိ မရှိဆိုသည့် အခြားသော နိယာမတစ်ခုရှိသည်။ ဤတွင် ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ် တိုင်းတာ၍ ရနိုင်ပေသည်။ အခြေခံအကျဆုံးမှာ ထိုလမ်းခရီးက သဘာဝလွန်ဆိုသည်ထက် လက်တွေ့ကျသောအရာ ဟုတ် မဟုတ်၊ ထိုလမ်းခရီးက လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ခြင်း ရှိ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤအခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ ထိုလမ်းခရီးသည် မှန်သောလမ်းခရီးဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပေသည်။” “ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် တိုးပွားသော အသိပညာတစ်ခုကို ရရှိပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမို ကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေ ဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက် ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းခရီးတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင် ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက် နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ မူမမှန်စေလျှင်၊ ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းခရီးဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။

ဒီစာပိုဒ်ကနေ၊ လမ်းမှန်ဖြစ်ရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရှိရမယ်ဆိုတာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒါက လမ်းမှားနဲ့ လမ်းမှန်ကို ခွဲခြားဖို့ အဓိက သော့ချက်ဖြစ်တယ်။ အဲဒါက လမ်းမှန်ဖြစ်တဲ့အတွက်၊ ဘုရားသခင်ရဲ့ အမှုတော် ဧကန်မုချဖြစ်ရပါမယ်။ ဥပမာအနေနဲ့၊ သခင်ယေရှုက သူ့အမှုတော်ကို လုပ်ဆောင်ဖို့ လာခဲ့တဲ့အချိန်မှာ၊ ပညတ်တော်ခေတ်ကို သူအဆုံးသတ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို အစပြုခဲ့တယ်၊ ပြီးတော့ နောင်တလမ်းကို ဆောင်ကျဉ်းခဲ့တယ်။ သခင်ယေရှုနောက်ကို လိုက်တဲ့သူအားလုံးက၊ သူ့ကို စိတ်ရင်းအတိုင်း အော်ခေါ်သမျှကာလပတ်လုံး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရရှိမှာဖြစ်ပြီး သခင် ပေးသနားတဲ့ အလျှံပယ်ကျေးဇူးတော်ကို မွေ့လျော်ရမှာပါ။ လူတွေ အပြစ်ပြုမိရင်၊ သခင့်ကို သူတို့ စိတ်ရင်းအတိုင်း ဆုတောင်းကြသရွေ့၊ သူတို့ အပြစ်တွေ ခွင့်လွှတ်ခံရမှာဖြစ်ပြီး သူတို့ရဲ့ စိတ်နှလုံးတွေဟာ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်ကြမှာဖြစ်တယ်။ ဘယ်လို အခက်အခဲတွေနဲ့ ပြဿနာတွေကို လူတွေ ကြုံရပါစေ၊ သခင့်နှုတ်ကပတ်တော်တွေအတိုင်း သူတို့ လက်တွေ့လုပ်ဆောင်သရွေ့၊ သူတို့ ဝိညာဉ်တွေက လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ရရှိမှာပါ။ အဲဒီလို သူတို့ မလုပ်ကြရင်၊ လိပ်ပြာမလုံခြင်းနဲ့ သူတို့ ပြည့်နေမှာဖြစ်ပြီး သူတို့နှလုံးသားထဲမှာ သခင့်ကို အကြွေးတင်ကြမှာဖြစ်တယ်။ သခင့် နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို လူတွေ အဆက်မပြတ် ကြုံကြရတဲ့အခါ၊ သူတို့ဟာ သခင့်ထဲမှာ ပိုပိုပြီး ကြီးမားတဲ့ ယုံကြည်ခြင်း ရှိကြပြီး၊ သခင့်အတွက် သူတို့ရဲ့ ချစ်ခြင်းမေတ္တာက တဖြည်းဖြည်း နက်ရှိုင်းလာတယ်၊ ဒါကြောင့် သခင့်အတွက် အရာရာကို ဘေးဖယ်ထားဖို့နဲ့ သူ့ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအားဖြင့် သခင်ယေရှုအတွက် သူတို့ရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ဆက်ကပ်ဖို့ လိုလားနေခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ သခင်ယေရှုရဲ့ အမှုတော်က ရောမအစိုးရနဲ့ ဂျူးဘာသာရေးလောကရဲ့ ပြင်းထန်တဲ့ ရှုတ်ချမှုနဲ့ နှိပ်စက်ညှင်းပန်းမှုကို ရင်ဆိုင်ခဲ့ရပေမယ့် သူ့ရဲ့ ဧဝံဂေလိတရားက ယုဒပြည်တစ်လျှောက်လုံး အံ့ဘနန်း ပျံ့နှံ့ခဲ့ပါတယ်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို တမ်းတကြတဲ့ လူတွေအားလုံးက သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို လက်ခံခဲ့ကြပြီး ဘုရားသခင် ရှေ့မှောက်ကို ပြန်လာခဲ့ကြတယ်။ အနှစ်နှစ်ထောင်ကြပြီးတဲ့နောက်၊ သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို စကြဝဠာအဆုံးထိ ဟောပြောပြီးဖြစ်သလို ခရစ်ယာန်ဘာသာကို နိုင်ငံများစွာမှာ နိုင်ငံတော်ဘာသာအဖြစ် တရားဝင်သတ်မှတ်ပြီးဖြစ်ပါတယ်။ ပြီးတော့ ဒီအရာအားလုံးက၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော် အသီးအပွင့် ဖြစ်ပါတယ်။ဆန့်ကျင်ဘက်အနေနဲ့၊ မှားတဲ့လမ်းကတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှု ဒါမှမဟုတ် ကွယ်ကာမှု မရှိပါဘူး၊ ဒါကြောင့် သူတို့ရဲ့ နောက်လိုက်တွေက ဘုရားကို စစ်မှတ်တဲ့ ယုံကြည်မှု ဒါမှမဟုတ် ဘုရားအတွက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမရှိကြဘူး။ ဒါ့အပြင်၊ အပြင်ပန်းသဏ္ဍာန်မှာ သူတို့က အစမှာ ဘယ်လိုပဲ စိတ်ပြင်းပြနေပါစေ၊ သိပ်မကြာခင်မှာပဲ သူတို့ စွန့်ခွာသွားကြမှာပါ။ ဒါက ကျွန်တော်တို့ မကြာခဏ ပြောကြတဲ့ “ဘုရားသခင်ဆီက လာတဲ့အရာဟာ ရှင်သန်မှာဖြစ်ပြီး၊ လူဆီက လာတဲ့အရာက ပျက်ဆီးမယ်” ဆိုတဲ့အရာပဲဖြစ်ပါတယ်။ ဒါကြောင့်၊ အဲဒါဟာ လမ်းမှန် ဟုတ်၊ မဟုတ် ဆိုတာကို သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ရှိ၊ မရှိဆိုတာနဲ့အညီ ကျွန်တော်တို့ သိမြင်နိုင်ပါတယ်။

ဒါ့အပြင်၊ အဲဒါ လမ်းမှန်ဟုတ်ရင်၊ သမ္မာတရားနဲ့ အသက် ဖော်ပြချက် ရှိရမယ်။ သခင်ယေရှုက၊ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) လို့ ပြောထားပါတယ်။ ဘုရားသခင်က အသက်ရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဘုရားသခင်ကပဲ ကျွန်တော်တို့ကို သမ္မာတရားကို ဖော်ပြနိုင်တယ်၊ အသက်ပေးနိုင်ပြီး လက်ရှိကျွန်တော်တို့ လိုအပ်ချက်တွေအတွက် ထောက်ပံ့ပေးနိုင်တယ်၊ ပြီးတော့ ဘုရားသခင်ကပဲ ကျွန်တော်တို့ကို လက်တွေ့ကျတဲ့ လမ်းကြောင်းကို ညွှန်ပြနိုင်တယ်၊ ကျွန်တော်တို့ရဲ့ ပြဿနာတွေ၊ ပဟေဠိတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာအနေနဲ့၊ ပညတ်တော်ခေတ်အဆုံးသတ်မှာ၊ ဘုရားသခင်ရဲ့ ပညတ်တရားတွေနဲ့ ပညတ်ချက်တွေကို ဘယ်သူမှ မထိန်းသိမ်းနိုင်ကြသလို၊ သူတို့အပြစ်တွေအတွက် လုံလောက်တဲ့ အပြစ်ဖြေယဇ်တွေ မရှိခဲ့ကြဘူး၊ ဒါကြောင့် ပညတ်တရားနှင့်လျော်ညီစွာ စီရင်ခံရပြီး ကွပ်မျက်ခံရမယ့် အန္တရာယ်ကို သူတို့အားလုံး ရင်ဆိုင်ခဲ့ရတယ်။ ဒါကြောင့်၊ အဲဒီအချိန်က လူတွေရဲ့ လိုအပ်ချက်တွေကို အဖြေပေးတဲ့အနေနဲ့ ဘုရားသခင်က လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအမှုတော်ကို စတင်ခဲ့တယ်။ သခင်ယေရှုက သမ္မာတရားများစွာကို ဖော်ပြခဲ့တယ်၊ ကျွန်တော်တို့ လူသားတွေ အချင်းချင်း ချစ်ကြဖို့၊ စိတ်ရှည်ပြီး သည်းခံဖို့၊ ကျွန်တော်တို့ရဲ့ ရန်သူတွေကို ချစ်ဖို့၊ အခြားသူတွေကို အကြိမ်ခုနှစ်ဆယ် ခုနှစ်လီ ခွင့်လွှတ်ပေးဖို့ သွန်သင်ခဲ့ပြီး၊ ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်၊ ခင်မွတ်ပြီး ဖြောင့်မတ်ခြင်းတရားအဖို့ နှိပ်စက်ညှင်းပန်းခံရသူတွေဟာ မင်္ဂလာရှိပြီး ဘုရားသခင် လက်ခံတဲ့ လူတွေဖြစ်လင့်ကစား၊ အယောင်ဆောင်တတ်တဲ့သူတွေ၊ အခြားသူတွေကို လှည့်ဖြားသူတွေ နဲ့ သမ္မာတရားကို မုန်းတီးသူတွေဟာ ဘုရားသခင်အားဖြင့် အမုန်းခံရပြီး ရှုတ်ချခံရမှာဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကို သူ ပြောခဲ့ပါတယ်။ ဒါ့အပြင်၊ ကျွန်တော်တို့လူသားတွေကို သခင်ယေရှုက တောင်းဆိုမှုအမျိုးမျိုး ပြုလုပ်ခဲ့ပါတယ်၊ သခင့်နောက်လိုက်ဖို့ ကားတိုင်ထမ်းခြင်း၊ သခင့်ကို နှံဝိညာဉ်နဲ့ သစ္စာနဲ့တကွ ကိုးကွယ်ခြင်း၊ ဘုရားသခင်ကို ကျွန်တော်တို့ စိတ်နှလုံး ဝိညာဉ်အားလုံးနဲ့ ချစ်ခြင်း၊ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်လျှောက်ခြင်း၊ ရိုးသားတဲ့လူတွေ ဖြစ်ခြင်း၊ စသဖြင့်ပေါ့။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်ရဲ့ အလိုတော်နဲ့ တောင်းဆိုချက်တွေကို ကျွန်တော်တို့ နားလည်နိုင်ပါတယ်၊ ပြီးတော့ ဘယ်လိုလူမျိုးကို ဘုရားသခင်က နှစ်သက်တယ် မနှစ်သက်ဘူး၊ ကောင်းကင်နိုင်ငံတော်ထဲကို ဘယ်လိုလူမျိုးတွေ ဝင်နိုင်တယ်၊ ဘုရားသခင်ကို ချစ်ဖို့ လူတွေ ဘယ်လိုလိုက်စားသင့်တယ်၊ အခြားသူတွေကို ဘယ်လို ဆက်ဆံရမယ်၊ စသဖြင့်ပေါ့။ သခင့်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်တဲ့အခါ၊ ကျွန်တော်တို့ရဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ပဟေဠိတွေ ဖြေရှင်းသွားတယ်၊ သမ္မာတရားကို ပိုပိုပြီး ကျွန်တော်တို့ နားလည်မှု တိုးလာတယ်၊ ကျွန်တော်တို့ရဲ့ လူသားသဘာဝက ပိုပိုပြီး ပုံမှန်ဖြစ်လာတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကျွန်တော်တို့ရဲ့ ဆက်နွယ်မှု ပိုနီးစပ်လာတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့အပေါ် သခင့်နှုတ်ကပတ်တော်တွေရဲ့ သက်ရောက်မှုဖြစ်ပါတယ်။ ဒီအရာကနေ မှန်တဲ့လမ်းက သမ္မာတရားနဲ့ အသက်ရဲ့ ဖော်ပြချက်ရှိတယ်ဆိုတာနဲ့ အဲဒါက လူတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းသစ်ကို လူတွေဆီ ဆောင်ကျဉ်းပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ လမ်းခရီးက လူတွေကို သမ္မာတရား မယူဆောင်နိုင်ရင် ဒါမှမဟုတ် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကို သူတို့ဆီ မညွှန်ပြနိုင်ဘဲ၊ အရင်က ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို တစ်ကျော့ပြန်လုပ်တာပဲဖြစ်နေရင်၊ မှန်ပုံပေါ်ပေမယ့် တကယ်တော့ မှားနေတဲ့ အယူဝါဒအချို့ကိုပဲ လူတွေကို နားလည်ခွင့်ပေးရင်၊ ဒါမှမဟုတ် စည်းမျဉ်းဟောင်းအနည်းအကျဉ်းနဲ့ လူတွေ ရပ်တည်ဖို့ကိုပဲ ခွင့်ပြုတယ်ဆိုရင်၊ အဲဒါက လမ်းမှန်မဟုတ်ပါဘူး။ လမ်းဟောင်း ဒါမှမဟုတ် မှားတဲ့လမ်းဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် အဲဒါက ဝိညာဉ်ဆိုးတွေရဲ့ အလုပ်နဲ့ လူတွေကို လှည့်ဖြားဖို့ စာတန်က ဘုရားရဲ့ အရင်ကအမှုတော်ကို တုပတာ ဖြစ်နိုင်ပါတယ်။

လမ်းမှန်ကို ခွဲခြားရမှာ ကျွန်တော်တို့ ဆင်ခြင်ရမယ့် တတိယ စည်းမျဉ်းက ဒီလမ်းက လူတွေကို ဘုရားသခင်ကို သိကျွမ်းမှု တိုးပွားစေသလားဆိုတာနဲ့ သူတို့အထဲမှာ ဘုရားကို ချစ်ခြင်း ဖြစ်ပေါ်စေလား၊ မဖြစ်ပေါ်စေဘူးလား ဆိုတာကို ကြည့်ဖို့ဖြစ်ပါတယ်။ ဘုရားသခင်က အမှုပြုဖို့ ကြွလာတဲ့အတွက်၊ သူဟာ သူ့ရဲ့ စိတ်သဘောထားအပြင် သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းကို မလွဲဧကန် ထုတ်ပြန်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ လူတွေက ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံရတဲ့အခါ၊ သူတို့ဟာ ဘုရားသခင်ကို စစ်မှန်တဲ့ သိနားလည်မှုတစ်ခုဆီ အလိုလို ရောက်ကြမှာပါ။ ဒါက ကမ္ဘာမြေပေါ်က လူတွေရဲ့ ဘဝတွေကို လမ်းပြဖို့ ယေဟောဝါ ဘုရားသခင်က ပညတ်တရားတွေကို ထုတ်ပြန်ခဲ့တဲ့အချိန်ဖြစ်တဲ့ ပညတ်တော်ခေတ်ထဲကအတိုင်းပဲဖြစ်တယ်။ ဘုရားသခင်ကို အစေခံတဲ့ ယဇ်ပရောဟိတ်ဖြစ်စေ၊ သာမန်လူတစ်ဦးဖြစ်စေ၊ ပညတ်တရားနဲ့ ပညတ်ချက်တွေကို လိုက်နာပြီး၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ပြုမူသရွေ့၊ သူတို့က ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာတွေနဲ့ လက်ခံမှုကို ရရှိကြမှာပါ။ ဆန့်ကျင်ဖက်အနေနဲ့၊ ယဇ်ပရောဟိတ်တွေက ပညတ်တရားနဲ့ ပညတ်ချက်တွေကို မလိုက်နာခဲ့ရင်၊ ကောင်းကင်က မီးတွေနဲ့ မီးရှို့ဖျက်ဆီးခံကြရမှာဖြစ်တယ်။ သာမန်လူတွေကြားက တစ်စုံတစ်ဦးက ပညတ်တရားနဲ့ ပညတ်ချက်တွေကို ကျူးလွန်ခဲ့ရင်၊ကျောက်ခဲနဲ့ သေတဲ့အထိ အပစ်ခံရမှာပါ။ ဘုရားသခင်ရဲ့ အမှုတော်နဲ့အတူ သူတို့ရဲ့ အတွေ့အကြုံကနေ၊ ဘုရားသခင်ဟာ နံဝိညာဉ်ဖြစ်ပြီး နေရာတိုင်းမှာရှိတယ်၊ ကမ္ဘာမြေတစ်ခုလုံးအပေါ် ဘုရားသခင် အမှုပြုပြီး လူတွေရဲ့ နှလုံးသားအတွင်းနက်နက်နေရာတွေထဲကို ကြည့်တယ်ဆိုတာနဲ့၊ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဘုန်းအာနုဘော်တော်ဖြစ်တယ်၊ အမျက်ဒေါသဖြစ်တယ်၊ ကျိန်ခြင်းဖြစ်တယ်၊ လောင်ကျွမ်းပြီး ဘယ်သူကမှ ပုန်ကန်ပြစ်မှားလို့မရဘူးဆိုတာကို သူတို့ သတိပြုမိခဲ့ကြတယ်။ ဒီလိုနည်းနဲ့ ဘုရားသခင်အတွက် ကြည်ညိုတဲ့ စိတ်နှလုံး သူတို့ ဖြစ်ပေါ်ခဲ့ကြတယ်။ ကျေးဇူးတော်ခေတ်မှာ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့၊ အမှုတော်အဆင့်တစ်ခုကို လုပ်ဆောင်ဖို့ ကမ္ဘာမြေကို လူ့ဇာတိခံ ဘုရားသခင် ကြွလာခဲ့တယ်။ သခင်ယေရှုက နာမကျန်းဖြစ်သူကို ပျောက်ကင်းစေခဲ့ပြီး နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ ကျွန်တော်တို့ လူတွေအပေါ် အလျှံပယ်ကျေးဇူးတော် အပ်နှင်းခဲ့တယ်၊ ကျွန်တော်တို့ကို စိတ်ရှည်ဖို့နဲ့ သည်းခံဖို့၊ ကျွန်တော်တို့ ရန်သူတွေကို ချစ်ဖို့၊ အခြားသူတွေကို အကြိမ် ခုနှစ်ဆယ် ခုနှစ်လီ ခွင့်လွတ်ဖို့၊ စသဖြင့် သွန်သင်ခဲ့တယ်။ ပြီးတော့ လူသားအတွက် ပုံသက်သေတစ်ခုအနေနဲ့လည်း သူ ကိုယ်တိုင်ကိုယ်ကျ ပြုမူခဲ့တယ်။ သခင်ယေရှုရဲ့ အမှုတော်ကို ကျွန်တော်တို့ တွေ့ကြုံခြင်းကနေတဆင့်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားက အမျက်ဒေါသ၊ ကျိန်ခြင်း နဲ့ ကျွမ်းလောင်ခြင်းအပြင်၊ သနားကြင်နာခြင်းနဲ့ ကရုဏာလည်းဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သတိပြုမိကြပါတယ်။ ဘုရားသခင်က ဝိညာဉ်တော်အဖြစ် အမှုပြုနိုင်ရုံသာမက၊ နှိမ့်ချတဲ့ လူသားတစ်ဦး ပုံသဏ္ဍာန်ကိုလည်း သူယူနိုင်ပြီး ကျွန်တော်တို့ရဲ့ မျက်နှာချင်းဆိုင် စကားပြောနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ လူတွေအတွက် သူ့မှာ ချစ်ခြင်းမေတ္တာအပြည့်ရှိပါတယ်။ သူက သည်းခံခြင်းအပြည့် ရှိပါတယ်….။ ပြီးတော့ ဒီအရာအားလုံးက ဘုရားသခင်ကို အသစ်သော သိနားလည်မှု ကျွန်တော်တို့ကို ရစေပြီး ဘုရားသခင်ရဲ့ နှိမ့်ချမှုနဲ့ ချစ်ခင်စဖွယ်ဖြစ်ခြင်းကို မြင်ခွင့်ပေးပါတယ်။ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်တော်တို့ ပိုမိုတွေ့ကြုံလေလေ၊ ဘုရားသခင်ရဲ့ သာလွန်မှုနဲ့ ကြီးမြတ်မှုတို့ကို ကျွန်တော်တို့ ပိုခံစားရလေလေဖြစ်ပြီး၊ ကျွန်တော်တို့က အရေးမပါဘူးဆိုတာ ခံစားရပါတယ်၊ ဒါ့အပြင်၊ ပုန်ကန်ပြစ်မှားမှုကို သည်းမခံတဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မှန်မှန်ကန်ကန် သိနားလည်မှုတစ်ခု ကျွန်တော်တို့ ရရှိနိုင်ကြပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတွေက လူသားရဲ့ ချစ်ခြင်းမေတ္တာနဲ့ အလွန့်အလွန် ထိုက်တန်တယ်ဆိုတာ ကျွန်တော်တို့ နှလုံးသားထဲမှာ ခိုင်မာစေပါတယ်။ အဲဒီနောက်၊ ကျွန်တော်တို့က ဘုရားသခင်အတွက် စစ်မှန်တဲ့ မြတ်နိုးမှု၊ ကြည်ညိုမှုနဲ့ ကျိုးနွံနာခံခြင်း စိတ်နှလုံးတစ်ခု မဖြစ်ပေါ်ပဲ မနေနိုင်ကြသလို၊ သမ္မာတရားကို အသက်ရှင်နေထိုင်ဖို့နဲ့ ဘုရားသခင်နဲ့ စိတ်တူညီတဲ့လူတွေဖြစ်လာဖို့ ပိုပိုပြီး တောင့်တကြပါတယ်။ ဒါကြောင့်၊ အဲဒါ မှန်တဲ့ လမ်းဆိုရင်၊ အဲဒါက လူတွေကို ဘုရားသခင်ကို ပိုမိုနားလည်စေမှာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ စိတ်သဘောထားအကြောင်း သိနားလည်မှု ပိုကြီးမားစေမှာဖြစ်တယ်၊ ပြီးတော့ ဒီလိုနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြည်ညိုမှု စိတ်နှလုံးတစ်ခု သူတို့ ဖြစ်ပေါ်ကြပါတယ်။ ဒါပေမယ့်၊ မှားတဲ့လမ်းခရီးကတော့ ဘုရားသခင်ရဲ့ အမှုတော် မဟုတ်ပါဘူး။ အဲဒါက ဘုရားသခင်ရဲ့ စိတ်သဘောထား ဒါမှမဟုတ် ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်း အနည်းအကျဉ်းမျှ မပါရှိသလို၊ လူတွေကို အပြုသဘောဆောင်တဲ့ အသီးအပွင့်တစ်ခုခု ဆောင်ကျဉ်းဖို့ ဒါမှမဟုတ် ဘုရားသခင်ကို ချစ်ဖို့ လူတွေကို လှုံ့ဆော်ပေးဖို့မပြောနဲ့၊ ဘုရားသခင်နဲ့ဆိုင်တဲ့ စစ်မှန်တဲ့၊ လက်တွေ့ကျတဲ့ သိနားလည်မှုတစ်ခုခုတောင် ရှိခွင့်မပေးနိုင်ပါဘူး။

ဒါတွေက မှန်သော လမ်းခရီးနဲ့ မှားတဲ့လမ်းခရီးကြား ခွဲခြားခြင်းနဲ့ဆိုင်တဲ့ စည်းမျဉ်းသုံးခု ဖြစ်ပါတယ်။ သခင်ယေရှုက၊ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) လို့ ပြောထားပါတယ်။ သမ္မာတရားကို ကျွန်တော်တို့ စိတ်ရင်းအတိုင်း ရှာဖွေသရွေ့၊ တစ်ယောက်ယောက်က သခင့်ရဲ့ ကြွလာခြင်းကို ဟောနေတာ ကြားရတဲ့အခါ ဒီစည်းမျဉ်းသုံးခုအပေါ် အခြေပြုပြီး တက်တက်ကြွကြွ လေ့လာဆန်းစစ်၊ ချင့်ချိန်ပြီး ခွဲခြားသရွေ့၊ ဘုရားသခင်ရဲ့ ဦးဆောင်လမ်းပြမှုနဲ့ ဉာဏ်အလင်းပေးမှုကို ကျွန်တော်တို့ရမယ်၊ ဘုရားသခင်ရဲ့ အသံတော်ကို ကြားပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ မှားသောလမ်းခရီးအားဖြင့် လှည့်ဖြားခံရမှာကို ကြောက်ရွံ့တဲ့အတွက် ကျွန်တော်တို့က နားမထောင်ဘူး၊ မဖတ်ဘူး၊ မဆက်သွယ်ဘူး၊ ပြီးတော့ ပိတ်ထားတဲ့ တံခါးတွေနောက်မှာ ကိုယ့်ကိုယ်ကို တသီးတသန့်နေတဲ့ ချည်းကပ်နည်းတစ်ခုကို မမြင်မကန်းနဲ့ ခံယူတယ်ဆိုရင်၊ ဆို့နင်မှာကိုကြောက်လို့ မစားခြင်းကြောင့် သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်တော်တို့ လုံးဝ ကြိုဆိုကြရမှာမဟုတ်ပါဘူး။

ညီအစ်ကို ကွမ်းမင်းခင်ဗျာ၊ ဒီမိတ်သဟာယက ခင်ဗျားအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ခင်ဗျားမှာ တခြားပြဿနာတစ်ခုခုရှိရင် ကျေးဇူးပြုပြီး စာပြန်ရေးပါဗျာ။

ရိုးသားစွာဖြင့်၊

ဝိညာဉ်ရေးရာ အမေး၊ အဖြေ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်

အမှာစကား ချန်ခဲ့မည်